ထူးဆန်းသော ငါးအုပ်နှင့် ချောင်းမြောင်းနေသူ
Vol. 18 Ch. 179
"ဒါတကယ်ပဲ ငါးကြင်းနီလား။"
ငါးမျှားချိတ်တွင် တွဲလွဲခိုနေသော လှပသည့် အနီရောင်ပုံရိပ်ကို ကြည့်ရင်း လုချင်း အံ့သြသွားမိသည်။ ၎င်းသည် သူပထမဆုံးအကြိမ် ဖမ်းမိဖူးသော ထူးဆန်းသောငါးမျိုးစိတ်ဖြစ်သည့် ငါးကြင်းနီ ဖြစ်နေသောကြောင့်ပင်။ ထို့အပြင် ယခုတစ်ကောင်၏ အရွယ်အစားမှာ သူပထမဆုံး ဖမ်းမိခဲ့ဖူးသည့် အကောင်ထက် များစွာ ပိုကြီးမားနေပြီး အနည်းဆုံး သုံး ၊ လေးပေါင်ခန့် ရှိပါ၏။ ယခင်တစ်ခေါက်ကထက် ပိုမိုပြင်းထန်သော ရုန်းကန်အားကို ခံစားမိသည်မှာ မဆန်းတော့ပေ။ ဤမျှ အကောင်ကြီးနေခြင်းကြောင့်ပင်ဖြစ်၏။
"ဝူးးး... ဝူးးး... ဝူး..."
လေထဲတွင် တွဲလွဲခိုနေသော ငါးကြင်းနီကို မြင်လိုက်ရသည့်အခါ၌ ရှောင်လီမှာ စိတ်လှုပ်ရှားနေတော့သည်။ ကမ်းစပ်တစ်လျှောက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း အမြီးကို တနှံ့နှံ့ခါရမ်းနေပုံမှာ စိတ်မရှည်နိုင်သည့် ပုံစံပေါက်နေလေ၏။ အကယ်၍သာ ရေကို မကြောက်တတ်ပါက ထိုအကောင်ငယ်လေးသည် ရေထဲသို့ ခုန်ဆင်းသွားသည်မှာ ကြာခဲ့ပြီဟု လုချင်း သံသယဖြစ်မိသည်။
"မပူပါနဲ့... အခုပဲ ဖြုတ်ပေးပါ့မယ်ကွာ။"
ရှောင်လီကို စိတ်ငြိမ်စေရန် ပြောပြီးနောက် လုချင်းသည် ငါးကို ဖြုတ်ကာ ပစ်ပေးလိုက်သည်။
ရွှပ်...
ငါးမှာ မြေကြီးပေါ်သို့ပင် မကျလိုက်ရပေ။ ရှောင်လီက လေပေါ်မှပင် ဖမ်းယူလိုက်ပြီး အနီးနားရှိ မြက်ခင်းပြင်သို့ ပြေးကာ အငမ်းမရ စားသောက်တော့သည်။ စားသောက်နေစဉ်တွင် ၎င်း၏ နားရွက်လေးများမှာ လှုပ်ခါနေပြီး အလွန် ကျေနပ်နေပုံရ၏။ အကောင်ငယ်လေး ပျော်ရွှင်စွာ စားသောက်နေသည်ကို ကြည့်ရင်း လုချင်းကတော့ ခေါင်းခါလိုက်ပြီး ငါးဆက်မျှားနေလိုက်သည်။
တကယ်တမ်းတွင် ကမ္ဘာ့ထိပ်တန်း စားသောက်ဖွယ်ရာ ဆယ်မျိုးထဲတွင် ပါဝင်သော ငါးကြင်းနီ၏ အရသာကို လုချင်းလည်း မြည်းစမ်းကြည့်ချင်နေမိသည်။ ထိပ်တန်း စားသောက်ဖွယ်ရာ ဆယ်မျိုးဝင် ရွှေရောင်ငါးရှဉ့်ကို မြည်းစမ်းဖူးခဲ့ပြီးနောက် ထိုအရသာကို သူ ယခုထိတိုင် ကွက်ကွက်ကွင်းကွင်း မှတ်မိနေသေးပါ၏။
