← Chapters

အခန်း (၂၆၈)

Vol. 24 Ch. 268

အခန်း (၂၆၈)

Vol. 24 Ch. 268

အပိုင်း (၂၆၈)

မဟာဖုန်းမင်းဆက်သည် မဟာရွှယ်မင်းဆက်၏ မြောက်ဘက်တွင် တည်ရှိသော နိုင်ငံတစ်ခုဖြစ်သည်။ ၎င်း၏ နိုင်ငံတော်အင်အားမှာ မဟာရွှယ်ထက်ပင် အနည်းငယ် ပိုမိုတောင့်တင်းသော်လည်း ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ဦးမျှ မရှိချေ။

ထိုနှစ်နိုင်ငံကို အလွန်ကြမ်းတမ်းသော ဖီးနစ်တောင်တန်းကြီးက ခြားနားထားပြီး ကူးသန်းသွားလာနိုင်သော တစ်ခုတည်းသော လမ်းကြောင်းမှာ ဖီးနစ်ခံတပ်ပင် ဖြစ်သည်။ ထိုနှစ်နိုင်ငံသည် ကာလကြာရှည်စွာ ပဋိပက္ခများ ဖြစ်ပွားနေခဲ့သော်လည်း အင်အားချင်း မတိမ်းမယိမ်း ဖြစ်နေသဖြင့် မည်သူမျှ အသာမစီး မရခဲ့ကြချေ။

ယခုအချိန်တွင် မဟာရှနိုင်ငံသည် တောင်ကိုတိုက်လိုက် မြောက်ကို တိုက်လိုက်ဖြင့် စစ်ဆင်နွှဲနေရပြီး မဟာရွှယ်ကို အနိုင်ရရုံလေးသာ ရှိသေးသဖြင့် စစ်အင်အားများ ပြန့်ကျဲနေချိန်ဖြစ်သည်။ ဤအခွင့်အရေးကို အရယူကာ မဟာဖုန်းမင်းဆက်သည် စစ်သည်တစ်သန်းကို စေလွှတ်လိုက်ခြင်းမှာ အခြေအနေကို အခွင့်ကောင်းယူ၍ အသီးအပွင့်ကို ခူးဆွတ်ရန် ရည်ရွယ်ချက်ရှိနေသည်မှာ သိသာလှသည်။

“မဟာဖုန်းမင်းဆက်... တော်တော်သတ္တိတွေ ရှိနေတာပဲ”

လင်းပိုင်ဖန်သည် စားပွဲကို လက်ဖြင့်ရိုက်ကာ မတ်တပ်ထရပ်လိုက်ပြီး - “ကောင်းကင်၊ မြေပြင်နဲ့ လူသား စစ်သူကြီးသုံးဦး... ငါကိုယ်တော်အမိန့်ကို နားထောင်၊ အခုချက်ချင်း ပြန်သွားပြီး စစ်သည် ၅ သိန်းကို ဦးဆောင်ကာ ရန်သူကို ခုခံဖို့ ငါကိုယ်တော် အမိန့်ပေးတယ်”

“ကျွန်တော်မျိုးတို့ အမိန့်ကို နာခံပါတယ်” စစ်သူကြီးသုံးဦးသည် မတ်တပ်ရပ်ကာ ကျယ်လောင်စွာ ပြန်ထူးလိုက်ကြသည်။

“ဒါ့အပြင် ဟန်နဲ့ဟာ စစ်သူကြီး၊ သေမင်းတမန် ကျောင်းတော်သား၊ လက်ဗလာဆရာကြီး၊ အရက်ဓားအင်မော်တယ်နဲ့ နတ်ခွေးစုံထောက်တို့ရော စစ်သူကြီးသုံးဦးကို ကူညီပေးရမယ်၊ လိုအပ်ရင် ဝင်ရောက်တိုက်ခိုက်နိုင်တယ်”

