အခန်း (၂၆၆)
Vol. 24 Ch. 266
အပိုင်း (၂၆၆)
သူ၏ တဲအတွင်းသို့ ပြန်ရောက်သောအခါ လင်းပိုင်ဖန်သည် ခေတ္တမျှ စဉ်းစားပြီးနောက် အမိန့်တော်များစွာကို ထုတ်ပြန်လိုက်လေသည်။
“မဟာရွှယ် တော်ဝင်မိသားစုဝင် အားလုံးကို သုတ်သင်ပစ်စေ၊ တော်ဝင်သွေး ပါတဲ့သူ တစ်ဦးတစ်ယောက်ကိုမျှ မချန်ထားနဲ့”
“နယ်မြေအတွင်းရှိ ကြီးမြတ်တဲ့မျိုးနွယ်စုဝင် အားလုံးကို ရှင်းလင်းပြီး ၎င်းတို့၏ ပိုင်ဆိုင်မှုအားလုံးကို သိမ်းယူစေ”
“ဩဇာအာဏာရှိတဲ့ ဒေသခံအရာရှိများကို နှိမ်နင်းစေ၊ ပုန်ကန်မှုတွင် ပါဝင်ပါက ကွပ်မျက်ပြီး ပိုင်ဆိုင်မှု သိမ်းယူစေ”
“နယ်မြေအတွင်းရှိ မဟာရှကို ဆန့်ကျင်သော သို့မဟုတ် ပုန်ကန်သော ဂိုဏ်းမှန်သမျှကို ချက်ချင်း အမြစ်ပြတ် သုတ်သင်စေ၊ ညှာတာဖို့ မလိုပေ။ ပုန်ကန်မှုတွင် မပါဝင်သော ဂိုဏ်းများကို နိုင်ငံအတွင်းမှ နှင်ထုတ်စေ၊ မနာခံဘဲ ငြင်းဆန်ပါက သတ်ပစ်စေ”
“မည်သူမဆို မနာခံပါက အဆင့်အတန်းမရွေး အကုန်သတ်စေ….!!!”
ဤသွေးစွန်းသော အမိန့်တော် ၅ ရပ်ကို ရှေ့တန်း စစ်မျက်နှာများသို့ ပေးပို့လိုက်ရာ မဟာရွှယ်နယ်မြေတစ်ခုလုံးမှာ သွေးချောင်းစီးကာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မြေပြင်ဖြစ်သွားတော့သည်။
မဟာရွှယ်ဧကရာဇ် နန်းတက်သည်မှာ မကြာသေးသဖြင့် သားသမီးနည်းပါးလှရာ မဟာရှစစ်တပ်၏ တိုက်ခိုက်မှု အပြီးတွင် အကုန်လုံး သုတ်သင်ခံလိုက်ရပြီဖြစ်သည်။ နယ်မြေအတွင်းရှိ ကြီးမြတ်တဲ့ မျိုးနွယ်စုဝင်များကိုလည်း ပိုင်ဇူက အကုန်နီးပါး သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ ဒေသခံ ဩဇာရှိ အရာရှိများကသာ ပြင်းပြင်းထန်ထန် ခုခံခဲ့သော်လည်း အင်အားကြီးမားလှသော စစ်တပ်၏ ဖိအားအောက်တွင် ဘာမှမတတ်နိုင်ခဲ့ကြပေ။
ဤလှုပ်ရှားမှုများအပြီးတွင် လူပေါင်းသောင်းနှင့်ချီ၍ ခေါင်းပြတ်ခဲ့ရသည်။ အထက်မှအောက်သို့ အကုန်အစင် သုတ်သင်ရှင်းလင်းပြီးနောက်တွင် ဒေသခံ ဂိုဏ်းများသာ ကျန်ရှိတော့သည်။ ဤဂိုဏ်းအင်အားစုများမှာ ဆယ်ဂဏန်းခန့်ရှိပြီး အရေအတွက် မနည်းလှပေ။ သူတို့တွင် ပုန်ကန်လိုစိတ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လင်းပိုင်ဖန်၏ အမြင်တွင်မူ သူတို့သည် မတည်ငြိမ်သော အင်အားစုများဖြစ်သဖြင့် ဖယ်ရှားပစ်ရန် လိုအပ်သည်။
