မိစ္ဆာအမြုတေအား ဆုလာဘ်အဖြစ် ပေးသနားခြင်း၊ ရန့်မြဲ့ အဆင့်တက်ခြင်းနှင့် ခြိမ်းခြောက်မှုအသစ်များ
Vol. 3 Ch. 23
သစ်ပင်အိမ်အတွင်းတွင် ရှောင်လန်နှင့် ရှောင်ယင်းတို့သည် လင်းထျန်းလုံ၏ လက်သည်းကြားတွင် အစိမ်းရောင် တောက်ပနေသော အမြုတေကို စိုက်ကြည့်နေကြသည်။ သူမတို့၏ မျက်ဝန်းလေးများထဲတွင် လိုလားတောင့်တမှု အရိပ်အယောင်များ ထင်ဟပ်နေလျက် ရှိသည်။
“မိစ္ဆာအမြုတေ... အဲဒါက ထူးချွန်အဆင့်ပဲ” ရှောင်လန်မှာ သူမ၏ စိတ်ထဲမှ ဆန်းစစ်နေခဲ့သည်။
“အထဲမှာပါတဲ့ သန့်စင်တဲ့ ဝိညာဉ်စွမ်းအင်တွေက ခုနက ဝိညာဉ်အသီးထက် အဆပေါင်းများစွာ သာလွန်တယ်၊ ငါတို့သာ အဲဒါကို စုပ်ယူနိုင်ရင်... အချိန်မတိုင်ခင် နိုးထလာခဲ့လို့ ဖြစ်ပေါ်လာတဲ့ အားနည်းချက်တွေကို ကုစားနိုင်ပြီး စွမ်းအင်အခြေခံကိုပါ ခိုင်မာစေမှာ...”
“တကယ့် ရတနာပဲ... ဝံပုလွေဖေဖေ၊ ဒါကို ကိုယ်တိုင်စားပြီး အဆင့်တက်လိုက်လေ၊ ပြီးရင် ငါတို့ကိုပါ ကောင်းကင်ပေါ် ခေါ်သွားစမ်းပါ” ရှောင်ယင်းကတော့ သူမ၏ ထုံးစံအတိုင်း ပွင့်လင်းစွာဖြင့် မျှော်လင့်တကြီးတွေးတောနေသည်။
သူတို့သည် ဤအမြုတေ၏ တန်ဖိုးကို နားလည်ထားကြသည်။ ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထခါစ ဤအစောပိုင်း ကာလတွင် အမြုတေတစ်ခုချင်းစီသည် ဆင့်ကဲပြောင်းလဲခြင်းအတွက် အဖိုးမဖြတ်နိုင်သော အခွင့်အရေးများပဲ ဖြစ်ကြသည်။
သို့သော်ခဏတာ လိုချင်တပ်မက်မှုများပြီးနောက် ဧကရီနှစ်ပါး၏ မျက်ဝန်းများမှာ တည်ငြိမ်မှု ပြန်လည်ရရှိလာကြသည်။
“မဖြစ်ဘူး... အမြုတေထဲက စွမ်းအင်တွေက အရမ်းကြမ်းတမ်းလွန်းတယ်၊ ငါတို့ရဲ့ အခု ကလေးခန္ဓာကိုယ်နဲ့ဆိုရင် အတင်းအကျပ် စုပ်ယူတာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲ” ရှောင်လန်မှာ သူမ၏ လိုချင်စိတ်ကို ထိန်းချုပ်ကာ ဆင်ခြင်လိုက်သည် ။
“တောက်စ်... နေရခက်လိုက်တာ၊ ရတနာပုံကြီးကို ရှေ့မှာထားပြီး သုံးလို့မရဘူးဖြစ်နေတယ်” ရှောင်ယင်းမှာ မကျေမနပ် ဖြစ်နေသော်လည်း အခြေအနေကို နားလည်သဖြင့် လက်လျှော့လိုက်ရသည်။
သူတို့သည် လင်းထျန်းလုံကိုကြည့်ကာ သူဤရတနာကို မည်သို့စီမံသွားမည်ကို စောင့်ကြည့်နေကြသည်။
ပုံမှန်အတိုင်းဆိုလျှင် သူကိုယ်တိုင်စားသုံး၍ အင်အားမြှင့်တင်သင့်သည် မဟုတ်ပါလား။
လင်းထျန်းလုံသည် သူ၏လက်သည်းကြားမှ အမြုတေကိုကြည့်နေရင်းမှ စနစ်၏ အသိပေးချက် ပေါ်လာပြန်သည်။
[မိစ္ဆာအမြုတေ (အစိမ်း): စုပ်ယူနိုင်သည် ။ အောက်ပါ ပင်ကိုစွမ်းရည်များထဲမှ တစ်ခုကို ရရှိနိုင်သော အခွင့်အလမ်း ရှိသည် - [ခွန်အားမြှင့်တင်ခြင်း (အစိမ်း) ၊ [အရှိန်မြှင့်တင်ခြင်း (အစိမ်း) ၊ [ခုန်နိုင်စွမ်းမြှင့်တင်ခြင်း (အစိမ်း)]
‘ခွန်အား ၊ အရှိန် ၊ ခုန်နိုင်စွမ်း... အားလုံးက အခြေခံ စွမ်းရည်တွေကြီးပဲ’ လင်းထျန်းလုံမှာ မျက်မှောင်ကြုတ်ရင်း တွေးတောနေခဲ့သည်။
‘ငါ့မှာ ခွန်အားနဲ့ အရှိန်စွမ်းရည်တွေ ရှိပြီးသားဆိုတော့... ဒါကို စားလိုက်ရင် ရလာမယ့် တိုးတက်မှုက ငါ့အတွက်တော့ အကန့်အသတ် ရှိနေတယ်၊ နှမြောစရာကြီးပဲ... ဒါပေမဲ့...’
