အခန်း (၂၆၀)
Vol. 24 Ch. 260
အပိုင်း (၂၆၀)
“ဒီမှာ ရွှေတွင်း နှစ်တွင်းတောင် ရှိတာပဲ၊ အခုတော့ ငါ့အပိုင်တွေ ဖြစ်ကုန်ပြီ”
“ဒီ ငွေတွင်း သုံးတွင်းကလည်း ငါ့အပိုင်ပဲ”
“ပြီးတော့ ဒီ ကြေးနီတွင်းတွေနဲ့ သံတွင်းတွေ အားလုံးကလည်း အခု ငါ့အပိုင်တွေပဲ၊ ဟားဟား…”
လင်းပိုင်ဖန်သည် အရင်းအမြစ်များကို သယ်ယူ စုဆောင်းရင်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကျေနပ်စွာ ရေရွတ်လိုက်သည် - “မဟာရွှယ်က တကယ်ကို ချမ်းသာလွန်းတယ်၊ အင်အားကြီး မင်းဆက်တစ်ခုအဖြစ် တိုးတက်လာတာ မဆန်းတော့ဘူးပဲ။ ဒီလောက် ပေါကြွယ်ဝတဲ့ အရင်းအမြစ်တွေနဲ့ဆိုရင် မတိုးတက်ဘဲ နေဖို့ကသာ ခက်လိမ့်မယ်”
လင်းပိုင်ဖန်သည် နိုင်ငံအများအပြားကို သိမ်းပိုက်ခဲ့ဖူးသော်လည်း အရင်းအမြစ်အပိုင်းတွင်မူ မဟာရွှယ်မင်းဆက်က အများဆုံးဖြစ်သည်။ မြေပေါ်မြေအောက် အရင်းအမြစ်များမှာ အလွန်ပင် ပေါများလှသည်။ မဟာရွှယ်မင်းဆက်ကို လုံးဝ သိမ်းပိုက်ပြီးသည်နှင့် မိမိ၏အစွမ်းနှင့် မဟာရှနိုင်ငံ၏ အင်အားမှာ ပေါက်ကွဲထွက်မတတ် တိုးတက်လာလိမ့်မည်ဟု သူ ပြင်းပြင်းထန်ထန် ခံစားနေရသည်။
ထိုစဉ် မျက်လုံးများ နီရဲနေသော ပိုင်ဇူ ရောက်လာပြီး - “အရှင်မင်းကြီး... မဟာရွှယ်ရဲ့ လူယုတ်မာ သေပါပြီ” ဟု လျှောက်တင်ခဲ့သည်။
လင်းပိုင်ဖန်က ခေါင်းညိတ်ပြလိုက်ကာ - “ အင်း သေသင့်တာ ကြာပြီ”
မဟာရွှယ် ဧကရာဇ်ကို ပိုင်ဇူက နှိပ်စက်ပြီး သတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ကနေဦးတွင် သူသည် အသက်ငင်နေပြီဖြစ်ရာ ဓားတစ်ချက်တည်းဖြင့် အဆုံးစီရင်နိုင်သော်လည်း ပိုင်ဇူက သူ့ကို တစ်ရက်နှင့် တစ်ညလုံး အရှင်လတ်လတ် နှိပ်စက်ခဲ့သည်။ သေလုမျောပါး ဖြစ်တိုင်း ဆေးတိုက်၍ အသက်ဆက်ပေးခဲ့ကာ ဆက်လက်နှိပ်စက်ခဲ့ခြင်း ဖြစ်သည်။
ဘယ်လောက်တောင်မှ နက်ရှိုင်းလှတဲ့ အမုန်းတရားတွေလဲ….။
ထို့နောက် ပိုင်ဇူဟာ သူမ၏ ဘဝဇာတ်ကြောင်းကို ပြောပြလာခဲ့သည်။ သူမ၏ ဖခင်မှာ မဟာရွှယ်နိုင်ငံ၏ မူလဧကရာဇ်ဖြစ်ပြီး မိခင်မှာ မိဖုရားခေါင်ကြီးဖြစ်သည်။ ခုနက အသတ်ခံလိုက်ရသော မဟာရွှယ် ဧကရာဇ်မှာ ယခင်က သူမ ဖခင်၏ အလွန်ယုံကြည်အားကိုးရသော ဝန်ကြီးချုပ် ဖြစ်ခဲ့သည်။ သို့သော် သူသည် မျိုးနွယ်စုကြီးများနှင့် ပူးပေါင်းကာ အာဏာကို သိမ်းပိုက်ပြီး သူမ၏ မိဘများနှင့် သစ္စာရှိအမတ်များကို သတ်ဖြတ်ကာ နဂါးဝတ်ရုံတော်ကို လုယူဝတ်ဆင်ခဲ့ခြင်း ဖြစ်သည်။ ပိုင်ဇူမှာ ထိုစဉ်က သိုင်းပညာသင်ရန် သွားနေ၍သာ အသက်ဘေးမှ လွတ်ခဲ့ခြင်းဖြစ်သည်။
