← Chapters

အခန်း (၂၆၉)

Vol. 24 Ch. 269

အခန်း (၂၆၉)

Vol. 24 Ch. 269

အပိုင်း (၂၆၉)

ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ စောင့်ကြည့်နေသူများမှာ တစ်ဖန် သက်ပြင်းချလိုက်ကြပြန်သည်။

“မင်းသားရုံကျန်းက တကယ်ကို အကွက်စေ့စေ့ ပြင်ဆင်လာတာပဲ၊ အင်ပါယာချီအဆင့် သိုင်းပညာရှင် ၃ ယောက်တောင် ပါလာတယ်”

“အဲဒီ ၃ ယောက်ကို ငါသိတယ်၊ သူတို့က မဟာဖုန်းမင်းဆက်ရဲ့ ထောက်တိုင်တွေပဲ။ သူတို့ သုံးယောက် ပေါင်းလိုက်ရင် ကောင်းကင်အဆင့် တစ်ယောက်ကိုတောင် ယှဉ်နိုင်တယ်”

“မဟာရှတော့ သွားပြီပဲ”

မဟာဖုန်းမှ သိုင်းပညာရှင်များ မဟာရှစစ်တပ်ထံသို့ ရောက်ခါနီးအချိန်တွင်ပင် စစ်တပ်အတွင်းမှ ကြီးမားသော မီးတိမ်တိုက်ကြီးတစ်ခု ဝုန်းခနဲ ထွက်ပေါ်လာပြီး ထိုသူ ၃ ဦးကို နောက်သို့ လွင့်စင်သွားစေသည်။

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည် - “အဲဒါ ဓားအဖိုးအိုပဲ၊ မဟာရှရဲ့ ဓားအဖိုးအို လှုပ်ရှားလိုက်ပြီ”

အမှန်ပင်... ဝတ်စုံနက်ကို ဝတ်ဆင်ထားပြီး နတ်ဓားကို ကိုင်ဆောင်ထားသော ဓားအဖိုးအိုသည် စစ်တပ်အတွင်းမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

စောင့်ကြည့်နေသူများ၏ မျက်လုံးများမှာ စိတ်ဝင်တစား တောက်ပသွားကြသည်။ သူတို့ ဒီကိုလာရသည့် အဓိက အကြောင်းရင်းမှာ ဓားအဖိုးအို၏ အခြေအနေကို လာရောက်အကဲခတ်ရန် ဖြစ်သည်။ သူ၏ ဒဏ်ရာက ဘယ်လောက် ပြင်းထန်သလဲ၊ ခွန်အား ဘယ်လောက် ကျန်သေးလဲ၊ နောက်ထပ် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မလဲ ဆိုသည်ကို ခန့်မှန်းရန်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မဟာရှ တစ်နိုင်ငံလုံးတွင် သူတို့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ ဓားအဖိုးအို သာ ဖြစ်ပြီး၊ ကောင်းကင်အဆင့် သိုင်းပညာရှင်မရှိဘဲ မည်သူမျှ သူ့ကို မယှဉ်နိုင်သောကြောင့် ဖြစ်သည်။

အကယ်၍ ဓားအဖိုးအိုသာ ကျဆုံးသွားခဲ့လျှင် မဟာရှနိုင်ငံသည် အစွယ်ကျိုးသွားသော ကျားတစ်ကောင်ကဲ့သို့ ဖြစ်သွားမည်ဖြစ်ပြီး သူတို့ စိတ်ကြိုက် သတ်ဖြတ်နိုင်ပေလိမ့်မည်။

“မင်းတို့ရဲ့ ပြိုင်ဘက်က ငါပဲ” ဓားအဖိုးအို က ထိုအင်ပါယာချီ အဆင့်ရှိသူ ၃ ဦးကို ရင်ဆိုင်ရင်း တည်ကြည်စွာ ပြောလိုက်သည်။

