ပြင်းထန်သော ဒဏ်ရာနှင့် သတင်းအချက်အလက်
Vol. 18 Ch. 180
"ဘာ..."
သစ်ပင်ပေါ်တွင် ပုန်းအောင်းနေသူမှာ တုန်လှုပ်သွားတော့သည်။ သူ ပုန်းအောင်းနေသော သစ်ပင်အောက်သို့ တစ်စုံတစ်ယောက် ရုတ်တရက် ရောက်လာပြီး သူရှိနေကြောင်းကို တဲ့တိုး ဖွင့်ချလိုက်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။ ထို့အပြင် မည်သည့် ကြိုတင်သတိပေးချက်မျှလည်း မရရှိခဲ့ပေ။
ပုန်းအောင်းနေသူသည် တစ်ချက်မျှ မလှုပ်ရဲတော့ချေ။
လုချင်းက သူ့တည်နေရာကို တကယ် သိသွားခြင်းလော၊ သို့မဟုတ် ဟန်ရေးပြကာ ခြိမ်းခြောက်ကြည့်ခြင်းလော ဆိုသည်ကို သူ မသေချာပေ။ သူ၏ ပုန်းကွယ်နိုင်စွမ်းအပေါ် ယုံကြည်မှု ရှိထားသဖြင့် မျှော်လင့်ချက်ရောင်ခြည်သန်းနေသေးသည်။ သို့သော် နောက်တစ်ခဏတွင် သူ မှားယွင်းကြောင်း သိလိုက်ရတော့သည်။
သူ အော်ပြောလိုက်သော်လည်း သစ်ပင်ပေါ်မှ လူမှာ ကိုယ်ထင်မပြကြောင်း မြင်လိုက်ရသဖြင့် လုချင်းသည် လာရောက်သူမှာ ရည်ရွယ်ချက်ကောင်း မရှိကြောင်း သိလိုက်သည်။
သူ မော့ကြည့်လိုက်ရာ သစ်ပင်၏ စိမ်းလန်းစိုပြည်သော အရွက်များသည် ထီးမိုးထားသကဲ့သို့ ဖြစ်နေပြီး ပုန်းအောင်းနေသူ၏ ပုံရိပ်ကို လုံးဝ ဖုံးကွယ်ထားသည်ကို တွေ့လိုက်ရ၏။
သို့သော် သူ၏ ဝိညာဉ်စွမ်းအားနှင့် ဖွဲ့စည်းထားသော ဝိညာဉ်အဆောင်၏ အကူအညီကြောင့် သူ၏ အာရုံခံနိုင်စွမ်းသည် သာမန် မဟာသခင်တစ်ယောက်ထက် များစွာ သာလွန်နေလေသည်။
ရှောင်လီ၏ လမ်းပြမှု မပါလျှင်ပင် ထိုလူ မည်သည့်နေရာတွင် ပုန်းနေကြောင်း သူ ရှင်းလင်းစွာ အာရုံခံနိုင်လေသည်။
တွေဝေမနေဘဲ လမ်းဘေးမှ လက်သီးဆုပ်အရွယ်ရှိသော ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်ပြီး လက်နက်ပုန်းပစ်ပေါက်ခြင်း နည်းပညာဖြင့် အပေါ်သို့ ပစ်လွှတ်လိုက်တော့၏။
လုချင်း၏ လက်ရှိ စွမ်းအားဖြင့် ချီနှင့် သွေးများကို ပေါက်ကွဲစေလိုက်ရာ သာမန်ကျောက်တုံးတစ်တုံးကိုပင် ကြောက်မက်ဖွယ် စွမ်းအားများ ကိန်းဝပ်သွားစေသည်။
"ဝုန်း..."
