ဘုရင်ချင်း ထိပ်တိုက်တွေ့ခြင်း၊ ခေါင်းနှစ်လုံးဝံပုလွေဘုရင်၏ စိန်ခေါ်မှု
Vol. 3 Ch. 24
နှင်းဝံပုလွေကျေးရွာ၏ တံတိုင်းအပြင်ဘက်တွင် စူးရှဆူညံလွန်းသော ဟိန်းသံများက လေထုကို ဝရုန်းသုန်းကားတုန်ခါနေစေသည်။
လင်းထျန်းလုံသည် သူ၏ ရေခဲပြာမျက်ဝန်းများဖြင့် စစ်တလင်းကို တည်ငြိမ်စွာ အကဲခတ်လိုက်သည်။
“အရေအတွက် တစ်ရာနီးပါး ရှိပေမယ့် တစ်ဦးချင်းရဲ့ စွမ်းအားတွေကတော့ မတိမ်းမယိမ်းပဲ၊ အများစုက ဝိညာဉ်စွမ်းအင်အဆင့်မှာပဲရှိသေးတယ်၊ ထူးချွန်အဆင့် နည်းနည်းပဲပါတာ... ဒါက အရေအတွက်နဲ့ အနိုင်ကျင့်ချင်နေတဲ့ပုံပဲ” သူသည် အခြေအနေကို ချက်ချင်းဆန်းစစ်လိုက်သည်။ ထို့နောက် နှင်းဝံပုလွေဖိနှိပ်ခြင်းနှင့် ဝံပုလွေဟိန်းသံဖြင့်ခြောက်လှန့်ခြင်းတို့ကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်သည်။
နှစ်ထပ်ကွမ်းခြောက်လှန့်မှုသည် ဘုရင်တစ်ပါး၏ စိတ်ဆန္ဒနှင့်အတူ မျက်စိဖြင့်မမြင်နိုင်သော ရေခဲဒီရေလှိုင်းသဖွယ် ပတ်ဝန်းကျင် တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
အကျိုးသက်ရောက်မှုမှာ ချက်ချင်းပင် ပြသလာခဲ့သည်။ တံတိုင်းပြင်ပမှ တိုးဝင်လာနေသော ဝံပုလွေအုပ်စုကြီး၏ အရှိန်အဟုန်မှာ မမြင်ရသော နံရံတစ်ခုနှင့် တိုးမိသကဲ့သို့ ရုတ်ချည်း ရပ်တန့်သွားလေသည်။
အဆင့်နိမ့်ဝံပုလွေများ၏ မျက်ဝန်းများထဲတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားပြီး ခြေလက်များတုန်ရီနေကာ ရှေ့ဆက်မတိုးရဲတော့ဘဲ ညည်းတွားနေကြသည်။
အဆင့်မြင့်သော ထူးချွန်အဆင့် ဝံပုလွေအနည်းငယ်ကသာ တည်ငြိမ်မှုကို ထိန်းထားနိုင်သော်လည်း သူတို့သည် ရှေ့မတိုးရဲတော့ဘဲ သွားများဖြဲပြကာ ခြိမ်းခြောက်သည့်အနေဖြင့် တဂီးဂီး အသံများသာ ပေးရဲတော့သည်။
‘မျှော်လင့်ထားတဲ့အတိုင်းပဲ... အဆင့်မရှိတဲ့ အကောင်တွေကတော့ တိုက်တောင်မတိုက်ရသေးဘူး ကြောက်နေကြပီ' လင်းထျန်းလုံ စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်သည်။
သူသည် ထိုအဆင့်နိမ့်ဝံပုလွေများအား ကိုယ်တိုင်တိုက်ခိုက်ရန် အစီအစဉ်မရှိချေ။ “ရန့်မြဲ့... မင်းအဖွဲ့ကိုခေါ်ပြီး ဘယ်ဘက်တောင်ပံကိုတိုက်၊ မင်းတို့အဖွဲ့က ညာဘက်တောင်ပံကို တိုက်... ကျန်တဲ့သူတွေ ငါ့နောက်ကလိုက်ပြီး ရှေ့တန်းကနေ ဖိတိုက်ကြမယ်... အာဝူးး...”