“ ဓားအဖိုးအို ဟုတ်လား? မင်းရဲ့ အိုမင်းမစွမ်းတဲ့ ရုပ်ကိုလည်း ကြည့်ဦး၊ မဟာရွှယ်ဧကရာဇ်ရဲ့ လက်ချက်နဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာ မဟုတ်လား။ ခွန်အားက ဘယ်လောက်ကျန်ဦးမှာမို့လို့လဲ၊ မင်းက ငါတို့ကို နိုင်မယ်လို့ ထင်နေတာလား” ဟု အင်ပါယာချီအဆင့် သိုင်းပညာရှင်တစ်ဦးက လှောင်ပြောင်လိုက်သည်။

“ခွန်အားဘယ်လောက် ကျန်သေးလဲဆိုတာက... မင်းတို့ကို သတ်ဖို့တော့ လောက်ငပါသေးတယ်” ဟု ဓားအဖိုးအိုက အေးဆေးစွာ ပြန်ဖြေလိုက်သည်။

“ မောက်မာလှချေလား၊ ဒီနေ့တော့ အသေအကြေ တိုက်ကြတာပေါ့။ မင်းရဲ့ ခေါင်းကိုဖြတ်၊ နတ်ဓားကို သိမ်းယူပြီး ငါတို့ နာမည်ကျော်အောင် လုပ်ပြမယ်”

ထို ၃ ဦးမှာ “ ဓားအဖိုးအို ... မင်းရဲ့ အသက်ကို ပေးလိုက်တော့” ဟု အော်ဟစ်ကာ ဒေါသတကြီး ပြန်လည် တိုက်ခိုက်လာကြသည်။

ဓားအဖိုးအိုကလည်း နတ်ဓားကို မြှောက်ကာ ထိုသူ ၃ ဦးနှင့် ယှဉ်ပြိုင်တိုက်ခိုက်တော့သည်။ အကွက်ပေါင်း ၃၀ ပင် မပြည့်သေးခင်မှာပင် သူတို့၏ ပူးပေါင်းတိုက်ကွက်ကို ဖျက်ဆီးလိုက်ပြီး ၃ ဦးစလုံးကို ဒဏ်ရာရရှိစေခဲ့သည်။

နောက်ထပ် အကွက် ၃၀ အကြာတွင် တစ်ဦးမှာ ဒဏ်ရာ အပြင်းအထန် ရသွားခဲ့သည်။ နောက်ထပ် အကွက် ၃၀ အကြာတွင် နောက်ထပ် တစ်ဦးမှာလည်း ဒဏ်ရာ အပြင်းအထန် ရသွားခဲ့ပြန်သည်။

စောင့်ကြည့်နေသူများမှာ အံ့သြကုန်ကြသည်။

“ဘယ်လိုဖြစ်ပြီး ဓားအဖိုးအိုက ဒီလောက်အထိ တိုက်နိုင်နေရတာလဲ၊ ရန်သူအားလုံးကိုတောင် အနိုင်ယူတော့မယ့် အခြေအနေပဲ။ ဒါ မဖြစ်နိုင်ဘူး”

“မဖြစ်နိုင်တာ၊ အရင်က မဟာရွှယ်ဧကရာဇ်နဲ့ တိုက်တုန်းက သူက အသက်ရှူရုံလေးပဲ ကျန်တော့တာလေ။ မသေတာကိုပဲ ကံကောင်းလှပြီ၊ အခု ဘယ်လိုလုပ် ပြန်ကောင်းလာပြီး ဒီလောက် ကြောက်စရာကောင်းတဲ့ ခွန်အားတွေကို ထိန်းထားနိုင်ရတာလဲ”

“ပြန်ကောင်းလာတယ် ဆိုဦးတော့၊ ဒီလောက် မြန်မြန်ဆန်ဆန်ကြီးတော့ မဖြစ်နိုင်ဘူးလေ”