သူတို့လည်း မတ်တပ်ရပ်ကာ - “အမိန့်တော်အတိုင်း လိုက်နာပါ့မယ်” ဟု ဆိုလိုက်ကြသည်။

“ပြီးတော့ ဓားအဖိုးအို ... မင်းလည်း နတ်ဓားကို ယူသွားပြီး ကူညီပေးလိုက်ပါ”

မျက်လုံးမှိတ် တရားထိုင်နေသော ဓားအဖိုးအိုသည် မျက်လုံးဖွင့်လိုက်ကာ - “ဟုတ်ကဲ့ပါ ဆရာ” ဟု ဆိုလိုက်သည်။

ညီလာခံတစ်ခုလုံး အံ့အားသင့်သွားကြသည်။

“အရှင်မင်းကြီး... ဒါက လိုတာထက် ပိုများမနေဘူးလား”

“ အဆင့်မြင့် သိုင်းပညာရှင်တွေ ဒီလောက်တောင် အများကြီး စေလွှတ်ဖို့ လိုလို့လား”

“ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၉ ယောက်တင် မကဘူး၊ စီနီယာ ဓားအဖိုးအိုတောင် လှုပ်ရှားရမယ်ဆိုတော့”

လင်းပိုင်ဖန် ခေါင်းခါလိုက်ပြီး - “လုံးဝ မများဘူး၊ မဟာဖုန်းမင်းဆက် တစ်ခုတည်းက လှုပ်ရှားလာတာ ဆိုပေမဲ့ ပတ်ဝန်းကျင်က နိုင်ငံတွေအားလုံးက မဟာရှကို အဆီဝင်းနေတဲ့ အသားတစ်တုံးလို သဘောထားပြီး ဝိုင်းကြည့်နေကြတာ။ ငါတို့သာ သူတို့ကို မတားဆီးနိုင်ရင် ဒါမှမဟုတ် အားနည်းချက် ပြလိုက်ရင် သူတို့တွေ အခွင့်ကောင်းယူပြီး မဟာရှနယ်မြေကို ဝိုင်းပြီး ဖဲ့ယူကြလိမ့်မယ်”

“လက်သီးတစ်ချက်လောက်ကို ပြင်းပြင်းထိုးပြနိုင်မှ နောက်ကလိုက်လာမယ့် လက်သီးပေါင်း တစ်ရာကို တားနိုင်မှာ၊ ဒါကြောင့် ငါတို့ အစွမ်းကုန် ကြိုးစားရမယ်၊ သူများတွေကို အထင်သေးခွင့် မပေးရဘူး။ ဒီတိုက်ပွဲမှာ နိုင်ရုံတင်မကဘူး၊ ပြတ်ပြတ်သားသား နိုင်ပြပြီး သူတို့ကို ကြောက်လန့်သွားအောင် လုပ်ရမယ်”

အမတ်ကြီးများက ကြည်ညိုစွာ ဦးညွှတ်ကြသည် - “အရှင်မင်းကြီးရဲ့ အမျှော်အမြင် ကြီးမားလှပါတယ်”

ထိုသို့ဖြင့် မဟာရှ၏ ထိပ်တန်းပညာရှင် ထက်ဝက်ကျော်မှာ စစ်မြေပြင်သို့ ထွက်ခွာခဲ့ကြသည်။ တစ်လောကလုံးကလည်း ဤတိုက်ပွဲကို စောင့်ကြည့်နေကြသည်။

“မဟာဖုန်းက စစ်တပ်လွှတ်လိုက်ပြီ၊ မဟာရှရဲ့ ပါးစပ်ထဲက အသားကို လုယူတော့မယ်”

“အခုက မဟာရှရဲ့ အားအနည်းဆုံး အချိန်ပဲ၊ စစ်ပွဲတွေနဲ့ ပုန်ကန်မှုတွေကို နှိမ်နင်းနေရတာ။ မဟာဖုန်းရဲ့ အချိန်ကိုက်မှုက တကယ်ကို ကောင်းတယ်”