သို့သော် ရှောင်လီ၏ ပါးစပ်ထဲမှ အစာကို လုယူရန်မှာ မဖြစ်နိုင်ကြောင်း လုချင်း သိထားလေသည်။
အကယ်၍ သူသာ ထိုသို့ လုပ်လိုက်ပါက ထိုအကောင်ငယ်လေးသည် သူ့ကို တစ်နေကုန် သနားစဖွယ် မျက်လုံးများဖြင့် စိုက်ကြည့်နေပေလိမ့်မည်။ ထို့ကြောင့် သူသည် ငါးဆက်မျှားပြီး နောက်တစ်ကောင် ရ ၊ မရ စောင့်ကြည့်ဖို့သာ ဆုံးဖြတ်လိုက်တော့၏။
လုချင်း၏ မျှော်လင့်ချက်ကို ကြားသိသွားသည်လားတော့ မပြောတတ်ပေ။ ရှောင်လီ ငါးတစ်ဝက်ခန့်သာ စားရသေးချိန်တွင် နောက်ထပ် ငါးတစ်ကောင်က ငါးစာကို လာဟပ်ပြန်လေ၏။
"ငါ ငါးမမျှားတာ လဝက်လောက် ရှိသွားလို့ ထူးဆန်းတဲ့ငါးတွေ စုဝေးနေကြတာများလား။"
ငါးမျှားတံမှတစ်ဆင့် ပေးပို့လာသော အားကို ခံစားလိုက်ရသည့်အခါ၌ လုချင်း အံ့သြဝမ်းသာ ဖြစ်သွားမိသည်။ ဤဆွဲအားသည် ထူးဆန်းသော ငါးတစ်ကောင်ဆီမှသာ လာနိုင်ပေသည်။ ပို၍ အရေးကြီးသည်မှာ ဤဆွဲအားကို သူ အလွန် ရင်းနှီးနေခြင်းပင်။
ခေတ္တမျှကြာပြီးနောက် ငါးကို ဆွဲတင်လိုက်သောအခါ၌ လုချင်းတစ်ယောက် ပို၍ပင် အံ့သြသွားရတော့၏။
"တကယ်ပဲ နောက်ထပ် ငါးကြင်းနီတစ်ကောင်ပါလား... ရေအောက်မှာ ငါးကြင်းနီ ငါးအုပ်များ ရှိနေတာများလား။"
ငါးမျှားချိတ်တွင် ပါလာသော အနည်းငယ် အကောင်သေးသည့် ငါးကြင်းနီကို ကြည့်ရင်း လုချင်း စိတ်ကူးယဉ်မိသွားသည်။ သူသည် ငါးကို အလျင်အမြန် ဖြုတ်ယူ၍ ရေပုံးထဲသို့ ထည့်လိုက်ပြီးနောက် ငါးမျှားချိတ်တွင် သွေးမက်မွန်သီး နှစ်လုံးကို တပ်ကာ ပြန်လည် ပစ်ချလိုက်ပြန်၏။ ထို့နောက် ၁၅ မိနစ်ခန့် အကြာတွင် ငါးမျှားတံမှာ နစ်မြုပ်သွားပြန်လေသည်။
"တကယ်ကြီး ငါးကြင်းနီ ငါးအုပ် ရှိနေတာလား။"
တတိယမြောက် ငါးကြင်းနီကို ဖမ်းမိလိုက်သည့်အခါ လုချင်းသည် အံ့သြခြင်းနှင့်အတူ အနည်းငယ် စိုးရိမ်မကင်း ဖြစ်သွားမိသည်။ သူ ငါးမမျှားသည်မှာ လဝက်ခန့် ရှိပြီ ဆိုသော်လည်း ဤမျှလောက် များပြားသော ထူးဆန်းသည့်ငါးများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခြင်းမှာ မဖြစ်သင့်ပေ။ ဤကိစ္စအတွက် အကြောင်းရင်း တစ်စုံတစ်ရာ ရှိရပေမည်။ ဤကိစ္စကို သေချာစွာ စုံစမ်းစစ်ဆေးရန် အချိန်တစ်ခု ရှာဖွေရမည်ဟု လုချင်း တွေးလိုက်၏။