သူမ၏ ဇာတ်ကြောင်းကို ကြားရသောအခါ လင်းပိုင်ဖန်က စာနာစိတ်ဖြင့် ပိုင်ဇူကို တင်းကျပ်စွာ ပွေ့ဖက်၍ နှစ်သိမ့်လိုက်သည် - “ ပိုင်ဇူ ... မင်းမှာ ဒီလို ခါးသီးတဲ့ အတိတ်တွေ ရှိခဲ့မှန်း ငါ မသိခဲ့ဘူး။ ဒါပေမဲ့ အားလုံး ပြီးသွားပါပြီ။ မင်းမှာ ဆွေမျိုးမရှိတော့ရင် ဒီနေ့ကစပြီး ငါက မင်းရဲ့ မိသားစု ဖြစ်ပေးမယ်၊ မင်းမှာ အိမ်မရှိရင် နန်းတော်က မင်းရဲ့အိမ်ပဲ၊ မင်းမှာ နိုင်ငံမရှိရင် မဟာရှနိုင်ငံက မင်းရဲ့နိုင်ငံပဲ”
ပိုင်ဇူမှာ အလွန် စိတ်လှုပ်ရှားသွားပြီး - “ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ အခုတော့ ကျွန်မကို လွှတ်ပေးလို့ ရပါပြီ”
လင်းပိုင်ဖန်က မလွှတ်သေးဘဲ ဆက်ပြောလိုက်သည် - “ ပိုင်ဇူ ... မင်း စိတ်ထဲမှာ နာကျင်နေတာ ငါသိပါတယ်။ ငိုချင်ရင် ငိုချလိုက်ပါ၊ အောင့်မထားနဲ့၊ ငါက မင်းရဲ့ အခိုင်မာဆုံး နောက်ခံ ဖြစ်ပေးမယ်”
ပိုင်ဇူမှာ စိတ်လည်းမကောင်း၊ ရယ်လည်းရယ်ချင် ဖြစ်သွားကာ - “အရှင်မင်းကြီး... တကယ် လွှတ်ပေးလို့ ရပါပြီ။ ကျွန်မက အရှင်ထင်တာထက် ပိုသန်မာပါတယ်”
လင်းပိုင်ဖန်က မလွှတ်သေးဘဲ - “ဟန်မဆောင်ပါနဲ့ ပိုင်ဇူရယ်၊ မင်း အပြင်ပန်းမှာ သန်မာသယောင်ရှိပေမဲ့ အတွင်းစိတ်က နုနယ်နေတာကို ငါ မြင်နေရတယ်။ ငါ့ရဲ့ နွေးထွေးတဲ့ နှလုံးသားနဲ့ မင်းကို နွေးထွေးစေချင်လို့ပါ”
ပိုင်ဇူ - “အရှင်မင်းကြီး အခု မလွှတ်ရင် ကျွန်မ လက်ပါတော့မယ်နော်”
ထိုအခါမှ လင်းပိုင်ဖန်က လွှတ်ပေးလိုက်ပြီး လေးနက်စွာ ပြောလိုက်သည် - “ ပိုင်ဇူ ... မင်း အဆင်ပြေသွားပြီလို့ ထင်တာပဲ၊ ဒါပေမဲ့ နောက်ပိုင်း ဘာပဲလိုအပ်လိုအပ် ငါ့ဆီ အမြဲလာခဲ့ပါ။ ငါက နွေးထွေးတဲ့ နှလုံးသားရှိတဲ့ လူသားတစ်ယောက်မို့ ငါ့ရဲ့ ရင်ခွင်က မင်းအတွက် အမြဲ ဖွင့်ထားပေးနေမှာပါ”
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး” ပိုင်ဇူက မျက်စောင်း ထိုးလိုက်သည်။ လင်းပိုင်ဖန်နှင့် အတူနေလာခဲ့တာ ကြာပြီဖြစ်သဖြင့် သူ၏ သဘာဝကို သူမ ကောင်းကောင်းသိသည်။ သူကတော့ အခွင့်အရေးရတိုင်း အမြဲ ယူတတ်သည့် လူရှုပ်လေးပင် ဖြစ်သည်။ သို့သော် လင်းပိုင်ဖန်၏ နောက်ပြောင်မှုများကြောင့် ပိုင်ဇူမှာ စိတ်သက်သာရာရသွားပြီး မျက်နှာပေါ်တွင် အပြုံးများ ပြန်လည် ဝေဆာလာသည်။
ပိုင်ဇူက ဂါရဝပြု၍ နှုတ်ဆက်လိုက်သည် - “အရှင်မင်းကြီး... ကျွန်မကို သွားခွင့်ပြုပါဦး၊ မဟာရွှယ်မှာ ရှင်းရမယ့် ရန်သူတွေ ကျန်သေးသလို၊ အဲဒီလူတွေရဲ့ ခေါင်းကိုယူပြီး ကျွန်မ မိဘတွေကို သွားကန်တော့ချင်လို့ပါ”
