← Chapters

အပြောင်းအလဲကြီးအတွက် ကြိုတင်ပြင်ဆင်ခြင်း

Vol. 3 Ch. 27

အပြောင်းအလဲကြီးအတွက် ကြိုတင်ပြင်ဆင်ခြင်း

Vol. 3 Ch. 27

သစ်ပင်အိမ်အတွင်းတွင် ဝိညာဉ်စွမ်းအင်များမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုထူထပ်လာပြီး အသက်ရှူလိုက်တိုင်း သန့်စင်သော စွမ်းအင်များကို တိုက်ရိုက် ရှူရှိုက်နေရသကဲ့သို့ ခံစားနေရသည်။

ရှောင်လန်နှင့် ရှောင်ယင်းတို့သည် သူတို့၏ အတိတ်ဘဝမှ ကျင့်စဉ်များကို အသုံးပြုကာ လေထုအတွင်းမှ ဝိညာဉ်စွမ်းအင်များကို အငမ်းမရ စုပ်ယူနေကြသည်။

သို့သော် သူတို့၏ ကလေးမျက်နှာလေးများပေါ်တွင်မူ ဝမ်းသာခြင်းထက် စိုးရိမ်ပူပန်မှု အရိပ်အယောင်များကသာ ပိုမိုနက်ရှိုင်းစွာ ဖုံးလွှမ်းနေလျက် ရှိသည်။

“ဝိညာဉ်စွမ်းအင်တွေရဲ့ သိပ်သည်းဆက တစ်ဟုန်ထိုး မြင့်တက်လာနေပြီ... ဒီရက်ပိုင်းအတွင်းမှာပဲ အပြောင်းအလဲကြီး တစ်ခု ဖြစ်တော့မယ်...” ရှောင်လန်သည် သူမ၏ စိတ်ထဲမှ လေးလံစွာ တွေးတောလိုက်မိသည်။

“အရင်ဘဝတုန်းက အစီအစဉ်တကျရှိခဲ့တဲ့ လောကကြီး ပြိုလဲသွားပြီး မိစ္ဆာမျိုးနွယ်တွေ နိုးထလာခဲ့တဲ့ ဝရုန်းသုန်းကား မြင်ကွင်းတွေ ငါ့မျက်စိရှေ့မှာ ပြန်ပေါ်လာသလိုပဲ...”

“ဘာကို ကြောက်နေတာလဲ...” ရှောင်ယင်းက မချိပြုံး ပြုံးပြကာ တုံ့ပြန်လိုက်သည်။

“နင်ကလည်း.. ဝိညာဉ်စွမ်းအင်တွေ အပြည့်အဝ နိုးထလာမှ ငါတို့လည်း တကယ်ကျင့်ကြံလို့ရမှာလေ၊ အဲဒီကျရင် ငါတို့ရဲ့ မွေးရာပါ ပါရမီတွေကိုသုံးပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပီ၊ အခုလို ဘာမှမလုပ်နိုင်တဲ့ ကလေးပေါက်စဘဝထက်စာရင် အများကြီး ပိုကောင်းပါတယ်ဟ...”

သို့သော် သူမသည် ရှောင်လန်၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ တံခါး၀တွင် တောင်ကြီးတစ်လုံးအလား ခိုင်ခံ့လှသည့် ငွေရောင်ကျောပြင်ကြီးကို မြင်လိုက်ရသဖြင့် သူမ၏ ဟန်ဆောင်တည်ငြိမ်မှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားရသည်။

“အင်း... ဝိညာဉ်စွမ်းအင် နိုးထမှုက ငါတို့အတွက် အခွင့်အရေး ဖြစ်နိုင်ပေမယ့် ဝံပုလွေဖေဖေနဲ့ နှင်းဝံပုလွေကျေးရွာ တစ်ခုလုံးအတွက်တော့ ဒါက မကြုံစဖူး စိန်ခေါ်မှုကြီးပဲ...” ရှောင်လန်က စိုးရိမ်တကြီး ဆိုလာသည်။