“မဟာဖုန်းရဲ့ အင်အားက မဟာရွှယ်ထက် မနိမ့်ဘူး၊ ကောင်းကင်အဆင့် သိုင်းပညာရှင် မရှိပေမဲ့ အင်ပါယာချီအဆင့် ၅ ယောက် ရှိတယ်။ မဟာရှအတွက် ဒီတစ်ခေါက်တော့ ခက်ခဲလိမ့်မယ်”

“ဒါပေမဲ့ မဟာရှကလည်း အားမနည်းဘူးနော်၊ သူတို့ရဲ့ စစ်ဗျူဟာ အခင်းအကျင်းက ကောင်းကင်အဆင့်ကိုတောင် သတ်နိုင်တယ်။ ပြီးတော့ နတ်ဓားကို ကိုင်ထားတဲ့ ဓားအဖိုးအိုကလည်း ကောင်းကင် အဆင့်နဲ့ အကွက်ပေါင်း တစ်ရာကျော် ယှဉ်တိုက်နိုင်တယ်”

“အမှန်ပဲ၊ ဒါပေမဲ့ မဟာဖုန်းက ရဲရဲဝံ့ဝံ့နဲ့ လာရဲတယ် ဆိုမှတော့ စစ်ဗျူဟာတွေကို တားဆီးဖို့ နည်းလမ်း ရှာထားလို့ပဲ ဖြစ်ရမယ်၊ ဓားအဖိုးအိုကလည်း အသက်ရှင်နေသေးတယ် ဆိုပေမဲ့ ဒဏ်ရာတွေက ပြင်းထန်လွန်းတော့ အစွမ်းသိပ်ပြနိုင်မှာ မဟုတ်ဘူး”

“မဟာရှတော့ နာပြီပဲ”

လူအများစု၏ သုံးသပ်ချက်မှာ မဟာရှအတွက် မသာယာလှချေ။ ထိုအချိန်တွင် ဖီးနစ်ခံတပ်ကို မဟာဖုန်းစစ်တပ်က လုံးဝ သိမ်းပိုက်ထားပြီး ဖြစ်သည်။ ထိုနေရာမှ တောင်ဘက်သို့ ကြည့်လျှင် အတားအဆီးမရှိသော လွင်ပြင်ကျယ်ကြီး ဖြစ်သဖြင့် မဟာရွှယ်နယ်မြေမှာ သူတို့လက်ထဲ ရောက်ရန် အချိန်ကို စောင့်ရုံသာ လိုတော့သည်။

ဤအချက်ကို တွေးမိတိုင်း မဟာဖုန်းမင်းသား ရုံကျန်းမှာ စိတ်လှုပ်ရှားလွန်း၍ အိပ်မပျော်နိုင်အောင် ဖြစ်နေခဲ့သည်။ နယ်မြေချဲ့ထွင်မည့် မဟာအောင်မြင်မှုကြီးမှာ သူ့လက်ထဲတွင် မကြာမီ ဖြစ်ပေါ်လာတော့မည် မဟုတ်ပါလား။

ထိုစဉ် စစ်သည်တစ်ဦး အပြေးအလွှား ရောက်လာခဲ့သည်။

“သတင်းပို့ပါတယ်! မဟာရှစစ်တပ်က စစ်သည် ၅ သိန်းကို ဦးဆောင်ပြီး နောက် ၃ ရက်မှာ ဖီးနစ်ခံတပ်ကို ရောက်လာပါတော့မယ်၊ ကောင်းကင်၊ မြေပြင်နဲ့ လူသားစစ်သူကြီးတို့ အပါအဝင် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၉ ယောက် ပါလာပါတယ်၊ ကျွန်တော်မျိုးတို့ရဲ့ သူလျှိုတွေရဲ့ အဆိုအရ မဟာရှက နတ်ဓားကို ကိုင်ဆောင်ထားတဲ့ ဓားအဖိုးအိုကိုပါ စေလွှတ်လိုက်တယ်လို့ သိရပါတယ်”

