← Chapters

သွေးလမင်း ထွက်ပေါ်လာခြင်း၊ တစ်ကမ္ဘာလုံးဆိုင်ရာ ဆင့်ကဲပြောင်းလဲမှု၊ ခေတ်သစ် အစပျိုးခြင်း

Vol. 3 Ch. 28

သွေးလမင်း ထွက်ပေါ်လာခြင်း၊ တစ်ကမ္ဘာလုံးဆိုင်ရာ ဆင့်ကဲပြောင်းလဲမှု၊ ခေတ်သစ် အစပျိုးခြင်း

Vol. 3 Ch. 28

ဆောင်းဦးနှောင်းပိုင်း၏ အအေးဓာတ်မှာ ထျန်ရှန်းတောင်တန်း တောအုပ်တစ်ခုလုံးကို ဝါကျင်ကျင် ရွက်ကြွေများဖြင့် ဖုံးလွှမ်းလျက် ခြောက်သွေ့အေးစိမ့်နေစေခဲ့သည်။

လင်းထျန်းလုံသည် နှင်းဝံပုလွေကျေးရွာ၏ သစ်သားတံတိုင်းထက်တွင် ဝင့်ကြွားစွာ မတ်တပ်ရပ်နေပြီး တည်ငြိမ်လှသော စစ်ဗိုလ်ချုပ်ကြီး တစ်ဦးအလား တံတိုင်းအောက်တွင် နောက်ဆုံးအကျော့ စစ်ရေးလေ့ကျင့်နေသော ဝံပုလွေအုပ်စုကို စစ်ဆေးနေခဲ့သည်။

“အာဝူး... (ဘယ်ဘက်တောင်ပံ... သူတို့ကို ဖိထားစမ်း...)” “အာဝူး... (ညာဘက်တောင်ပံ... ကြားဖြတ်တိုက်... အရှိန်မြှင့်စမ်းပါ...)”

တိုးညင်းသော ဝံပုလွေဟိန်းသံများနှင့်အတူ လေထုထဲ၌ ပျံ့လွင့်နေသော ဆေးပင်ရနံ့များက ဤစစ်တလင်းကို ပိုမိုလေးနက်ထူးခြားနေစေသည်။ ရက်ပေါင်းများစွာ ပြင်းထန်သော လေ့ကျင့်မှုများအပြီးတွင် ဤဝံပုလွေအုပ်စုမှာ လုံးဝဥဿုံ ပြောင်းလဲသွားကြပြီ ဖြစ်သည်။ သူတို့သည် သတ်ဖြတ်ရန်အတွက် ပင်ကိုယ်ဗီဇအသိစိတ်တစ်ခုတည်းကိုသာ အားမကိုးတော့ဘဲ ရန်သူကို အာရုံလွှဲခြင်း ၊ နံဘေးမှ ညှပ်တိုက်ခြင်း ၊ ပူးပေါင်းကာကွယ်ခြင်းနှင့် နှစ်ကောင်တစ်တွဲ၊သုံးကောင်တစ်တွဲ စစ်ဗျူဟာများကိုပါ ကျွမ်းကျင်စွာ အသုံးချတတ်နေကြပြီ ဖြစ်သည်။

သစ်ပင်အိမ်အတွင်းတွင် ရှောင်လန်နှင့် ရှောင်ယင်းတို့သည် တံခါး၀မှနေ၍ ဤမြင်ကွင်းကို ကြည့်ရင်း ရင်ထဲမှ အံ့ဩတုန်လှုပ်မှုကို ဖော်ပြရန် စကားလုံးရှာမတွေ့နိုင်အောင်ပင် ဖြစ်နေကြသည်။

“အီးယား... (သူတို့က... တကယ့် စစ်ဗျူဟာတွေကို သုံးနေတာပဲ...)” ရှောင်ယင်းက မှင်တက်စွာ ဆိုလိုက်သည်။

