နတ်ဘုရားနိုးထခြင်း
Vol. 20 Ch. 196
မြောက်မြားစွာသည့် စကြာဝဋာကြီးများက ပြင်းထန်တဲ့ လှုပ်ခတ်မှုများကို အာရုံခံမိ၍ထင် စကြာဝဋာတခုဆီမှ နတ်ဘုရားများ စတင်နိုးထလာတော့သည်။
ကြယ်စင်စု စကြာဝဋာကြီးက စကြာဝဋာများထဲ၌ အလယ်အလတ်ဆင့် စကြာဝဋာတခုဖြစ်ပြီး သူ့အတွင်းမှာတော့ နေ လ တစ်ခုစီနဲ့ လောက တစ်ထောင်ကျော် တည်ရှိကာ သက်ရှိများကမူ လောက တစ်ရာခန့်၌ သာရှင်သန်ကြသည်။
ထိုလောကတစ်ရာခန့်ကလည်း ကျင့်ကြံရေးလောကများဖြစ်၍ ကြယ်စင်စု စကြာဝဋာမှာ ယခုကဲ့သို့ အလယ်အလတ်အဆင့်ကို ရောက်နေနိုင်ခြင်းဖြစ်ပြီး ထိုစကြာဝဋာရဲ့ အုပ်ချုပ်သူနတ်ဘုရားကတော့ အစစ်မှန်နတ်ဘုရား အထွဋ်အထိပ်အဆင့်ရှိ ရှီဟွမ် နတ်ဘုရားမ ဖြစ်သည်။
ရှီဟွမ် နတ်ဘုရားမမှာ လွန်ခဲ့သည့်နှစ်တစ်သန်းခန့်မှ စတင်ပေါ်ပေါက်လာခြင်းဖြစ်ပြီး မြင့်မားသည့်ပါရမီက အနန္တာစကြာဝဋာအတွင်းရှိ ကျင့်ကြံရေးပါရမီရှင်များကြ ထိပ်ဆုံးစာရင်းဝင်နိုင်လောက်အောင်ပင် ထူးချွန်သူဖြစ်သည်။
သူမ စတင်မွေးဖွားကာတုန်းက ရှီဟွမ်လောကမှာ အဆင့်နိမ့်သက်ရှိများသာ ဖြစ်ထွန်းကြပြီး ကျင့်ကြံရေးအဆင့်မှာလည်း ကပ်ဘေးဖြတ်ကျော်အဆင့်ကသာ အမြင့်ဆုံးဖြစ်သည်။
သူမက ကပ်ဘေးဖြတ်ကျော်အဆင့်ကို အသက်၁၈နှစ်တည်းနဲ့ ရောက်ရှိခဲ့ပြီးနောက် နောက်ထက်အဆင့်များကိုတော့ ကိုယ်ပိုင်လမ်းစဥ်ဖြင့် ထိုးဖောက်ခဲ့သူဖြစ်ကာ သက်တမ်းတစ်သောင်းခွဲရောက်ချိန်၌ နတ်ဘုရားတစ်ပါး ဖြစ်လာစေခဲ့သည်။
သက်တမ်းတစ်သောင်းခွဲဖြင့် နတ်ဘုရားတစ်ပါးဖြစ်ခြင်း..။ ထိုအရာကိုလက်ရှိနတ်ဘုရားလမ်းစဥ်ကို ထိတွေပြီး နတ်ဘုရားတစ်ပါး ဖြစ်လုနီးပါးရှိသည့် လုလင်းယွဲ့ကသာ ယှဥ်နိုင်မည်ဖြစ်သည်။
ရှီဟွမ်နတ်ဘုရားမက စကြာဝဋာ၏ တနေရာသို့ စူးစိုက်ကြည့်နေသည်။ ထိုနေရာက နတ်ဘုရားလောက တည်ရှိရာနေရာဖြစ်ပြီး မကြာခင်၌ နတ်ဘုရားလမ်းစဥ်ကို ထိတွေ့ပြီးသူ အင်မော်တယ်ဧကရာဇ်များစွာတို့ ထိပ်တိုက်ရင်ဆိုင်ကြရမည့် လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။