ဂိုဏ်းငယ်လေးများမှာ မဟာရှစစ်တပ်ကို မယှဉ်နိုင်သဖြင့် ထွက်ပြေးခြင်း သို့မဟုတ် လက်နက်ချခြင်းကိုသာ ရွေးချယ်နိုင်သော်လည်း ဂိုဏ်းကြီးအချို့ကမူ အလွယ်တကူ အရှုံးမပေးလိုကြပေ။ ထိုအချိန်တွင် စစ်သူကြီး ချိုင်ယွီရှင်းသည် စစ်သည် ၁ သိန်းဖြင့် ကျင်းရှန်းဘုရားကျောင်းကို ဝိုင်းထားလိုက်သည်။
“ကျင်းရှန်းကျောင်းက ဘုန်းကြီးတွေ နားထောင်စမ်း! မင်းတို့ကို မဟာရှစစ်တပ်က ဝိုင်းထားလိုက်ပြီ။ ၃ ရက်အတွင်း လူဝတ်လဲပြီး တောင်ပေါ်က ဆင်းမလား၊ ဒါမှမဟုတ် မဟာရှနယ်မြေထဲက ထွက်သွားမလား တစ်ခုခုရွေး၊ မဟုတ်ရင် ငါတို့ ရက်စက်တယ်လို့ မပြောနဲ့”
ကျင်းရှန်းကျောင်းထိုင် ဆရာတော်သည် ရာနှင့်ချီသော ဘုန်းကြီးများကို ဦးဆောင်ကာ ကျောင်းပေါက်ဝသို့ ထွက်လာပြီး ချိုင်ယွီရှင်းကို ရင်ဆိုင်လေသည်။
“အောမီထောဖော၊ ကိုယ်တော်တို့က သက်သတ်လွတ် စားပြီး တရားအားထုတ်နေကြတဲ့ သူတွေပါ၊ လောကီရေးရာတွေမှာ မပါဝင်သလို ဘယ်ပုန်ကန်မှုမှာမှလည်း မပတ်သက်ခဲ့ပါဘူး။ ဘာလို့ မဟာရှက ကိုယ်တော်တို့ကို အတင်းနှင်ထုတ်ဖို့ ဒီလောက်တောင် ရန်လိုနေရတာလဲ” ဟု ဆရာတော်က ဒေါသကို ထိန်းကာ မေးမြန်းလိုက်သည်။
ချိုင်ယွီရှင်းက လှောင်ပြုံးပြုံးလိုက်ကာ - “မင်းတို့ ဘာမှမလုပ်လို့ပဲ ငါက အသက်ချမ်းသာခွင့်ပေးနေတာ၊ မဟုတ်ရင် အခုဆို အနောက်ဘက် သုခဘုံမှာ ဘုရားဖူးဖို့ ရောက်နေလောက်ပြီ”
ခေါင်းမာသော ဘုန်းကြီးတစ်ပါးက - “ငါတို့ ထွက်မသွားရင်ရော ဘာဖြစ်မလဲ” ဟု မေးလိုက်သည်။
“ထွက်မသွားရင် ဒါမျိုး ဖြစ်သွားမယ်” ချိုင်ယွီရှင်းသည် သူမ၏ မီးလျှံလှံကို ရှေ့သို့ အားဖြင့် ထိုးချလိုက်သည်။ ထိုအရှိန်ကြောင့် ရင်ပြင်ပေါ်ရှိ ဝါး ၃ ပြန်ခန့် မြင့်သော ဗုဒ္ဓရုပ်ပွားတော်ကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားတော့သည်။
ဘုန်းကြီးများမှာ ထိတ်လန့်တုန်လှုပ်သွားကြကာ - “ဒါ ဘုရားကို စော်ကားတာပဲ၊ ငရဲကြီးမယ့် အလုပ်ပဲ” ဟု အော်ဟစ်လိုက်ကြသည်။