မင်းသားရုံကျန်းမှာ စတင် ထိတ်လန့်လာပြီဖြစ်သည်။ အကယ်၍ ဓားအဖိုးအိုသာ တကယ် ပြန်ကောင်းနေပြီ ဆိုလျှင် ဤတိုက်ပွဲမှာ ရှုံးနိမ့်ဖို့ သေချာနေပြီ မဟုတ်ပါလား။ သူရှုံးသွားခဲ့လျှင် ဧကရာဇ်ခမည်းတော်ကို ဘယ်လို မျက်နှာပြရမည်နည်း။ မျက်နှာပြဖို့ နေနေသာသာ၊ သူ၏ အသက်ကိုရော ကာကွယ်နိုင်ပါ့မလားဆိုသည်မှာ သံသယဖြစ်စရာပင်။

လူတိုင်းက ဓားအဖိုးအိုကို အနီးကပ် စောင့်ကြည့်နေကြပြီး နောက်ဆုံးတွင် တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိလိုက်ကြသည်။ ဓားအဖိုးအိုသည် တိုက်ခိုက်နိုင်နေသေးသည်မှာ မှန်သော်လည်း သူ၏ ခွန်အားမှာ ထိုနေ့ကနှင့် ယှဉ်လျှင် အနည်းဆုံး ၃၀ ရာခိုင်နှုန်းခန့် လျော့နည်းနေသည်ကို တွေ့လိုက်ရသည်။

ထို့အပြင် သူ၏ မျက်နှာအမူအရာမှာလည်း တစ်စတစ်စ ဆိုးရွားလာသည်။ မူလက နည်းနည်း ရွှန်းစိုနေသော မျက်နှာမှာ အကွက် ၃၀ အကြာတွင် ဖြူဖျော့သွားသည်။ နောက်ထပ် အကွက် ၃၀ အကြာတွင် ပြာနှမ်းသွားသည်။ နောက်ထပ် အကွက် ၃၀ ကျော်သွားသောအခါ ဓားအဖိုးအိုသည် ရုတ်တရက် မျက်လုံးမှိတ်သွားပြီး သွေးတစ်လုပ် ထွေးထုတ်လိုက်ရသည်။

ချက်ချင်းပင် သူ၏ ကိုယ်ရောင်ကိုယ်ဝါမှာ နေဝင်ချိန် အဘိုးအိုတစ်ဦးကဲ့သို့ လုံးဝ ကျဆင်းသွားတော့သည်။

“အမ်… ငါ အခုမှ နားလည်တော့တယ်”

“ ဓားအဖိုးအိုက တားမြစ်ထားတဲ့ လျှို့ဝှက်ပညာတစ်ခုခုကို သုံးလိုက်တာ ဒါမှမဟုတ် သူ့ရဲ့ ခွန်အားကို ခေတ္တ တိုးမြှင့်ပေးမယ့် ဆေးတစ်ခုခုကို သောက်ထားတာ ဖြစ်ရမယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်က ဒဏ်မခံနိုင်တော့လို့ အကွက်ပေါင်း ဒါလောက်မှာတင် သူ့ရဲ့ အခြေအနေအစစ်အမှန်က ပေါ်လာတာပဲ”

“ဒါ တကယ်ပဲ ဖြစ်နိုင်တယ်။ ဘယ်သူမှ ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာကနေ ဒီလောက်မြန်မြန် မပြန်ကောင်းနိုင်ဘူး”

“ ဓားအဖိုးအိုတော့ တကယ်ပဲ သွားပြီ၊ သူ အဆုံးသတ်တော့မှာပဲ”

“ငါ ခုနက စိုးရိမ်နေတာတွေက အလကားပဲ၊ ဟားဟား..”

စောင့်ကြည့်နေသူများမှာ စိတ်လှုပ်ရှားလာကြသည်။ မင်းသားရုံကျန်းက အခွင့်အရေးကို မြင်လိုက်သဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည် - “သူရဲကောင်းတို့၊ ဓားအဖိုးအိုက တားမြစ်ပညာကို သုံးထားလို့ အခုဆို ဘာမှ မလုပ်နိုင်တော့ဘူး။ ဒါ ကောင်းကင်က ပေးတဲ့ အခွင့်အရေးပဲ၊ မြန်မြန် တိုက်ပြီး သူ့ကို သတ်ကြတော့။ မဟုတ်ရင် သူ ထွက်ပြေးသွားရင် အခွင့်အရေး မရှိတော့ဘူး”