လင်းပိုင်ဖန်က ခေါင်းညိတ်၍ - “သွားတော့... ရှေ့တန်းက စစ်သည်တွေကို မင်းကို ကူညီဖို့ ငါ အမိန့်ပေးထားလိုက်မယ်”
တစ်ချိန်တည်းမှာပင် မဟာရှစစ်တပ်သည် မဟာရွှယ်မင်းဆက်ကို စစ်ကြောင်းနှစ်ခုဖြင့် သိမ်းပိုက်နေသည်။ စစ်သူကြီး ချိုင်ယွီရှင်း ဦးဆောင်သော စစ်ကြောင်းက အနောက်မြောက်ဘက်မှ နယ်မြေအသစ်များကို အလွယ်တကူ သိမ်းပိုက်နေပြီး၊ ကောင်းကင်၊ မြေပြင်နှင့် လူသား စစ်သူကြီး သုံးဦး ဦးဆောင်သော စစ်ကြောင်းကမူ မဟာရွှယ်၏ အချက်အချာ ဒေသများဆီသို့ ချီတက်နေသည်။ သူတို့သည် စည်တီးကာ အိပ်မွေ့ချသော နည်းလမ်းကို သုံး၍ မဟာရွှယ်စစ်တပ်များကို မိမိဘက်ပါအောင် လုပ်ဆောင်နေကြရာ လင်းပိုင်ဖန်၏ နယ်မြေမှာ တစ်နေ့ထက်တစ်နေ့ ပိုမို ကြီးထွားလာလေသည်။
မဟာရွှယ်မင်းဆက်မှ အမတ်များမှာမူ ထွက်ပြေးရန် အပြင်းအထန် ပြင်ဆင်နေကြသည်။ သူတို့သည် မဟာရွှယ်မင်းဆက်၏ အမတ်များသာမက မျိုးနွယ်စုကြီးများ၏ မိသားစုဝင်များလည်း ဖြစ်ရာ လင်းပိုင်ဖန်နှင့် အာဃာတ အမုန်းတရားများ ကြီးမားကြသူများ ဖြစ်သဖြင့် မဟာရှစစ်တပ် ရောက်လာလျှင် အသက်ဘေးမှ လွတ်နိုင်မည် မဟုတ်ကြောင်း သိနေကြသည်။ သို့သော် မြို့တံခါးဝသို့ ရောက်သောအခါ ဝတ်စုံဖြူဝတ်ထားသည့် အမျိုးသမီးတစ်ဦးက ဓားကိုကိုင်၍ ဆီးကြိုနေသည်ကို တွေ့လိုက်ရသည်။
“ဘယ်ကို ထွက်ပြေးဖို့များ ကြံနေကြတာလဲ” ပိုင်ဇူက အေးစက်စက် ပြုံးလျက် မေးလိုက်သည်။
“မင်းက ဘယ်သူလဲ၊ အခုချက်ချင်း ဖယ်စမ်း၊ မဟုတ်ရင် အသက်ချမ်းသာပေးမယ် မထင်နဲ့ ” အမတ်ကြီးတစ်ဦးက အော်ဟစ်လိုက်သော်လည်း ပိုင်ဇူက ဘာမှပြန်မပြောဘဲ သူမ၏ ဓားကိုသာ အသုံးပြုလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အလောင်း ဒါဇင်ပေါင်းများစွာ မြေပြင်ပေါ်သို့ ကျသွားတော့သည်။
အခြားသော မြို့တံခါးများတွင်လည်း အရက်ဓားအင်မော်တယ်၊ လက်ဗလာဆရာကြီးနှင့် နတ်ခွေး စုံထောက်တို့က ပိတ်ဆို့ထားကြသည်။ မြို့တော်အတွင်းရှိ အမတ်များမှာ ပိတ်မိနေသော သိုးသူငယ်များကဲ့သို့ ပိုင်ဇူ၏ လက်ချက်ဖြင့် တစ်ဦးပြီး တစ်ဦး အဆုံးစီရင်ခံလိုက်ရသည်။
တစ်နာရီခန့်အကြာတွင် အလောင်းပေါင တစ်ထောင်ကျော် ကျန်ရစ်ခဲ့ပြီးနောက် ပိုင်ဇူသည် အရေးကြီးသော အမတ်များ၏ ဦးခေါင်းများကို သယ်ဆောင်ကာ သူမ၏ မိဘများကို ကန်တော့ရန် ထွက်ခွာသွားတော့သည်။
လင်းပိုင်ဖန်ကမူ သူ၏ 'အင်ပါယာ မြေပုံ' ကို ကြည့်ရင်း မဟာရွှယ်မင်းဆက်တစ်ခုလုံး မိမိလက်တွင်းသို့ ရောက်ရှိလာမည့် အချိန်ကို စောင့်မျှော်နေလေတော့သည်။