“ထူးချွန်အဆင့်ဆိုတာ အခုအချိန်မှာ အစွမ်းထက်တယ်လို့ ထင်ရပေမယ့် တစ်ကမ္ဘာလုံး အဆင့်တက်မယ့် ဒီရေလှိုင်းကြီး ရောက်လာရင် တစ်လအတွင်းမှာတင် ပါရမီရှင်အဆင့် ဒါမှမဟုတ် ဧကရာဇ်အဆင့် အထိ ရောက်သွားမယ့် ကြောက်စရာကောင်းတဲ့ သက်ရှိတွေ ပေါ်လာနိုင်တယ်၊ အဲဒီကျရင် အခုရရှိထားတဲ့ အေးချမ်းလေးမှုက...”

သူမသည် စကားကို ဆက်မပြောတော့သော်လည်း အနာဂတ်အတွက် မရေရာမှုနှင့် လက်ရှိအေးချမ်းမှုကို တန်ဖိုးထားလိုသည့် စိတ်ဆန္ဒများမှာ ရှောင်ယင်းထံသို့ သိသိသာသာ စီးဝင်သွားခဲ့သည် ။

‘ဒီလူသားမလေးက... အဲဒါကို စိုးရိမ်နေတာလား...’ ရှောင်ယင်း တွေးတောရင်း တိတ်ဆိတ်သွားသည်။

သူမလည်း မည်သို့ မသိဘဲ နေမည်နည်း။ သူမ၏ အတိတ်ဘဝတွင် လူသားမျိုးနွယ်စုများသည် အစောပိုင်းကာလတွင် အချင်းချင်း နေရာလုရင်း အင်အားအများအပြား ပြုန်းတီးခဲ့ကြသည်။

မိစ္ဆာမျိုးနွယ်စုမှ စွမ်းအားရှင်အမြောက်အမြား ပေါ်ထွက်လာသောအခါ သူတို့မှာ အဆင်သင့်ဖြစ်မနေတော့ဘဲ မြို့ပေါင်းများစွာ ပျက်စီးခဲ့ရသည့် ဖြစ်ရပ်ဆိုးများမှာ ယနေ့တိုင် မှတ်ဉာဏ်ထဲ၌ ရှင်သန်နေဆဲ ဖြစ်သည်။

ထို့ပြင် မိစ္ဆာမျိုးနွယ်များကြားရှိ နိယာမမှာ ပို၍ပင် ရိုးရှင်းရက်စက်လှသည်။ အင်အားကြီးသူကသာ အနိုင်ရပြီး အားနည်းသူမှာ ပျက်စီးရမည့် လောကပင်။

ဝံပုလွေဖေဖေသည် ထူးခြားသော ဉာဏ်ပညာရှိပြီး အဆင့်တူများကြားတွင် ထိပ်တန်းအဆင့်ရှိသူ ဖြစ်သော်လည်း အုပ်စုကြီးတစ်ခုလုံးနှင့် ‘ဝန်ထုတ်ဝန်ပိုး’ ဖြစ်နေသော သူတို့နှစ်ဦးကို ခေါ်ဆောင်၍ ခေတ်သစ်ကြီးကို ရင်ဆိုင်ရမည်မှာ အလွန်ခက်ခဲမည့် ကိစ္စပင်။

လင်းထျန်းလုံ ခံစားရမည့် ဖိအားများနှင့် သူတို့အပေါ် ထားရှိသော ဂရုစိုက်မှုများကို တွေးမိသောအခါ မိစ္ဆာဘုရင်မကြီးတစ်ပါး၏ စိတ်ဓာတ်မျိုးရှိသော ရှောင်ယင်းပင်လျှင် ရင်ထဲ၌ မဖော်ပြတတ်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာရသည်။

သူမသည် ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်ရင်း သူမ၏ နူးညံ့သော စိတ်အစုံကို ရက်စက်စွာ နှိပ်ကွပ်လိုက်လေသည်။

“ဟမ့်... ငါ မိစ္ဆာတို့ရဲ့အရှင်သခင် ရှောင်ယင်းက ဒီလိုခံစားချက်တွေအောက်မှာ အရှုံးပေးစရာလား၊ သန်မာလာရမယ်... ငါ အမြန်ဆုံး သန်မာလာမှ ဖြစ်မယ်...”