ဆရာတော်က ဒေါသတကြီးဖြင့် - “ငါတို့နောက်မှာ ဗုဒ္ဓဂိုဏ်းရှိတယ်။ ငါတို့ ဗုဒ္ဓဂိုဏ်းကို ရန်စမိရင် ဖြစ်လာမယ့် နောက်ဆက်တွဲတွေကို မင်းတို့ စဉ်းစားပြီးပြီလား” ( အရင်အပိုင်းတွေတုန်းက ဗုဒ္ဓဘာသာဂိုဏ်းလို့ ဘာသာပြန်ထားတာပါ၊ အခုကစပြီး ဗုဒ္ဓဂိုဏ်းလို့ ပြောင်းထားပါတယ်)
“ဗုဒ္ဓဂိုဏ်းက ဘယ်လောက်ကြီးကြီး ငါတို့ ဧကရာဇ်ထက်တော့ မကြီးဘူး” ချိုင်ယွီရှင်းက ဟိန်းဟောက်လိုက်သည် - “ဧကရာဇ်ရဲ့ အမိန့်တော်အရ မဟာရှနယ်မြေထဲက ဂိုဏ်းမှန်သမျှ ထွက်သွားရမယ်၊ ဒါမှမဟုတ် အသတ်ခံရမယ်။ ကြိုက်တာရွေး”
“တိုက်ခိုက်ကြ” စစ်သည် ၁ သိန်းက လက်နက်များကို မြှောက်ကာ ကျင်းရှန်းကျောင်းကို ခြိမ်းခြောက်လိုက်ကြသည်။ ဘုန်းကြီးများမှာ ကြောက်လန့်သွားကြပြီး ဆရာတော်ကို ကြည့်လိုက်ကြသည်။
“ဆရာတော်... ဘာလုပ်ကြမလဲ”
“ထွက်သွားရမလား၊ ခုခံရမလား”
“အဆုံးအထိ တိုက်ကြတာပေါ့”
“ကျွန်တော်တို့ သေရမှာ မကြောက်ပါဘူး”
ကျင်းရှန်းဆရာတော်သည် သူ၏ တပည့်များကို ကြည့်လိုက်၊ ရှေ့က စစ်သည် ၁ သိန်းကို ကြည့်လိုက်ဖြင့် သက်ပြင်းချလိုက်ရသည်။ သူတို့ကျောင်းတွင် သိုင်းပညာတတ်သော ဘုန်းကြီးအချို့ ရှိသော်လည်း စစ်တပ်ကို ယှဉ်နိုင်မည် မဟုတ်ပေ။ တိုက်ခိုက်လျှင် သူတို့သာ ရှုံးပေလိမ့်မည်။ ကျောင်းထိုင်တစ်ဦးအနေဖြင့် သူသည် တပည့်များကို အန္တရာယ်ထဲ မတွန်းပို့လိုပေ။
“အောမီထောဖော” ဆရာတော်က လက်အုပ်ချီကာ နာကျင်စွာဖြင့် ဆိုလိုက်သည် - “ရန်သူက အင်အားကြီးလွန်းတယ်။ ငါတို့ ခေတ္တ ထွက်သွားကြမယ်၊ ပြီးမှ ဗုဒ္ဓဂိုဏ်းကို ဒီကိစ္စ တိုင်ကြားပြီး တရားမျှတမှု ရှာကြတာပေါ့”
ထို့ကြောင့် ဘုန်းကြီးတစ်စုမှာ ပစ္စည်းများကို အလျင်အမြန် ထုပ်ပိုးကာ ကျင်းရှန်းကျောင်းမှ ထွက်ခွာသွားကြသည်။ မထွက်ခွာမီ ဆရာတော်က ချိုင်ယွီရှင်းကို ကြည့်ကာ - “အောမီထောဖော၊ ဘုရားကို ဒီလောက်စော်ကားမှတော့ မင်းလည်း ဝဋ်ပြန်လည်လိမ့်မယ်” ဟု ကျိန်ဆိုသွားသည်။
ချိုင်ယွီရှင်းကတော့ ဝင့်ကြွားစွာဖြင့် - “ဘုရားသာ တကယ်ရှိရင် လာပြီး အပြစ်ပေးခိုင်းလိုက်လေ၊ ကဲ... ကျင်းရှန်းကျောင်းကို ချိတ်ပိတ်လိုက်ကြ”
တစ်ဖက်တွင်လည်း ရွှမ်မင် တာအိုကျောင်းကို ကောင်းကင်၊ မြေပြင်နှင့် လူသား စစ်သူကြီး သုံးဦးတို့က ဝိုင်းထားကြသည်။
