အမှောင်ကုန်းမြေဆီ ခရီးထွက်ခြင်း
Vol. 20 Ch. 198
ယန်ချန်တစ်ယောက် အဖိုးဝမ်နဲ့အတူ အချိန်အနည်းငယ်ကြာ ဆွေးနွေးပြီးနောက် သစ်မြတ်ရတနာကို ရှာဖွေမည့်ခရီးစဥ်အား စတင်ခဲ့တော့သည်။
မူလက ရှုယင်မှာ လိုက်ပါချင်ခဲ့ပြီး သူမနည်းတူ မင်ယုရှန်းကလည်း ယန်ချန့်ဆီက ခွင့်တောင်းခဲ့သေးသည်။ သို့သော် ယန်ချန်က ပြတ်သားစွာပဲ ငြင်းဆိုလိုက်ပြီး နောက်အကြိမ်များ၌သာ လိုက်ပါရမည်ဟု ကတိပေးခဲ့ရသည်။
ယန်ချန်ရဲ့ခရီးစဥ်က ထာဝရကျေးရွာမှတဆင့် ကျင်းစီရင်စု ထို့နောက် ကျင်းတိုင်းပြည် မြို့တော်ကြီးထိရောက်ရှိသွားခဲ့ပြီး ကျင်းလုံမှာ နန်းတွင်း၌ ရှိမနေ၍ ဆုံတွေ့ခြင်း မရှိခဲ့ချေ။
ယန်ချန်က ကျင်းတိုင်းပြည်မြို့တော်ကြီး၏ စည်ကားမှုကို ကျေနပ်စွာဖြင့် လေ့လာနေခဲ့ပြီး အစောပိုင်းကာလ ထူးခြားတဲ့အစီရင်ကြီးတစ်ခုကြောင့် မြို့တော်မှာ အထိနာသွားခဲ့ရသေးသည်။
ယခုတော့ ထိုအဖြစ်ပျက်မှ လျင်မြန်စွာနိုးထလာခဲ့ပြီး ကျင့်ကြံသူဖြစ်စေ သေမျိုးများဖြစ်စေ မြို့တော်အနှံ့ကိုသာမက ကျင်းတိုင်းပြည် မင်တိုင်းပြည်နဲ့ အခြားတိုင်းပြည်များတွင်မှာပါ ဘေးကင်းကင်းနဲ့ သွားလာနိုင်ပြီ ဖြစ်သည်။
ထိုအချက်က သေမျိုးများ၏ စီးပွားရေးကို အရှိန်ဟုန်မြင့်စေခဲ့ပြီး မူလက ကျင့်ကြံရေးပါရမီကို နိုးထမှုရှိမရှိ စိတ်ဝင်စားမှု အားနည်းခဲ့ကြသည့် သေမျိုးများမှာ ငွေကြေးအဆင်ပြေလာတဲ့နောက်မှာတော့ သားသမီးများအား ကျောင်းများထံ ပို့ဆောင်လာကြပြီး ကျင့်ကြံသူဖြစ်လာရန် တိုက်တွန်းလာကြတော့သည်။
“မြို့တော်ကြီးက ပိုပြီးတော့တောင် စည်ကားလာသလိုပဲနော် အဖိုးဝမ်”
ယန်ချန်ရဲ့စကားကို အဖိုးဝမ်က ခေါင်းညိတ်ကာ ထောက်ခံသည်။ သူသည်လည်း ကျင်းတိုင်းပြည်၏ မြို့တော်ကို ယခင်ကရောက်ဖူးခဲ့ပြီး ယခုလောက်စည်ကားသည်ကို မမြင်ဖူးခဲ့ပေ။
“ဟုတ်တယ် အခုဧကရာဇ်က တင်းကြပ်တဲ့စည်းမျဥ်းတွေ ပြောင်းလဲမှုတွေ လုပ်ထားတော့ သေမျိုးတွေကို ဘယ်ကျင့်ကြံသူကမှ အနိုင်မကျင့်ရဲတော့ဘူး”