ပြင်းထန်သော ရိုက်ခတ်အား ပါဝင်သည့် အရှိန်ပြင်းလှသော ကျောက်တုံးသည် သစ်ပင်၏ အရွက်အုပ်များကို မျက်စိတစ်မှိတ်အတွင်း ထိုးဖောက်သွားတော့သည်။
ထို့နောက်၌ လွင့်ပျံလာသော သစ်ရွက်များနှင့် ကျိုးပဲ့သွားသော သစ်ကိုင်းများကြားမှ လူတစ်ယောက်ဟာ သစ်ပင်ပေါ်မှ ပြုတ်ကျလာပြီး မြေပြင်ပေါ်သို့ လှိမ့်ဆင်းလာကာ မတ်တပ်ရပ်လိုက်လေသည်။ သူ၏ လက်မောင်းများမှာ အနည်းငယ် တုန်ယင်နေပြီး လုချင်းကို တုန်လှုပ်စွာ ကြည့်လိုက်၏။
ပုန်းအောင်းနေသူသည် လုချင်းက သူ၏ ပုန်းကွယ်မှုကို မြင်နိုင်စွမ်းရှိရုံသာမက ပြတ်သားစွာ တိုက်ခိုက်ရဲခြင်းကြောင့်လည်း အံ့သြသွားရသည်။
ဤလူငယ်လေးသည် သူရဲကောင်းဆန်သော နှလုံးသား ပိုင်ရှင်ဟူ၍ကော ကောလာဟလ ထွက်ထားသည်မဟုတ်လော။
အဘယ်ကြောင့် သူ၏ မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုဘဲ သေစေနိုင်လောက်သည့် တိုက်ခိုက်မှုကို ပြုလုပ်ရသနည်း။
ခုနက အဖြစ်အပျက်ကို ပြန်တွေးကြည့်ရင်း ထိုလူမှာ ကြောက်ရွံ့စိတ်များ ကျန်ရှိနေသေးသည်။ လုချင်း၏ တိုက်ခိုက်မှုမှာ ရုတ်တရက်ဆန်လွန်းပြီး သူ၏ တည်နေရာကို အတိအကျ ချိန်ရွယ်ထားခြင်း ဖြစ်သည်။ သူ့မှာ ရှောင်တိမ်းရန် အချိန်မရှိသဖြင့် ထိပ်တိုက် ရင်ဆိုင်လိုက်ရပါ၏။
ယခုအခါတွင်တော့ သူ၏ လက်မောင်းများမှာ ဒဏ်ရာရကာ နာကျင်ကိုက်ခဲပြီး ထုံကျဉ်နေပြီဖြစ်ရာ ပြန်လည် သက်သာရန် အနည်းဆုံး နာရီဝက်ခန့် ကြာမြင့်ပေလိမ့်မည်။
"ကံကောင်းလို့ ငါ အောက်မှာ သံချပ်ကာ ဝတ်ထားလို့ပေါ့... မဟုတ်ရင် အဲ့ဒီတစ်ချက်တည်းနဲ့တင် လက်တွေ ကျိုးသွားလောက်တယ်"
ပုန်းအောင်းသူမှာ ကံကောင်းသည်ဟု ခံစားလိုက်ရပြီး လုချင်းကို လျှော့တွက်ရဲခြင်း မရှိတော့ပေ။
သာမန် ကျောက်တုံးတစ်တုံးကို ပစ်ပေါက်လိုက်ရုံဖြင့် မဟာသခင်တစ်ယောက်၏ တိုက်ခိုက်အားထက် မလျော့နည်းသော စွမ်းအားကို ထုတ်ဖော်နိုင်ခဲ့သည်။
ဤလူငယ်သည် သာမန် ကိုယ်တွင်းအင်္ဂါအဆင့် သိုင်းပညာရှင်တစ်ယောက် လုံးဝ မဟုတ်ပေ။ ထို့ပြင် လုချင်းက သူ၏ တည်နေရာကို မည်သို့ ရှာတွေ့သွားသည်ကို သူ နားမလည်နိုင် ဖြစ်နေသေး၏။
"နောက်ဆုံးတော့ ဆင်းလာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့... သစ်ပင်ပေါ်မှာ ပုန်းနေရင်း အသေခံတော့မယ်လို့ ကျွန်တော်က ထင်နေတာ။"
လုချင်းက ပြတ်သားစွာ ပြောလိုက်သည်။
ပုန်းအောင်းနေသူမှာ ဟောင်းနွမ်းသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး သာမန် ရွာသားလေးတစ်ယောက်လို ပုံပေါက်နေရာ ရွာထဲတွင် ထူးခြားမှုကို ဖြစ်စေမည် မဟုတ်ပေ။
