စိုးရိမ်နေကြသောဧကရီနှစ်ပါးနှင့် ဝံပုလွေအုပ်စု၏အနာဂတ်
Vol. 3 Ch. 25
ကျေးရွာအပြင်ဘက် နှင်းလွင်ပြင်ထက်တွင် ငွေရောင်အရိပ်နှင့် အမည်းနှင့်အဖြူ ရောယှက်နေသောအရိပ်တို့သည် မယုံနိုင်စရာကောင်းသော အရှိန်အဟုန်များဖြင့် ထိပ်တိုက်တွေ့နေကြသည်။
လင်းထျန်းလုံသည် အရှိန်မြှင့်တင်ခြင်းကို အစွမ်းကုန်ထုတ်ဖော်ထားသည်။ လင်းထျန်းလုံ၏ အရှိန်ဟာမြန်လွန်းသဖြင့် တစ္ဆေတစ်ကောင်အလား ငွေရောင်အရိပ်များကိုသာမြင်နေရပြီး ခေါင်းနှစ်လုံးဝံပုလွေဘုရင်၏ တိုက်စစ်ကိုရှောင်ရန် ကြိုးစားနေခဲ့သည်။
သူ၏ ဓားလက်သည်းများမှာ ရေခဲပြာရောင် အလင်းတန်းများ တောက်ပနေပြီး အဖြူရောင်ဝံပုလွေဦးခေါင်း၏ လည်ပင်းကို တိုက်ရိုက်ပစ်မှတ်ထားနေခဲ့သည်။
သို့သော် အမည်းရောင်ဝံပုလွေဦးခေါင်းမှာ သူ၏ လှုပ်ရှားမှုကို ကြိုသိနေပုံရသည်။
နက်မှောင်သော မျက်ဝန်းများဖြင့် လင်းထျန်းလုံကို စိုက်ကြည့်လိုက်ရာ ခေါင်းထဲသို့ အေးစိမ့်ပြီး အန္တရာယ်များသော စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုဖြစ်သည့် အန္တရာယ်အကြည့်က ပြင်းထန်စွာ တိုးဝင်လာခဲ့သည်။
‘မကောင်းတော့ဘူး’ လင်းထျန်းလုံ တွေးလိုက်မိသည်။
သူ၏ ဦးခေါင်းအတွင်းသို့ ရေခဲစူးတစ်ခုဖြင့် အားပြင်းစွာ ထိုးစိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူ၏လှုပ်ရှားမှုများ ရုတ်ချည်းတန့်သွားကာ မူလက တိုက်ခိုက်ရန် ရည်ရွယ်ထားသော လမ်းကြောင်းမှာလည်း လွဲချော်သွားရသည်။
ထိုခဏတာဖြစ်သွားသော ဟာကွက်ကို အဖြူရောင်ဝံပုလွေခေါင်းက အမိအရ ဆုပ်ကိုင်လိုက်သည်။
၎င်းက ပါးစပ်ကို အစွမ်းကုန်ဟလိုက်ရာ အရိုးထဲထိ အေးစိမ့်စေသော ရေခဲကျည်ဆန်တစ်ခု ချက်ချင်းပင် ပါးစပ်၀တွင် စုစည်းသွားပြီး လင်းထျန်းလုံ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်ဆီသို့ ပြင်းထန်စွာ ပစ်ခတ်လိုက်တော့သည်။
“ဘုန်း”
ပြင်းထန်လွန်းသော တိုက်ကွက်ကြောင့် လင်းထျန်းလုံ၏ သန်မာထွားကျိုင်းသော ခန္ဓာကိုယ်ကြီးမှာ လွင့်ထွက်သွားပြီး မြေပြင်ပေါ်တွင် အကြိမ်ပေါင်းများစွာ လိမ့်သွားလေသည်။
သူ၏ ရင်ဘတ်မှ အမွေးအမျှင်များပေါ်တွင် ရေခဲများ ဖုံးလွှမ်းသွားကာ စူးရှသော နာကျင်မှုနှင့် အအေးဓာတ်တို့က တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။
“အီးယား... (ဝံပုလွေဖေဖေ...)” “အီး... (သူ ထိသွားပြီ...)”