“အပြန်အလှန် ကာကွယ်ပေးတာ ၊ နံဘေးကနေ ထိုးဖောက်တာ... ဒါက ရိုင်းစိုင်းတဲ့ သားရဲတွေ တိုက်ခိုက်တဲ့ ပုံစံမဟုတ်ဘူး... ဒါက... စစ်တပ်တစ်ခုရဲ့ အစပျိုးမှုပဲ...” ရှောင်လန်ကမူ သေချာ သုံးသပ်ပြနေလေသည်။

ဧကရီနှစ်ပါး၏ သိမြင်နားလည်မှုများအားလုံး လုံးဝ ပြောင်းပြန်ဖြစ်သွားရပြန်သည်။ မိစ္ဆာသားရဲများသည် ခန္ဓာကိုယ်ကြံ့ခိုင်မှုတွင် သာလွန်ပြီး လူသားမျိုးနွယ်စုမှာ ဉာဏ်ပညာတွင် သာလွန်သည်ဟူသော အခြေခံနိယာမကြီးမှာ သူတို့ရှေ့က နှင်းဝံပုလွေ အုပ်စုကြောင့် ပြိုလဲသွားရပြီပဲ ဖြစ်သည်။

စနစ်ကျသော အဖွဲ့အစည်းနှင့် ဉာဏ်ရှိသော မိစ္ဆာသားရဲ မျိုးနွယ်စုတစ်ခု၏ အလားအလာမှာ မည်မျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မည်နည်း။

နေဝင်သွားသည်နှင့် လေ့ကျင့်မှုမှာလည်း ပြီးဆုံးသွားခဲ့သည်။ လင်းထျန်းလုံသည် သူ၏ရှေ့မှ ဝံပုလွေအုပ်စုကိုကြည့်ရင်း ကျေနပ်မှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့သည်။

‘ဒီလောက်ဆိုရင်တော့... ရန့်မြဲ့ရဲ့အဖွဲ့က အဆင့် (၁၈) အောက်က ထူးချွန်အဆင့် မိစ္ဆာသားရဲ အတော်များများကို ကိုယ်တိုင်အမဲလိုက်နိုင်ပြီပဲ’ ဟု သူကတွေးရင်း ‘နောက်ထပ်ကတော့... ဒီလောကကြီးရဲ့ အလှည့်အပြောင်းကို စောင့်ကြည့်ရုံပဲ’

ညဉ့်နက်ပိုင်းသို့ ရောက်ရှိလာခဲ့သည်။

သို့သော် ယနေ့ညမှာ ထူးခြားနေခဲ့သည်။ မိုးကုပ်စက်ဝိုင်းထက်တွင် လိမ္မော်ရောင် လခြမ်းကွေးကလေး တစ်ခုသည် တိတ်ဆိတ်စွာ ထွက်ပေါ်လာသည်။

သိပ်မကြာမီမှာပင် ထိုလမင်း၏ အရောင်မှာ သိသိသာသာ နက်ရှိုင်းလာပြီး လိမ္မော်ရောင်မှသည် သွေးကဲ့သို့ ရဲရဲနီသော သွေးလမင်းကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ကျောချမ်းဖွယ်ကောင်းပြီး နိမိတ်မကောင်းလှသော ထိုသွေးလမင်းကြီးအတွင်းတွင် မယုံကြည်နိုင်လောက်အောင် ကြီးမားလှသော စွမ်းအင်များ ကိန်းအောင်းနေသည်။

ကမ္ဘာတစ်ဝန်းရှိ ဝိညာဉ်စွမ်းအင်များမှာ ဆူပွက်နေသော ဆီပူအိုးထဲ ရေအေးလောင်းထည့်လိုက်သကဲ့သို့ ရုတ်ချည်း ပေါက်ကွဲထွက်ပေါ်လာပြီး ကမ္ဘာမြေ၏ ထောင့်တိုင်းသို့ ဒီရေလှိုင်းအလား ရိုက်ခတ်သွားတော့သည်။

တစ်ကမ္ဘာလုံးဆိုင်ရာ ဆင့်ကဲပြောင်းလဲမှု၊ တစ်နည်းအားဖြင့် ခေတ်သစ်ကြီးသည် ယနေ့ညတွင် တရားဝင် ကျရောက်လာပြီ ဖြစ်လေသည်။

သစ်ပင်အိမ်အတွင်း၌ ရှောင်လန်နှင့် ရှောင်ယင်းတို့မှာ မျက်လုံးများကို တပြိုင်နက်တည်း ဖွင့်လိုက်ကြသည်။

“လာပြီ...”