သို့သော် လုချင်းက သူ၏ ရုပ်ရည်သွင်ပြင်ကို ဂရုမစိုက်ပေ။
သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်မှ ထိပ်တန်း လုပ်ကြံသတ်ဖြတ်သူများသည် ကြွက်သားနှင့် အရိုး ပြောင်းလဲခြင်း နည်းပညာကို ကျွမ်းကျင်ကြသဖြင့် ရုပ်ရည်သွင်ပြင်ကိုတောင် အလွယ်တကူ ပြောင်းလဲနိုင်သည်။
အကယ်၍ ဤလူသည် သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်မှ စေလွှတ်လိုက်သူ ဖြစ်ပါက ယခု မြင်နေရသော ပုံစံမှာ သူ့မျက်နှာအစစ် ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။ ထို့ကြောင့် သူ၏ နတ်မျက်စိစွမ်းရည်ကိုသာ ချက်ချင်း အသုံးပြုလိုက်တော့၏။
မကြာမီ သူ့ရှေ့ရှိ လူငယ်၏ ခန္ဓာကိုယ်ပေါ်တွင် ထူထပ်သော အနီရောင် အလင်းတန်းများ ပေါ်လာတော့သည်။
[လင်အန်း - သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်၏ ကောင်းကင်ဘုံအဆင့် လုပ်ကြံသတ်ဖြတ်သူ ၁၂ ဦးထဲမှ တစ်ဦး၊ လျှို့ဝှက်နာမည်က "အရိပ်"]
[ကျင့်ကြံမှုအဆင့် - မွေးရာပါ ကိုယ်တွင်းအင်္ဂါအဆင့်၊ လုပ်ကြံသတ်ဖြတ်ခြင်း နည်းပညာမျိုးစုံကို ကျွမ်းကျင်ပြီး အထူးသဖြင့် ပုန်းကွယ်ခြင်းတွင် ထူးချွန်သည်]
[သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်မှ သတ်ဖြတ်ခြင်းခုနစ်ပါးအမိန့် ထုတ်ပြန်လိုက်သောကြောင့် ကောင်းကင်လုပ်ကြံသတ်ဖြတ်သူ ၁၂ ဦးစာရင်းတွင် အဆင့်တစ်ခုလောက်အထိ ဆက်တက်နိုင်ရန် သင့်အား လုပ်ကြံသတ်ဖြတ်ပြီး ဂိုဏ်း၏ ဆုလာဘ်များကို လိုချင်နေသည်]
တကယ်ပင် သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်မှ လုပ်ကြံသတ်ဖြတ်သူ ဖြစ်နေလေ၏။
ထို့ကြောင့် လုချင်း၏ မျက်လုံးများ အေးစက်သွားတော့သည်။
လုချင်းဆီမှ အေးစက်မှုကို ခံစားလိုက်ရသောအခါ၌ လုပ်ကြံသတ်ဖြတ်သူ "အရိပ်" မှာ လန့်ဖျပ်သွားတော့လေ၏။ သို့သော် သူ၏ မျက်နှာတွင် ဒေါသအမူအရာ ပေါ်လာပြီး ပြန်ပြောလိုက်သည်။
"မင်းက ဘာကို ဆိုလိုတာလဲ... ငါက သစ်ပင်ပေါ်မှာ အနားယူနေရုံ သက်သက်ပါ... ငါ မင်းကို ဘာများ စော်ကားမိလို့လဲ... ဘာလို့ ရုတ်တရက် တိုက်ခိုက်ရတာလဲ... ငါသာ သိုင်းပညာ နည်းနည်းပါးပါး မတတ်ရင် အကြောင်းမဲ့ သက်သက်နဲ့ မင်းလက်ချက်ကြောင့် သေရတော့မှာလေ။"
"အရိပ်" ၏ ဟန်ဆောင် ဒေါသထွက်မှုကို ရင်ဆိုင်ရင်း လုချင်း၏ မျက်နှာထားမှာ ပြောင်းလဲသွားခြင်း မရှိပေ။ သူသည် ထိုလူကို တိတ်ဆိတ်စွာ ကြည့်ရင်း ပြောလိုက်သည်။
"သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်က လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ရဲ့ သတ္တိက ဒီလောက်ပဲလား... ကျွန်တော့်ကို လာလုပ်ကြံရဲမှတော့ သေဖို့လည်း စိတ်ကိုပြင်ဆင်ထားသင့်တာပေါ့။"
"အရိပ်" တုန်လှုပ်သွားသည်။ ဂိုဏ်းက သတ်ဖြတ်ခြင်းခုနစ်ပါးအမိန့်ကို ထုတ်ပြန်ခဲ့သည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ဤမျှ ဝေးလံခေါင်ဖျားသော နေရာတွင် ရှိနေသည့် လုချင်းက သိရှိနေပြီပင်။
သူ သတင်းကို ဘယ်က ရတာလဲ။
သို့သော် သူ၏ မျက်နှာတွင်မူ ရှုပ်ထွေးသွားသည့် ပုံစံဖြင့် "ဘာသတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်လဲ... မင်း အထင်လွဲနေတာနေမှာပေါ့...ငါက ဒီအတိုင်း ဖြတ်သွားဖြတ်လာလုပ်ရုံပဲ"
သူ ဟန်ဆောင်နေသေးသည်ကို မြင်လိုက်ရသဖြင့် လုချင်းမှာ စကားဆက်မပြောချင်တော့ပေ။
ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် မြေမှုန်များ လွင့်ပျံတက်လာပြီး "အရိပ်" ၏ ရှေ့သို့ ရောက်သွားကာ ညာလက်သီးကို ဆုပ်လျက် ကျားဟိန်းသံနှင့်အတူ ပြင်းထန်သော ကျားရိုင်းလက်သီးသိုင်းဖြင့် ထိုလူ၏ ရင်ဘတ်ဆီသို့ ပစ်သွင်းလိုက်တော့သည်။
ဤလက်သီးချက်၏ စွမ်းအားကို ခံစားလိုက်ရသောအခါ၌ "အရိပ်"မှာလည်း ထိတ်လန့်သွားလေ၏။ လုချင်းက သူ့ကို သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်မှ လုပ်ကြံသတ်ဖြတ်သူမှန်း ဘာကြောင့် ဒီလောက် သေချာနေရသလဲ ဆိုသည်ကို မသိသော်လည်း ၎င်းကို တွေးတောနေရမည့်အချိန် မဟုတ်မှန်း သူ သိသည်။
လုချင်း၏ လက်သီးချက်မှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှပေ၏။ အကယ်၍ သူသာ ဆက်လက်၍ အားနည်းဟန်ဆောင်နေပါက တကယ်ပင် အသတ်ခံရပေလိမ့်မည်။
ထို့နောက်တွင်တော့ ဟန်ဆောင်မှုကို ဂရုမစိုက်နိုင်တော့ဘဲ "အရိပ်" သည် ချီနှင့် သွေးများကို ပေါက်ကွဲစေလိုက်ရာ ဓားတိုတစ်ချောင်းက သူ၏ လက်ထဲသို့ ရောက်ရှိလာပြီး လုချင်း၏ လက်သီးဆီသို့ တည့်တည့် ထိုးစိုက်လိုက်တော့၏။
လုချင်း၏ လက်သီးချက်မှာ ကြောက်မက်ဖွယ် စွမ်းအား ရှိသော်လည်း "အရိပ်" တွင် တန်ပြန် တိုက်ခိုက်ရန် နည်းလမ်း ရှိလေသည်။
ပြိုင်ဘက်သည် ယုံကြည်မှု လွန်ကဲနေခြင်းလော၊ သို့မဟုတ် လက်နက်ကို မေ့လျော့နေခြင်းလော မသိရသော်လည်း လက်ဗလာဖြင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။ သူ၏ ဓားတိုတွင် အဆိပ်များ သုတ်လိမ်းထားပါ၏။ အကယ်၍ လုချင်း၏ လက်သီးကို အနည်းငယ်မျှ စိုက်ဝင်သွားရုံဖြင့် ထိုလူမှာ သေချာပေါက် သေဆုံးရပေမည်။