“နတ်ဘုရားအရေအတွက်က နှစ်တသိန်းပြည့်တိုင်း လျော့ကျလာပြီးတော့ ထပ်တိုးနတ်ဘုရားတွေက အရည်သွေးမပြည့်မီကြဘူး”
ရှီဟွမ်က တီးတိုးရေရွတ်လိုက်သည်။ နတ်ဘုရားတစ်ပါးဖြစ်လာခြင်းက အရာအားလုံးပြီးဆုံးသည်တော့ မဟုတ်ချေ။ နတ်ဘုရားများထဲ၌ အစစ်အမှန်နတ်ဘုရားက အလယ်ဆင့်သာဖြစ်ပြီး ထိုအထက်၌ နတ်ဘုရားဘုရင် နတ်ဘုရားဧကရာဇ်တို့ထက်ရှိပြီး ဘိုးဘေးနတ်ဘုရားအဆင့်က လက်ရှိ၌ အမြင့်ဆုံးဖြစ်ကာ အစောင့်ရှောက်နတ်ဘုရား လေးပါးကတော့ ဘိုးဘေးနတ်ဘုရားများ ဖြစ်ကြသည်။
“နတ်ဘုရားဝါးမြိုသူမိစ္ဆာကြီးကလည်း လှုပ်ရှားနေပြီ အစောင့်အရှောက် ဘိုးဘေးတွေ ဘယ်လိုစီမံချက်တွေများ လုပ်ထားဦးမလဲ”
သူမလေသံက စိုးရိမ်ပူပန်မှုများ ပြည့်နေပြီး နတ်ဘုရားဝါးမြိုသူမိစ္ဆာကိုသာ မထိန်းချုပ်နိုင်ပါက နောက်ထပ်မရေတွက်နိုင်တဲ့ စကြာဝဋာများ ဝါးမြိုခံရပေဦးမည်။
“ရှီဟွမ်..”
ထိုစဥ် စကားသံတစ်ခုက စကြာဝဋာများကို ဖြတ်သန်း၍ သူမနားထဲ တိုးဝင်လာသည်။
“အစောင့်အရှောက် ဘိုးဘေးနတ်ဘုရားလား”
ရှီဟွမ်က တဖက်သူကိုသိနေသည့်အတွက် တည်ငြိမ်စွာပဲ ပြန်လည်တုန့်ပြန်လိုက်သည်။
“ထျန်းဟွမ်လောကဆီ သွားပါ”
စကားသံက ထိုမျှသာဖြစ်ပြီး နောက်ထပ် အသံတစ်စုံတရာ ထပ်မပေါ်လာတော့ချေ။
ထျန်းဟွမ်လောက ဟုတ်လား။ ဘာများထူးခြားလို့ ဘိုးဘေးကငါ့ကို သွားစေချင်တာလဲ။
သူမက စကြာဝဋာ၏တနေရာမှ ရွေ့လျားနေသည့် သွေးမြစ်ကြီးအား တချက်ကြည့်လိုက်မိသည်။ သွေးမြစ်ကြီးမှာ ဘိုးဘေးတို့၏ စီမံကိန်းများကို ဖျက်စီးရန် တစုံတခုအား လိုက်လံရှာဖွေနေဟန်ရှိပြီး ထိုအရာက လက်ရှိသူမသွားရောက်ရမည့် ထျန်းဟွမ်လောကနဲ့ ပက်သက်နေသည်မှာ သေချာသလောက် ရှိပေသည်။
ထိုအချိန် ယန်ချန်ကတော့ ထာဝရကျေးရွာအနှံ့ လှည့်ပတ်စစ်ဆေးနေလေသည်။ ကျေးရွာမှာ လူများထပ်မံတိုးလာပြီးနောက် မူလကထက် ခြံဝန်းများပိုတိုးလာပြီး နေထိုင်သူများကလည်း ကျေးရွာ၏ စည်းမျဥ်များကို အတိအပ လိုက်နာကြ၍ ကျေးရွာမှာ နေချင်စဖွယ် ဖြစ်ပေသည်။
“သခင်လေး ရွာထဲလှည့်ပတ်ကြည့်ရှုနေတာလား”