သူ၏အကြည့်မှာ ဝံပုလွေအုပ်စုထံသို့ ရောက်ရှိသွားပြီး နောက်ဆုံးတွင် မျက်နှာပေါ်၌ ဒဏ်ရာအမာရွတ်နှင့်အတူ ရဲရင့်စွာ ရပ်နေသော ရန့်မြဲ့ထံတွင် ရပ်တန့်သွားသည်။
‘ဟုတ်ပြီ... ဒါကို ရန့်မြဲ့ကိုပေးမယ်၊ သူ့ရဲ့ အေးခဲဟိန်းသံ က တော်တော်လေး ကောင်းပေမယ့် တိုက်ရိုက်သတ်ဖြတ်နိုင်စွမ်းနဲ့ ရှင်သန်နိုင်စွမ်းကို မြှင့်တင်ပေးဖို့ လိုအပ်နေသေးတယ်၊ ဒါတင်မကဘူး... ဝံပုလွေအုပ်စု ပိုသန်မာလာလေလေ ငါ့ရဲ့ မျိုးတူပဲ့တင်ထပ်သံကတစ်ဆင့် ငါ့ဆီကို ပြန်ရောက်လာမယ့် စွမ်းအင်တွေက ပိုများလေလေပဲ၊ အဲ့အတွက် ဒါက အထိရောက်ဆုံး နည်းလမ်းပဲ’
သူ ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် ဟိန်းဟောက်လိုက်လေသည်။
ဒဏ်ရာများကို လျှာဖြင့်လျက်ရင်း အနားယူနေသော ရန့်မြဲ့သည် ဘုရင်၏ ခေါ်သံကို ကြားသည်နှင့် ချက်ချင်းပင် မတ်တပ်ရပ်၍ သစ္စာရှိစစ်သည်တော် တစ်ယောက်အလား ပြေးဝင်လာကာ အရိုအသေ ပေးလိုက်သည်။
“အာဝူး...” (ကျွန်ုပ်၏ ဘုရင်...)
