← Chapters

အမှောင်ကုန်းမြေ

Vol. 20 Ch. 199

အမှောင်ကုန်းမြေ

Vol. 20 Ch. 199

နောက်တနေ့မနက်မှာတော့ ယန်ချန်တစ်ယောက် မင်ဝမ်နဲ့အတူ အမှောင်ကုန်းမြေဆီ စတင်ထွက်ခွာလာခဲ့သည်။

လမ်းတလျှောက် ကျင့်ကြံသူများစွာကို တွေ့ရှိခဲ့ရပြီး အများစုမှာ အတိဒုက္ခအဆင့်များ ဖြစ်နေသည်ကိုတွေ့ရပြီး ထိုထက်နိမ့်သည့် အဆင့်များကိုပင် မင်ဝမ်တစ်ယောက် တွေ့လိုက်ရသည်။

မင်ဝမ်က မလိုလားအပ်သည့်ကိစ္စများကို ရှောင်ရှားရန်နှင့် ယန်ချန်ကိုအခြားသူများ သတိမပြုမိစေရန် အတတ်နိုင်ဆုံး သာမန်အခြေနေတစ်ခု ဖန်တီးကာ ထွက်ခွာလာခဲ့သည်။

နာရီအနည်းငယ် ကြာပြီးနောက်မှာတော့ အမှောင်ကုန်းမြေ၏ ဝင်ပေါက်ကို ရောက်ရှိလာသည်။ အမှောင်ကုန်းမြေမှာ အစောပိုင်း ပြင်းထန်သည့်တိုက်ပွဲနောက် ပြောင်းလဲသွားခဲ့ပြီး အမှောင်ကုန်းမြေဆီ ဝင်ရောက်ရန် ယခင်ကလို အမွေအနှစ်ရတနာ တခုခုထွက်ပေါ်လာသည်အထိ စောင့်ဆိုင်းစရာ မလိုတော့ပေ။

ယန်ချန်က ဝင်ပေါက်၌ စုရုံးနေကြသည့် ကျင့်ကြံသူများကို တွေ့လိုက်ရပြီး ထိုအထဲ၌ တမြန်နေ့က တည်းခိုဆောင်၌ သူမျက်မှန်းတန်းမိခဲ့သည့် ကျင့်ကြံသူများလည်း ပါဝင်လေသည်။

အချို့သူများက ထူးခြားနေသည့် ယန်ချန့်ကို မကြာခဏ လှမ်းကြည့်တတ်ကြပြီး သူတို့စိတ်ထဲ မည်သည့်အရှိန်ဝါမှ လွင့်ထုတ်မထားသည့် သေမျိုးလူငယ်လေးတဦး အမှောင်ကုန်းမြေထဲ မည်သည့်အတွက် ဝင်ရောက်လာသနည်းဟု စဥ်းစားနေကြလေသည်။

သို့သော် ထျန်းဟွမ်လောက၏ တင်းကြပ်တဲ့ စည်းမျဥ်းတခုမှာ သေမျိုးများကို အနိုင်ကျင့်ခွင့်မရှိ ဟူသည့်အချက်ကြောင့် ထိုသူများမှာ ယန်ချန်တို့အား လာရောက်နှောင့်ယှက်ခြင်းတော့ မရှိကြချေ။

မင်ဝမ်က စကားစလာသည်။

“သခင်လေး ကျုပ်တို့ အခြေနေနည်းနည်းစောင့်ကြည့်ပြီးမှ ဝင်ကြရင်ကောင်းမယ်”

ယန်ချန်ကလည်း ထိုစကားအား သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူက တက်ကြွနေသည့် လူငယ်ကျင့်ကြံသူများကို လေ့လာနေပြီး ကျင့်ကြံရေးလောက၏ ကြမ်းတမ်းမှုကို စွန့်စားနေကြသည့် လူငယ်များအား မသိစိတ်မှ အနည်းငယ် အားကျမိနေသည်။

အချိန်အနည်းငယ်ကြာပြီးနောက်မှာတော့ အဆင့်မြင့်ကျင့်ကြံသူများ စတင်ဝင်ရောက်သွားကြပြီး မကြာမီ အခြားကျင့်ကြံသူများကလည်း နောက်မှ လိုက်ပါသွားကြသည်။ ထိုအရာက ခွန်အားအနိမ့်အမြင့်ပေါ်မူတည်၍ လေးစားမှု ပြသခြင်းလည်း ဖြစ်နိုင်သည်။