မင်းသား ရုံကျန်းက တည်ငြိမ်စွာ လက်ကာပြလိုက်ပြီး - “သိပြီ၊ သွားတော့” ဟု ဆိုလိုက်သည်။

ဘေးတွင် ရပ်နေသော ပညာရှိဝတ်စုံနှင့် လူလတ်ပိုင်းတစ်ဦးက နားမလည်နိုင်ဖြစ်ကာ မေးလိုက်သည် - “အရှင့်သား... မဟာရှက တိုက်ခိုက်လာပြီကို ဘာလို့ ဒီလောက် တည်ငြိမ်နေရတာလဲ”

“သူတို့ ပြန်တိုက်တာက ပုံမှန်ပဲလေ၊ ငါ ဒါကို စောင့်နေတာ၊ ငါ တည်ငြိမ်နေတာကလည်း ဒီတိုက်ပွဲမှာ ငါတို့ နိုင်မှာ သေချာနေလို့ပဲ၊ စိုးရိမ်နေစရာ မလိုဘူး” မင်းသား ရုံကျန်းက သူ၏ ရှေ့ရှိ စစ်သည်တစ်သန်းကို ညွှန်ပြကာ ယုံကြည်ချက်အပြည့်ဖြင့် ဆိုလိုက်သည် - “ကြည့်စမ်း... သူတို့မှာ ၅ သိန်းပဲ ရှိတာ၊ ငါတို့က တစ်သန်းရှိတယ်။ ဘယ်လိုလုပ် မနိုင်ဘဲ နေမှာလဲ”

လူလတ်ပိုင်းက သူ၏ စိုးရိမ်မှုကို ပြောပြသည် - “ဒါပေမဲ့ မဟာရှစစ်တပ်က နတ်ဘုရားနဲ့ မိစ္ဆာတွေကိုတောင် သတ်နိုင်တဲ့ စစ်ဗျူဟာတွေကို ကျွမ်းကျင်တယ်လို့ ကြားဖူးတယ်။ ကောင်းကင်အဆင့် ခွန်အားရှိတဲ့ မဟာရွှယ်ဧကရာဇ်တောင် သူတို့လက်ထဲမှာ ကျဆုံးခဲ့တာ။ ကျွန်တော်တို့မှာ စစ်သည် နှစ်ဆ ရှိပေမဲ့ သူတို့ကို တောင့်ခံနိုင်ပါ့မလားလို့ စိုးရိမ်မိပါတယ်”

“စိုးရိမ်စရာ မလိုပါဘူး” မင်းသား ရုံကျန်းက ပြုံး၍ - “သူတို့ရဲ့ စစ်ဗျူဟာက တကယ်ပဲ အားကောင်းပေမဲ့ အားနည်းချက်ကြီးတစ်ခု ရှိတယ်၊ အဲဒါက လူဦးရေ များလွန်းတဲ့အတွက် လိုက်လျောညီထွေစွာ လှုပ်ရှားဖို့ ခက်ခဲတာပဲ။ အဲဒါက ငါတို့အတွက် အခွင့်အရေးပဲ”

“ဒါကြောင့် သူတို့ စစ်ဗျူဟာ မခင်းကျင်းနိုင်ခင်မှာပဲ ငါတို့က သူတို့ရဲ့ အစီအစဉ်ကို ဖျက်ဆီးလိုက်ရင် သူတို့ရဲ့ ခြိမ်းခြောက်မှုက ပျောက်ကွယ်သွားလိမ့်မယ်၊ ဒါကို ငါတို့ လုပ်နိုင်မယ်လို့ ယုံကြည်တယ်”

“ဒါပေမဲ့ သူတို့မှာ ချီဖွဲ့တည်ခြင်းအဆင့် ၉ ယောက် ပါလာပါတယ်”