သစ်ပင်အိမ်အတွင်းမှ ရှောင်လန်နှင့် ရှောင်ယင်းတို့မှာ ထိတ်လန့်တကြား အော်ဟစ်မိလိုက်ကြပြီး သူတို့၏ နှလုံးသားများမှာလည်း ရင်ဘတ်ထဲမှ ပြုတ်ကျလုမတတ် ခုန်နေကြသည်။
လင်းထျန်းလုံ နောက်သို့လွင့်ထွက်သွားသည်ကို မြင်လိုက်ရသဖြင့် သူတို့ရင်ထဲတွင် ကြောက်ရွံ့မှုများ အစားထိုးဝင်ရောက်လာခဲ့သည်။
“ငါမျှော်လင့်ထားတဲ့အတိုင်းပဲ... အဆင့်ချင်းက အရမ်းကွာနေတယ်...” ရှောင်လန်က စိုးရိမ်တကြီး သုံးသပ်နေသည်။
ရှောင်ယင်းမှာတော့ ပို၍ပင် ပျာယာခတ်နေလျက် “သွားပြီ... သွားပြီ၊ အဲဒီ ရေခဲတုံးကြီး ကြည့်ရတာ အရမ်းနာမဲ့ပုံပဲ၊ ဝံပုလွေဖေဖေ အဆင်ပြေပါ့မလား...” ဟု ရေရွတ်နေရှာသည်။
သူ၏တိုက်ကွက် ထိရောက်သည်ကို မြင်သောအခါ ခေါင်းနှစ်လုံးဝံပုလွေဘုရင်မှာ ခေါင်းနှစ်လုံးစလုံးဖြင့် အောင်ပွဲခံသံကို ဟိန်းဟောက်လိုက်သည်။
သူသည် သေအံ့ဆဲဆဲသားကောင်ကို ကြည့်နေသော အမဲလိုက်သမားတစ်ယောက်အလား ရက်စက်သော အပြုံးဖြင့် လင်းထျန်းလုံအနီးသို့ တစ်လှမ်းချင်း တိုးကပ်လာခဲ့သည်။
သို့သော် သူအနားသို့ ရောက်ရှိလာပြီး အဖြူရောင်ခေါင်းက ဒုတိယမြောက် ရေခဲကျည်ဆန်ကို စုစည်းရန် ပြင်လိုက်ချိန်မှာ -
ပြင်းထန်စွာ ဒဏ်ရာရထားသဖြင့် ဝပ်နေသော လင်းထျန်းလုံ၏ ရေခဲပြာမျက်ဝန်းများထဲမှ စူးရှသော အလင်းတန်းတစ်ခု ရုတ်ချည်း ပေါက်ကွဲထွက်လာသည်။
‘အခုပဲ’
သူသည် ထိုတိုက်ကွက်ကို တိုက်ရိုက်အထိခံလိုက်ခြင်းနှင့် နောက်သို့လိမ့်သွားခြင်းမှာ ရန်သူ့မှ သူ့အား အထင်သေးသွားစေရန် ဖန်တီးလိုက်သော ဟာကွက်တစ်ခုသာ ဖြစ်သည်။
ရန်သူမှ သူ့အား တိုက်ခိုက်နိုင်စွမ်းမရှိတော့ဟု ထင်မြင်သွားစေရန် သူက ပရိယာယ်သုံးလိုက်ခြင်းသာ။
ခွန်အားမြှင့်တင်ခြင်း၊ အရှိန်မြှင့်တင်ခြင်း စသည့် သူ၏ပင်ကိုစွမ်းရည်အားလုံးမှာ ဤအခိုက်အတန့်တွင် အကြွင်းမဲ့ ပေါက်ကွဲထွက်လာသည်။
သူသည် ဖိသိပ်ခံထားသော စပရိန်တစ်ခု ကန်ထွက်လာသည့်အလား ရှေ့သို့ အရှိန်အဟုန် ပြင်းထန်စွာဖြင့် ခုန်အုပ်လိုက်သည်။ သူ၏ ပစ်မှတ်မှာ ဝံပုလွေခေါင်းများမဟုတ်ဘဲ ခေါင်းနှစ်လုံး ဆုံစည်းရာ လည်ပင်း၊ တနည်းအားဖြင့် အရေးကြီးသော အစိတ်အပိုင်းကို ဖြစ်သည်။
ခေါင်းနှစ်လုံးဝံပုလွေဘုရင်မှာ သားကောင်ထံမှ ဤမျှပြင်းထန်သော စွမ်းအင်များ ပြန်လည်ထွက်ပေါ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