“တတိယအကြိမ်မြောက် ဝိညာဉ်စွမ်းအင် ဒီရေလှိုင်း... စတင်ပြီ...”

သူတို့နှစ်ဦးသည် အတိတ်ဘဝက ကျင့်စဉ်များကို အစွမ်းကုန် လည်ပတ်လိုက်ကြသည်။ ရှောင်လန်၏ နဖူးထက်တွင် ရေခဲပြာရောင် အမှတ်အသားတစ်ခု ပေါ်လာပြီး ရှောင်ယင်း၏ နဖူးထက်တွင်လည်း ခရမ်းရောင် အမှတ်အသားတစ်ခု ပေါ်ထွက်လာလေသည်။

အတိုင်းအဆမဲ့လှသော ဝိညာဉ်စွမ်းအင်များက သူတို့၏ သေးငယ်သော ခန္ဓာကိုယ်များအတွင်းသို့ ရူးသွပ်စွာ စီးဝင်လာကြသည်။

သို့သော် ခဏအကြာတွင် သူတို့နှစ်ဦးလုံး လက်လျှော့လိုက်ရပြီး မျက်နှာကလေးများမှာ စိတ်ပျက်မှုများဖြင့် ပြည့်နှက်သွားသည်။

“ဒါပဲလား... အဆင့် ၁ ပဲလား...” ရှောင်ယင်းမှာ သူမ၏ ခန္ဓာကိုယ်ထဲမှ အားနည်းလွန်းသော ဝိညာဉ်စွမ်းအားကို ခံစားရင်း ညည်းတွားလိြက်သည်။

“...ဒါက ကန့်သတ်ချက်ပဲလား၊ ဒီခန္ဓာကိုယ်က ဝိညာဉ်စွမ်းအင်တွေကို ထပ်ပြီး လက်မခံနိုင်တော့ဘူး...”

ရှောင်လန်ကလည်း သက်ပြင်းချနေခဲ့လေသည်။ “ရတနာပုံကြီးကို ရှေ့မှာထားပြီး သုံးလို့မရတဲ့ ဘဝပဲ... ကလေးခန္ဓာကိုယ်က ကန့်သတ်ချက်တွေ အရမ်းများလွန်းတယ်...” သူမ၏ စွမ်းအားမှာ ရှောင်ယင်းထက် သုံးဆခန့် ပိုများနေသော်လည်း အဆင့် ၁ မှာတင် ရပ်တန့်သွားခဲ့သည်။

ထိုစဉ် ကျေးရွာအပြင်ဘက် ကွင်းပြင်ထဲတွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“အာဝူး...”

လင်းထျန်းလုံသည် ခေါင်းမော့ကာ သွေးလမင်းကြီးကိုကြည့်လျက် ရှည်လျားလှသော ဟိန်းသံကြီးကို ထုတ်လွှတ်လိုက်သည်။

၎င်းသည် လောကကြီး၏ အပြောင်းအလဲကို တုံ့ပြန်လိုက်သကဲ့သို့ပင်။

သူ၏ဦးဆောင်မှုဖြင့် နှင်းဝံပုလွေအားလုံးမှာ ထိုကြမ်းတမ်းပြီး သန့်စင်လှသော ဝိညာဉ်စွမ်းအင်များကို အငမ်းမရ စုပ်ယူကြတော့သည်။ ပြင်းထန်လှသော အရှိန်အဝါများ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာနေ‌လေသည်။