“မောင်မင်း သိပ်စိုးရိမ်လွန်းနေပြီ။ ငါတို့ဘက်မှာ ၁၂ ယောက် ရှိတယ်” မင်းသား ရုံကျန်းက ဝင့်ကြွားစွာ ရယ်မောလိုက်ကာ - “ခမည်းတော်က ဒီတိုက်ပွဲကို အလွန် အလေးထားတာကြောင့် အင်ပါယာချီအဆင့် သိုင်းပညာရှင် ၃ ယောက်တောင် စေလွှတ်ပေးထားတယ်။ ငါတို့ ဘယ်လိုလုပ် မနိုင်ဘဲ နေမှာလဲ”

“ဒါပေမဲ့ သူတို့မှာ ဓားအဖိုးအိုလည်း ပါလာသေးတယ်၊ အဲဒီ အဘိုးအိုက နတ်ဓားနဲ့ဆိုရင် ကောင်းကင်အဆင့်ကိုတောင်မှ ယှဉ်နိုင်တယ်။ ကျွန်တော်တို့ဘက်မှာ ကောင်းကင်အဆင့် မရှိတော့...”

“အဲဒါလည်း စိုးရိမ်စရာ မလိုပါဘူး” မင်းသား ရုံကျန်းက ဟားတိုက် ရယ်မောလိုက်ပြီး - “ ဓားအဖိုးအိုက တကယ်ပဲ စွမ်းတာ ငါလည်း ဝန်ခံပါတယ်။ သူသာ အကောင်းတိုင်းဆိုရင် ငါ တိုက်ရဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ မဟာရွှယ်ဧကရာဇ်နဲ့ တိုက်ပွဲမှာ သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တာလေ။ အရိုးတွေ အကုန်ကျိုးပြီး ကလီစာတွေတောင် ပျက်စီးသွားတာလို့ သိထားတယ်။ သူက အခုချက်ချင်း ဘယ်လိုလုပ် ပြန်ကောင်းနိုင်မှာလဲ၊ အရင်က သီသီလေး အသက်ရှင်ခဲ့တာဆိုတော့ အခုဆို အစွမ်းဘယ်လောက် ကျန်တော့မှာလဲ”

“သေတဲ့သူကို ပြန်ရှင်စေနိုင်ပြီး ကျိုးတဲ့အရိုးကို ပြန်ဆက်ပေးနိုင်တဲ့ နတ်ဆေးမျိုး မရှိရင်တော့ သူ ပြန်ကောင်းဖို့ မျှော်လင့်ချက် မရှိဘူး။ သူ နတ်ဓားကို ကိုင်ထားရင်တောင် ငါတို့ မကြောက်ဘူး၊ ဘာလို့လဲဆိုတော့ ငါတို့ရဲ့ အင်ပါယာချီအဆင့် ပညာရှင် ၃ ယောက်က ပူးပေါင်းတိုက်ခိုက်တဲ့ ပညာရပ်ကို သိထားကြတယ်။ သူတို့သုံးယောက် ပေါင်းရင် ကောင်းကင်အဆင့် တစ်ယောက်ကို သေချာပေါက် ယှဉ်နိုင်တယ်”

“ဒါကြောင့် ဒီတိုက်ပွဲမှာ ငါတို့ နိုင်ဖို့အတွက် ကံကြမ္မာ ပါလာပြီးသား”

“မဟာရွှယ်မင်းဆက်က နောက်ဆုံးမှာ ငါတို့လက်ထဲ ရောက်လာလိမ့်မယ်”

ထိုပညာရှိသည်လည်း စိတ်အေးသွားကာ ပြုံးလျက် - “ဒါဆိုရင်တော့ အရှင့်သား အောင်ပွဲခံနိုင်ပါစေလို့ ဆုတောင်းပါတယ်” ဟု ဆိုလိုက်သည်။

