လောကငယ်တစ်ခု သို့မဟုတ် အမှောင်ချိုင့်ဝှမ်း
Vol. 20 Ch. 200
ယန်ချန်နဲ့မင်ဝမ်တို့ နာရီအနည်းငယ် ကြာပြီးနောက်မှာတော့ ချိုင့်ဝှမ်းကြီးရှိရာ ရောက်ရှိလာကြသည်။
ပထမအကြိမ်တုန်းက အစီရင်ကြီးဖုံးကွယ်ထားသော်လည်း ယခုတော့ အစီရင်ကြီးမရှိတော့သည့်အတွက် ကျင့်ကြံသူများမှာ အလွယ်တကူပဲ ဝင်ထွက်သွားလာကြတော့သည်။
သို့သော်လည်း ထူးခြားသည့် တောကောင်များ ရှိနေခြင်းက အဆင့်နိမ့်ကျင့်ကြံသူများကို ခြိမ်းခြောက်နိုင်သေးသည်။ မင်ဝမ်က ပတ်ဝန်းကျင်တစ်ခုလုံးအား အဆတ်မပြတ် အာရုံခံလိုက်ပြီး မလှမ်းမကမ်း၌ အခြားသူတော်စင်အဆင့် ကျင့်ကြံသူတဦးကို သတိပြုမိသွားသည်။
ထိုသူမှာလည်း မင်ဝမ်ရဲ့စိတ်အာရုံကို သတိပြုမိသွားပြီး တဖက်သူမှာ သူတော်စင်အဆင့်ကို ကျော်လွန်စပြုနေသည်အား သတိပြုမိသွားပြီးနောက် ပြန်လည်တုန့်ပြန်ခြင်း မရှိပဲ ထိုနေရာမှ ရှောင်ထွက်သွားတော့သည်။
ယန်ချန်မှာ ချိုင့်ဝှမ်းဆီ စူးစိုက်ကြည့်ရင်း ဤနေရာ၌ ထူးခြားတဲ့ရတနာတခုခုရှိနေ နိုင်သည်ဟု ခံစားနေရလေသည်။ ထိုအရာက သစ်မြတ်ရတနာ ဖြစ်မလားတော့ မပြောတတ်ပေ။
အချိန်အနည်းငယ်ကြာပြီးနောက် ယန်ချန်ဦးဆောင်လျက် ချိုင့်ဝှမ်းထဲဝင်ရောက်သွားတော့သည်။ ယန်ချန်ဤမျှရဲတင်းနေခြင်းမှာ မင်ဝမ်ကြောင့်ဖြစ်ပြီး မင်ဝမ်ရဲ့ခွန်အားအရ ထိုအဖိုးအိုကြီးကို အနိုင်ရနိုင်သူမှာ လက်တဖက်ပင် မပြည့်ချေ။
ထိုစဥ် ယန်ချန်မသိသည်က ချိုင့်ဝှမ်း၏ အနက်ရှိုင်ဆုံးနေရာ၌ ကျင်းလုံ စုလဲ့နဲ့ လူငယ်တစ်ဦးတို့ အတူရှိနေကြပြီး ထိုသူများက ထူးခြားသည့် လှိုဏ်ဂူကြီး၏ နံရံမှ ပန်းချီများအား လေ့လာနေကြလေသည်။
“ဒါတွေက အခြေခံတိုက်ခိုက်ရေးနည်းလမ်းဆိုပေမယ့် အဆင့်ကတော့ အင်မော်တယ်အဆင့် ကျင့်စဥ်ပဲ”
ကျင်းလုံက ထူးခြားသည့် ပန်းချီပုံများအား ညင်သာစွာပွတ်သပ်ကြည့်ရင်း ဆိုသည်။
“ဟုတ်တယ် ဒီပန်းချီပုံတွေအကုန်လုံးက တိုက်ခိုက်ရေးနည်းလမ်းတွေပဲ ကောင်လေး မင်းဆန္ဒရှိရင် လေ့လာလို့ရတယ်”
စုလဲ့က လူငယ်အား ပြောလိုက်သည်။ လူငယ်မှာ အတန်ကြာစဥ်းစားပြီးနောက် ထိုပန်းချီပုံများအား အချိန်ယူလေ့လာမည်ဟု ဆုံးဖြတ်လိုက်တော့သည်။
“ကောင်းပါပြီ ဒါဆို ဂိုဏ်းချုပ်စုတို့ ထပ်သွားကြပါ”
ကျင်းလုံက ခေါင်းညိတ်လိုက်ပြီး လှိုဏ်ဂူထဲ ဆက်၍တိုးဝင်လိုက်ချိန်၌ ထူးခြားသည့် ခံစားမှုတစ်ခုအား အာရုံခံလိုက်မိသည်။ ထိုအရာက အဆင့်တူကျင့်ကြံသူတဦး ချိုင့်ဝှမ်းထဲ ဝင်ရောက်လာခြင်းမျိုးဖြစ်ပြီး ပို၍ထူးခြားသည်က ထိုအရှိန်ဝါအား ရင်းနီးနေခြင်း ဖြစ်သည်။ စုလဲ့လည်း ထိုနည်းအတူပင်။
