မိစ္ဆာအမြုတေ၊ ပြင်းထန်သော တိုက်ပွဲ၊ ဝံပုလွေဖေဖေ၏ ကံတရားနှင့် မှင်သက်သွားသော ဧကရီနှစ်ပါး
Vol. 3 Ch. 22
မြို့ရိုးအပြင်ဘက်မှ တိုက်ခိုက်သံများမှာ နားစည်ကွဲလုမတတ် ဆူညံနေခဲ့သည်။
တောခွေးများ၏ ရူးသွပ်သော ဟိန်းဟောက်သံများနှင့် နှင်းဝံပုလွေတို့၏ ဒေါသတကြီး ဟိန်းသံများက လေထုထဲတွင် ရောယှက်နေပြီး လက်သည်းများဖြင့် အသားကိုဆွဲဖြဲသံ ၊ နာကျင်စွာ အော်ဟစ်သံများမှာ မပြတ်တမ်း ထွက်ပေါ်နေခဲ့သည်။
သစ်သားတံတိုင်းပေါ်တွင်လည်း ပြင်းထန်သော တိုက်ပွဲ၏ သက်သေအဖြစ် လက်သည်းရာအနက်ကြီးများ ထင်ကျန်နေလျက်ရှိသည်။
သစ်ပင်အိမ်အတွင်းတွင်မူ ရှောင်လန်နှင့် ရှောင်ယင်းတို့၏ မျက်နှာကလေးများမှာ ဖြူလျော့နေကြသည်။ သူတို့သည် ထိုအံ့အားသင့်ဖွယ် စိတ်ချင်းဆက်သွယ်မှုကိုထိန်းသိမ်းရန် အစွမ်းကုန်ကြိုးစားအားထုတ်နေကြရပြီး သူတို့၏ခိုင်မာသော စိတ်ဆန္ဒများကို မျိုးတူပဲ့တင်ထပ်သံ ကွန်ရက်အတွင်းသို့ အဆက်မပြတ် လောင်းထည့်နေကြသည်။ သို့သော် သူတို့၏ ကလေးခန္ဓာကိုယ်နှင့် အားနည်းလွန်းသော ဝိညာဉ်စွမ်းအင်က များပြားလွန်းသော စွမ်းအင်ကုန်ခမ်းမှုကို ကြာရှည်စွာ တောင့်မခံနိုင်သေးချေ။
“ဝိညာဉ်စွမ်းအင် ကုန်တာမြန်လွန်းတယ်... ဆက်ထိန်းမထားနိုင်တော့ဘူး... ကုန်တော့မယ်...” ရှောင်လန်မှာ ပြင်းထန်သော အားအင်ကုန်ခန်းမှုကို ခံစားလိုက်ရပြီး သတိလွှတ်လာကာ အမြင်များ စတင်ဝေဝါးလာတော့သည်။
ရှောင်ယင်းသည်လည်း ရှောင်လန်၏အခြေအနေနှင့် သိပ်မကွာပေ“မရတော့ဘူး... ငါ တောင့်ခံမထားနိုင်တော့ဘူး... ဒီခန္ဓာကိုယ်က... ငါ့ကို အရမ်း ချုပ်ချယ်လွန်းတယ်...” သူမသည် မကျေမနပ်ဖြင့် တစ်လုံးချင်း ရေရွတ်နေခဲ့သည်။
ဝိညာဉ်စွမ်းအင်များ လုံးဝဥဿုံ ကုန်ခမ်းသွားသောကြောင့် ထိုထူးခြားသော စိတ်ချင်းဆက်သွယ်မှုမှာ ရုတ်ချည်း ပြတ်တောက်သွားတော့သည်။
ဒီရေကဲ့သို့ တိုးဝင်လာသော အားနည်းသည့်ခံစားချက်ကြီးမှာ သူတို့အား လွှမ်းမိုးသွားပြီး အသက်ရှူရန်ပင် အားမရှိတော့သကဲ့သို့ ခံစားလိုက်ရသည်။
“အီး... ယား...” “အား...”