……

၃ ရက်အကြာတွင် မဟာရှစစ်တပ်သည် ဖီးနစ်ခံတပ်သို့ ရောက်ရှိလာခဲ့သည်။ နှစ်ဖက်စစ်တပ်သည် တစ်ဖက်နှင့်တစ်ဖက် ရင်ဆိုင်ထားကြပြီး အခြေအနေမှာ အလွန် တင်းမာလှသည်။ အင်အားစုများစွာကလည်း တိုက်ပွဲသတင်းကို ဦးဦးဖျားဖျား သိရှိနိုင်ရန် ကိုယ်စားလှယ်များ စေလွှတ်၍ စောင့်ကြည့်နေကြသည်။

“တိုက်ပွဲ စတော့မယ်! နောက်ဆုံးတော့ စတော့မယ်”

“ကြားသိရသလောက်တော့ မင်းသား ရုံကျန်းက ဒီတိုက်ပွဲအတွက် ပြင်ဆင်မှုတွေ အများကြီး လုပ်ထားတယ်၊ နိုင်ခြေက အများကြီးပဲ”

“ငါလည်း အဲဒီလိုပဲ ထင်တယ်၊ မဟာရှအတွက် အခြေအနေက တကယ်ကို ဆိုးရွားပုံရတယ်”

မင်းသား ရုံကျန်းက စစ်တပ်ကို ဦးဆောင်ကာ - “မင်းတို့ကို ငါ စောင့်နေတာ ကြာပြီ၊ ဒီတိုက်ပွဲအပြီးမှာ မဟာရွှယ်မင်းဆက်က ငါတို့ မဟာဖုန်းရဲ့ လက်ထဲကို ရောက်မှာ သေချာတယ်၊ မင်းတို့ မဟာရှနဲ့ ဘာမှ မဆိုင်တော့ဘူး” ဟု ကြွေးကြော်လိုက်သည်။

“ မောက်မာလှချည်းလား” ကောင်းကင်စစ်သူကြီးက မထီမဲ့မြင်စွာဖြင့် - “ငါတို့ စစ်အင်အား နည်းနေချိန်ကို အခွင့်ကောင်းယူပြီး တိုက်တာက လူယုတ်မာတွေရဲ့ လုပ်ရပ်ပဲ၊ မင်း အကွက် ၃၀၀ လောက် တရားမျှတစွာ ယှဉ်တိုက်ရဲလား”

“ငါ့မှာ အဲဒီလောက် အားယားနေတဲ့အချိန် မရှိဘူး။ စစ်မြေပြင်မှာတော့ အနိုင်ရဖို့က အဓိကပဲ။ ဘယ်လိုနည်းနဲ့ နိုင်နိုင် ငါဂရုမစိုက်ဘူး၊ ရလဒ်ကိုပဲ ငါဂရုစိုက်တယ်” ဟု မင်းသား ရုံကျန်းက ပြုံး၍ ဆိုလိုက်သည်။

“ပြောနေလို့လည်း အပိုပဲ၊ တိုက်ကြတာပေါ့”

မင်းသား ရုံကျန်းက ချက်ချင်းပင် အော်ဟစ်လိုက်သည် - “စစ်သည်အားလုံး နားထောင်ကြ၊ မင်းတို့ရဲ့ နားတွေကို အဝတ်စတွေနဲ့ ပိတ်ထားပြီး ငါ့ရဲ့ စစ်အလံနောက်ကို လိုက်ခဲ့ကြ”

“ဟုတ်ကဲ့” စစ်သည်များက ချက်ချင်းပင် အဝတ်စများဖြင့် နားကို ပိတ်လိုက်ကြသည်။

ကောင်းကင်စစ်သူကြီးမှာ အနည်းငယ် အံ့သြသွားပြီး - “မင်းက တကယ်ပဲ ပြင်ဆင်လာတာပဲ”

