သစ်မြတ်ရတနာကို ရှာဖွေလိုခြင်း
Vol. 20 Ch. 197
ယန်ချန်က စုလဲ့ လက်ဆောင်ပေးလိုက်သည့် စားပွဲခုံကြီးအား အချိန်အတော်ကြာ လေ့လာပြီးနောက် ထိုကဲ့သို့ စားပွဲမျိုးပြုလုပ်ရန် စိတ်အားထက်သန်လာလေသည်။
စနစ်မှသင်ကြားပေးမှုအရ ပရိဘောဂများပြူလုပ်ခြင်းမှာ ယန်ချန်အတွက် ထမင်းစားရေသောက်မျှသာဖြစ်ပြီး အဓိကပြဿနာမှာ ကုန်ကြမ်းဖြစ်သည်။
“ဒီစားပွဲကို ထူးခြားတဲ့သစ်တမျိုးနဲ့ လုပ်ထားတယ် ဆိုတော့ အချိန်အတော်ကြာကြာ သုံးနိုင်တယ် လက်ရာကလည်း မဆိုးပါဘူး”
လက်ဆောင်ပစ္စည်းအား ဆောင်ယူလာပေးသည့် လူငယ်မှာမူ ပြန်လည်ထွက်ခွာသွားပြီဖြစ်သည်။ ရှုယင်မှာ စားပွဲခုံကြီးအား နှစ်သက်စွာဖြင့် ကြည့်နေခဲ့ပြီး သူမအတွက် ကိုယ်ကိုင်အလှပြင်စားပွဲတခု ရလာခြင်းက မိမိကိုယ်ကိုလည်း ယုံကြည်မှု တိုးလာစေလေသည်။
“အစ်မရှု သစ်မြတ်ရတနာဆိုတာ ကြားဖူးလား”
ရှုယင်မှာ နားမလည်ဟန်ဖြင့် ခေါင်းယမ်းပြသည်။ သူမက ပရိဘောဂများပြုလုပ်သည်ကိုအသာထား မည်သည့်ကုန်ကြမ်းသုံးသည်ကိုပင် သိသူမဟုတ်ချေ။
ယန်ချန်က နားလည်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး စားပွဲခုံကြီးအား သူမအခန်းထဲ သယ်မကာပို့ဆောင်ပေးလိုက်သည်။ ပြီးနောက် စာဖတ်ခန်းထဲဝင်ကာ နောက်ထပ်စားပွဲခုံကြမ်းအား စတင်ရေးဆွဲတော့သည်။
နာရီအနည်းငယ်ကြာပြီးနောက် ပုံကြမ်းမှာ ပြီးဆုံးသွားခဲ့ပြီး လက်ရာမှာလည်း ခေတ်သစ်ကမ္ဘာ၏အနုပညာလက်ရာကိုမှ ကျင့်ကြံရေးလောက စံနှုန်းများဖြင့် မွမ်းမံထားလေသည်။
“ကုန်ကြမ်းလိုလာပြီး ဒီစားပွဲကို ယင်ယင်လေးကြီးလာရင်သုံးဖို့ လုပ်ပေးရမယ် ဒါနဲ့ သစ်မြတ်ရတနာကို ဘယ်မှာရှာရမလဲ”
ထိုသို့စဥ်းစားမိရင်း တဆက်တည်းစာဖတ်ခန်းထဲမှ စာကြည့်စင်ပေါ်ရှိ စာအုပ်အနည်းငယ်အား ဆွဲယူလိုက်သည်။ စာအုပ်များမှာ ထျန်းဟွမ်လောကရှိ အပင်များအကြောင်းကို ရေးသားထားပြီး ထိုအထဲ၌ မည်သည့်သစ်အမျိုးအစားမှာ မည်သည့်ဒေသ၌ ရှိနေသည်ကို ပြည့်ပြည့်စုံစုံ ဖော်ပြထားလေသည်။
“သစ်မြတ်ရတနာ အနှစ်တသောင်းသက်တမ်းရှိ သစ်ပင်တမျိုးမှရရှိပြီး အမှောင်ကုန်းမြေ ချိုင့်ဝှမ်း၌ တွေ့နိုင်သည်”