သစ်ပင်အိမ်အပြင်ဘက်တွင် ထိုင်နေသော လင်းထျန်းလုံမှာတော့ သူ့သမီးငယ်နှစ်ဦး၏ ရှုပ်ထွေးလှသော အတွေးများကို မသိရှာပေ။

သူသည် လက်ရှိလုပ်ဆောင်ရမည့် ကိစ္စများအပေါ်တွင်သာ အာရုံစိုက်ထားလေသည်။

ကွင်းပြင်ကျယ်အတွင်းတွင် ရန့်မြဲ့အပါအဝင် အရွယ်ရောက်ပြီးသော ဝံပုလွေအထီး (၁၆) ကောင်မှာ နှစ်ကောင်တစ်တွဲစီခွဲ၍ ပြင်းထန်သော တိုက်ခိုက်ရေး လေ့ကျင့်မှုများကို ပြုလုပ်နေကြသည်။ လက်သည်းများနှင့် အစွယ်များ ထိသံ ၊ ဟိန်းဟောက်သံများနှင့် ခန္ဓာကိုယ်ချင်း တိုးဝှေ့သံများမှာ ဆက်တိုက် ထွက်ပေါ်နေလျက်ရှိလေသည်။

“အာဝူး... (ပိုပြီး မြန်မြန် လှုပ်ရှားစမ်း... မင်းရဲ့ အေးခဲဟိန်းသံက အလှပြဖို့သပ်သပ်မဟုတ်ဘူး...)” “အာဝူး... (အပေးအယူ မျှပါစေ... မင်းရဲ့ အဖော် ဘယ်နေရာမှာ ရှိနေလဲဆိုတာ အမြဲသတိထား၊ မင်းတစ်ယောက်တည်း အမဲလိုက်နေတာ မဟုတ်ဘူး ဆိုတာသတိရအုံး...)”

လင်းထျန်းလုံ၏ တိုးညင်းသော်လည်း ပြတ်သားလှသော အမိန့်သံများမှာ မျိုးတူပဲ့တင်ထပ်သံမှတစ်ဆင့် အုပ်စုဝင်များထံသို့ အဆက်မပြတ် ရောက်ရှိနေခဲ့သည်။

သူသည် တင်းကျပ်လွန်းသော နည်းပြဆရာ တစ်ယောက်အလား ဝံပုလွေတစ်တွဲချင်းစီ၏ တိုက်ခိုက်မှုများကို စေ့စေ့စပ်စပ် စောင့်ကြည့်နေခဲ့သည်။

သိပ်မကြာမီလာတော့မည့် ခေတ်သစ်တွင် တစ်ဦးချင်း အစွမ်းထက်မှုမှာ အရေးကြီးသော်လည်း အုပ်စုလိုက် ပူးပေါင်းဆောင်ရွက်မှုနှင့် ဗျူဟာမြောက် တိုက်ခိုက်နိုင်စွမ်းများမှာသာ ရှင်သန်ရေးအတွက် အဓိကသော့ချက် ဖြစ်ကြောင်း သူကောင်းစွာ နားလည်ထားသည်။

ဤဝံပုလွေများတွင် မွေးရာပါ အမဲလိုက်ဗီဇများ ရှိနေပြီးသား ဖြစ်သဖြင့် စနစ်ကျသော လမ်းညွှန်မှုနှင့် ပေါင်းစပ်ပေးရန်သာ လိုအပ်ခြင်းဖြစ်သည်။

မကြာမီမှာပင် ပထမအကျော့ လေ့ကျင့်မှု ပြီးဆုံးသွားခဲ့သည်။ ဝံပုလွေအများစုမှာ ဒဏ်ရာအနည်းငယ်စီ ရရှိထားကြပြီး အမောတကော ဖြစ်နေကြသော်လည်း သူတို့၏ မျက်ဝန်းများထဲတွင်မူ စွမ်းရည်တိုးတက်မှုများကြောင့် တောက်ပနေကြသည်။