အမည်းရောင်ခေါင်းက အန္တရာယ်အကြည့်ကို ထပ်မံသုံးရန် ကြိုးစားလိုက်ပြီး အဖြူရောင်ခေါင်းကလည်း ရေခဲကျည်ဆန်ကို အသုံးချကာ ခုခံရန်ပြင်ဆင်လိုက်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။
လင်းထျန်းလုံ၏ ဓားလက်သည်းများမှာ သူ၏ ပြတ်သားသောစိတ်ဆန္ဒနှင့်အတူ ရန်သူ၏ အကာအကွယ် အားအနည်းဆုံးနေရာကို အတိအကျ ဆွဲဖြဲပစ်လိုက်တော့သည်။
“ဂျွတ်”
ရေခဲပဲ့သွားသကဲ့သို့ စူးရှသော အသံကြီးနှင့်အတူ ခေါင်းနှစ်လုံးစလုံးမှ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့လေသည်။
လင်းထျန်းလုံ၏ ဤတိုက်ကွက်မှာ သူ၏ပင်ကိုစွမ်းရည်အားလုံးကို စုစည်းကာ အစွမ်းကုန် တိုက်ခိုက်လိုက်ခြင်း ဖြစ်သဖြင့် ခေါင်းနှစ်လုံးဆုံစည်းရာနေရာကို လုံးဝပွင့်ထွက်သွားစေခဲ့သည်။
ဧရာမဝံပုလွေခန္ဓာကိုယ်ကြီးမှာ မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားပြီး သွေးများက ရေပန်းအလား ပန်းထွက်လာလျက် နှင်းလွင်ပြင်ကို နီရဲသွားစေခဲ့သည်။
အစောပိုင်းက မောက်မာနေသော ခေါင်းနှစ်လုံးမှာလည်း မမောက်မာနိုင်တော့ချေ။
[ဒင်! ထူးချွန်အဆင့် မိစ္ဆာသားရဲ - ဗီဇပြောင်း ခေါင်းနှစ်လုံးဝံပုလွေဘုရင် (အဆင့် ၁၉) ကို သတ်ဖြတ်ခြင်း အောင်မြင်သည်။ အတွေ့အကြုံရမှတ်များစွာ ရရှိသည်။]
[ဝိညာဉ်စွမ်းအင်အဆင့် ၁၉ သို့ တက်လှမ်းသွားခဲ့သည်။]
[ပင်ကိုစွမ်းရည် လုယူခြင်း - ခန္ဓာကိုယ်ခုခံနိုင်စွမ်းမြှင့်တင်ခြင်း (အဖြူ) ကို ရရှိသည် ။ ယခင်စွမ်းရည်နှင့် ပေါင်းစပ်လိုက်သဖြင့် အကျိုးသက်ရောက်မှု ၁၀ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။]
“နိုင်ပြီကွ” လင်းထျန်းလုံမှာ အသက်ပြင်းပြင်း ရှူရင်း တွေးလိုက်မိသည်။
သူ၏ ရင်ဘတ်မှာ နာကျင်မှုများ ခံစားနေရဆဲဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်ထဲတွင်မူ ပိုမိုပြင်းထန်သော စွမ်းအင်အသစ်များ စီးဆင်းလာနေသည်ကို သူကောင်းကောင်းကြီး ခံစားနေရလေသည်။
သစ်ပင်အိမ်အတွင်းရှိ ဧကရီနှစ်ပါးမှာတော့ လက်ရှိအခြေအနေကိုကြည့်ရင်း မှင်တက်နေကြသည်။
“အီး... (သူ နိုင်သွားတာလား...)” “အား... (ခုနက ဘာဖြစ်သွားတာလဲ...)”