ကလေးငယ်နှစ်ဦးမှာ တိရစ္ဆာန်သားရေဖျာပေါ်တွင် ပျော့ခွေကျသွားကြလေတော့သည်။
စွမ်းအင် အလွန်အမင်းကုန်ခမ်းသွားမှုကြောင့် ခန္ဓာကိုယ်၏ အခြေခံအကျဆုံး ဗီဇဖြစ်သော အလွန်အမင်း ဆာလောင်မှုမှာလည်း မီးတောင်ပေါက်ကွဲသကဲ့သို့ ပေါ်ထွက်လာတော့သည် ။
‘ဖေဖေ... ဗိုက်ဆာတယ်’
တိုက်ပွဲထဲတွင် အာရုံစိုက်နေပြီး မျိုးတူပဲ့တင်ထပ်သံမှတစ်ဆင့် အုပ်စုဝင်များအား စီမံနေသော လင်းထျန်းလုံသည် ရုတ်တရက် ရပ်တန့်သွားလေသည်။ သူ၏ ရေခဲပြာရောင် မျက်ဝန်းများထဲတွင် စိုးရိမ်မှုနှင့် ဝေခွဲမရမှုတို့ ဖြတ်ပြေးသွား၏။
သံယောဇဉ်ချင်း ဆက်သွယ်မှုမှတစ်ဆင့် သူ့သမီးငယ်နှစ်ဦး အလွန်အမင်း အားနည်းသွားသည်ကို သိလိုက်ရသဖြင့် သူ၏နှလုံးသားမှာ နာကျင်သွားရသည်။
‘ဘာဖြစ်သွားတာလဲဟ၊ ခုနလေးကတင် အဆင်ပြေနေသေးတာကို... ဘာလို့ရုတ်တရက်ကြီး ဒီလောက်အားနည်းသွားရတာလဲ၊ ဝိညာဉ်အသီးရဲ့ စွမ်းအင်တွေက ဒီလောက် မြန်မြန် ကုန်သွားတယ်တဲ့လား’
တိုက်ပွဲမှာ အကျပ်အတည်းအတွင်း ကျရောက်နေသဖြင့် သူအကြာကြီး မစဉ်းစားနိုင်ချေ။
သူဟိန်းဟောက်၍ အမိန့်ပေးလိုက်ရာ သစ်ပင်အိမ်အနီးတွင် ကင်းစောင့်နေသော ဝံပုလွေမနှစ်ကောင်က အခန်းထဲသို့ အပြေးဝင်သွားပြီး အားနည်းနေသော ကလေးငယ်နှစ်ဦးကို နို့တိုက်ကျွေးကာ စောင့်ရှောက်ပေးနေကြသည်။
‘တောက်စ်... ဒီအချိန်ကြမှ ဘာလို့ထဖြစ်ရတာလဲ...’ လင်းထျန်းလုံမှာ ကလေးငယ်နှစ်ဦးကို စိတ်ပူနေသော်လည်း စစ်မြေပြင်မှ အကြည့်တစ်ချက်မလွှဲရဲပေ။
ကောက်ကျစ်လွန်းသော တောခွေးခေါင်းဆောင်မှာ လျှောခနဲ ထွက်သွားတတ်သည့် ငါးရှဉ့်ကဲ့သို့ပင်။
အသေခံ တပ်သားများကိုသာ ရှေ့တန်းတက်ခိုင်းနေပြီး သူကိုယ်တိုင်မှာမူ နောက်ကွယ်မှနေ၍သာ အမိန့်ပေးနေခြင်း ဖြစ်သည်။
ထိုစဉ် တိုက်ပွဲအတွင်း အဆုံးအဖြတ်အလှည့်အပြောင်းတစ်ခု ပေါ်လာခဲ့သည်။
စစ်မြေပြင်၏ အစွန်အဖျားတွင် သွေးအေးလူသတ်သမားတစ်ယောက်အလား အခွင့်အရေးကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေသော ရန့်မြဲ့သည် နောက်ဆုံးတွင် လှုပ်ရှားလိုက်ပြီပဲ ဖြစ်သည်။