“ဘယ်လိုစဉ်းစားထားလဲ၊ ၂ ရက်ရှိပြီနော်။ အခု ထွက်မသွားရင် ငါတို့ ညီအစ်ကို ၃ ယောက်ကတော့ ညှာမှာ မဟုတ်ဘူး”
တာအိုကျောင်းထိုင် ဆရာကြီးမှာ အလွန် ဒေါသထွက်နေပြီး - “ငါတို့ကျောင်းက ဒီမှာ တည်ထောင်ခဲ့တာ နှစ်ပေါင်း တစ်ရာကျော်ပြီ၊ မင်းတို့က ငါတို့ရဲ့ အခြေခံအုတ်မြစ်ကို စွန့်ပြီး အဝေးကို ပြေးခိုင်းနေတာလား၊ ငါတို့ ဒါကို မလုပ်နိုင်ဘူး”
“ငါတို့ မလုပ်နိုင်ဘူး”
“ဒါ ငါတို့အိမ်ပဲ၊ ငါတို့ ထွက်မသွားဘူး” ဟု တာအိုဂိုဏ်းတပည့်များက ဝိုင်းအော်ကြသည်။
“ဒါဆို မင်းတို့က ဒုတိယလမ်းကို ရွေးလိုက်တာပဲ” ကောင်းကင်စစ်သူကြီးက အေးစက်စက် အကြည့်တို့ဖြင့် - “ဧကရာဇ်ရဲ့ အမိန့်ကို မနာခံရင် သေပေတော့” ဟု ဆိုကာ စစ်တပ်ကို အမိန့်ပေးရန် ပြင်လိုက်သည်။
သို့သော် ကျောင်းထိုင်ဆရာကြီးမှာ ကြောက်ရွံ့ခြင်း မရှိပေ။ စစ်တပ်က အင်အားကြီးသော်လည်း သူတို့တွင် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၂ ဦး ရှိသဖြင့် ရက်အနည်းငယ် တောင့်ခံနိုင်ပြီး တာအိုဂိုဏ်းဆီက အကူအညီကို စောင့်ရန် ဆုံးဖြတ်ထားသည်။
“ဒါဆိုလည်း လာခဲ့လေ၊ ငါတို့ကျောင်းနဲ့အတူ အသေခံမယ်” ဟု ဆရာကြီးက အော်ဟစ်လိုက်သည်။
“အသေခံမယ်” ဟု တပည့်များက ထပ်ဆင့်အော်လိုက်ကြသည်။
“ခေါင်းမာတဲ့ လူမိုက်တွေ၊ သတ်ကြ” မြေပြင်စစ်သူကြီးက အမိန့်ပေးလိုက်စဉ် ကြည်လင်အေးမြသော အသံတစ်ခု ထွက်ပေါ်လာသည်။
“အားလုံး ရပ်လိုက်ကြပါ”
လူအုပ်ကြားမှ ဝတ်စုံစိမ်းနှင့် နတ်သမီးလေးတစ်ပါးကဲ့သို့ လှပသော စုန့်ယွီဖေး တိုးထွက်လာခဲ့သည်။ ဆရာကြီးက သူမကို မြင်သောအခါ ဝမ်းသာအားရဖြင့် - “တာအိုသမီးတော် ရောက်လာပြီပဲ၊ ကျွန်တော်တို့ကို ကူညီဖို့ လာခဲ့တာလား” ဟု မေးလိုက်သည်။
စုန့်ယွီဖေးက ခေါင်းခါပြလိုက်ကာ - “မဟုတ်ဘူး... ကျွန်မက ဆရာကြီးတို့ကို ဒီကနေ ထွက်သွားဖို့ ဖျောင်းဖျဖို့ လာတာပါ။ နေစရာ နေရာကောင်းတစ်ခု ရှာပေးထားပါတယ်၊ ကျွန်မနောက်ကို လိုက်ခဲ့ပါ”
ဆရာကြီးမှာ နားမလည်နိုင် ဖြစ်သွားခဲ့သည်။ တာအိုသမီးတော်ဆိုသည်မှာ တာအိုဂိုဏ်းကို ကိုယ်စားပြုသူ မဟုတ်ပါလား။ ကမ္ဘာ့ထိပ်တန်း အင်အားစုကြီးက နိုင်ငံသစ်တစ်ခုကို ကြောက်နေရတာလား….?