“ကျတော်လည်း အဲ့အချက်ကိုသတိထားမိတယ် အဖိုးဝမ်သိတဲ့အတိုင်းပဲ ကျင့်ကြံသူဆိုတာ သေမျိုးအရေတွက်နဲ့ယှဥ်ရင် အင်မတန်နည်းပါတယ် နောက်ပြီး ကျင့်ကြံသူဖြစ်လာတာတွေကလည်း သေမျိုးတွေထဲကနေ ဆင်းသက်လာကြတာပဲ မဟုတ်လား”
ယန်ချန့်စကားက သေမျိုးများ၏ အဆင့်တန်းကို မြင့်တင်ရာရောက်ပြီး မင်ဝမ်ကလည်း လက်ခံလေသည်။ မည်သို့ပင်ဆိုစေကာမူ သေမျိုးများမှာ ကျင့်ကြံရေးလောက၏ ထောက်တိုင်များဖြစ်သည်ကို မည်သူမှ ငြင်းမရချေ။
ကျင်းတိုင်းပြည်၏ မြို့တော်၌ တရက်သာအနားယူပြီးနောက် အလယ်ကုန်းမြေဆီ ခရီးဆက်ထွက်လာကြသည်။ အမှောင်ကုန်းမြေမှ အလယ်ပိုင်းဒေသ ကုန်းမြေနဲ့နီးစပ်ပြီး ထိုမှတဆင့်သွားရန် လိုပေသည်။
မူလက ရှယီတို့ကိုအသိပေးမည်ဟု တွေးထားသော်လည်း ရှမိသားစုနဲ့သူ့ကြားရင်းနီးမှုက အနည်းငယ်သာ ရှိသေးသည်ကို သတိပြုမိပြီးနောက် အကူညီတောင်းမည့်အတွေးအား ပယ်ချလိုက်တော့သည်။
မကြာခင်ရက်အနည်းငယ်ကြာပြီးနောက် အလယ်ပိုင်ဒေသအစွန်ရှိ မြို့ငယ်လေးအား ရောက်ရှိလာတော့သည်။ ထိုမြို့ငယ်လေးမှာ ပထမတကြိမ် မင်ဝမ်တို့လာရောက်စဥ်ကထက် စည်ကားနေပြီး ကျင့်ကြံသူများစွာမှာ အမှောင်ကုန်းမြေထဲ လွတ်လပ်စွာဝင်ထွက်နေသည်ကို ကြားသိလိုက်ရသည်။
မင်ဝမ်က အကောင်းဆုံးတည်းခိုဆောင်တစ်ခုအား ရှာဖွေကာ အခန်းနှစ်ခုငှားရမ်းလိုက်သည်။ ထိုတည်းခိုဆောင်က ထိုမြို့၌ အကောင်းဆုံးဖြစ်ကာ ငွေကြေးမရှားပါးသည့် ကျင့်ကြံသူများ အများဆုံးဝင်ထွက်ကြသည့်အတွက် သတင်းအချက်အလက်များ စုဆောင်းရန် သင့်လျော်လေသည်။
“ဟေးညီအစ်ကို မင်းဟိုတခေါက်က ချိုင့်ဝှမ်းထဲသွားသေးတယ်မဟုတ်လား ဘာများကံကောင်းခဲ့သေးလဲ”
ကျင့်ကြံသူတဥိီးက ပိန်ပိန်ရှည်ရှည် အခြားကျင့်ကြံသူတဦးကို မေးခွန်းထုတ်လိုက်သည်။
“ကံကောင်းတာကတော့အမှန်ပဲ အမှောင်ကုန်းမြေမှာ ဘာအန္တရာယ်မှ မရှိတော့တဲ့အပြင် သူတော်စင်အဆင့် မိသားစုကြီးတွေကလည်း ဝင်ရောက်မစွတ်ဖတ်တော့ဘူးဆိုတော့ ရသမျှအကျိုးအမြတ်အကုန်လုံး ငါတို့တိုက်ရိုက်သိမ်းယူနိုင်ခဲ့တာပေါ့”