စစ်ရေးလေ့ကျင့်ခြင်းပြီးသည်နှင့် လင်းထျန်းလုံသည် သူပြင်ဆင်ထားသော ဆေးမြစ်များကို ယူဆောင်ကာ မီးဖို၍ ကျွမ်းကျင်စွာဖြင့် ဆေးစကျိုတော့သည်။

သိပ်မကြာမီမှာပင် နူးညံ့လှသော ဝိညာဉ်စွမ်းအင်များ ပါဝင်သည့် ဆေးရည်များကို ဝံပုလွေအုပ်စုထံ ခွဲဝေပေးလိုက်သည်။

ဝံပုလွေတို့၏ ဒဏ်ရာများမှာ မျက်ဝါးထင်ထင် သိသိသာသာပင် ကုသပျောက်ကွယ်သွားပြီး စွမ်းအင်များမှာလည်း အလျင်အမြန် ပြန်လည် ပြည့်ဝလာကြသည်။

“ဝူး... (ဆက်လုပ်ကြစို့... နောက်တစ်ဖွဲ့...)”

အနားယူရန် အချိန်မပေးဘဲ တိုက်ခိုက်ရေး လေ့ကျင့်မှုပုံစံအသစ်ကို ထပ်မံ စတင်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ ဝံပုလွေများ၏ လှုပ်ရှားမှုများမှာ ယခင်ကထက် ပိုမို ပြေပြစ်လာပြီး ပူးပေါင်းဆောင်ရွက်မှုမှာလည်း ပိုမိုဟန်ချက်ညီလာခဲ့သည်။

သစ်ပင်အိမ်အတွင်းမှ ဧကရီနှစ်ပါးမှာလည်း အပြင်ဘက်မှ ဆူညံသံများကြောင့် အာရုံစိုက်နေကြသည်။

သူတို့သည် အာကာသနှင့်တသားတည်းဖြစ်ခြင်း ကို တိတ်တဆိတ် အသက်သွင်းလိုက်သည်နှင့်လတွေ့လိုက်ရသော မြင်ကွင်းကြောင့် မှင်တက်သွားကြရသည်။

“အီးယား... (သူတို့က... ရန်ဖြစ်နေတာ မဟုတ်ဘူးလား...)” ရှောင်ယင်းက အံဩတကြီး ပြောလိုက်သည်။

ရှောင်လန် ကမူ “ဒါက... လေ့ကျင့်နေကြတာပဲ၊ ဝံပုလွေဖေဖေက သူတို့ကို တိုက်ခိုက်ရေးအတွက် စနစ်တကျ လေ့ကျင့်ပေးနေတာလား...” ဟု မယုံကြည်နိုင်ဖြစ်ကာ ရေရွတ်နေမိသည်။

လင်းထျန်းလုံ၏ ဆေးကျိုခြင်း ၊ ဒဏ်ရာများကို ကုသပေးခြင်းနှင့် လေ့ကျင့်မှုများကို ဆက်လက်လုပ်ဆောင်စေခြင်း စသည့် ကျွမ်းကျင်လှသော လုပ်ဆောင်ချက်များကို ကြည့်ရင်း နယ်ပယ်အသီးသီးကို အုပ်ချုပ်ခဲ့ဖူးသော ဧကရီနှစ်ပါးမှာ ချက်ချင်းပင် နားလည်လိုက်ကြသည်။

“ဒါက သာမန်ဝံပုလွေတွေရဲ့ ဗီဇကိုကျော်နေပြီ... ဒါက... စစ်တပ်တစ်ခုကို လေ့ကျင့်ပျိုးထောင်နေတဲ့ပုံစံပဲ” ရှောင်လန်က ဆိုသည်။