"အရိပ်" ၏ တန်ပြန်တိုက်ခိုက်မှုကို ရင်ဆိုင်ရင်း လုချင်းမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။
ဓားက လက်သီးကို ထိုးစိုက်လုနီးပါးအချိန်တွင် သူ၏ ပခုံးကို နိမ့်ချကာ ဓားသွားကို ရှောင်တိမ်းလိုက်သည်။
ထို့နောက် သူ၏ လက်ချောင်းများကို တေ့ကာ ဓားကိုင်ထားသောလက်ကို ရိုက်ချလိုက်တော့၏။ ပေါ့ပါးသည်ဟု ထင်ရသော ဤရိုက်ခတ်မှုသည် မယုံနိုင်လောက်အောင် ပြင်းထန်လှပြီး ဒဏ်ရာရထားပြီးဖြစ်သော "အရိပ်" ၏ လက်မောင်းကို ပြင်းထန်စွာ တုန်ခါသွားစေကာ ဓားလွတ်ကျလုနီးပါး ဖြစ်သွားစေခဲ့သည်။
ထိုဟာကွက်ကို အခွင့်ကောင်းယူကာ လုချင်းသည် လက်သီးကို လက်ဝါးအဖြစ် ပြောင်းလဲလိုက်ပြီး "အရိပ်" ၏ ရင်ဘတ်ကို ရိုက်ချလိုက်သည်။
ပြင်းထန်သော လက်ဝါးရိုက်ချက်အောက်တွင် အရိုးကျိုးသံများ ထွက်ပေါ်လာပြီး "အရိပ်" မှာ နောက်သို့ လွင့်စဉ်သွားကာ ၁၀ မီတာအကွာရှိ သစ်ပင်နှင့် ဝင်ဆောင့်မိပြီး သစ်ရွက်များ တဖွဲဖွဲ ကြွေကျလာတော့သည်။ သူသည် မြေကြီးပေါ်တွင် မလှုပ်မယှက် လဲကျနေပြီး သေဆုံးသွားသည်လား မသေဆုံးသေးဘူးလားကိုတောင် မသိရချေ။
တိုက်ကွက်တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားခြင်းပင်။
သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်၏ ဂုဏ်ရှိန်ကြီးမားသော ကောင်းကင်ဘုံအဆင့်လုပ်ကြံသတ်ဖြတ်သူ တစ်ဦး၊ အားကောင်းသော မွေးရာပါ ကိုယ်တွင်းအင်္ဂါအဆင့် သိုင်းပညာရှင် တစ်ဦးသည် လုချင်း၏ လက်ချက်ဖြင့် တိုက်ကွက်တစ်ကွက်အတွင်း ရှုံးနိမ့်သွားခဲ့ရသည်။
လုချင်း၏ မျက်နှာတွင် မောက်မာသော အရိပ်အယောင် မရှိပေ။
သူက လက်ကို ဝှေ့ယမ်းလိုက်ရာ နောက်ထပ် ကျောက်တုံးတစ်တုံး ရောက်ရှိလာပြန်သည်။ လေကို ခွင်းသော အသံကျယ်လောင်စွာ ထွက်ပေါ်လာပြီး "အရိပ်" ၏ ခေါင်းကို ချိန်ရွယ်ကာ တွေဝေခြင်းမရှိဘဲ ပစ်ပေါက်လိုက်ပြန်၏။
လုချင်း သတိလွတ်မည့်အချိန်ကို စောင့်ကာ တိုက်ခိုက်ရန် ကြံစည်နေသော "အရိပ်" မှာ ကျောက်တုံးက သူ့ဦးခေါင်းခွံကို မရိုက်ခွဲမီလေးတွင် လှုပ်ရှားလိုက်ပြီး ကျောက်တုံးကို ရှောင်တိမ်းကာ တောအုပ်ထဲသို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော် သူ ဝေးဝေးမရောက်မီတွင် နောက်ထပ် လေခွင်းသံတစ်ခု ထွက်ပေါ်လာပြန်၏။
"ဝုန်း..."
ယခုတစ်ကြိမ်တွင်တော့ "အရိပ်" မရှောင်နိုင်တော့ပေ။ ထို့ကြောင့် ကျောက်တုံးသည် သူ့ကျောကုန်းတည့်တည့်ကို ထိမှန်သွားတော့၏။ ပြင်းထန်လှသော စွမ်းအားကြောင့် "အရိပ်" မှာ သွေးများနှင့်အတူ ကိုယ်တွင်းအင်္ဂါအစအနများကိုပါ အန်ထုတ်လိုက်ရသည်။
ဘုန်း...