“သူက တမင်တကာ အားနည်းဟန်ဆောင်ပြီး ရန်သူ့ရဲ့ ဟာကွက်ကို စောင့်လိုက်တာပဲ၊ အဲဒီနောက်မှာမှ အသေသတ်တိုက်ကွက်နဲ့ အဆုံးသတ်လိုက်တာ... ဝံပုလွေဖေဖေရဲ့ တိုက်ပွဲဉာဏ်ရည်က တကယ့်ကို ကြောက်မက်ဖွယ်ရာပဲ” ရှောင်လန်မှာ ရင်တုန်ပန်းတုန်ဖြင့် ရှင်းပြနေခဲ့သည်။
“တကယ် ရက်စက်တာပဲ... ဒါပေမဲ့ ဒီဧကရီကတော့ ဒါမျိုးကိုပိုသဘောကျတယ်” ရှောင်ယင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ဘုရင် သေဆုံးသွားသည်နှင့် ကျန်ရှိနေသော ဝံပုလွေများမှ ထိတ်လန့်တကြား ထွက်ပြေးကုန်ကြသည်။
လင်းထျန်းလုံသည် ဝံပုလွေအုပ်စုကို အမိန့်အသစ်များ ပေးလိုက်လေသည် ။
“ရန့်မြဲ့... မင်းရဲ့အဖွဲ့ကိုခေါ်ပြီး သူတို့ကို လိုက်နှိမ်နင်းစမ်း၊ အရမ်းကြီးတော့ လိုက်မသွားနဲ့...”
“ကျန်တဲ့သူတွေက စစ်တလင်းကို ရှင်းလင်းကြ၊ ပြီးတော့ ငါတို့မျိုးနွယ်ထဲက ဝံပုလွေအမတွေကို သီးသန့်ခွဲထုတ်ထားကြ...”
သူသည် ထွက်ပြေးနေသော ဝံပုလွေများကြားတွင် အမွေးအဖြူရောင်ရှိသော နှင်းဝံပုလွေအချို့ကို သတိပြုမိလိုက်သည်။ ‘ဒီလို လမ်းပျောက်နေတဲ့ ဝံပုလွေမတွေကို သိမ်းသွင်းလိုက်တာက ငါ့အုပ်စုကို မြန်မြန်ဆန်ဆန် အင်အားကြီးလာစေမယ့် နည်းလမ်းပဲ’ သူက ရည်မှန်းချက် အပြည့်ဖြင့် တွေးလိုက်သည်။
ထို့နောက် လင်းထျန်းလုံသည် ခေါင်းနှစ်လုံးဝံပုလွေဘုရင်၏ အလောင်းထံသို့ လျှောက်သွားကာ သူ၏လက်သည်းဖြင့် ဦးခေါင်းခွံကို ခွဲလိုက်ပြန်သည်။
ထိုအခါ ယခင်ထက် ပိုမိုကြီးမားပြီး အမည်းနှင့်အဖြူ ရောယှက်နေသော အမြုတေတစ်ခု ထွက်ပေါ်လာသည်။
[မိစ္ဆာအမြုတေ (အဖြူ)]: အင်အားကြီး ထူးချွန်အဆင့်မိစ္ဆာမှ ရရှိနိုင်သော စွမ်းအင်အမြုတေ။ စုပ်ယူပါက ခန္ဓာကိုယ်ခုခံနိုင်စွမ်းမြှင့်တင်ခြင် ၊ ခွန်အားမြှင့်တင်ခြင်း သို့မဟုတ် ခုန်ပျံနိုင်စွမ်းမြှင့်တင်ခြင်း စွမ်းရည်များကို ရရှိနိုင်သည်။
‘အဖြူရောင်အဆင့် အမြုတေပဲ’ လင်းထျန်းလုံ ကျေနပ်သွားလေသည်။
‘စွမ်းရည်တွေက အခြေခံစွမ်းရည်တွေ ဖြစ်နေသေးပေမယ့် အရည်အသွေးကတော့ ပိုမြင့်သွားပြီ၊ ဒါက တကယ့် ရတနာပဲ’
သူသည် အမြုတေကို သေချာသိမ်းဆည်းထားလိုက်ပြီး အလုပ်ရှုပ်နေသော ဝံပုလွေအုပ်စုနှင့် စုစည်းထားသော ဝံပုလွေမများကို ကြည့်ကာ စိတ်ထဲတွင် နှင်းဝံပုလွေကျေးရွာ၏ အနာဂတ်အတွက် စီမံကိန်းများကို စတင်ရေးဆွဲနေတော့သည်။