နားမလည်နိုင် ဖြစ်ရသော်လည်း ရှားပါးသော အခွင့်အရေးဖြစ်သဖြင့် သူ ဆက်လက်ပြီး ငါးမျှားနေလိုက်သည်။ နောက်ဆုံးတွင် နောက်ထပ် ငါးကြင်းနီ နှစ်ကောင် ဖမ်းမိပြီးနောက် ငါးမျှားတံမှာ လုံးဝ မလှုပ်ရှားတော့ပေ။ ရေအောက်ရှိ ငါးကြင်းနီများ ကုန်သွားခြင်းလော၊ သို့မဟုတ် ဆက်တိုက် ဖမ်းဆီးမှုများကြောင့် ကျန်ရှိနေသော ငါးများ လန့်ပြေးသွားကြခြင်းလော ဆိုသည်ကို မသိရချေ။
သို့သော် လုချင်းမှာမူ အလွန် ကျေနပ်နေပြီ ဖြစ်သည်။
ဤတစ်ခေါက် ငါးမျှားခရီးစဉ်တွင် ငါးကြင်းနီ ငါးကောင်တောင် ရရှိခဲ့လေ၏။ ရှောင်လီ စားလိုက်သော တစ်ကောင်အပါအဝင် လေးကောင် ကျန်ရှိနေသေးရာ သူ၊ ရှောင်ယန်နှင့် သူ့ဆရာတို့ မြည်းစမ်းရန် လုံလောက်နေပြီ ဖြစ်သည်။
"ရှောင်လီ... မင်း အကြီးဆုံးတစ်ကောင်ကို စားပြီးပြီလေ... အခု ဗိုက်ဝနေလောက်ရောပေါ့။ နောက်ထပ် နှစ်ကောင် ထပ်ကျွေးလို့ ရပေမဲ့ ညဘက်ရောက်တဲ့အထိတော့ စောင့်ရမယ်နော်။"
ရှောင်လီ၏ လောဘတကြီး အကြည့်များကို မြင်လိုက်ရသဖြင့် လုချင်းမှာ အလျင်အမြန် ပြောလိုက်ရသည်။
ထိုစကားကို ကြားသောအခါ ရှောင်လီလေးသည် အနည်းငယ် စိတ်ပျက်သွားပုံရ၏။ သို့သော် ၎င်း၏ ဗိုက်ပူပူလေးကို ပုတ်ကြည့်လိုက်ရာ အနည်းငယ် တင်းတိမ်နေပြီဖြစ်သဖြင့် ညနေအထိ စောင့်ဆိုင်းခြင်းက လက်ခံနိုင်စရာဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။
အကောင်းဆုံးအချက်မှာ ညနေကျရင် နှစ်ကောင် တစ်ပြိုင်နက်တည်း စားရမည် မဟုတ်ပါလော။
ထိုအတွေးကြောင့် ၎င်းသည် ချက်ချင်းပင် ပြန်လည် ပျော်ရွှင်လာတော့သည်။
ထို့နောက်တွင်တော့ လူတစ်ယောက်နှင့် သားရဲတစ်ကောင်သည် စိတ်လှုပ်ရှားစွာဖြင့် အိမ်ပြန်လမ်းသို့ ဦးတည်လိုက်ကြသည်။ ရှောင်ယန်လေးမှာမူ ယခုအချိန်၌ စာလုံးများစွာကို တတ်မြောက်နေပြီဖြစ်ပြီး သူမ၏ စာသင်ကြားရေးမှာ ပိုမို လေးနက်လာခဲ့သည်။ မနက်တိုင်း သူမသည် သမားတော်ကြီးချန်၏အိမ်ဆီသို့ သွားရောက်ပြီး သမားတော်ကြီးချန်၏ သင်ကြားပြသမှုကို ခံယူရလေသည်။ ထို့ကြောင့် လုချင်း မနက်ပိုင်း ငါးသွားမျှားပါက ရှောင်ယန် လိုက်မလာနိုင်တော့ပေ။
