အခန်း (၂၆၁)
Vol. 24 Ch. 261
အပိုင်း (၂၆၁)
တစ်လခွဲခန့် ကြာပြီးနောက်တွင် မဟာရွှယ်အင်ပါယာ၏ နယ်မြေတစ်ခုလုံးကို လင်းပိုင်ဖန်၏ စစ်တပ်များက အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။ လင်းပိုင်ဖန်သည် ၎င်း၏ 'အင်ပါယာ မြေပုံ' ကို စစ်ဆေးကြည့်လိုက်ရာ -
အင်ပါယာ မြေပုံ ( အလယ်အလတ်အဆင့်)
နယ်မြေဧရိယာ: ၈.၂ သန်း စတုရန်းမိုင် (စိုက်ပျိုးနိုင်သောမြေ ၃.၅ သန်း စတုရန်းမိုင်)
နိုင်ငံတော် အရင်းအမြစ်: ငွေတေး ၉၆၀ သန်း (ရွှေတွင်း ၄ တွင်း၊ ငွေတွင်း ၈ တွင်း၊ ကြေးနီတွင်း ၁၂ တွင်း၊ သံတွင်း ၁၃ တွင်း...)
လူဦးရေ: ၅၂ သန်း ( လူချမ်းသာ ၁%၊ လူလတ်တန်းစား ၃၅%၊ ဆင်းရဲသား ၆၄%)
စစ်အင်အား: ၂.၄ သန်း ( ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၂၀ ဦး၊ ခန္ဓာကိုယ် လေ့ကျင့်ခြင်းအဆင့် ၆၂၀၀ ဦး...)
နိုင်ငံတော်၏ စုစုပေါင်းစွမ်းအား : ၆၄၂၀ ( မင်းဆက်နိုင်ငံအဆင့်နီးပါး)
ဤကိန်းဂဏန်းများမှာ တကယ်ကို အံ့မခန်းလှပေ။ နယ်မြေဧရိယာမှာ စတုရန်းမိုင် ၈ သန်းအထိ ရောက်ရှိလာခဲ့ပြီး ယခင်ကထက် ၄ ဆကျော် တိုးတက်လာခဲ့သည်။ စိုက်ပျိုးမြေမှာလည်း ၂ ဆကျော်၊ နိုင်ငံတော် အရင်းအမြစ်မှာလည်း ၉၆၀ သန်းအထိ ရှိလာခဲ့ပြီး လူဦးရေမှာလည်း နှစ်ဆကျော် တိုးလာခဲ့သည်။ စစ်အင်အားမှာ သိသိသာသာ မပြောင်းလဲသော်လည်း နိုင်ငံတော်၏ စုစုပေါင်း စွမ်းအားမှာ ၆၀၀၀ ကို ကျော်လွန်သွားပြီ ဖြစ်သည်။
တခြားသော မင်းဆက်များနှင့် နှိုင်းယှဉ်လျှင်ပင် ဤစွမ်းအားမှာ အလွန်ပင် ခိုင်မာတောင့်တင်းလှသည်။ လင်းပိုင်ဖန် တစ်ယောက် မိမိကိုယ်ကို ကျေနပ်မိသွားသည်။ နှစ်နှစ်အတွင်းမှာပင် ပျက်သုဉ်းလုနီးပါး ဖြစ်နေသော နိုင်ငံငယ်လေးကို အင်အားကြီး မင်းဆက်တစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမှာ သမိုင်းတွင် ပြိုင်ဘက်ကင်းသော အရည်အချင်းပင် ဖြစ်သည်။ သို့သော် သူသည် မာန်မတက်ပေ။ ဤအရာအားလုံးမှာ 'အင်ပါယာ မြေပုံ' ကြောင့်သာ ဖြစ်ကြောင်း သူ သိနေလို့ပင် ဖြစ်သည်။
အင်ပါယာ မြေပုံကြောင့်သာ မဟုတ်ပါက သူ့အနေဖြင့် တစ်နှစ်တောင် အသက်ရှင်မည်မှာ မဟုတ်ချေ။
"ဒင်! ကစားသမား၏ နိုင်ငံတော်စွမ်းအား တိုးတက်လာမှုကြောင့် သင်၏ စွမ်းအားမှာလည်း တစ်ပြိုင်တည်း တိုးတက်လာခဲ့သည်။ သင့်အား 'မဟာကောင်းကင်' အဆင့် ခွန်အားကို ချီးမြှင့်လိုက်သည်”