“ဘုရားရေ...” ရှောင်ယင်းမှာတော့ ဆဲမိလုမတတ် ဖြစ်သွားလေသည်။ “ဝံပုလွေဖေဖေမှာ ငါတို့မသိသေးတဲ့ အံ့ဩစရာစွမ်းရည်တွေ ဘယ်လောက်တောင် ရှိနေသေးတာလဲ၊ သူက အတိတ်ဘဝမှာ စစ်ဗိုလ်ချုပ်ကြီး တစ်ယောက်မလို့လား၊ စစ်သားတွေကို ဘယ်လို လေ့ကျင့်ပေးရမလဲဆိုတာကိုတောင် သိနေတယ်တဲ့လား...”

သူတို့မြင်တွေ့နေရသော မြင်ကွင်းမှာ လင်းထျန်းလုံ၏ တစ်ကိုယ်တော် စွမ်းအားထက်ပင် ပိုမိုထိတ်လန့်စရာ ကောင်းလှသည်။

တစ်ဦးချင်း ရဲရင့်မှုက နယ်မြေတစ်ခုကို စိုးမိုးနိုင်သော်လည်း စစ်တပ်တစ်ခုကို စနစ်တကျဖွဲ့စည်းရန် လေ့ကျင့်တတ်ခြင်းမှာမူ အင်အားကြီးမားသော အင်ပါယာတစ်ခု တည်ဆောက်ရန်အတွက် စစ်မှန်သော အ‌ခြေခံအုတ်မြစ်ပင်။

တည်ငြိမ်စွာ အမိန့်ပေးနေသော လင်းထျန်းလုံ ၏ ပုံရိပ်နှင့် အုပ်စုဝင်များကို ကုသပေးနေသော သူ၏ ကျောပြင်ကြီးကို ကြည့်ရင်း သူတို့၏ ရင်ထဲမှ အနာဂတ်အတွက် စိုးရိမ်ပူပန်မှု အတွေးများ အနည်းငယ် လွင့်စင်သွားလေသည်။

“ဒါဖြစ်နိုင်တာပဲ... အမြဲတမ်း အံ့ဖွယ်တွေကို ဖန်တီးပြနေတဲ့ ဝံပုလွေဖေဖေနောက်ကို လိုက်ရင်... ဝရုန်းသုန်းကား ဖြစ်လာမယ့် ကမ္ဘာကြီးမှာတောင် မျှော်လင့်ချက် ရောင်ခြည်လေးတွေ ရှိလာနိုင်မလား...”

ဤအတွေးသည် ဧကရီနှစ်ပါးလုံး၏ ရင်ထဲ၌ တပြိုင်နက်တည်း အမြစ်တွယ် ပေါက်ဖွားလာတော့သည်။

လင်းထျန်းလုံကမူ သူ၏ ‘စစ်ရေးလေ့ကျင့်မှု’ က သမီးငယ်များအား ယုံကြည်မှု အမြောက်အမြား ပေးအပ်လိုက်သည်ကို မသိရှာပေ။

တဖြည်းဖြည်း ဟန်ချက်ညီလာသော ဝံပုလွေအုပ်စုကိုကြည့်ရင်း သူ၏ ရေခဲပြာမျက်ဝန်းများထဲတွင် နက်ရှိုင်းသော အတွေးများက နေရာယူလာခဲ့သည်။

‘ဒါနဲ့တင် မလုံလောက်သေးဘူး... သူတို့ရဲ့ တစ်ဦးချင်းဆီရဲ့ စွမ်းအားတွေကိုပါ မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းကို ရှာမှရမယ်၊ မိစ္ဆာအမြုတေ... ဒါမှမဟုတ် တခြားတစ်ခုခုပေါ့...’

သူ၏ အကြည့်မှာ တောအုပ်နက်ကြီးဆီသို့ ဦးတည်သွားလေသည်။

လင်းထျန်းလုံ စိုက်ကြည့်နေပုံမှာ လှိုင်းထန်တော့မည့် အနာဂတ်ကြီးကို သူကြိုတင် မြင်တွေ့နေရသကဲ့သို့ပင်။

All Chapters