လုချင်း၏ ပခုံးပေါ်တွင် ရပ်နေသော ရှောင်လီသည် အမြီးကို ဖြည်းညင်းစွာ ယမ်းခါနေလေ၏။ သို့သော် ရွာအဝင်သို့ ရောက်သောအခါ၌ ၎င်း၏ နားရွက်များ လှုပ်ခါသွားပြီး လုချင်း၏ ဆံပင်ကို လက်သည်းဖြင့် ရုတ်တရက် ဆွဲလိုက်လေသည်။
"ဘာဖြစ်လို့လဲ ရှောင်လီ။"
လုချင်း မေးလိုက်သည်။ အကောင်ငယ်လေးက အမူအရာအချို့ လုပ်ပြလိုက်ရာ လုချင်း အနည်းငယ် ထိတ်လန့်သွားသော်လည်း မျက်နှာကို တည်ငြိမ်အောင် ထားလိုက်သည်။
"ဘာမှ မဖြစ်ပါဘူး... အိမ်ကို အရင် ပြန်ကြတာပေါ့။"
ခြေလှမ်းများကို အရှိန်မြှင့်လိုက်ရင်း သွားလိုက်ရာ လုချင်း အိမ်သို့ အမြန်ပြန်ရောက်လာခဲ့ပါ၏။ ထို့နောက် ပစ္စည်းများကို ချလိုက်ကာ ရှောင်လီကို ကြည့်လိုက်သည်။
"ရှောင်လီ... မင်းပြောတာက အနီးနားမှာ ပုန်းခိုနေတဲ့ အားကောင်းတဲ့ သူစိမ်းတစ်ယောက်ရဲ့ အငွေ့အသက်ကို ခံစားမိတယ် ဟုတ်လား... ငါတို့ရွာက ရွာသားလည်း မဟုတ်ဘူး၊ ပြီးတော့ တော်တော်လေး စွမ်းအားကြီးတယ်ပေါ့။"
ရှောင်လီက ခေါင်းညိတ်ပြသည်။ လုချင်း၏ မျက်နှာထားမှာ လေးနက်သွားသည်။ ရှောင်လီ၏ အထူးအာရုံခံနိုင်စွမ်းကို တွေ့ရှိပြီးကတည်းက သူသည် ရွာသားအားလုံး၏ အငွေ့အသက်များကို မှတ်သားခိုင်းထားခဲ့သည်။ ဤနည်းအားဖြင့် သူစိမ်းတစ်ယောက် ချဉ်းကပ်လာပါက ချက်ချင်း သိရှိနိုင်မည်ပင်။
ယခု အနီးနားတွင် အားကောင်းသော သိုင်းပညာရှင်တစ်ယောက် ပုန်းခိုနေခြင်းမှာ သံသယဖြစ်ဖွယ် ကောင်းလှသည်။ သူ့ခေါင်းထဲသို့ ပထမဆုံး ဝင်လာသည်မှာ သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်မှ လုပ်ကြံသတ်ဖြတ်သူများပင်။ ရိုးရိုးသားသား ပြောရလျှင် သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်မှ သူ့ကို လုပ်ကြံသတ်ဖြတ်ရန် အမိန့်ထုတ်ထားကြောင်း သိရကတည်းက လုချင်း အလွန် မကျေမနပ် ဖြစ်ခဲ့ရသည်။ လုပ်ကြံသတ်ဖြတ်မည့် ပစ်မှတ်အဖြစ် လူသိရှင်ကြား ကြေညာခံရပြီး ဂုဏ်ယူသင့်သည်ဟု အပြောခံရခြင်းက သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်အပေါ် သူ၏ မုန်းတီးမှုကို အထွတ်အထိပ်သို့ ရောက်စေခဲ့သည်။
"ငါ ထင်ထားသလို မဟုတ်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်... အဲ့လိုသာ မဟုတ်ရင်တော့..."