ယန်ချန်က စာအုပ်မှဖော်ပြချက်အား တီးတိုးဖတ်လိုက်သည်။
“အမေှာင်ကုန်းမြေတဲ့လား”
မကြာသေးခင်က မင်ယုရှန်းတို့ ထိုကုန်းမြေထဲမှ ပြန်လည်ထွက်ခွာလာချိန်၌ နတ်သမီးသစ်ပင်ကို ပြန်ယူလာခဲ့ပြီး ယခုသစ်မြတ်ရတနာမှာလည်း ထိုနေရာ၌ ရှိနေပြန်လေသည်။ တိုက်ဆိုက်မှုများက မှင်သက်စရာဖြစ်သည်။
“ငါသွားရင်ကောင်းမလား အန္တရာယ်ရှိနိုင်တယ်မလား”
အချိန်အတော်ကြာ တွေဝေနေပြီးနောက် ခရီးထွက်ရန် ဆုံးဖြတ်လိုက်သည်။ ဤတကြိမ်တွင်တော့ အဖိုးဝမ်ကိုသာ ခေါ်ဆောင်သွားမည်ဟု တွေးလိုက်သည်။ အခြားအပိုသူများခေါ်ဆောင်သွားခြင်းက လမ်းခရီး၌ အန္တရာယ်တစုံတရာ ကျရောက်နိုင်သည်ဟု မှတ်ထင်နေလေသည်။ ယန်ချန်မသိတာက ထျန်းဟွမ်လောက၌ သူ့အား ရန်စစော်ကားရဲသူ မရှိတာကိုပင်။
“ဟုတ်တယ် အဖိုးဝမ်ကိုခေါ်သွားမယ် မြန်မြန်သွားပြီး မြန်မြန်ပြန်လာတာပေါ့ သစ်မြတ်ရတနာကိုသာရရင် နောက်ထပ် ပရိဘောဂတွေလည်း ထပ်လုပ်လို့ရပြီ”
မကြာခင်မှာပဲ တွေးထားသည့်အတိုင်း လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ ခရီးကိုတော့ နောက်တရက်မှ ထွက်ရန်ဆုံးဖြတ်ထားပြီး အဖိုးဝမ်နဲ့အတူ တိုင်ပင်ရဦးမည်ဖြစ်သည်။ အကြောင်းမှာ ထိုအဖိုးကြီးမှာ အင်မော်တယ်လောကမှ ပြန်လာပြီးနောက် အရူးအမူးကျင့်ကြံနေခဲ့ပြီး ပြင်ပထွက်သည်မှာ ရှားပါး၍ ဖြစ်သည်။
ရှုယင်ကတော့ ထိုကိစ္စကို မသိချေ။ အလှပြင်ခုံရှေ့ စိတ်ကျေနပ်နေသည့် အမူအရာဖြင့် အချိန်ကြာမြင့်စွာထိုင်နေခဲ့ပြီး ညနေစာပြင်ရန်ကိုပင် မေ့သွားသည့်အထိပင်။
ရှီဟွမ်တစ်ယောက် ထျန်းဟွမ်လောကရှိရာ ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ ဘိုးဘေးက မည်သည့်အတွက်ကြောင့် ထိုသေမျိုးလောကဆီ သွားရန်တိုက်တွန်းရသနည်း။ ဘိုးဘေး၌ အကြောင်းတချို့ရှိနိုင်သည်ဟု တွေးမိသော်လည်း နားမလည်နိုင်တော့ ဖြစ်နေရသေးသည်။
“ငါ ခရီးရှည်တစ်ခုသွားဖို့ရှိတယ် ရှီဟွမ်လောကအရေးနဲ့ပက်သက်ပြီး အစစအရာရာ ဂရုစိုက်ထားပါ”
ရှီဟွမ်နတ်ဘုရားမက တပည့်မဖြစ်သူကို အသိပေးလိုက်သည်။ ယခင်ကလည်း နတ်ဘုရားမမှာ အကြိမ်အနည်းငယ် ခရီးရှည်ထွက်ဖူးပြီး အနည်းဆုံးတနှစ်မှ နှစ်ရာဂဏန်းဝန်းကျင်ထိ ကြာမြင့်တက်လေသည်။