မင်ဝမ်နဲ့ယန်ချန်တို့က နောက်ဆုံးမှ ဝင်ရောက်လာကြသည်။ အမှောင်ကုန်းမြေကြီးမှာ ဧရိယာအတော်ကျယ်ဝန်းပြီး ထိုအထဲမှ ချိုင့်ဝှမ်းနေရာထိရောက်ရန်ပင် အချိန်ယူရလေသည်။

ယန်ချန်က လမ်းတလျှောက် အပင်များကို အဆက်မပြတ်လေ့လာနေပြီး အသုံးဝင်သည့် အပင်များကိုမူ ခူးယူလေသည်။ အခြားရတနာများကိုတော့ စိတ်ဝင်စားခြင်း မရှိချေ။

မင်ဝမ်အတွက်မူ ယန်ချန်နဲ့အဖော်လိုက်ပါခြင်း သက်သက်ဖြစ်ပြီး ထူးခြားတဲ့ရတနာ မဟုတ်သရွေ့ သူတော်စင်အဆင့် ဖြစ်နေသည့် သူ့အတွက်က မက်လောက်စရာ ရှိမနေ။

ယန်ချန်က နွယ်ပင်တမျိုးကို စစ်ဆေးကြည့်သည်။ ထိုနွယ်ပင်မှာ သွေးစုပ်နွယ်ပင်တစ်မျိုး ဖြစ်သော်လည်း အသုံးဝင်မှုက များပြားသည်။ ထိုနွယ်ပင်က သွေးသားမသန့်စင်မှုကို ဖြေရှင်းပေးပြီး သဘာဝအတိုင်းဖြစ်ပေါ်လာသည့် အရေပြားရောဂါများအတွက်လည်း အသုံးဝင်သည်။

“ဒါကို နည်းနည်းလောက် ချိုးသွားရမယ်”

ယန်ချန်က နွယ်ပင်၏အကိုင်းအချို့အား ညင်သာစွာချိုးဖဲ့လိုက်သည်။ ထူးခြားသည်မှာ ထိုသွေးစုပ်နွယ်ပင်များက ယန်ချန့်ကိုအနည်းငယ်မှပင် အန္တရာယ်ပေးခြင်း မရှိပဲ ယန်ချန်ချိုးယူရာ၌ လွယ်ကူစေရန် သိသိသာသာပင် ပူးပေါင်းပေးလေသည်။

“အိုး..နွယ်ပင်က ထူးခြားလိုက်တာ ငါ့ကိုတိုက်ခိုက်မှုသေးသေးလေးတောင် လုပ်မလာဘူး”

ဘေးရှိမင်ဝမ်မှာတော့ ခေါင်းယမ်းနေပြီး ယန်ချန်မှာ အမှန်တကယ်ပင် သေမျိုးဘဝထဲ နစ်ဝင်နေသည်ကို တွေးမိသွားတော့သည်။ ထိုအရာက ထိပ်သီးများ၏ ထူးခြားတဲ့ အကျင့်စရိုက်ဟု သိထားရမည်လ မပြောတတ်တော့ပေ။

ယန်ချန်က အခြားအပင်များကိုလည်း လေ့လာပြန်သည်။ အချိန်အများစု၌ စာအုပ်ကိုထုတ်ယူကာ တိုက်ဆိုင်စစဆေးခဲ့ပြီး အဓိကအရေးပါသည့် အပင်များကိုတော့ လျင်မြန်စွာပဲ ယူဆောင်လေသည်။

ထိုအချင်းရာကို သတိပြုမိသည့် အခြားကျင့်ကြံသူများမှာ ယန်ချန့်အနားတိုးကပ်ရန် ကြိုးစားကြသော်လည်း ပြင်းထန်တဲ့သူတော်စင်အဆင့် အရှိန်ဝါက နောက်ဆုတ်သွားစေသည်။

“သူတော်စင်အဆင့် ကျင့်ကြံသူကတောင် စောင့်ရှောက်ရတယ်ဆိုတော့ ဘယ်မိသားစုကြီးက သခင်လေးပါလိမ့်”

“အေး ဟုတ်တယ် သူက သေမျိုးဆိုပေမယ့် ဘေးကအဖိုးကြီးကတော့ တကယ့်ထိပ်သီးပဲ ဒီလောကထဲမှာ အဖိုးကြီးကိုနိုင်မယ့်သူက လက်ချိုးရေလို့ ရလောက်တယ်”