သူသည် တောခွေးခေါင်းဆောင် မာန်တက်သွားသော အခိုက်အတန့်လေးတွင် ဟာကွက်တစ်ခုကို ရှာဖွေတွေ့ရှိသွားပြီး မြေပြင်နှင့်ကပ်လျက် ငွေရောင်လျှပ်စီးတစ်ခုအလား ရန်သူ၏ နံဘေးသို့ တိတ်တဆိတ် ချဉ်းကပ်လိုက်သည်။
တောခွေးခေါင်းဆောင်မှာ သူ၏ဗျူဟာများ အောင်မြင်နေသည်ဟု ထင်မှတ်ကာ အောင်ပွဲခံ ဟိန်းဟောက်နေခဲ့ပြီး သေမင်း၏ အအေးဓာတ်က ကျရောက်လာသည်ကိုတော့ မသိလိုက်ချေ။
သူ၏ နောက်ခြေထောက်များနှင့် ခါး ပတ်ဝန်းကျင်တွင် အလွန်အမင်းအေးစိမ့်သော စွမ်းအားတစ်ခု ရုတ်ချည်း ရစ်ပတ်လာသည်ကိုသာ ခံစားလိုက်ရသည်။
“အားဝူး...” ရန့်မြဲ့၏ အေးခဲဟိန်းသံမှာ ထိုအချိန်တွင် အပြည့်အ၀ ပေါက်ကွဲထွက်လာခဲ့သည်။
သူသည် ဤတစ်ကြိမ်တွင် အေးခဲဟိန်းသံ၏စွမ်းအားကို နေရာအနှံ့အပြားသို့ မထုတ်လွှတ်လိုက်ဘဲ ရန်သူ၏လှုပ်ရှားမှုကို ထိန်းချုပ်ရန်အတွက် တစ်နေရာတည်းသို့သာ စုစည်းထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။
အကျိုးသက်ရောက်မှုမှာလည်း သိသာလွန်းလေသည်။
တောခွေးခေါင်းဆောင်၏ လှုပ်ရှားမှုများမှာ ရွှံ့ဗွက်အိုင်ထဲတွင် ပိတ်မိသွားသကဲ့သို့ ဖြစ်သွားပြီး လှုပ်ရှားရန် အလွန်ခက်ခဲသွားတော့သည်။
‘အခုပဲ’
လင်းထျန်းလုံနှင့် ရန့်မြဲ့တို့ကြားက အချိတ်အဆက်မှာ ပြောစရာမလိုလောက်အောင်ပင် ပြည့်စုံနေခဲ့သည်။ လင်ထျန်းလုံသည် ဤရွှေရောင် အခွင့်အရေးကို လက်လွှတ်ခံမည့်သူ မဟုတ်ပေ။
သူ၏ အရှိန်မြှင့်တင်ခြင်း ပင်ကိုစွမ်းရည်မှာ အစွမ်းကုန် ပေါက်ကွဲထွက်လာပြီး ငွေရောင်ဥက္ကာခဲတစ်ခုအလား ခုန်အုပ်လိုက်သည်။
ဝိညာဉ်ကိုပင် အေးခဲသွားစေနိုင်လောက်သည့် ရေခဲပြာရောင် အလင်းတန်းတစ်ခု သူ၏ဓားလက်သည်းပေါ်တွင် လက်ခနဲပေါ်လာပြီး အေးခဲဟိန်းသံကြောင့် တောင့်တင်းနေသော တောခွေးခေါင်းဆောင်၏ လည်ပင်းကို တိတိကျကျ ခုတ်ဖြတ်လိုက်တော့သည်။
“ဂျွတ်...” ရေခဲပဲ့သွားသကဲ့သို့ သွားကျိန်းချင်စရာ အသံကြီးမှာ ဝံပုလွေတိုင်း၏ နားထဲသို့ ရှင်းရှင်းလင်းလင်း တိုး၀င်သွားခဲ့သည်။
တောခွေးခေါင်းဆောင်၏ မျက်နှာတွင်တော့ အောင်ပွဲခံနေသည့်အမူအရာနှင့် ထိတ်လန့်နေသည့်အမူအရာတို့ ရောယှက်လျက်ပင်။