ပြတ်သားပြီး တိုတောင်းလှသော အမိန့်များသည် မျိုးတူပဲ့တင်ထပ်သံမှတစ်ဆင့် အုပ်စုထံ ချက်ချင်းရောက်ရှိသွားသည်။ တစ်ချိန်တည်းမှာပင် သူသည် အဖွဲ့၀င်များ တက်ကြွလာစေရန် ဟိန်းသံတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။
သွေးဆာသားရဲဟိန်းသံ၏ စွမ်းအားကြောင့် သူ၏အုပ်စုဝင်များမှာ ပိုမိုရဲရင့်လာကြသည် ။
နှင်းဝံပုလွေအုပ်စုသည် တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။ သူတို့သည် ရမ်းသန်း တိုက်ခိုက်နေခြင်းမဟုတ်ဘဲ ကောင်းမွန်စွာ လေ့ကျင့်ထားသော စစ်တပ်တစ်ခုကဲ့သို့ အဖွဲ့သုံးဖွဲ့ ခွဲလိုက်ကြသည်။
ထက်ရှသော ဓားသွားသုံးခုအလား သူတို့သည် ကြောက်လန့်တကြားဖြင့် ဖရိုဖရဲဖြစ်နေသော ဝံပုလွေအုပ်စုကြားသို့ ထိုးဖောက်ဝင်ရောက်သွားကြတော့သည်။
တိုက်ပွဲမှာ တစ်ဖက်သတ် ဆန်လှသည်။ နှင်းဝံပုလွေ အများစုမှာ ထူးချွန်အဆင့်နှင့်နီးကပ်နေကြပြီ ဖြစ်သဖြင့် သာမန်ဝံပုလွေများထက် အဆပေါင်းများစွာ သာလွန်ကြသည်။
မျိုးတူပဲ့တင်ထပ်သံမှရရှိသော အလုံးစုံစွမ်းအားမြှင့်တင်မှု ၊ သွေးဆာသားရဲဟိန်းသံမှရရှိသော စိတ်ခွန်အားနှင့် စနစ်ကျသောဗျူဟာများ ပေါင်းစပ်လိုက်သည့်အခါ ဤဝရုန်းသုန်းကား အုပ်စုကို နှိမ်နင်းရခြင်းမှာ သိုးအုပ်ထဲသို့ တိုး၀င်သွားသော ကျားတစ်ကျားတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့သည်။
တိုက်ခိုက်ရာတွင် လက်သည်းများဖြင့် ဆွဲဖြဲခြင်း၊ အစွယ်များဖြင့် ကိုက်ခဲခြင်းတို့မှာ အလွန်ထိရောက်ပြီး ချက်ကောင်းထိလျှင် ချက်ချင်းသေစေနိုင်သည်။
ဝံပုလွေများ၏ နာကျင်စွာ အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်နေပြီး သွေးများ နှင်းလွင်ပြင်ပေါ်တွင် ရဲရဲနီသွားသည်။ နှင်းဝံပုလွေများသည် တစ်ဦးကိုတစ်ဦး ကာကွယ်ပေးရင်း တိုက်စစ်ရောခံစစ်ကိုပါ စနစ်တကျ လုပ်ဆောင်နေကြသဖြင့် သူတို့ဘက်တွင် ထိခိုက်မှုအနည်းငယ်သာရှိလေသည်။
သစ်ပင်အိမ်အတွင်းရှိ ရှောင်လန်နှင့် ရှောင်ယင်းတို့မှာ အပြင်ဘက်မှ အခြေအနေကို စိုးရိမ်တကြီး အာရုံခံနေကြသည်။
“အီး... (တိုက်ပွဲ စနေပြီ၊ စွမ်းအင် အတက်အကျတွေက အရမ်း ဝရုန်းသုန်းကား နိုင်လှချေလားဟ...)” ရှောင်ယင်းသည် အပြင်မှ တိုက်ခိုက်သံများကို နားထောင်ရင်း ပြောလိုက်သည်။
“အင်း... ဒါပေမဲ့... ထင်ထားသလောက်တော့ မခက်ဘူးထင်တယ်၊ ဝံပုလွေအုပ်စုရဲ့ တိုက်ပွဲ၀င်ပုံစံက အရမ်းတည်ငြိမ်ပြီး ရန်သူတွေကို ထိထိရောက်ရောက် ချေမှုန်းနေနိုင်တယ်” ရှောင်လန်ကမူ ပိုအသေးစိတ်ကျကျ သုံးသပ်ပြနေခဲ့သည်။
တိုက်ပွဲအဆင်ပြေချောမွေ့နေစဉ်မှာပင် -
“အာဝူး...”
