အခန်း (၂၆၅)
Vol. 24 Ch. 265
အပိုင်း (၂၆၅)
ဇီလျိုလီသည် ဤအရောင်းအဝယ်အပေါ် အလွန်ကျေနပ်သွားခဲ့သည်။ တစ်ခုတည်းသော နောင်တမှာ မဟာရှနိုင်ငံထံမှ ပိုမိုနက်ရှိုင်းသော ထောက်ခံမှုမျိုး မရရှိခဲ့ခြင်းနှင့် သူတို့၏ မိစ္ဆာဂိုဏ်း၏ အကူအညီကို မဟာရှက မလိုအပ်သယောင် ဖြစ်နေခြင်းပင် ဖြစ်သည်။
သို့သော် ဇီလျိုလီက လက်မလျှော့သေးပေ။
“ဒီလိုလုပ်ကြရအောင်၊ ယောင်ယောင်ကလည်း အရှင်မင်းကြီးရဲ့ မဟာရှနိုင်ငံမှာ တာဝန်ထမ်းဆောင်နေတာဆိုတော့ နောက်ပိုင်း ဘာပဲလိုလို သူမကို တိုက်ရိုက်ဆက်သွယ်လိုက်ပါ။ ကိစ္စ အသေးအမွှားတွေကို သူမ ဖြေရှင်းပေးပါလိမ့်မယ်၊ ကိစ္စအကြီးအကျယ်ဆိုရင်တော့ ကျွန်မဆီသာ ချန်ထားလိုက်ပါ၊ ကျွန်မတို့ မိစ္ဆာဂိုဏ်းရဲ့ ကောင်းကင်အဆင့် သိုင်းပညာရှင်တွေကို အကူအညီ တောင်းချင်ရင်တောင်မှ ရပါတယ် ”
“ကောင်းပြီလေ” လင်းပိုင်ဖန်ကလည်း မဆိုင်းမတွ သဘောတူလိုက်သည်။
ယောင်ယောင်မှာတော့ စိတ်ထဲတွင် ခိုးပြီး ဝမ်းသာနေမိသည် - ‘ဒါဆိုရင် ငါ ဧကရာဇ်မိုက်လေးကို မကြာခဏ တွေ့ရတော့မှာပေါ့၊ ဟီးဟီး...’
ထိုသို့ဖြင့် နှစ်ဖက်စလုံး၏ ဆက်ဆံရေးမှာ ပိုမို ရင်းနှီးလာခဲ့သည်။ ဇီလျိုလီက လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး အကဲခတ်သည့်သဘောဖြင့် မေးလိုက်သည် - “အရှင်မင်းကြီး... အရှင့်နောက်ကွယ်မှာ အစွမ်းထက်လှတဲ့ လျှို့ဝှက်ဓားသမားတစ်ယောက် ရှိတယ်လို့ ကြားမိပါတယ်။ ကျွန်မကို မိတ်ဆက်ပေးလို့ ရမလား”
လင်းပိုင်ဖန်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည် - “အဲဒီလိုလူမျိုး တကယ်ရှိပါတယ်၊ ဒါပေမဲ့ သူက နေရာ အတည်တကျ မရှိဘဲ သွားလာနေတတ်တာဆိုတော့ ငါကိုယ်တော် ကိုယ်တိုင်တောင် မတွေ့ရတာ ကြာပြီ။ အဲဒါကြောင့် အခုလောလောဆယ် ဂိုဏ်းချုပ်ကို မိတ်ဆက်မပေးနိုင်သေးဘူး၊ နောက်တစ်ခေါက်ကိုပဲ စောင့်ရတော့မယ်”
လင်းပိုင်ဖန်၏ ဟန်မပျက်သော မျက်နှာပေးကို ကြည့်ပြီး ဇီလျိုလီသည် စိတ်ထဲမှ ကျိန်ဆဲမိလိုက်သည် - ‘တော်တော်ကောက်ကျစ်တဲ့ မြေခွေးစုတ်လေးပဲ၊ မတွေ့ရတာ ကြာပြီဟုတ်လား၊ လိမ်လိုက်ရင်လည်း တစ်စက်ကလေးမှ မရှက်ဘူး၊ ခုနကတင် တွေ့နေတာကို’
“သူက တစ်ချိန်က ‘ခေါင်းခြေလက်ဝါး ချိုယင်’ ကို ဓားတစ်ချက်တည်းနဲ့ သတ်ခဲ့တာဆိုတော့ သူ့အစွမ်းက အနည်းဆုံး ကောင်းကင်အဆင့်တော့ ရောက်နေပြီထင်တယ်မလား” ဇီလျိုလီက ထပ်မံ စပ်စုကြည့်လိုက်သည်။
လင်းပိုင်ဖန်က ခေါင်းခါလိုက်ပြီး - “ငါကိုယ်တော်လည်း မသေချာဘူး၊ ဖြစ်နိုင်တယ်လို့တော့ ထင်ရတာပဲ”