ကျင့်ကြံသူများစွာက တီးတိုးဝေဖန်နေကြသည်။ မင်ဝမ်က ထိုစကားသံများကိုကြားသော်လည်း တုန့်ပြန်ခြင်းမရှိချေ။ သိသာစွာပဲ အပင်များကိုသာ အာရုံရောက်နေသည့် ယန်ချန်ကတော့ အနည်းငယ်မျှပင် သတိပြုမိခြင်း မရှိချေ။

“တေွ့ပြီ”

အချိန်အနည်းငယ် ကြာပြီးနောက်မှာတော့ ယန်ချန်တစ်ယောက် ထူးခြားသည့် သစ်ပင်ကြီးတစ်ပင်နား ရောက်ရှိသွားသည်။ ထိုသစ်ပင်ကြီးမှာ ညှိုးနွမ်းနေပြီး နည်းပါးလွန်းသည့် အသက်ဓာတ်ကြောင့် မကြာခင် သေဆုံးတော့မည်ဟုပင် ထင်ရလေသည်။

ယန်ချန်က သစ်ပင်ကြီး၏ ပင်စည်မှ အခေါက်တခုအား ခွာချလိုက်သည်။ ပြီးနောက် အခေါက်အားအနီးကပ် စစ်ဆေးကြည့်ချိန်မှာတော့ စိတ်ပျက်သွားတော့သည်။ အနှီသစ်ပင်မှာ သစ်မြတ်ရတနာမဟုတ်နေ။

သို့သော်လည်း ရှားပါးသည့် အပင်တမျိုးဖြစ်နေဆဲ ဖြစ်ပြီး အပင်ရဲ့သစ်အမျိုးအစားမှာလည်း ကျင့်ကြံရေးလောက၌ ထိပ်တန်းစာရင်းဝင်သည်။

ယန်ချန်က အပင်ကြီးအားတချက်မော့ကြည့် လိုက်သည်။

“အပင်က ဒီတိုင်းဆို နှစ်အနည်းငယ်အတွင်း သေဆုံးတော့မယ် နှမြောဖို့ကောင်းလိုက်တာ ငါလည်းဒီအပင်ကြီးတပင်လုံးကို ရွေ့ပြီးစိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

ယန်ချန်တစ်ယောက် တီးတိုးရေရွတ်နေစဥ်မှာပဲ အပင်ကြီးဆီမှ အကိုင်းတစ်ခု ယန်ချန့်ရှေ့ ပြုတ်ကျလာသည်။ ထိုအကိုင်းမှာ ပေအနည်းငယ်ရှည်ပြီး အရွက်နုလေးများ အနည်းငယ် ထွက်ရှိနေသည်။

ယန်ချန်တယောက် မှင်သက်သွားသည်။

“အပင်က ငါ့စကားကိုနားလည်နေတာလား ဘာလဲ ဒီအကိုင်းကိုယူပြီး စိုက်စေချင်တဲ့ သဘောလား”

အပင်ကြီးဆီမှ ညင်သာတဲ့ လှုပ်ရှားမှုတစ်ခု ထွက်ပေါ်လာပြီး ထိုအဖြစ်ပျက်က လေအနည်းငယ်တိုက်လိုက်၍ အကိုင်းများ လှုပ်ခတ်သွားသလိုပင်။ ယန်ချန်က ကျလာသည့် အကိုင်းအားကောက်ယူကာ စစ်ဆေးလိုက်သည်။ ပြီးနောက်

“မင်းက ဒါကိုစိုက်စေချင်မှတော့ ငါယူသွားပေးမယ် ရှင်မရှင်ကတော့မင်းကံပဲ”

ထိုသို့ပြောပြီးနောက် သိုလှောင်လက်စွပ်ထဲ အကိုင်းအား ညင်သာစွာသိမ်းဆည်းလိုက်သည်။ အခြားတဖက်တွင်တော့ မင်ဝမ်မှာ အဖြစ်ပျက်များကို မင်သက်စွာငေးကြည့်နေပြီး ကြမ်းတမ်းပြီးကြောက်စရာကောင်းသည့် သစ်စုန်းပင်ကြီးမှာ ယန်ချန့်အရှေ့၌ ကလေးငယ်အလား ရိုကျိုးနေသည်ကို တွေ့လိုက်ရ၍ ဖြစ်သည်။

All Chapters