သူ၏ ခေါင်းကြီးမှာ သွေးများပန်းထွက်လျက် မြေပြင်ပေါ်သို့ လွင့်စင်သွားပြီး ကိုယ်ထည်ကြီးမှာလည်း လဲကျသွားတော့သည်။
[ဒင်! ထူးချွန်အဆင့်ရှိ တောခွေးခေါင်းဆောင် (အဆင့် ၁၁) ကို သတ်ဖြတ်ခြင်း အောင်မြင်ခဲ့သည်။ အတွေ့အကြုံရမှတ်များ ရရှိသည်။]
[ပင်ကိုစွမ်းရည် လုယူခြင်း - သွေးဆာသားရဲဟိန်းသံ (အစိမ်း) ကို ရရှိသည်။]
[စနစ် အသိပေးချက် - ပိုင်ရှင်သည် မိစ္ဆာအမြုတေ (အစိမ်း) ကို ရရှိခဲ့သည်။ ဤပစ္စည်းသည် ထူးချွန်အဆင့်ရှိ မိစ္ဆာသားရဲများ သေဆုံးချိန်တွင် (၁) ရာခိုင်နှုန်းအောက်သာ ကျနိုင်ချေရှိသော စွမ်းအင်အမြုတေ ဖြစ်သည်။ ၎င်းတွင် မူလစွမ်းအားအချို့ ပါဝင်ပြီး တန်ဖိုး အလွန်ကြီးမားသည်။]
ခေါင်းဆောင် သေဆုံးသွားသည်နှင့် တောခွေးအုပ်စုမှာလည်း ဖရိုဖရဲဖြစ်ကာ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြတော့သည်။
လင်းထျန်းလုံ၏ အမိန့်ပေးမှုဖြင့် ဝံပုလွေအုပ်စုမှာ လိုက်လံချေမှုန်းလိုက်ကြပြီး တောခွေးဘေးအန္တရာယ်ကြီးမှ အောင်မြင်စွာ လွှတ်မြောက်လာခဲ့သည်။
နှင်းဝံပုလွေကျေးရွာ၏ အပြင်ဘက်တွင် သွေးနံ့များ ဖုံးလွှမ်းနေသော်လည်း ဝံပုလွေတိုင်း၏ မျက်ဝန်းထဲတွင်မူ အောင်ပွဲအတွက် ဂုဏ်ယူမှုများ ရှိနေကြသည်။
လင်းထျန်းလုံသည် တောခွေးခေါင်းဆောင်၏ အလောင်းထံသို့ လျှောက်သွားပြီး သူ၏လက်သည်းဖြင့် ဉီးခေါင်းခွံကို ခွဲလိုက်သည်။ ထိုအခါ အနက်နှင့် အစိမ်း ရောယှက်နေသော ထူးခြားသည့် အလင်းရောင်တစ်ခု ထွက်ပေါ်ခဲ့လာသည် ။
‘ဒါက စနစ်ကပြောတဲ့ မိစ္ဆာအမြုတေလား၊ ၁ ရာခိုင်နှုန်းပဲရှိတဲ့ အခွင့်အလမ်းပေါ့’ ဟု သူက အံ့ဩဝမ်းသာစွာဖြင့် တွေးလိုက်မိသည်။
ရန့်မြဲ့၏ တိကျသေသပ်သော ထိန်းချုပ်မှုနှင့် သူ၏ အဆုံးသတ်တိုက်ကွက်တို့ ပေါင်းစပ်လိုက်ခြင်းက ဤမျှရှားပါးသော ဆုလာဘ်ကို ရစေလိမ့်မည်ဟု သူထင်မှတ်မထားခဲ့ချေ။
သစ်ပင်အိမ်အတွင်းရှိ နို့သောက်ပြီး စွမ်းအင်အနည်းငယ် ပြန်ရလာသော ဧကရီနှစ်ပါးမှာ မြို့ရိုးပေါ်မှ မြင်ကွင်းကိုကြည့်ရင်း မှင်တက်နေကြသည်။
“အီး... ယား... (မိစ္ဆာအမြုတေလား...)”