ဤစကားကို ကြားသောအခါ လူအတော်များများ စိတ်လှုပ်ရှားသွားကြသည်။ ယခုအချိန်သည် ဓားအဖိုးအိုကို သတ်ရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။ သူသာ မရှိတော့လျှင် မဟာရှနိုင်ငံ၏ အကြီးမားဆုံး ခြိမ်းခြောက်မှု ပျောက်ကွယ်သွားပေလိမ့်မည်။ ထိုအခါ သူတို့နိုင်ငံ အသီးသီးမှ စစ်တပ်များက ကျူးကျော်ဝင်ရောက်ကာ မဟာရှ၏ မြေဆီလွှာကောင်းသော နယ်မြေများကို ခွဲဝေယူနိုင်ကြမည် ဖြစ်သည်။

အားလုံးထက် အရေးကြီးသည်မှာ သူ၏လက်ထဲမှ နတ်ဓားပင်။ ဤနတ်ဓားကို ရရှိသူသည် သူ၏ ခွန်အားကို အဆပေါင်းများစွာ တိုးတက်စေမည် ဖြစ်သည်။ အကယ်၍ အင်ပါယာချီအဆင့် သိုင်းပညာရှင်တစ်ဦးက ဤ 'ရွှမ်ရှောင်' နတ်ဓားကို ကိုင်ဆောင်နိုင်ပါက ကောင်းကင်အဆင့် ပညာရှင်တစ်ဦးကိုပင် ယှဉ်နိုင်ပေလိမ့်မည်။

ဆွဲဆောင်မှုက ကြီးမားလွန်းသဖြင့် သူတို့သည် မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ဒေါသတကြီး ပြေးထွက်လာခဲ့ကြသည်။

“နတ်ဓားကို လုယူကြ၊ ဓားအဖိုးအိုကို သတ်ကြ”

“လာစမ်း ဓားအဖိုးအို ... မင်းရဲ့ နတ်ဓားက အခု ငါ့အပိုင်ပဲ”

“ဒီနေရာက မင်းရဲ့ သင်္ချိုင်းကုန်း ဖြစ်စေရမယ်”

ဓားအဖိုးအိုက ထိုလောဘသား အုပ်စုကို ကြည့်ကာ နှုတ်ခမ်းထောင့်မှ သွေးစများကို သုတ်လိုက်ရင်း ရယ်မောလိုက်သည်။

“ဟား….မင်းတို့ကို ငါ စောင့်နေတာ ကြာပြီ”

သူသည် ကျောကို မတ်လိုက်ရာ သူ၏ မျက်နှာမှာလည်း ချက်ချင်းပင် အရောင်အသွေး ပြန်လည်ကောင်းမွန်လာပြီး သူ၏ အရှိန်အဝါမှာလည်း ယခင်ကထက်ပင် ပိုမို အစွမ်းထက်လာခဲ့သည်။ ထို့နောက် သူသည် ခွန်အားအပြည့်ဖြင့် ဓားကို ဝှေ့ယမ်းလိုက်သည်။

“ဖြတ်စမ်း”

ကြီးမားပြီး ထိတ်လန့်ဖွယ်ကောင်းသော မီးလျှံလှိုင်းကြီးမှာ အရပ်မျက်နှာ အသီးသီးသို့ လွင့်စင်သွားတော့သည်။ ထိုမီးလျှံများအောက်တွင် ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင် တစ်ဆယ်ကျော်မှာ ပြာအဖြစ် ပြောင်းလဲသွားကြရသည်။

ထို့နောက် သူက နောက်ထပ် ဓားတစ်ချက် ထပ်မံ ခုတ်လိုက်ပြန်သည်။

“ဝှစ်…”

နောက်ထပ် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် တစ်ဆယ်ကျော်မှာလည်း ပျောက်ကွယ်သွားရပြန်သည်။ လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်ကာ ကျောက်ရုပ်များကဲ့သို့ ဖြစ်သွားကြရသည်။