“အခြားသူတော်စင်အဆင့်ကို လွန်နေတဲ့ ကျင့်ကြံသူ ရှိနေသေးတာလား”
စုလဲ့က တီးတိုးရေရွတ်လိုက်သည်။ တခုရှိသည်မှာ အာရုံခံမှုအရ တဖက်သူမှာ မည်သည့်ရန်လိုစိတ်မှ ရှိမနေချေ။
ကျင်းလုံက လှံတံကို တင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီး လှိုဏ်ဂူထဲ ဆက်လက်တိုးဝင်သွားချိန်မှာတော့ စုလဲ့လည်း တွေးလက်စအတွေးများအား ရပ်တန့်ကာ လိုက်ဝင်သွားတော့သည်။
ထိုအချိန် ချိုင့်ဝှမ်း၏အစပ်နေရာ၌ မင်ဝမ်တစ်ယောက်ကလည်း ကျင်းလုံတို့နည်းတူ အာရုံခံမိလိုက်ပြီး အနည်းငယ်လေးနက်သွားသည်။ အချိန်အနည်းငယ်ကြာအောင် အလေးနက်ထားနေပြီးနောက်မှာတော့ ထူးခြားသည့်ကျင့်ကြံသူနှစ်ဦး၏ အရှိန်ဝါကို အာရုံခံ၍ မရတော့ပေ။
ယန်ချန်တစ်ယောက် များပြားသည့် ဆေးပင်များအား လိုက်လံကြည့်ရှုနေပြီး ချိုင့်ဝှမ်းထဲဝင်ရောက်ချိန်မှစ၍ တခုခုထူးခြယးနေသည်ကို သတိပြုမိလေသည်။
ထိုအရာက မတူညီတဲ့အချိန်စီးဆင်းမှု ဖြစ်နိုင်ပြီး ချိုင့်ဝှမ်းထဲရှိ အရာအားလုံးမှာ အနည်းငယ်နှေးကွေးနေသည်ဟု သူခံစားနေရသည်။
“ငါလိုချင်တာရပြီးရင် ပြန်ထွက်ရမယ်”
ထိုအရာက ယန်ချန့်အတွေးဖြစ်ပြီး မင်ဝမ်ပါသည်ဖြစ်စေ မည်မျှပင်ဘေးကင်းပါသည်ဖြစ်စေ ယန်ချန်ကတော့ စွန့်စားခြင်းကို အကန့်အသတ်တစ်ခုထားသူ ဖြစ်သည်။
ချိုင့်ဝှမ်း၏ နေရာအနှံ့၌ ကျင့်ကြံသူများ ဖြန့်ကျက်နေပြီး အချို့က အဆင့်မြင့်ဆေးပင်များကိုပင် ရရှိနေကြပြီး အချို့ကတော့ ထူးခြားသည့် ရတနာလက်နက်အချို့ ရရှိထားလေသည်။
ယန်ချန်က လှိုဏ်ဂူများ ကျောက်ဆောင်များနဲ့ အဆောက်အုံများထဲ ဝင်ရောက်စိတ်ကူးမရှိပဲ အပြင်ဘက်ဧရိယာရှိ အပင်များကိုသာ အာရုံစိုက်ထားလေသည်။
စကြာဝဋာတနေရာ….
သွေးမြစ်ကြီးတစ်စင်းက ရွေ့လျားနေပြီး ထိုအဖြစ်ပျက်ကြောင့် များစွာသည့် စကြာဝဋာများကို အုပ်စိုးထားကြသည့် နတ်ဘုရားများမှာ သတိအနေထား ဖြစ်နေကြရသည်။ ထိုသွေးမြစ်ကြီးမှာ နတ်ဘုရားဝါးမြိုသူမိစ္ဆာကြီး၏ သ င်္ကတဖြစ်သည်ကို ၎င်းတို့ကသိရှိထားကြသည်။
ထိုစဥ်ရွေ့လျားနေသည့် သွေးမြစ်ကြီးဆီမှ သွေးစီးကြောင်းများစွာ ခွဲထွက်လာကာ ထိုစီးကြောင်းများက စကြာဝဋာ၏နေရာအနှံ့ဆီသို့ လျင်မြန်စွာတိုးဝင်သွားတော့သည်။
………………………………………………..