လင်းထျန်းလုံသည် သူ့ရှေ့မှ ရဲရင့်သော လက်အောက်ငယ်သားကို ကြည့်ကာ သူ၏လက်သည်းကြားမှ အဖိုးတန် အမြုတေကို ရန့်မြဲ့ရှေ့သို့ တိုက်ရိုက်ပစ်ပေးလိုက်သည်။ ထိုခဏတွင် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားလေတော့သည်။
ဝံပုလွေအားလုံး၏ အကြည့်များသည် စွဲမက်ဖွယ်ကောင်းသော စွမ်းအင်များ ထွက်ပေါ်နေသည့် အမြုတေထံသို့ ရောက်ရှိသွားကြသည်။
ရန့်မြဲ့၏ ဧရာမခန္ဓာကိုယ်ကြီးမှာ သိသိသာသာ တုန်ရီသွားပြီး မျက်နှာပေါ်က အမာရွတ်မှာလည်း လှုပ်ခါသွားသည်။
သူ၏ဗီဇအရ ဤအမြုတေကို အလွန်အမင်း လိုချင်နေခဲ့သော်လည်း ဘုရင့်အပေါ်ထားရှိသော သူ၏ အကြွင်းမဲ့သစ္စာရှိမှုကြောင့် မည်သည့်လောဘစိတ်မျှ မပြခဲ့ချေ။
သူသည် မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် လင်းထျန်းလုံအား ကြည့်ကာ ဤသည်မှာ အမိန့်ဖြစ်ကြောင်း အတည်ပြုရန်သာ ကြိုးစားနေသည်။
လင်းထျန်းလုံသည် တည်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် နှမြောတွန့်တိုမှုမရှိဘဲ ယုံကြည်မှုနှင့် အားပေးမှုများသာ ရှိနေသည်။
“အာဝူး...” (ဒါက မင်းရဲ့ကြိုးစားမှုအတွက် ဆုလာဘ်ပဲ၊ စားလိုက်စမ်းပါ... ပိုသန်မာလာအောင်လုပ်ပြီး ငါ့အတွက်နဲ့ ငါတို့အုပ်စုအတွက် တိုက်ပွဲဝင်ပေးစမ်း)
ထိုအဓိပ္ပာယ်ကို မျိုးတူပဲ့တင်ထပ်သံမှတစ်ဆင့် ပေးပို့လိုက်ရာ ရန့်မြဲ့သည် မည်သည့်တွန့်ဆုတ်မှုမှ မရှိတော့ဘဲ အမြုတေကို တစ်လုပ်တည်း မျိုချလိုက်တော့သည်။
“အီးယား...(သူ စားလိုက်ပြီလား...)” “အီး... (ဝံပုလွေဖေဖေက အမြုတေကို သူ့ကို ပေးလိုက်တာလား...)”
သစ်ပင်အိမ်ထဲက ဧကရီနှစ်ပါးမှာ တစ်ပြိုင်နက်တည်း အော်ဟစ်မိသွားကြကာ သူတို့ မြင်တွေ့နေရသော မြင်ကွင်းကို လုံးဝ နားမလည်နိုင်အောင် ဖြစ်နေကြသည်။
“ဒါက ထူးချွန်အဆင့် အမြုတေလေ... သာမန် ဝံပုလွေတစ်ကောင်ကို ပေးလိုက်တယ်ဆိုတာကြီးက... ဝံပုလွေဖေဖေက တိုက်ပွဲကြောင့် ကြောင်တောင်တောင် ဖြစ်သွားတာများလား...” ရှောင်ယင်းက အလွန်အံ့ဩနေခဲ့သည်။
ရှောင်လန်ကလည်း “ဒါက အရမ်းရက်ရောလွန်းတာလား... ဒါမှမဟုတ် တစ်ခုခုကို ကြိုတွက်ထားတာကြောင့်လား...” ဟု တွေးတောနေမိသည် ။
သူတို့ အံ့ဩနေစဉ်မှာပင် အမြုတေကိုမျိုချလိုက်သော ရန့်မြဲ့၏ ခန္ဓာကိုယ်အတွက်းမှ ပြင်းထန်သော အပြောင်းအလဲများ စတင်ဖြစ်ပေါ်လာခဲ့သည်။
သူ၏ ကိုယ်တွင်းမှစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ကြွက်သားများထွားကျိုင်းလာကာ အရိုးကျိုးသံများပင် ထွက်ပေါ်လာသည်။ ထို့နောက် နက်ပြာရောင် စွမ်းအင်စက်ကွင်းများ ထွက်ပေါ်လာကာ သူ၏တစ်ကိုယ်လုံးကို ဝန်းရံထားလေတော့သည်။
မိနစ်ပိုင်းအတွင်းမှာပင် ရန့်မြဲ့သည် ပိုမိုထွားကျိုင်း သန်မာလာပြီး သူ၏ အရှိန်အဝါမှာလည်း အဆင့် (၁၂) သို့ ရောက်ရှိမှသာ တည်ငြိမ်သွားတော့သည်။
လင်းထျန်းလုံမှာ စနစ်မှတစ်ဆင့် ရန့်မြဲ့၏အခြေအနေကို စစ်ဆေးလိုက်သည် -
[အုပ်စုဝင် ဝံပုလွေ - ရန့်မြဲ့]
[မျိုးနွယ် - နှင်းဝံပုလွေ (ဗီဇပြောင်း)]
[အဆင့် - ၁၂ (ထူးချွန်အဆင့် သားရဲ)]
[ပင်ကိုယ်စွမ်းရည် - နှင်းဝံပုလွေသွေးမျိုးဆက် (အပြာ) ၊ အေးခဲဟိန်းသံ (အပြာ) ၊ ခွန်အားမြှင့်တင်ခြင်း (အပြာ)]
‘ခွန်အားမြှင့်တင်ခြင်းကို ရသွားတာပဲ... မဆိုးပါဘူး၊ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက အများကြီးတိုးတက်လာပြီ’ ဟု လင်းထျန်းလုံ ကျေနပ်စွာ တွေးလိုက်မိသည်။
“အာဝူး...”