ရွာသားတစ်ဦးက စတင်နှုတ်ဆက်လာသည်။ ထိုသူမှာ အသက်၅၀ ကျော်အရွယ် အမျိုးသားကြီးတစ်ဦးဖြစ်ပြီး သန်မာတောင့်တင်းသည့် ကိုယ်ဟန်က လယ်သမားတဦးဖြစ်မှန်း သိသာစေသည်။
“သြော်. ဦးလေးချူပဲ နေကောင်းရဲ့လားဗျ စိုက်ပျိုးရေးတွေကကော ဘယ်လိုလဲ”
ယန်ချန့်အမေးကို ဦးလေးချူဆိုသူက ပြုံးရွှင်စွာဖြင့် ပြန်ဖြေသည်။
“သိပ်ကောင်းတာပေါ့ သခင်လေးရယ် သခင်လေးရဲ့နည်းပညာတွေနဲ့ စိုက်ထားတော့ အပင်တွေက စျေးကွက်ထဲမှာ ရောင်းမလောက်အောင်ကို ကျော်ကြားနေတော့တာ ကျုပ်ကိုပဲကြည့် အခုဆို အိမ်တောင်မကပ်နိုင်တော့ဘူးလေ ဟား…”
ထိုလူကြီးမှာ ပျော်တတ်ပုံရပြီး ချူလင်းယု၏ ဖခင်ဖြစ်သည်။ ထိုသူတို့ဇနီးမောင်နှံမှာ သေမျိုးများဖြစ်သော်လည်း သမီးဖြစ်သူမှာတော့ ထိပ်သီးဂိုဏ်းကြီးတခု၌ တောင်ထိပ်သခင်တဦးဖြစ်ကာ ယန်ချန်နဲ့လည်း ရင်းနီးတဲ့ ဆက်ဆံရေး ရှိပေသည်။ ထိုအနေထားက ဦးလေးချူ၏အဆင့်တန်းကို ထာဝရကျေးရွာ၌ ပို၍ မြင့်မားစေခဲ့သည်။
“အလုပ်ကြိုးစားတာလည်းကြိုးစားပေါ့ မိသားစုကိုလည်း အချိန်ပေးဦးနော်”
ယန်ချန်က တည်ငြိမ်စွာပဲ တုန့်ပြန်လိုက်သည်။ ထိုစဥ်အခြားရွာသာများ ဖြတ်သန်းသွားကြပြီး ယန်ချန်နဲ့ ဦးလေးချူတို့ကို နှုတ်ဆက်သွားကြလေသည်။
“ဂရုစိုက်ကြပါ လကုန်အစည်းအဝေးကိုလည်း မမေ့ကြနဲ့နော်”
ယန်ချန့်စကားကို ထိုသူများက အလျင်မြန်တုန့်ပြန်လာကြပြီး လစဥ်ပြုလုပ်သည့် အစည်းအဝေးအား တက်ရောက်ကြမည်ဖြစ်ကြောင်း ကတိပေးကြလေသည်။
ကျင်းလုံဆီလွှတ်လိုက်သည့်လူငယ်မှာ ရွာသို့ပြန်လည်ရောက်ရှိလာပြီးနောက် ယန်ချန်နေထိုင်သည့် ခြံဝန်းဆီရောက်ရှိလာကာ စုလဲ့ပေးလိုက်သည့် လက်ဆောင်အား ထုတ်ပေးလေသည်။ ယန်ချန်က ထိုအလှပြင်စားပွဲခုံကြီးအား ကြည့်၍ စိတ်ကျေနပ်နေလေသည်။
စုလဲ့မှာ တကယ်ကိုပင် ရှုယင်၏ လိုအပ်ချက်ကို သိနေသည်ဟုပင် ဆိုနိုင်သည်။ ယန်ချန်မှာ အိမ်အတွက် ပရိဘောဂများစွာ ပြုလုပ်ခဲ့သော်လည်း ရှုယင်အတွက် အလှပြင်စားပွဲတစ်ခု မလုပ်ပေးမိခဲ့ချေ။ ရှုယင်ကလည်း ထိုကိစ္စနဲ့ပက်သက်ပြီး ယန်ချန့်ကိုအကူညီတောင်းခြင်း မရှိခဲ့။
……………………………………