“ဒါပေါ့” မင်းသား ရုံကျန်းက ဝင့်ကြွားစွာ ဆိုလိုက်သည် - “စစ်မတိုက်ခင်ကတည်းက မင်းတို့အကြောင်းကို ငါ အသေးစိတ် စုံစမ်းပြီးသား၊ မင်းတို့ စစ်သူကြီးသုံးဦးက အသံနဲ့ လူတွေကို မြှူဆွယ်ဖျားယောင်းတဲ့ ပညာကို ကျွမ်းကျင်တယ်ဆိုတာ ငါသိတာပေါ့၊ ဒါကြောင့် အရင်က အမှားမျိုး ထပ်မဖြစ်အောင် ငါက ပြင်ဆင်လာခဲ့တာ”

စောင့်ကြည့်နေသူများကလည်း အံ့သြစွာ ချီးကျူးလိုက်ကြသည်။

“မင်းသား ရုံကျန်းက တကယ်ကို ပြင်ဆင်လာတာပဲ၊ ဒါကိုတောင် တွေးမိသေးတယ်”

“ဒီတော့ မဟာဖုန်း နိုင်ဖို့က ပိုသေချာသွားပြီပေါ့”

“မဟာရှတော့ ဒီတစ်ခါ မလွယ်တော့ဘူး ထင်တယ်”

“ဒါတွေက အလကားပဲ” ကောင်းကင်စစ်သူကြီးက အထင်အမြင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။

အရင်ကဆိုလျှင် သူ့အနေဖြင့် ဤသို့သော အခြေအနေမျိုးတွင် တုန်လှုပ်ကောင်း တုန်လှုပ်မိလိမ့်မည်။ သို့သော် အခုမူ မဟာရှစစ်တက္ကသိုလ်တွင် လေ့ကျင့်သင်ကြားထားသဖြင့် သူသည် တည်ငြိမ်သော စစ်သူကြီးကြီး တစ်ဦးကဲ့သို့ ဖြစ်နေပြီဖြစ်သည်။ ထို့အပြင် သူ၏ အစီအစဉ်ကိုလည်း မထုတ်ရသေးချေ။

ထိုအချိန်တွင် ကောင်းကင်နှင့် မြေပြင်စစ်သူကြီးတို့က စည်တီးလိုက်ကြသည်။ မင်းသား ရုံကျန်းက ရန်သူ ဘာလုပ်မည်ကို မသိသော်လည်း အန္တရာယ်ရှိသည်ဟု ခံစားမိသဖြင့် ချက်ချင်း အော်ဟစ်လိုက်သည် - “သူရဲကောင်းတို့၊ ချက်ချင်း တိုက်ကြ၊ သူတို့ စစ်ဗျူဟာ မခင်းကျင်းနိုင်ခင်မှာပဲ အပိုင်းပိုင်း ဖြတ်ပစ်လိုက်ကြ”

“ဝှစ်... ဝှစ်”

မဟာရှစစ်တပ်၏ အရပ်မျက်နှာ အသီးသီးမှ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် အများအပြားသည် စစ်တပ်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်။ မင်းသား ရုံကျန်းဘက်မှလည်း သိုင်းပညာရှင်များစွာ ထွက်ပေါ်လာကာ ရန်သူ့တပ်ထဲသို့ တိုးဝင်ကြသည်။

ကောင်းကင်စစ်သူကြီး၏ အမိန့်ပင် မလိုပဲ မဟာရှမှ သိုင်းပညာရှင်များကလည်း လှုပ်ရှားလိုက်ကြသည်။ တစ်ဦးကို တစ်ဦး ကြားဖြတ်ကာ တားဆီးလိုက်ကြသည်။ သို့သော် မဟာရှဘက်မှ ချီဖွဲ့တည်ခြင်းအဆင့် ၉ ယောက်သာ ပါလာပြီး မဟာဖုန်းဘက်တွင် ၁၂ ယောက် ရှိနေသဖြင့် သူတို့ကို လုံးဝ တားဆီးနိုင်ခြင်း မရှိခဲ့ချေ။

All Chapters