ဤမျှ ပြင်းထန်သော ဒဏ်ရာဖြင့် အားကောင်းသော မွေးရာပါ ကိုယ်တွင်းအင်္ဂါအဆင့် သိုင်းပညာရှင်တစ်ယောက်ပင် ခံနိုင်ရည် ရှိမည် မဟုတ်ပေ။ "အရိပ်" သည် အရုပ်ကျိုးပြတ် လဲကျသွားပြီး အကြိမ်ရေအနည်းငယ် လှိမ့်ကာ မလှုပ်မယှက် ရပ်တန့်သွားတော့သည်။
"သေချင်ယောင်ဆောင်မနေနဲ့... ခင်ဗျားက သံချပ်ကာ ဝတ်ထားတာပဲ... ကျွန်တော့်ရဲ့ တိုက်ခိုက်မှုက ခင်ဗျားကို မလှုပ်နိုင်အောင် လုပ်လိုက်ရုံလောက်ပါပဲ... သေတော့ မသေစေပါဘူး။"
"အရိပ်" မလှုပ်မယှက် ဖြစ်နေသည်ကို မြင်သောအခါ လုချင်းက ရှေ့သို့ တိုးသွားပြီး ၇ လှမ်းအကွာတွင် ရပ်တန့်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။
"အရိပ်" မလှုပ်ရှားပေ။
လုချင်းကလည်း စိတ်မဆိုးဘဲ လက်ကို ဝှေ့ယမ်းကာ နောက်ထပ် ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်ပြန်၏။
"ဒီတစ်ခေါက်ရော ခင်ဗျားခေါင်းက ကျွန်တော့်ရဲ့ ကျောက်တုံးကို ရှောင်နိုင်မလားဆိုတာ မှန်းကြည့်ရအောင်။"
"အဟွတ်... အဟွတ်... မင်းက တကယ့်ကို သတိကြီးတာပဲ... ဒီအချိန်ရောက်တာတောင် သတိကို မလျှော့သေးဘူး။"
လုချင်း၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်လိုက်ရသဖြင့် "အရိပ်" သည် ဟန်ဆောင်နေလျှင်လည်း အလကားပဲ ဖြစ်ကြောင်း သိလိုက်သည်။ သူ ခါးသီးစွာ ပြုံးလိုက်ပြီး သစ်ပင်ကို မှီလျက် ရုန်းကန် ထထိုင်ကာ လုချင်းကို ဖြူဖပ်ဖြူရော် မျက်နှာဖြင့် ကြည့်လိုက်သည်။
"သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်ကို မကြိုက်ပေမဲ့ ခင်ဗျားတို့လို ကြွက်မြီးတိုတွေမှာ စွမ်းရည်တချို့ ရှိတာကိုတော့ ကျွန်တော် ဝန်ခံရမယ်... ခင်ဗျားတို့ကို လျှော့တွက်မိရင် ထောင်ချောက်ထဲ အလွယ်တကူ ကျသွားနိုင်တာပဲ။"
ပြင်းထန်စွာ ဒဏ်ရာရနေသော "အရိပ်" ကို မြင်သော်လည်း လုချင်း အနားသို့ မကပ်သေးပေ။
"မင်းက တကယ် စွမ်းအားကြီးတာပဲ... ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်တောင် သန်မာနေပြီ... ထျန်းကျီမျှော်စင်က မင်းကို လျှို့ဝှက်နဂါးစာရင်းရဲ့ အဆင့် ၂၉ မှာ ထားတာ မဆန်းပါဘူး။"
"အရိပ်" သည် လုချင်းကို သတ္တဝါဆန်းတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်လိုက်၏။ အဆင့်သတ်မှတ်ချက်ကို မြင်စဉ်က အခြားသူများကဲ့သို့ပင် သူလည်း လုချင်းသည် ပြိုင်ဘက်ကင်းသော သိုင်းပါရမီကြောင့် စာရင်းဝင်လာသည်ဟု ထင်မှတ်ခဲ့သည်။
သို့သော် ယခုအခါတွင်တော့ လုချင်း၏ သိုင်းပါရမီသည် တကယ်ပင် ကြောက်မက်ဖွယ် ကောင်းကြောင်း သူ သိလိုက်ရချေပြီ။
ပို၍ ကြောက်စရာကောင်းသည်မှာ သူ၏ တိုက်ခိုက်ရေး ပါရမီပင်။
ခုနက လက်သီးချက်မှာ အံ့သြဖွယ်ရာပင်ဖြစ်၏။
လက်သီးနှင့် ခြေထောက်သိုင်းကို ကျွမ်းကျင်သော ဆရာတစ်ဆူပင် ဤထက် ပိုကောင်းအောင် လုပ်နိုင်မည် မဟုတ်ပေ။
ကိုယ်တွင်းအင်္ဂါအဆင့် စဦးပိုင်း သိုင်းပညာရှင်တစ်ယောက်၏ လက်သီးချက်သည် မဟာသခင်တစ်ယောက်နှင့် ယှဉ်နိုင်နေသည်။ ထိုကဲ့သို့ မယုံနိုင်စရာ ကိစ္စမျိုး ရှိနေခဲ့ပါ၏။
"အရိပ်" သည် သူ၏ သိုင်းပညာ ယုံကြည်ချက်များ တုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ပိုအရေးကြီးသည်မှာ ကြောက်မက်ဖွယ် သိုင်းပါရမီအပြင် လုချင်းသည် အလွန် စေ့စပ်သေချာသူ ဖြစ်သည်။ ထောင်ချောက်များနှင့် မြှူဆွယ်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း လုချင်းသည် ဟာကွက်တစ်ခုမျှပင် မပြခဲ့ပေ။