ဝံပုလွေအုပ်စု တစ်စုလုံးမှာလည်း ဤမြင်ကွင်းကို ကြည့်ကာ သူတို့၏ဘုရင်အပေါ် ထားရှိသော လေးစားမှုနှင့် သစ္စာရှိမှုများမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားကြသည်။ ကျေးရွာတစ်ရွာလုံးတွင် ဝံပုလွေဟိန်းသံများဖြင့် ပြည့်နှက်သွားတော့သည်။
“သူ တကယ်ပဲ စုပ်ယူနိုင်သွားတာပဲ... တိုးတက်မှုကလည်း သိသာလွန်းတယ်” ရှောင်လန်မှာ ရန့်မြဲ့၏ ပြောင်းလဲမှုကိုကြည့်ကာ ရေရွတ်လိုက်သည်။
ရှောင်ယင်းကမူ တစ်ခုခုကို ရိပ်မိသွားသည့်ဟန်ဖြင့် “နေဦး... ဝံပုလွေဖေဖေက ဒီအမြုတေက သူ့အတွက် သိပ်အသုံးမဝင်ဘူးဆိုတာကို ကြိုသိနေတာများလား... အဲဒါကြောင့် ဒီလောက် အေးအေးဆေးဆေး ဖြစ်နေတာများလား...”
ဤအတွေးကြောင့် ဧကရီနှစ်ပါးမှာ နောက်တစ်ကြိမ် အံ့အားသင့်သွားကြရပြန်သည်။ “ရတနာတွေရဲ့ အနှစ်သာရကို ကြိုမြင်နိုင်စွမ်း ရှိတာလား.. ဒါက အစွမ်းထက် စွမ်းရည်တစ်ခု ရထားတာထက်တောင် ပိုပြီးကြောက်စရာကောင်းသေးတယ်”
သူတို့နှစ်ဦးလုံး လင်းထျန်းလုံ၏ လျှို့ဝှက်ချက်များအား တက်ညီလက်ညီ အဖြေရှာရန် ကြိုးစားနေစဉ်မှာပင်...
“အားဝူး...”
တောနက်ထဲမှ ရိုင်းစိုင်း၊ရန်လိုသော ဝံပုလွေဟိန်းသံတစ်ခု ပေါ်ထွက်လာပြီး ကျေးရွာအတွင်းမှ ပျော်ရွှင်သံများကို ရုတ်ချည်း ဖုံးလွှမ်းသွားသည်။
လင်းထျန်းလုံ၏ မျက်ဝန်းများမှာ ချက်ချင်းပင် အေးစိမ့်သွားပြီး သတ်ဖြတ်လိုစိတ်များ ပြန်လည်နိုးထလာခဲ့သည်။
သူသည် တံတိုင်း၏ အမြင့်ဆုံးနေရာသို့ ခုန်တက်ပြ ကြည့်လိုက်ရာ တောအုပ်စပ်တွင် အရေအတွက် အလွန်များပြားလွန်းသော... အခြားဝံပုလွေအုပ်စု တစ်စုကို တွေ့လိုက်ရသည်။
သူတို့၏ အမွေးအမှင်များမှာ အရောင်မျိုးစုံရောယှက်နေပြီး မျက်ဝန်းများထဲတွင် လောဘဇောတက်မှုနှင့် ရိုင်းစိုင်းမှုများဖြင့် ပြည့်နှက်နေကြသည်။
‘တောခွေးတွေ မဟုတ်ဘူး... ဒါက နောက်ထပ်ဝံပုလွေမျိုးနွယ်စုတစ်စုပဲ၊ သူတို့က အကောင်းလာတာတော့ မဟုတ်လောက်ဘူး’ လင်ထျန်းလုံမှာ ထိုအုပ်စုကိုကြည့်ရင်း ရန်လာရှာမည့်ကောင်များ ဖြစ်နိုင်သည်ဟု တွေးတောနေခဲ့သည်။
တိုက်ပွဲတစ်ခု ပြီးရုံသာရှိသေးပြီး အနားယူရန် အချိန်ပင်မရသေးဘဲ ခြိမ်းခြောက်မှုအသစ်တစ်ခု တံခါးဝသို့ ရောက်ရှိလာခဲ့ပြန်လေသည်။