“အာ့တော့အမှန်ပဲ အရင်ကဆို အမှောင်ကုန်းမြေထဲဝင်ဖို့တောင် အန္တရာယ်များလွန်းပြီး ရှားပါးတဲ့ဖွင့်ချိန်မှာတောင် မိသားစုကြီးတွေကပဲ ထိန်းချုပ်ကြသေးတာ အခုတော့ ငါတို့လည်း လွတ်လွတ်လပ်လပ် ဝင်ထွင်လို့ရသွားပြီ”
နောက်ထပ် ကျင့်ကြံသူတဦးက စကားဝိုင်းထဲ အားတက်သရော ဝင်ပါလာသည်။ ထိုစကားကိုကြားလျင် ပထမဆုံးမေးခွန်းထုတ်ခဲ့သူက တုန့်ပြန်သည်။
“ကျုပ်တို့ ရက်ပိုင်းအတွင်း နောက်တကြိမ် ထပ်သွားဖို့ရှိတယ် ခင်ဗျားတို့နှစ်ယောက် လိုက်ဦးမလား”
ထိုသူရဲ့အမေးကို အခြားနှစ်ဦးက တက်ကြွစွာဖြင့် တုန့်ပြန်လာပြီး ၎င်းတို့ပါ လိုက်ပါမည်ဟု ကတိပေးလာကြသည်။
အခြားဝိုင်းတစ်ခုမှာတော့ မင်ဝမ်က တိတ်တဆိတ်နားထောင်နေပြီး အမှောင်ကုန်းမြေဆီ ဝင်ထွက်ခြင်းမှာ များစွာ လွယ်ကူနေသည်ကို သတိပြုမိသွားသည်။ ထို့ကြောင့် မူလက စိုးရိမ်စိတ်ရှိနေသည့် အတွေးများမှာ လွင့်ပျယ်သွားတော့သည်။
ရွှေအမြူတေအဆင့်သာရှိသေးသည့် ကျင့်ကြံသူများပင် ဝင်ထွက်ရဲပါက သူ့လိုသူတော်စင်အဆင့်က ကြောက်နေစရာ မရှိတော့ချေ။ ယန်ချန်ကတော့ စကားဝိုင်းအား စိတ်ဝင်စားခြင်းမရှိပဲ စနစ်မှထုတ်ပေးခဲ့သည့် စာအုပ်ကိုသာ အလေးအနက် ဖတ်ရှုနေလေသည်။
ထိုစာအုပ်ထဲ၌ အပင်များ ရတနာများအကြောင်း ရေးထားသည်မဟုတ်လား။ မကြာမီ စားပွဲထိုးမှ စားစရာများလာရောက်ချပေးချိန်မှာတော့ စာဖတ်ခြင်းကို ရပ်တန့်လိုက်ပြီး မင်ဝမ်နဲ့အတူ စားသောက်လိုက်တော့သည်။
အချိန်က ညနေစောင်းလုနီးဖြစ်သည်။ ပတ်ဝန်းကျင်ကလည်း နှင်းများစတင်ကျဆင်းလာပြီး အေးစက်စက်လေထုက သေမျိုးများကို တုန်ယင်သွားစေသည်။ ကျင့်ကြံသူများအတွက်တော့ ထိုအအေးဒဏ်လောက်က အသေးအမွှားဖြစ်သည်။ ယန်ချန်က အပေါ်ထပ်ဝတ်ရုံကို ခပ်တင်းတင်းစေ့ပြီးနောက် အနားယူရန်အခန်းထဲသို့ ပြန်သွားတော့သည်။
ဆိုင်၏ လက်ရာမှာ သာမန်အဆင့်မျှသာရှိပြီး အစားကောင်းကြိုက်တတ်သည့် ယန်ချန်အတွက် အဆင်မပြေချေ။ ထိုအချက်ကို မင်ဝမ်ကလည်း သတိပြုမိခဲ့ပြီး လက်ရှိအခြေနေအရ ဒီထက်ကောင်းသည့် စားသောက်ဖွယ်ရာများ ရရန်မှာ မဖြစ်နိုင်တော့ပေ။