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများက လင်းပိုင်ဖန်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာလေသည်။ ထိုစွမ်းအားကြောင့် လင်းပိုင်ဖန်၏ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအား ပင်လယ်ကြီးမှာ ထပ်ခါတလဲလဲ ပေါက်ကွဲလိုက်၊ ပြန်လည် စုစည်းလိုက်ဖြင့် သံသရာ လည်နေပြီး ချီစွမ်းအားများမှာ ပိုမိုစင်ကြယ်လာကာ စွမ်းအား ကြီးမားလာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ သင်ယူခဲ့သမျှ သိုင်းပညာများမှာ နှလုံးသားအတွင်း အလိုအလျောက် ပေါင်းစပ်သွားပြီး နက်ရှိုင်းသော ရုတ်တရက် ညဏ်အလင်းပွင့်ခြင်း အခြေအနေသို့ ရောက်ရှိသွားတော့သည်။
ထိုအချိန်တွင် မလှမ်းမကမ်းရှိ တောင်ထိပ်ပေါ်၌ တရားထိုင်နေသော လှပသော အမျိုးသမီးမှာ ရုတ်တရက် မျက်လုံးပွင့်လာခဲ့ပြီး လင်းပိုင်ဖန်ရှိရာ မဟာရှ စစ်စခန်းဆီသို့ လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများတွင် ထိတ်လန့်မှု အရိပ်အယောင်များ ပေါ်လာခဲ့သည် -
“ဒါ... ဒါက 'မဟာကောင်းကင်' အဆင့်ရဲ့ အရှိန်အဝါပဲ”
ဘေးနားတွင် အိပ်ပျော်နေသော ယောင်ယောင်မှာ အိပ်ချင်မူးတူးဖြင့် နိုးလာခဲ့ပြီး - “ဆရာ... ဘာဖြစ်လို့လဲ”
ဆရာက မဟာရှ စစ်တပ်ရှိရာကို ညွှန်ပြကာ - “ အဲ့ဒီမှာ 'မဟာကောင်းကင်' အဆင့် ပညာရှင်တစ်ယောက် ရှိနေတယ်။ အခုလေးတင် သူ့ရဲ့ အရှိန်အဝါကို ဆရာ ခံစားလိုက်ရတယ်”
“မဟာကောင်းကင်” ယောင်ယောင် တစ်ကိုယ်လုံး ဆတ်ခနဲ နိုးသွားသည်။ သူမလည်း အာရုံစိုက်ပြီး စမ်းသပ်ကြည့်သော်လည်း ဘာမှ မခံစားရသဖြင့် မျက်မှောင်ကြုတ်လိုက်ကာ - “ဆရာ... ကျွန်မကို စနေတာလား။ ဘာမှ မခံစားရပါဘူး”
ဆရာက စိတ်မရှည်သလို ပြန်ပြောသည် - “မင်းရဲ့ အစွမ်းလေးနဲ့ ဘယ်ခံစားရပါ့မလဲ။ ဒီလို ပညာရှင်မျိုးတွေက သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားရင် အဆင့်တူချင်းတောင် ရှာဖို့ မလွယ်ဘူး။ ငါက အနားမှာ ရှိနေလို့ရယ်၊ သူက လုံးဝ မဖုံးကွယ်လိုက်မိလို့ရယ်ကြောင့်ပဲ ငါ သိလိုက်တာ”
ယောင်ယောင်က စိတ်လှုပ်ရှားစွာဖြင့် - “ဆရာ... ဒါက 'မဟာကောင်းကင်' အဆင့်လေ၊ နဂါးလိုပဲ တွေ့ရခဲတဲ့ ပုဂ္ဂိုလ်ကြီးပေါ့။ သွားပြီး ဂါရဝပြုရအောင်လား။ ကျွန်မ ဒီလို ပညာရှင်မျိုး တစ်ခါမှ မမြင်ဖူးသေးဘူး”
ဆရာက ခေါင်းခါပြလိုက်ကာ - “သွားစရာ မလိုတော့ဘူး။ အဲဒီ အရှိန်အဝါက ခဏလေးပဲ ပေါ်လာတာ၊ သူ ထွက်သွားလောက်ပြီ”
“ဆရာ အဲ့ဒါ ဘယ်သူဖြစ်မယ်ထင်လဲ”
“ဆရာလည်း မသေချာဘူး...” လှပသော အမျိုးသမီးမှာ မျက်မှောင်ကြုတ်လိုက်သည်။ “အဲဒီ အရှိန်အဝါက စိမ်းသက်သက် ဖြစ်နေတယ်...”