“ဘုရားရေ.. ဓားအဖိုးအိုက ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ ကြောက်စရာကောင်းသွားရတာလဲ”

“သူက အရင်ကထက်တောင် ပိုပြီး ကြောက်စရာ ကောင်းနေသလိုပဲ”

“ဓားတစ်ချက်တည်းနဲ့တင် ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင် ဆယ်ယောက်ကျော်ကို သတ်လိုက်တာလား။ သာမန် ကောင်းကင်အဆင့် သိုင်းပညာရှင်တောင် ဒီလောက် အစွမ်းမရှိဘူး”

“ငါ အခုမှ သိပြီ၊ ဒီမြေခွေးအိုကြီး။ သူက ငါတို့ကို အစကတည်းက စောင့်ပြီး ထောင်ချောက်ဆင်နေတာပဲ၊ ငါတို့က အမိခံလိုက်ရတာပဲ”

“ပြေးကြဟေ့၊ ဓားအဖိုးအိုက ဘာဒဏ်ရာမှ မရထားဘူး”

“ငါတို့အားလုံး အရူးလုပ်ခံလိုက်ရပြီ”

သူတို့သည် စိတ်လှုပ်ရှားစွာဖြင့် ရောက်ရှိလာခဲ့ကြသော်လည်း ယခုမူ အသက်လုကာ ထွက်ပြေးနေကြရသည်။ ဓားအဖိုးအိုကတော့ နတ်ဓားကို ကိုင်ဆောင်ကာ နောက်မှ လိုက်လံ သတ်ဖြတ်လေတော့သည်။

မဟာဖုန်းမှ အင်ပါယာချီအဆင့် သိုင်းပညာရှင် ၃ ဦးမှာလည်း အတူတကွ ပူးပေါင်းခုခံသော်လည်း ဓားတစ်ချက်တည်းကိုပင် မတောင့်ခံနိုင်ခဲ့ကြချေ။ မဟာဖုန်းမှ သိုင်းပညာရှင် ထက်ဝက်ကျော်မှာလည်း ထိုနေရာမှာတင် ကျန်ရစ်ခဲ့ကြရသည်။

အခြေအနေ မဟန်တော့သည်ကို မြင်သောအခါ မင်းသားရုံကျန်းသည် စောစောစီးစီးပင် ထွက်ပြေးသွားတော့သည်။ ထို့နောက်တွင် စစ်သူကြီး ညီအစ်ကို သုံးဦးတို့သည် သူတို့၏ ပညာရပ်များကို သုံး၍ မဟာဖုန်းစစ်သည်များကို ဖမ်းဆီးကာ ဖီးနစ်ခံတပ်ကို သိမ်းပိုက်လိုက်ကြပြီး အပြတ်အသတ် အောင်ပွဲခံလိုက်ကြလေသည်။

ကောင်းကင်စစ်သူကြီးက လေးနက်စွာဖြင့် ကြွေးကြော်လိုက်သည် - “မဟာဖုန်းမင်းဆက်ဟာ ငါတို့ရဲ့ စစ်တပ် အားနည်းနေချိန်ကို အခွင့်ကောင်းယူပြီး နယ်မြေကို လုဖို့ ကြံစည်တယ်၊ ဒါဟာ ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုပဲ။ အရှင်မင်းကြီးရဲ့ အမိန့်တော်အတိုင်း... ဖီးနစ်တောင်တန်းကို ဖြတ်ကျော်ပြီး မဟာဖုန်းကို အပြစ်ပေးကြစို့”

“ဖီးနစ်တောင်တန်းကို ဖြတ်ကျော်ပြီး မဟာဖုန်းကို အပြစ်ပေးကြစို့” ဟု လူတိုင်းက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။

ထို့နောက်တွင် မဟာရှ၏ စစ်သည် ၅ သိန်းမှာ မဟာဖုန်းအင်ပါယာအတွင်းသို့ အင်တိုက်အားတိုက် ချီတက်ဝင်ရောက်သွားကြလေတော့သည်။

All Chapters