“ကောင်းပါပြီဆရာ ကျွန်မဂရုစိုက်ထားပါ့မယ်”
တပည့်မဖြစ်သူရဲ့စကားကိုကြားလျင် ရှီဟွမ်တစ်ယောက် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး နေရာမှ ရုတ်ချည်းပျောက်ကွယ်သွားတော့သည်။ ရှီဟွမ်စကြာဝဋာကြီးမှာ လတ်တလောအေးချမ်းနေပြီး ထူးခြားဖြစ်စဥ်ဟူ၍ ရှိမနေချေ။ ထို့ကြောင့် နတ်ဘုရားတစ်ပါးအဆင့်ကို ရောက်နေသည့် တပည့်မဖြစ်သူမှာ ကောင်းစွာထိန်းချုပ်နိုင်မည်ဟု သူမယုံကြည်လေသည်။
ရှီဟွမ်က များပြားသည့် လောကများစွာကို အဆက်မပြတ် ကျော်ဖြတ်ရင်း ပျက်စီးကြေမွနေတဲ့ လောကများစွာကို တွေ့မြင်ခဲ့ရသည်။ အချို့လောကများမှာ အဆုံးသတ်လုနီးပါးဖြစ်နေပြီး မကောင်းသည့်အငွေ့အသက်များ ဖုံးလွှမ်းထားလေသည်။
ထိုကဲ့သို့လောကမျိုးက နတ်ဘုရားဝါးမြိုသူ မိစ္ဆာကြီးအကြိုက်ဖြစ်နေပြီး ထိုလောကများက ၎င်းကိုပို၍ အားကောင်းလာစေသည်။
ဝေးကွာသည့် စကြာဝဋာအခြားတနေရာမှာတော့ ပထမနတ်ဘုရားက အင်းကွက်တစ်ခုကို တည်ငြိမ်စွာ ရေးဆွဲနေလေသည်။ ထိုအင်းကွက်မှာ အချိန်စီးဆင်းမှုကို အဆတစ်ရာထိ မြင့်တင်ပေးထားသည်။
သိထားရမည်မှာ အချိန်နဲ့လေဟာနယ်ကို ထိန်းချုပ်ရခြင်းက နတ်ဘုရားများအတွက်ပင် မလွယ်ကူချေ။ ဘိုးဘေးနတ်ဘုရားအဆင့် ရောက်မှသာ အချိန် အတိုးလျော့ ပြုလုပ်နိုင်ပြီး ထိုအဆင့်အောက်များအတွက်မူ ပြုလုပ်ရန် မလွယ်ကူပေ။
“မင်းက အရမ်းအေးဆေးလွန်းနေတယ် အင်းလေ ငါက အချိန်တစ်ခု သက်မှတ်ခဲ့တာကိုး ကိစ္စမရှိဘူး မင်းကိုပြောင်းလဲဖို့ တနှစ်ပဲလိုတယ် ကောင်လေး”
ပထမနတ်ဘုရားက တီးတိုးပြောဆိုရင်း အင်းကွက်အား အဆုံးသတ်လိုက်သည်။ ထိုအင်းကွက်မှာ လက်တဝါးစာအရွယ်ရှိသည့် သစ်သားပြားတချပ်ဖြစ်ပြီး အရွယ်အစားကို ကြီး သေး ထိန်းချုပ်နိုင်သေးသည်။
“ဒါက ငါလုပ်သမျှထဲမှာ အကောင်းဆုံး အချိန်အစီရင်ပဲ မင်းအကျိုးရှိရှိ အသုံးချမယ်လို့ ငါမျှော်လင့်တယ်”
မကြာခင်မှာပဲ ပထမနတ်ဘုရား၏ ပုံရိပ်ကြီးမှာ ဖြေးညင်းစွာ ပျောက်ကွယ်သွားပြီး မူလ သူရှိနေသည့်နေရာ၌ စကြာဝဋာ ဟင်းလင်းပြင်ကြီးတစ်ခုသာ ကျန်နေရစ်တော့သည်။