‘သရုပ်ဆောင်တဲ့ နေရာတော့ တကယ်တော်တာပဲ’ ဇီလျိုလီ ထပ်မံ ကျိန်ဆဲလိုက်ပြန်သည်။
“အရှင်မင်းကြီးတို့နှစ်ယောက် ဘယ်လိုစသိကြတာလဲ၊ ကျွန်မက ဗဟုသုတအနေနဲ့ စပ်စုမိတာပါ။ တစ်ယောက်က ဧကရာဇ်၊ တစ်ယောက်က သိုင်းလောကပညာရှင်ဆိုတော့ ဆက်စပ်ဖို့ ခက်လို့ပါ”
“ဖုံးကွယ်ထားစရာ မရှိပါဘူး” လင်းပိုင်ဖန်က ပြုံး၍ ပြောလိုက်သည် - “သူက နန်းတော်နားက ဖြတ်သွားရင်း ငါကိုယ်တော် ကဗျာစပ်နေတာကို တွေ့သွားတာလေ။ ငါကိုယ်တော်ရဲ့ ပါရမီကို အလွန် အထင်ကြီးသွားလို့ ငါကိုယ်တော်နဲ့ သူငယ်ချင်းဖြစ်သွားတာပဲ။ ငါကိုယ်တော် အကူအညီ လိုတဲ့အချိန်တိုင်း သူ လာကူညီမယ်လို့ ပြောသေးတယ်”
“တကယ်ပဲ အဲဒီလိုလား” ဇီလျိုလီမှာ လုံးဝ မယုံကြည်ပေ။
“ဒါမှ မဟုတ်ရင် ဘာဖြစ်ရမှာလဲ” လင်းပိုင်ဖန်က ပြန်ချေပလိုက်သည် - “သူက ငါကိုယ်တော်ရဲ့ ပြိုင်ဘက်ကင်းတဲ့ ရုပ်ရည်ကို စွဲလန်းသွားတယ်လို့ မင်းထင်နေတာလား၊ ဂိုဏ်းချုပ်ဇီ... ဒီလို သိုင်းပညာရှင်ကြီးတွေက အဲဒီလောက် အပေါ်ယံ ကြည့်တတ်တဲ့သူတွေ မဟုတ်ကြဘူး”
ဇီလျိုလီမှာ ဆွံ့သွားခဲ့ရသည်။ ယောင်ယောင် ပြောတာ မှန်နေသည်၊ ဤကောင်လေးမှာ လူလည်လေးဖြစ်ပြီး အမှန်တရားကို တစ်ခွန်းမှ ထုတ်ပြောမည့်ပုံ မရှိချေ။
“ဂိုဏ်းချုပ်ဇီက ငါကိုယ်တော်ကို မေးခွန်းတွေ အများကြီး မေးပြီးပြီဆိုတော့ ငါကိုယ်တော်လည်း မေးစရာလေးတွေ ရှိလာပြီ” လင်းပိုင်ဖန်က လေသံကို အလေးအနက်ထားလိုက်ပြီး - “သိုင်းလောကမှာ အခုလောလောဆယ် ကောင်းကင်အဆင့်၊ မဟာကောင်းကင်အဆင့်နဲ့ မြင့်မြတ်ကောင်းကင်အဆင့် ဘယ်နှစ်ယောက်လောက် ရှိလဲဆိုတာ ငါကိုယ်တော် သိချင်တယ်။ သူတို့တွေက ဘယ်မှာ ရှိနေကြတာလဲ”
ဇီလျိုလီမှာ မဟာရှဧကရာဇ်၏ နောက်ကွယ်ရှိ ပုဂ္ဂိုလ်ကြီးက သိချင်သည်ဟု ထင်လိုက်သဖြင့် အသေးစိတ် ရှင်းပြပေးတော့သည်။ သူမ၏ အဆိုအရ သိုင်းလောကတွင် ကောင်းကင်အဆင့် သိုင်းပညာရှင် ၁၀၀ ကျော်ခန့် လူသိများပြီး၊ အင်ပါယာကြီးတစ်ခုစီတွင် ၃ ဦးမှ ၆ ဦးအထိ ရှိတတ်ကြသည်။ မင်းဆက်နိုင်ငံတို့တွင်လည်း ၂ ဦးမှ ၃ ဦးစီ ရှိတတ်ကြသည်။
သိုင်းလောကရှိ ထိပ်တန်းဂိုဏ်းတို့တွင်လည်း တစ်ဦးစီ ရှိတတ်ကြသည်။ မိစ္ဆာဂိုဏ်း၊ တာအိုဂိုဏ်းနှင့် ဗုဒ္ဓဘာသာဂိုဏ်းတို့တွင်တော့ ၅ ဦးထက်မနည်း ရှိကြသည်။
ကြီးမြတ်တဲ့ မျိုးနွယ်စုကြီးများတွင်လည်း တစ်ဦးစီ ရှိနေကြသည်။ ကောင်းကင်အဆင့် စုစုပေါင်း၏ ၈၀% သည် အဖွဲ့အစည်း တစ်ခုခုနှင့် ဆက်နွယ်မှု ရှိကြပြီး ကျန် ၂၀% မှာမူ တစ်ကိုယ်တော် ကျင့်ကြံကြသူများ ဖြစ်ကြသည်။