ကျောချမ်းဖွယ်ကောင်းပြီး ဖိအားများဖြင့် ပြည့်နှက်နေသော ဝံပုလွေဟိန်းသံနှစ်ခု တပြိုင်နက်တည်း ထွက်ပေါ်လာပြီး စစ်မြေပြင်၏ ဆူညံသံအားလုံးကို ရုတ်ချည်းဖုံးလွှမ်းသွားတော့သည်။
ထိုဟိန်းသံမှာ ထူးခြားသည့်စွမ်းအင်တစ်ခု ပါဝင်နေပြီး လင်းထျန်းလုံ၏ နှင်းဝံပုလွေဖိနှိပ်ခြင်းနှင့် ဝံပုလွေဟိန်းသံဖြင့်ခြောက်လှန့်ခြင်းတို့၏ အာနိသင်ကို အတိုင်းအတာတစ်ခုအထိ ဖယ်ရှားပေးလိုက်နိုင်သဖြင့် ဖရိုဖရဲဖြစ်နေသော ဝံပုလွေများမှာ ပြန်လည်တည်ငြိမ်လာကြသည်။
လင်းထျန်းလုံအပါအဝင် နှင်းဝံပုလွေအားလုံးမှာ ထိုထူးခြားသည့်ဖိအားကို ခံစားလိုက်ရသဖြင့် လှုပ်ရှားမှုများ ခဏတာ ရပ်တန့်သွားခဲ့သည်။
‘အဓိကကောင် ပေါ်လာပြီပေါ့’ လင်းထျန်းလုံ၏ ရေခဲပြာမျက်ဝန်းများမှာ ဟိန်းသံထွက်ပေါ်လာရာဘက်သို့ ချက်ချင်းရောက်ရှိသွားခဲ့သည်။
တောအုပ်အမှောင်ထဲမှ အလွန်ကြီးမားပြီး ထူးဆန်းလှသော ဝံပုလွေကြီးတစ်ကောင် လမ်းလျှောက်ထွက်လာခဲ့သည်။
သူ၏ အရပ်မှာ လင်းထျန်းလုံထက် ထက်၀က်ကျော် ပိုမြင့်ပြီး အမွေးအမှင်များမှာလည်း အဖြူနှင့်အမည်း ရောယှက်နေလေသည်။
အထူးခြားဆုံးအချက်မှာ သူ၏လည်ပင်းမှ အမည်းရောင်ဦးခေါင်းတစ်ခေါင်းနှင့် အဖြူရောင်ဦးခေါင်းတစ်ခေါင်း ပူးတွဲတည်ရှိနေခြင်းပင်။
မျက်လုံးလေးလုံးမှာ ရက်စက်အေးစိမ့်သော အရိပ်အယောင်များ လင်းလက်နေပြီး လင်းထျန်းလုံကို စိုက်ကြည့်နေသည်။
[စနစ် အသိပေးချက် - ထူးချွန်အဆင့် မိစ္ဆာသားရဲ - ဗီဇပြောင်း ခေါင်းနှစ်လုံးဝံပုလွေဘုရင် (အဆင့် ၁၉) ကို တွေ့ရှိခဲ့သည်။] [ပင်ကိုယ်စွမ်းရည်များ - ဖိအားနှစ်ဆ (အဖြူ) ၊ ခန္ဓာကိုယ်ခုခံနိုင်စွမ်းမြှင့်တင်ခြင်း (အဖြူ) ၊ ခွန်အားမြှင့်တင်ခြင်း (အဖြူ)] [စွမ်းရည်များ - အရူးအမူးကိုက်ဖြတ်ခြင်း (အဖြူ) ၊ ရေခဲကျည်ဆန် (အဖြူ) ၊ အန္တရာယ်အကြည့် (အဖြူ)]
‘အဆင့် ၁၉ ပဲ၊ ခေါင်းကနှစ်လုံးဆိုတော့ ဖိအားကလည်း နှစ်ဆဖြစ်နေမှာပေါ့... ဒါက တကယ့်ကို အရိုးမာလောက်မဲ့ ညစာပဲဟ’ လင်းထျန်းလုံမှာ ခက်ခဲသည့် တိုက်ပွဲတစ်ခု စတင်တော့မည်မှန်း နားလည်လိုက်သည်။
သစ်ပင်အိမ်အတွင်းရှိ ဧကရီနှစ်ပါးမှာလည်း ထိုထိတ်လန့်ဖွယ်ပုံရိပ်ကို မြင်လိုက်ရပြီး ယခင်ကထက် ပိုမိုပြင်းထန်သော အငွေ့အသက်များကို ခံစားလိုက်ရသည်။
“အီး... (ခေါင်းနှစ်လုံးဝံပုလွေလား...)” ရှောင်ယင်းက ထိတ်လန့်တကြား ပြောလိုက်သည်။