စုန့်ယွီဖေးသည် ဆရာကြီး၏ အတွေးကို သိသော်လည်း စိတ်ထဲတွင် ခါးသီးစွာ ပြုံးလိုက်မိသည်။ သူမသည် လင်းပိုင်ဖန်၏ ပြတ်သားသော စရိုက်ကို သိထားသဖြင့် သွေးချောင်းစီးမည့် အခြေအနေကို ကြိုတင် တားဆီးပေးခြင်း ဖြစ်သည်။ စုန့်ယွီဖေး၏ အားတက်သရော ဖျောင်းဖျမှုကြောင့် ဆရာကြီးသည်လည်း မကျေမနပ်ဖြင့် ပြောင်းရွှေ့ရန် သဘောတူလိုက်ရတော့သည်။
အခြားသော ဘုရားကျောင်းများနှင့် တာအိုကျောင်းများစွာလည်း နှင်ထုတ်ခံခဲ့ရသည်။ ဤသတင်း ပြန့်နှံ့သွားသောအခါ တစ်လောကလုံး မှင်သက်သွားခဲ့ကြသည်။
“အဲဒီ ဧကရာဇ်မိုက်က ဘာတွေ လုပ်နေတာလဲ”
“သာမန် သိုင်းဂိုဏ်းတွေကို နှင်ထုတ်တာ ထားပါတော့၊ ဘာအပြစ်မှ မရှိတဲ့ ဘုန်းကြီးတွေနဲ့ တာအိုဘုန်းကြီးတွေကိုပါ နှင်ထုတ်တယ် ဟုတ်လား”
“သူတို့နောက်မှာ ဗုဒ္ဓဂိုဏ်းနဲ့ တာအိုဂိုဏ်း ရှိနေတာကို သူ မသိဘူးလား၊ သူ ရန်လိုက်ရှာနေတာပဲ”
“ကြီးမြတ်တဲ့ မျိုးနွယ်စုတွေကို ရန်စရုံတင် မကဘူး၊ အခု ဗုဒ္ဓဂိုဏ်းနဲ့ တာအိုဂိုဏ်းကိုပါ ရန်စလိုက်ပြီ။ သူ တကယ် သေချင်နေပြီပဲ”
ဗုဒ္ဓဂိုဏ်းနှင့် တာအိုဂိုဏ်းတို့က ပြင်းထန်စွာ ကန့်ကွက်လွှာများ ပို့ခဲ့သော်လည်း လင်းပိုင်ဖန်ကတော့ လုံးဝ ဂရုမစိုက်ပေ။ မဟာကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက်က ပုရွက်ဆိတ်တွေကို ရှင်းပြနေစရာ လိုသလား၊ သူတို့ကို မနင်းခြေမိတာပဲ ကံကောင်းလှပြီ ဖြစ်သည်။
‘ဒါငါ့နယ်မြေ၊ ငါ့နယ်မြေမှာ ငါပဲ အမိန့်ပေးမယ်။ မကျေနပ်ဘူးလား….’
‘ အောင့်အီးပြီး ငြိမ်ခံနေမလား ဒါမှမဟုတ် အသတ်ခံမလား၊ မင်းတို့ ကြိုက်တာရွေး’
နောက်ဆုံးတွင် နှစ်ဖက်စလုံး၌ အထိအခိုက် ကြီးကြီးမားမား မရှိသဖြင့် ကိစ္စက ထိုအတိုင်းပင် ပြီးသွားသော်လည်း လင်းပိုင်ဖန်သည် ဗုဒ္ဓဂိုဏ်းနှင့် တာအိုဂိုဏ်းတို့ကို ရန်သူအဖြစ် စာရင်းသွင်းလိုက်ပြီ ဖြစ်လေသည်။