လုချင်း၏ မျက်နှာပေါ်တွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။
"ရှောင်လီ... အဲ့ဒီကောင်စုတ်ကို သွားတွေ့ကြတာပေါ့။"
ရှောင်လီ၏ အာရုံခံမှုအရ ထိုလူသည် ရွာ၏ မြောက်ဘက်ရှိ တောင်ကုန်းလေးပေါ်တွင် ပုန်းခိုနေပြီး ရွာ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခြင်း ဖြစ်သည်။ ရှောင်လီ၏ လမ်းပြမှုနောက်သို့ လိုက်ရင်း လုချင်းသည် အိမ်နောက်ဖေးမှ ဝါးတောထဲသို့ ကျော်တက်ကာ သူများမမြင်စေရန် ကွေ့ပတ်သွားပြီး ထိုနေရာသို့ လျင်မြန်စွာ ချဉ်းကပ်သွားလိုက်သည်။
သူ၏ ဝိညာဉ်စွမ်းအားနှင့် သူဖွဲ့စည်းထားသော ဝိညာဉ်အဆောင်၏ အကူအညီကြောင့် လုချင်းသာ သူ့အငွေ့အသက်ကို အမှန်တကယ် ဖုံးကွယ်ထားမည်ဆိုပါက သာမန် မွေးရာပါနယ်ပယ် အားကောင်းသူတစ်ယောက်ပင်လျှင် သူ့ဟန်ဆောင်မှုကို မြင်နိုင်မည် မဟုတ်ပေ။ အဖိုးတန် ဝိညာဉ်လက်နက်ကို ပိုင်ဆိုင်ထားသူ ဖြစ်သဖြင့် သူသည် ကောင်းမွန်စွာ ရုပ်ဖျက်ထားနိုင်လေသည်။ ရှောင်လီမှာမူ မွေးရာပါ ပုန်းကွယ်နိုင်စွမ်း ရှိသဖြင့် ပို၍ပင် သိုဝှက်ထားနိုင်လေ၏။
ထို့ကြောင့် ရွာအနီးတွင် ပုန်းခိုနေသော ထိုလျှို့ဝှက်ဆန်းကြယ်သည့်လူမှာ လုချင်းနှင့် ရှောင်လီတို့ ချဉ်းကပ်လာသည်ကို သတိမထားမိဘဲ သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ယုံကြည်ချက်ရှိရှိ ဆက်လက် ပုန်းအောင်းကာ အောက်ဘက်ရှိ ကျိုးလီရွာကို တိတ်တဆိတ် စောင့်ကြည့်နေသည်။
သူသည် သူ၏ ပုန်းကွယ်နိုင်စွမ်းအပေါ် အလွန် ယုံကြည်မှု ရှိပါ၏။ သူ ကိုယ်တိုင် ဖော်ထုတ်မပြသသရွေ့ မည်သူမျှ သူ့ကို ရှာတွေ့နိုင်မည် မဟုတ်ပေ။
သူသည် တစ်ခါက ခရိုင်တစ်ခု၏ နယ်စားမင်းသားတစ်ပါးကိုတောင် လုပ်ကြံခဲ့ဖူးရာတွင် မဟာသခင်အဆင့်ရှိသော ကိုယ်ရံတော်ကပင် မသိရှိအောင် မင်းသား၏ ခုတင်အောက်တွင် နေ့ညမပြတ် ပုန်းအောင်းနေခဲ့ဖူးသည်။ နောက်ဆုံးတွင် အခွင့်အရေး ရရှိကာ မင်းသားကို သတ်ဖြတ်ပြီး လိုက်လံဖမ်းဆီးမှုများမှ အောင်မြင်စွာ ထွက်ပြေး လွတ်မြောက်ခဲ့ဖူးပါ၏။