“ဒါ… နောက်နေတာလား... အဆင့် ၁၁ လောက်ပဲရှိတဲ့ အကောင်ဆီကနေ အမြုတေ ထွက်လာတယ်ဆိုတာ... မဖြစ်နိုင်တာ...”
သူတို့၏ အတိတ်ဘဝတွင် အဖိုးတန် ရတနာပေါင်းများစွာကို မြင်ဖူးသော်လည်း ဝိညာဉ်စွမ်းအင်နိုးထမှု အစောပိုင်းကာလတွင် သာမန်အဆင့်နိမ့် မိစ္ဆာသားရဲတစ်ကောင်ဆီမှ အမြုတေ ထွက်လာခြင်းမှာ နိယာမများကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေခြင်းပင်။
“ဒါက… ဘယ်လောက်တောင် ကံကောင်းလိုက်တဲ့ ဖေဖေလဲ... ကြက်တစ်ကောင်ကိုသတ်ပြီး နတ်ဘုရားလက်နက် ရလိုက်သလိုမျိုးပဲ...” ရှောင်ယင်းမှာ သူမ၏ ကမ္ဘာကြီးအပေါ် သိမြင်နားလည်မှုများ ထပ်မံရိုက်ချိုးခံလိုက်ရသလို ခံစားနေရသည်။
ရှောင်လန်ကမူ ထုံးစံအတိုင်း နက်နက်ရှိုင်းရှိုင်း တွေးတောနေခဲ့လေသည်။ “ဝံပုလွေဖေဖေက ဉာဏ်ပညာနဲ့ ခွန်အားမှာတင် မဟုတ်ဘဲ... ကံတရားမှာပါ တုနှိုင်းမဲ့နေတာလား...”
သူတို့၏ စိတ်ထဲတွင် အတွေးတစ်ခုက ခိုင်မာစွာ နေရာယူသွားသည် - ‘ဝံပုလွေဖေဖေက ရိုးရိုးဖေဖေ မဟုတ်ဘူး... သူက ကံကောင်းခြင်း နတ်ဘုရားဖေဖေပဲ’
လင်းထျန်းလုံကတော့ သူ၏သမီးတော်များမှ သူ့အား မည်သို့ကင်ပွန်းတပ်နေသည်ကို မသိဘဲ အမြုတေကို သေချာသန့်ရှင်း၍ သိမ်းဆည်းဖို့ပြင်နေခဲ့သည်။
ဤအရာက နောင်တွင် အသုံးဝင်မည့်အရာမှန်း သေချာလေသည်။
သူသည်သူသည် တိုက်ပွဲကြောင့် ပင်ပန်းနေသော အုပ်စုဝင်များနှင့် ပြန်ပြုပြင်ရန် လိုအပ်သောတံတိုင်းကိုကြည့်ကာ ကျေနပ်နေသည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“ကဲ... ပြဿနာတွေလည်း ဖြေရှင်းပြီးသွားပြီ၊ အဖိုးတန်ရတနာလည်း အလကားရလိုက်ပြီ... အခုတော့ ဗိုက်ဆာလွန်းလို့ မေ့လဲလုမတတ် ဖြစ်သွားတဲ့ အဲဒီကလေးမလေးနှစ်ယောက်ဆီ သွားပြီး ဘာဖြစ်တာလဲဆိုတာ သေချာစစ်ဆေးရဦးမယ်”
သူသည် သွေးစွန်းနေသော အမြီးကို ခါယမ်းရင်း သစ်ပင်အိမ်အတွင်းသို့ တည်ငြိမ်သော ခြေလှမ်းများဖြင့် ၀င်သွားတော့သည်။