ထူးချွန်အဆင့်ရောက်ခါနီးတွင် ရပ်တန့်နေသော ဝံပုလွေများမှာလည်း တရားဝင် ထူးချွန်အဆင့်သို့ တက်လှမ်းသွားခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ရန့်မြဲ့၏ အရှိန်အဝါမှာ တစ်ဟုန်ထိုး မြင့်တက်လာပြီး ထူးချွန်အဆင့် (၁၅) သို့ ရောက်ရှိသွားတော့သည်။

နှင်းဝံပုလွေမျိုးနွယ်စု တစ်စုလုံး၏ အင်အားမှာ ဒုတိယအကြိမ်မြောက် အလုံးစုံ ဆင့်ကဲပြောင်းလဲသွားပြန်ပြီဖြစ်သည်။

သို့သော် သူတို့ မည်မျှပင် သန်မာလာပါစေ လင်းထျန်းလုံ အပေါ် ထားရှိသော သစ္စာရှိမှုနှင့် လေးစားမှုမှာမူ အပြည့်အဝ ရှိနေဆဲပင်။

လင်းထျန်းလုံ ကိုယ်တိုင်မှာလည်း မကြုံစဖူးသော ပြောင်းလဲမှုကို ခံစားနေရသည်။

ဝိညာဉ်စွမ်းအင် အမြောက်အမြားက သူ၏ သွေးမျိုးဆက် ၊ အရိုးအဆစ်နှင့် ကြွက်သားများကို ပြန်လည် ပုံဖော်ပေးနေခဲ့ကာ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းမှာ တက်ကြွနေကြပြီး အထွတ်အထိပ်သို့ တက်လှမ်းနေကြသည်။

[စနစ် အသိပေးချက် - ပိုင်ရှင်သည် မူလဝိညာဉ်စွမ်းအင် အမြောက်အမြားကို စုပ်ယူလိုက်ပြီ ဖြစ်သည်။ သင်၏ ကျင့်ကြံခြင်းအဆင့်မှာ မြင့်တက်သွားပြီး ပါရမီရှင်တစ်၀က်အဆင့် မိစ္ဆာသားရဲ (အဆင့် ၁၉) အဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားပြီ ဖြစ်သည်။]

[စနစ် အသိပေးချက် - ပိုင်ရှင်သည် ပါရမီရှင်အဆင့်တစ်၀က်သို့ ရောက်ရှိသွားပြီဖြစ်သဖြင့် ‘မျိုးတူပဲ့တင်ထပ်သံ (ခရမ်းရောင်)’ ၏ အာနိသင် တိုးတက်လာခဲ့သည်။ နှင်းဝံပုလွေအုပ်စု၏ အလုံးစုံ စွမ်းအားမြှင့်တင်မှုမှာ (၂၅) ရာခိုင်နှုန်းအထိ တိုးတက်သွားပြီ ဖြစ်သည် ။]

ပြင်းထန်လွန်းသော ခွန်အားများက သူ၏တစ်ကိုယ်လုံးတွင် ပြည့်နှက်နေခဲ့သည်။ သူနှင့် သာမန်ထူးချွန်အဆင့်များကြားတွင် ကြီးမားသော ကွာဟချက်တစ်ခု ဖြစ်ပေါ်လာနေသည်ကို လင်းထျန်းလုံ သိလိုက်သည်။ သူသည် အစွမ်းထက်လာသော အုပ်စုဝင်များကို ကြည့်ကာ နောက်ဆုံးတွင် ကောင်းကင်ယံက သွေးလမင်းကြီးကို စိုက်ကြည့်လိုက်လေသည်။

“ခေတ်သစ်ကြီးရဲ့ တံခါးတွေက... နောက်ဆုံးတော့ အပြည့်အဝ ပွင့်သွားပြီပဲ...” သူ၏ မျက်ဝန်းများထဲတွင် ခိုင်မာပြတ်သားသည့်ပုံရိပ်များ တောက်ပနေလေသည်။

“နှင်းဝံပုလွေ မျိုးနွယ်စုကတော့ အဆင်သင့်ပဲ”

All Chapters