ရှောင်လန်ကလည်း တည်ကြည်စွာ ပြောလိုက်လေသည်။ “အငွေ့အသက်က... အရမ်းပြင်းတာပဲ၊ ထူးချွန်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ခါနီးနေပြီ၊ ရှေ့က အရှေ့မြောက်ပိုင်းကျားကြီးနဲ့ တောခွေးအခေါင်းဆောင်ထက် အများကြီးပိုအစွမ်းထက်တယ်... ပြီးတော့ သူ့ရဲ့ဖိအားက ဝံပုလွေဖေဖေရဲ့ ခြိမ်းခြောက်မှုကို ပြန်ပြီးခုခံနိုင်စွမ်းရှိနေတယ်”
“သွားပြီ... သွားပြီ၊ ဒီကောင်ကြီးက ကြည့်ရတာ တစ်ကယ့် ပြဿနာကောင်ကြီးဖြစ်မဲ့ပုံပဲ၊ ဝံပုလွေဖေဖေ ရင်ဆိုင်နိုင်ပါ့မလား...” ရှောင်ယင်းက စတင်စိုးရိမ်လာခဲ့သည်။
“...သူ့ကို ယုံကြည်လိုက်ပါ၊ သူ ငါတို့ကို ဘယ်တော့မှ စိတ်မပျက်စေခဲ့ဘူးလေ” ရှောင်လန်မှာ စိုးရိမ်နေသော်လည်း ခိုင်မာစွာပြန်ပြောလိုက်လေသည်။
လင်းထျန်းလုံသည် လေကိုတ၀ကြီးရှူသွင်းလိုက်လေသည်။ စမ်းသပ်မှုအစစ်အမှန် ရောက်လာပြီဖြစ်ကြောင်း သူသိလိုက်သည်။ ဤခေါင်းနှစ်လုံးဝံပုလွေဘုရင်ကို သူကိုယ်တိုင်ရင်ဆိုင်မှ ဖြစ်ပေမည်။
သူသည် တိုးညှင်းစွာ ဟိန်းဟောက်၍ အုပ်စုဝင်များကို ရန်သူ၏နောက်လိုက်များကိုသာ ဆက်လက်ရှင်းလင်းရန် အချက်ပြလိုက်သည်။
ထို့နောက်ရှေ့သို့ တစ်လှမ်းချင်းတိုးကာ ယုတ်မာကောက်ကျစ်လှသော မျက်လုံးလေးလုံးကို မကြောက်မရွံ့ ပြန်လည်စိုက်ကြည့်လိုက်သည်။
“အာဝူး... (မင်းရဲ့ ပြိုင်ဘက်က ငါပဲ...)”
ရိုးရှင်းသော တိုက်ပွဲဝင်လိုသည့် စိတ်ဆန္ဒများမှာ သူ၏အမူအရာနှင့် အကြည့်များမှတစ်ဆင့် ပေါ်လွင်နေခဲ့သည်။
ခေါင်းနှစ်လုံးဝံပုလွေဘုရင်မှာ ခေါင်းနှစ်လုံးစလုံးမှ နှုတ်ခမ်းများကို တွန့်ချိုးကာ အလွန်ရက်စက်သော အပြုံးမျိုးပြုံးပြပြီး လင်းထျန်းလုံကို လှောင်ပြောင်လိုက်သည်။
“အာဝူး...” ထို့နောက် ဝံပုလွေခေါင်းနှစ်လုံးစလုံးမှာ နားကွဲလုမတတ် ဟိန်းဟောက်လိုက်လေသည်။
နောက်တစ်စက္ကန့်တွင် သူ၏ဧရာမ ကိုယ်ထည်ကြီးမှာ မယုံနိုင်စရာ ကောင်းလောက်သော အမြန်နှုန်းဖြင့် လင်းထျန်းလုံ ထံသို့ ခုန်အုပ်လာခဲ့သည်။
အမည်းရောင် ဝံပုလွေဦးခေါင်းက လင်းထျန်းလုံ၏ လည်ပင်းကို တိုက်ရိုက်ဦးတည်ကာ ကိုက်ခဲလိုက်ပြီး အဖြူရောင် ဝံပုလွေဦးခေါင်းကမူ နောက်သို့ အနည်းငယ်ဆုတ်ကာ ပါးစပ်အတွင်းတွင် အေးစိမ့်သော အလင်းတန်းများကို စုစည်းလိုက်လေသည်။
ဘုရင်ချင်း ထိပ်တိုက်ရင်ဆိုင်မည့် အဆုံးအဖြတ် တိုက်ပွဲကြီးမှာ ချက်ချင်းပင် ပေါက်ကွဲထွက်လာတော့သည်။