မဟာသခင်တစ်ယောက်ပင် သူ့ကို အာရုံမခံနိုင်ခဲ့ရာ ထိုလုချင်းဆိုသော လူငယ်လေးကမူ ပြောစရာပင် မလိုတော့ပေ။
လျှို့ဝှက်နဂါးစာရင်းပါ သတင်းအချက်အလက်များအရ ထိုလူငယ်သည် ကိုယ်တွင်းအင်္ဂါအဆင့်၏ စဦးပိုင်းအဆင့်တွင်သာ ရှိသေးသည်။ ကိုယ်တွင်းအင်္ဂါအဆင့်ဖြင့် လျှို့ဝှက်နဂါးစာရင်းဝင်သွားခြင်းမှာ အံ့သြစရာကောင်းသော်လည်း လျှို့ဝှက်နဂါးစာရင်း၏ အဆင့်သတ်မှတ်ချက်သည် အနာဂတ်တွင် မွေးရာပါနယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်နိုင်မည့် ဖြစ်နိုင်ခြေကို ကိုယ်စားပြုခြင်းသာ ဖြစ်ပြီး လက်ရှိ တိုက်ခိုက်နိုင်စွမ်းကို ကိုယ်စားပြုခြင်း မဟုတ်ကြောင်း လူတိုင်း သိကြသည်။
လျှို့ဝှက်နဂါးစာရင်း၏ ထိပ်ဆုံး ဆယ်ယောက်တွင် ပါဝင်သူများသည် အောက်ပိုင်းအဆင့်ရှိ လူများကို နိုင်ချင်မှ နိုင်ပေလိမ့်မည်။ ဤလူငယ်လေး လျှို့ဝှက်နဂါးစာရင်းဝင်သွားခြင်းမှာ သူ၏ ပြိုင်ဘက်ကင်းသော ကျင့်ကြံခြင်း ပါရမီကြောင့်သာ ဖြစ်သည်။ ၁၆ နှစ်အရွယ်ဖြင့် ကိုယ်တွင်းအင်္ဂါအဆင့်သို့ ရောက်ရှိခြင်းမှာ တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှပေ၏။
သို့သော် ပါရမီသည် ပါရမီသာဖြစ်ပြီး စွမ်းအား မဟုတ်ပေ။
ကိုယ်တွင်းအင်္ဂါအဆင့်ရှိ ၁၆ နှစ်အရွယ် လူငယ်တစ်ယောက်သည် အကန့်အသတ်မဲ့သော အလားအလာများ ရှိနေသော်လည်း အပြည့်အဝ မကြီးပြင်းသေးသရွေ့ ပါရမီရှင်တစ်ယောက်သာ ဖြစ်နေဦးမည်။
သူ မည်မျှပင် စွမ်းအားကြီးပါစေ မဟာသခင်တစ်ယောက်ထက် ပိုမိုပြင်းထန်သော အာရုံခံစားမှု ရှိလိမ့်မည်လည်း မဟုတ်သလို သူ ရောက်ရှိနေမှုကိုလည်း သိရှိနိုင်မည် မဟုတ်ပေ။
ထိုလျှို့ဝှက်ဆန်းကြယ်သူ ယုံကြည်ချက်အပြည့်ရှိနေချိန်မှာပင် အောက်ဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာတော့သည်။
"မိတ်ဆွေ... ကိုယ့်သဘောနဲ့ကိုယ် ဆင်းလာမလား... ဒါမှမဟုတ် ကျုပ်ပဲ ကိုယ်တိုင်ကိုယ်ကျ ဆွဲချရမလား။"
……