မြေခွေးအိုကြီးတစ်ကောင်ထက်ပင် ကိုင်တွယ်ရ ခက်ခဲလှပါ၏။
ဒါက တကယ်ပဲ ဆယ်ကျော်သက်လူငယ်တစ်ယောက် ဟုတ်ရဲ့လား။
"အရိပ်" ထိုသို့ မတွေးဘဲ မနေနိုင် ဖြစ်သွားသည်။
"ပေါက်ကရတွေ ပြောနေတာ တော်တော့...ကျွန်တော် ခင်ဗျားကို ဘာလို့ မသတ်သေးတာလဲ သိလား။"
"အရိပ်" ၏ ချီးကျူးမှုကို လျစ်လျူရှုကာ လုချင်း၏ မျက်နှာထားမှာ ပြောင်းလဲခြင်း မရှိပေ။
"မင်း လိုချင်တာ တစ်ခုခု ငါ့ဆီမှာ ရှိတယ်လို့ ထင်နေလို့ နေမှာပေါ့။"
"အရိပ်" ခါးသီးစွာ ပြုံးလိုက်သည်။
"မှန်တယ်... " လုချင်း ခေါင်းညိတ်လိုက်သည်။ ဉာဏ်ကောင်းသူနှင့် စကားပြောရသည်မှာ လွယ်ကူလှသည်။ "ကျွန်တော် အများကြီး မလိုချင်ပါဘူး... သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်ရဲ့ စခန်းနေရာတွေကို လိုချင်တာ... ပြောပြရင်တော့ ခင်ဗျားကို မနာကျင်စေဘဲ သေခွင့်ပေးမယ်။"
"မင်းက ငါတို့ရဲ့ စခန်းတွေကို လိုချင်တာလား။"
"အရိပ်" ၏ မျက်လုံးများ ပြူးကျယ်သွားပြီးနောက် မယုံကြည်နိုင် ဖြစ်သွားသည်။
"မင်းက သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်ကို လက်တုံ့ပြန်ဖို့ ကြံစည်နေတာလား။"
လုချင်း ပြန်မဖြေပေ။ သို့သော် သူ၏ တည်ငြိမ်သော မျက်နှာက "အရိပ်" အတွက် အဖြေဖြစ်နေခဲ့သည်။
သူ ရုတ်တရက် ရယ်မောလိုက်သည်။ "ဟားဟားဟား... တကယ်ကို ကြောက်ရွံ့မှု မရှိတဲ့ လူငယ်လေးပဲ... မင်းက သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်ကိုတောင် စိန်ခေါ်ရဲတယ်ပေါ့။"
"ဒီတော့... စခန်းနေရာတွေကို ပေးမလား၊ မပေးဘူးလား။"
"ဒါပေါ့ ပေးမှာပေါ့။"
"အရိပ်" က လှောင်ပြောင်သလို ပြုံးလိုက်သည်။ "မင်းက သေချင်နေမှတော့ ငါကလည်း ဘာလို့ တားရမှာလဲ... ဒါပေမဲ့ မင်းမှာ သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်ကို တကယ် စိန်ခေါ်ရဲတဲ့ သတ္တိ ရှိ ၊ မရှိတော့ မသေချာဘူး။"
"ကျွန်တော့်ကို လာဆွမနေနဲ့... ကျွန်တော် သွား ၊ မသွားက ကျွန်တော့်ကိစ္စ... ခင်ဗျား မြင်ရတော့မှာလည်း မဟုတ်ဘူး။" လုချင်းက အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"အရိပ်" ကို သတ်ဖြတ်လိုသော သူ၏ ဆန္ဒမှာ ရှင်းလင်းနေလေသည်။
"အရိပ်" သည် လုချင်း၏ သတ်ဖြတ်လိုစိတ်ကို သိသော်လည်း ဂရုမစိုက်တော့ပေ။ လုချင်း ပစ်လိုက်သော ကျောက်တုံးသည် သူ၏ ကိုယ်တွင်းအင်္ဂါများကို ကြေမွသွားစေခဲ့ပြီပင်။
မွေးရာပါနယ်ပယ် သိုင်းပညာရှင်၏ ပြင်းထန်သော ရှင်သန်နိုင်စွမ်းကြောင့်သာ သူ အသက်ရှင်နေခြင်း ဖြစ်သည်။ ဒဏ္ဍာရီလာ ကုသရေး ဆေးလုံးများ ရှာတွေ့လျှင်တော့ တစ်မျိုးပေါ့။ သို့မဟုတ်ပါက လုချင်း သူ့ကို လွှတ်ပေးလိုက်လျှင်ပင် သူ ကြာကြာ အသက်ရှင်နိုင်မည် မဟုတ်ပေ။
"ကောင်းပြီ... သတ္တိရှိသားပဲ။"
"အရိပ်" ချီးကျူးလိုက်သည်။ "သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်ကပဲ သူများကို လိုက်လုပ်ကြံဖူးတာ... အခုမှပဲ ငါတို့ကို လာစိန်ခေါ်တဲ့လူ မြင်ဖူးတော့တယ်... လုချင်း... မင်း လျှို့ဝှက်နဂါးစာရင်းဝင်တာ တကယ် ထိုက်တန်ပါတယ်ဗျာ။"
လုချင်း - “...”