သူတို့သည် မိစ္ဆာဂိုဏ်းမှ ဖြစ်သဖြင့် လောကတွင်ရှိသော 'မဟာကောင်းကင်' အဆင့် သိုင်းပညာရှင်များကို ကောင်းကောင်း သိကြသည်။ သို့သော် ယခု အရှိန်အဝါမှာ သူတို့ သိထားသူ မည်သူနှင့်မျှ မတူပေ။ ထို့ပြင် ထိုစိမ်းသက်သက် ဖြစ်နေသော သိုင်းပညာရှင်မှာ မဟာရှ စစ်စခန်းအတွင်း၌ ပေါ်လာပြီး ဘာမှ မလုပ်ဘဲ ပြန်ပျောက်ကွယ်သွားသည်။
သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ? သူ ဘာလုပ်ချင်တာလဲ? မေးခွန်းပေါင်းများစွာ သူမ၏ ခေါင်းထဲသို့ ဝင်ရောက်လာလေသည်။
“ယောင်ယောင်... 'မဟာကောင်းကင်' အဆင့် တစ်ယောက်က ဘာလို့ ဒီမှာ ပေါ်လာရတယ်လို့ မင်းထင်လဲ”
ယောင်ယောင်က ခဏလောက် စဉ်းစားပြီး ပြန်ဖြေလိုက်သည် - “ဆရာ... ကျွန်မ ထင်တာတော့ သူ ဒီအတိုင်း ဖြတ်သွားတာ မဟုတ်ရင်၊ တစ်ယောက်ယောက်ကို သတ်ဖို့ ဒါမှမဟုတ် တစ်ယောက်ယောက်ကို ကာကွယ်ဖို့ပဲ ဖြစ်ရမယ်။ ဒီလို ပုဂ္ဂိုလ်ကြီးမျိုးက ဒီနှစ်ခု မဟုတ်ရင် ဘာလို့ လှုပ်ရှားပါ့မလဲ”
ထိုစကားက ဆရာကို လျှပ်စီးလက်သွားသလိုမျိုး အတွေးများ ပွင့်သွားစေခဲ့သည်။
“ဟုတ်သားပဲ…”
စစ်စခန်းမှာ ဘာပြဿနာမှ မဖြစ်ဘဲ အေးချမ်းနေသဖြင့် သူ တစ်ယောက်ယောက်ကို သတ်ခဲ့သည်မှာ မဖြစ်နိုင်ပေ။ သို့ဆိုလျှင် သူ တစ်ယောက်ယောက်ကို ကာကွယ်နေခြင်း ဖြစ်ရပေမည်။ ထိုစခန်းတွင် အကာအကွယ် ပေးခံရလောက်အောင် အဆင့်အတန်း မြင့်မားသူမှာ 'ဧကရာဇ်မိုက်လေး' တစ်ယောက်သာ ရှိသည်။
‘ ဘယ် 'မဟာကောင်းကင်' အဆင့်က သူ့ကို ကာကွယ်ပေးနေတာပါလိမ့်? ပြီးတော့ ဘာကြောင့် ကာကွယ်ပေးရတာလဲ….?’