“ မဟာကောင်းကင်အဆင့်ကတော့ အလွန်ရှားပါးပြီး လူမြင်ကွင်းမှာ မရှိသလောက်ပါပဲ။ အခု သိထားတာကတော့ ထိပ်တန်းအင်ပါယာ ၄ ခုရဲ့ နောက်ကွယ်မှာ တစ်ဦးစီ ရှိကြပြီး၊ မိစ္ဆာ၊ တာအိုနဲ့ ဗုဒ္ဓဂိုဏ်းတို့မှာလည်း တစ်ဦးစီ ရှိကြတယ်။ အဲဒီ ၇ ဦးအပြင် နောက်ထပ် တစ်ဦးကတော့ တောတောင်တွေထဲမှာ လွတ်လပ်စွာ လှည့်လည် သွားလာနေတဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦးပဲ ရှိတော့မယ်။ စုစုပေါင်း ၈ ဦးပဲ ရှိတယ်”
ဤစကားကို ကြားသောအခါ လင်းပိုင်ဖန် ခေါင်းညိတ်မိလိုက်သည်။ သူကိုယ်တိုင်ကလည်း မဟာကောင်းကင်အဆင့် ဖြစ်နေပြီဆိုတော့ နောင်တွင် လူသိရှင်ကြား အစွမ်းပြရန် သိပ်ပြီး ဝန်လေးနေစရာ မလိုတော့ပေ။
“ဒါဆို မြင့်မြတ်ကောင်းကင်အဆင့်ကရော”
ဇီလျိုလီက ခါးသီးစွာ ပြုံးလိုက်ရင်း - “အဲ့ဒီလိုလူမျိုး မရှိတော့တာ ကြာခဲ့ပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်က တစ်ဦး ပေါ်ခဲ့ဖူးတယ်။ သူက လက်တစ်ဖက်တည်းနဲ့တင် အဲ့ဒီခေတ်က မဟာကောင်းကင် အဆင့် အများအပြားကို အနိုင်ယူခဲ့တဲ့ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူ ပျောက်ကွယ်သွားတာ ကြာပြီ။ တချို့ကတော့ လေဟာနယ်ကို ဖြတ်ပြီး ကောင်းကင်ဘုံကို တက်လှမ်းသွားပြီတော့ မြေကမ္ဘာအင်မော်တယ် ဖြစ်သွားတယ်လို့ ထင်ကြသလို၊ တချို့ကတော့ သေဆုံးပြီးတော့ တာအိုနဲ့ ခန္ဓာကိုယ် ပျောက်ကွယ်သွားပြီလို့ ယူဆကြတယ်”
ဆွေးနွေးမှုအပြီးတွင် ဇီလျိုလီတို့ ဆရာတပည့် ပြန်ရန် ပြင်ဆင်ခဲ့ကြသည်။ လင်းပိုင်ဖန်ကလည်း အလိုက်တသိ လိုက်လံ ပို့ဆောင်ပေးခဲ့သည်။ တဲထဲကနေ အထွက်တွင် ယောင်ယောင်က သူမ၏ နှုတ်ခမ်းကို လှုပ်ရှားလိုက်ပြီး 'နောက်ရက်ကျရင် လာတွေ့မယ်' ဟု လင်းပိုင်ဖန်ကို လျှို့ဝှက် အချက်ပြသွားသေးသည်။
သူတို့ ထွက်သွားသည်ကို ကြည့်ရင်း လင်းပိုင်ဖန်က ဘေးက ဓားအဖိုးအိုကို မေးလိုက်သည် - “တပည့်ကြီး... မိစ္ဆာဂိုဏ်းချုပ်ရဲ့ စကားတွေကို ကြားပြီး ဘာခံစားရလဲ”
ဓားအဖိုးအိုမှာ စိတ်အားထက်သန်စွာဖြင့် - “လောကကြီးမှာ အစွမ်းထက်တဲ့သူတွေ ဒီလောက်တောင် များမယ်လို့ မထင်ထားခဲ့ဘူး၊ ကျွန်တော် ကောင်းကင်အဆင့်ကို တက်လှမ်းနိုင်တာနဲ့ သူတို့ဆီသွားပြီး ဓားရေး ယှဉ်ပြိုင်ကြည့်ချင်တယ်”
“ အမှန်ပဲ၊ ဒီလို တိုက်ခိုက်လိုစိတ် ရှိမှပဲ ရှေ့ဆက်ပြီး တိုးတက်နိုင်မှာ” လင်းပိုင်ဖန်က အားရပါးရ ချီးကျူးလိုက်လေသည်။
“ ဟုတ်ကဲ့ပါ ဆရာ”