လူတွေက လျှို့ဝှက်နဂါးစာရင်းကို တော်တော် အလေးထားကြမှန်း သူ သဘောပေါက်လိုက်သည်။
သိုင်းပညာရှင် အားလုံးက အထင်ကြီး လေးစားကြသည်မှာ ဆန်းတော့ မဆန်းပေ။
ထိုစာရင်းသည် ကံတရားများကို စုစည်းပေးနိုင်သည် မဟုတ်ပါလော။
သူ သဘောတူလိုက်သည်နှင့် "အရိပ်" သည် နေရာများစွာကို တဲ့တိုးပင် ဖွင့်ပြောပြလိုက်သည်။
လုချင်းလည်း တိတ်ဆိတ်စွာ မှတ်သားနေလိုက်၏။
"အရိပ်" သည် ထိုအခြေအနေကို မြင်သောအခါ လုချင်းက သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်ကို တကယ် လက်တုံ့ပြန်ရန် ရည်ရွယ်ထားကြောင်း ယုံကြည်သွားသည်။
ဤမကောင်းဆိုးဝါးလူငယ်လေးနှင့် ဂိုဏ်းတို့ ထိပ်တိုက်တွေ့ဆုံကြမည့်ပွဲကို ကြည့်ချင်စိတ်ကြောင့် သူ စိတ်လှုပ်ရှားလာမိသည်။ လက်ထဲတွင် သွေးစွန်းနေသော လူသတ်သမားတစ်ယောက်အနေဖြင့် "အရိပ်" တွင် သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်အပေါ် သစ္စာစောင့်သိမှု မရှိပေ။
သူသည် ငယ်ရွယ်စဉ်ကတည်းက ဖမ်းဆီးခဲ့ရပြီး ရက်စက်စွာ လေ့ကျင့်ပေးခြင်းနှင့် နှိပ်စက်ခြင်းများကို ခံခဲ့ရသည်။ ထိုသွေးအေးသော အဖွဲ့အစည်းအပေါ်၌ မုန်းတီးမှုသာ ရှိပြီး ကျေးဇူးတင်ခြင်း မရှိပေ။
သို့သော် သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်တွင် ကြီးပြင်းလာရသဖြင့် ၎င်း၏ ကြောက်မက်ဖွယ် ကောင်းပုံကိုတော့ သူ သိထားသည်။ မုန်းတီးသော်လည်း မည်သည့်အခါမျှ မခုခံရဲခဲ့ပေ။
မျှော်လင့်ချက် မရှိမှန်း သိသော်လည်း ဤဧရာမဂိုဏ်းကြီးကို စိန်ခေါ်ရဲသူ တစ်ယောက်ကို တွေ့လိုက်ရသဖြင့် သူ စိတ်လှုပ်ရှားလာမိ၏။
"လုချင်း... ငါ ပြောပြခဲ့တဲ့ စခန်းတွေက အသေးစားတွေပါ... အဲ့ဒီနေရာတွေကို ဖျက်ဆီးလိုက်ရင်တောင် သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်ကို ထိခိုက်စေမှာ မဟုတ်ဘူး။"
"ဒါပေမဲ့ တစ်နေရာတော့ ရှိတယ်... အဲ့ဒီနေရာကိုသာ မင်း ဖျက်ဆီးနိုင်ရင် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်စေမှာမလို့ သူတို့ကို ဒေါသထွက်ပြီး ရူးသွပ်သွားစေလိမ့်မယ်။"
"အရိပ်" သည် နောက်ထပ် တည်နေရာတစ်ခုကို ထပ်မံ ပြောပြလိုက်ပြီးနောက်၌ ထိုနေရာရှိ ထောင်ချောက်များနှင့် ဖွဲ့စည်းပုံများကိုပါ အသေးစိတ် ရှင်းပြလိုက်တော့သည်။