ဝံပုလွေပြာသွေးမျိုးဆက် အပြည့်အ၀နိုးထလာခြင်း၊ ငွေပြာရောင်မျက်၀န်း
Vol. 3 Ch. 29
ကျင့်ကြံခြင်းအဆင့် မြင့်မားလာမှုကြောင့် ဖြစ်ပေါ်လာသည့် ပြင်းထန်သော ခံစားချက်ကြီးမှာ ဒီရေအလား တဖြည်းဖြည်း ပြန်လည်ဆုတ်ခွာသွားပြီးနောက် လင်းထျန်းလုံ၏ ခန္ဓာကိုယ်နှင့် အမြင်အာရုံမှာလည်း လုံးဝဥဿုံ ပြောင်းလဲသွားခဲ့လေသည်။
သူသည် သွေးလမင်းအောက်တွင် မတ်တပ်ရပ်နေရင်း သူ၏တစ်ကိုယ်လုံးတွင် ယခင်ကထက် များစွာ သာလွန်သော စွမ်းအားများဖြင့် ပြည့်လျှံနေသည်ကို ခံစားနေရသည်။
စနစ်မျက်နှာပြင်ပေါ်ရှိ “ပါရမီရှင်တစ်၀က်အဆင့် (အဆင့် ၁၉)” ဟူသော စာသားမှာ သူ၏လက်ရှိ သွေးမျိုးဆက် ပြောင်းလဲမှုကို ဖော်ပြရန် လုံလောက်ခြင်းမရှိချေ။ နှလုံးခုန်သံ တချက်ချင်းစီတိုင်းတွင် ရှေးကျသော စွမ်းအင်များ သူ၏သွေးကြောထဲတွင် စီးဆင်းနေသည်မှာ [ဝံပုလွေပြာအမွေခံသွေးမျိုးဆက်] အပြည့်အဝ နိုးထလာသည့် နိိမိတ်ပင်။
စနစ်၏ အသိပေးချက်များကလည်း ဤအံ့ဖွယ် ပြောင်းလဲမှုကို အတည်ပြုပေးလိုက်လေသည် -
[စနစ် အသိပေးချက် - နှင်းဝံပုလွေအုပ်စုသည် စုပေါင်းဆင့်ကဲပြောင်းလဲမှု ပြီးမြောက်သွားပြီဖြစ်၍ ‘မျိုးတူပဲ့တင်ထပ်သံ (ခရမ်းရောင်)’ အာနိသင် ပိုမိုအားကောင်းလာသည်။
လက်ရှိအကျိုးသက်ရောက်မှု - အုပ်စုဝင်အားလုံး၏ စွမ်းရည်အားလုံး (၂၈) ရာခိုင်နှုန်း တိုးတက်သွားသည်။]
[စနစ် အသိပေးချက် - ပိုင်ရှင်၏ သားရဲခန္ဓာကိုယ်မှာ ပြောင်းလဲသွားပြီး ဝံပုလွေပြာအမွေခံသွေးမျိုးဆက် (ရွှေရောင်)’ အာနိသင် ပိုမိုအားကောင်းလာသည်။ လက်ရှိအကျိုးသက်ရောက်မှု - ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်အားလုံး (၃၀) ရာခိုင်နှုန်း တိုးတက်သွားပြီး အပြာရောင်ဝံပုလွေ သွေးမျိုးဆက်ဖိအားသည် အဆင့်တူနှင့် အဆင့်နိမ့် မိစ္ဆာသားရဲများအပေါ် အကြွင်းမဲ့ ဖိနှိပ်နိုင်စွမ်း ရှိလာသည်။]
[စနစ် အသိပေးချက် - ပိုင်ရှင်၏ သွေးမျိုးဆက် သိပ်သည်းဆ သိသိသာသာ မြင့်တက်လာသဖြင့် အပြာရောင်ဝံပုလွေ မျိုးနွယ်စု၏ မွေးရာပါ ပါရမီဖြစ်သော ‘ငွေပြာရောင်မျက်ဝန်း (ခရမ်းရောင်)’ နိုးထလာသည် ။]
[ငွေပြာရောင်မျက်ဝန်း (ခရမ်းရောင်) - ထိုးထွင်းသိမြင်ခြင်းနှင့် ခြောက်လှန့်ခြင်း မျက်ဝန်းများ။ အမြင်အာရုံကို အဆမတန် မြင့်တင်ပေးနိုင်ပြီး စွမ်းအင်စီးဆင်းမှု အားနည်းချက်များကို မြင်နိုင်စွမ်း ရှိသည်။ ဝံပုလွေဘုရင်၏ ဖိအားကို တစ်နေရာတည်းစုစည်း၍ ရန်သူ၏ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်ခြောက်လှန့်နိုင်သည်။]
သူက မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ ရေခဲပြာမျက်ဝန်းမှာ ပြောင်းလဲမသွားသော်လည်း မျက်ဝန်းအနက်ပိုင်းတွင်မူ အရည်ပျော်နေသော ငွေရောင်အလင်းတန်းများ စီးဆင်းနေသကဲ့သို့ အလွန်အေးစိမ့်ကာ ထက်မြက်လာခဲ့သည်။
သူ၏ အကြည့်ကျရောက်ရာ နေရာတိုင်းတွင် မြင်ကွင်းများမှာ ယခင်ကထက် ပိုမိုရှင်းလင်းလာပြီး လေထုထဲတွင် ကစဉ်ကလျား စီးဆင်းနေသော ဝိညာဉ်စွမ်းအင် လမ်းကြောင်းများကိုပင် ဝေဝါးစွာ မြင်တွေ့နေရသည်။
“အာဝူး...” မည်သည့်အမိန့်မှ ပေးရန်မလိုဘဲ ရန့်မြဲ့အပါအဝင် ဝံပုလွေအုပ်စု တစ်ခုလုံးသည် သူတို့ဘုရင်၏ သွေးမျိုးဆက် ပြောင်းလဲမှုကို ခံစားမိလိုက်ကြပြီး ရှေ့ခြေများကို မြေပြင်တွင် ကပ်လျက် ဦးခေါင်းများကို အနိမ့်ဆုံးအထိ နှိမ့်ချကာ သူတို့၏ အရှင်သခင်အား အကြွင်းမဲ့ရိုသေကြောင်း ပြသလိုက်ကြသည်။
လင်းထျန်းလုံသည် တည်ငြိမ်နေခဲ့ကာ အရှိန်အဝါ ကြီးမားလှသော ဟိန်းသံတစ်ခုဖြင့် တုံ့ပြန်လိုက်ပြီး အုပ်စု၏ စိတ်လှုပ်ရှားမှုများကို ငြိမ်သက်စေခဲ့သည်။
ထို့နောက် သူသည် သစ်ပင်အိမ်ဆီသို့ တည်ငြိမ်သော ခြေလှမ်းများဖြင့် လျှောက်လှမ်းသွားသည်။
မီးပုံ၏ အလင်းရောင်နှင့် သွေးလမင်း၏ ကျောချမ်းဖွယ် အလင်းတို့အောက်တွင် သူသည် သမီးငယ်နှစ်ဦး၏ ပြောင်းလဲမှုများကို ချက်ချင်း သတိပြုမိလိုက်သည်။
သူမတို့၏ ပတ်ဝန်းကျင်တွင် အားနည်းသော ဝိညာဉ်စွမ်းအင် လှုပ်ခတ်မှုများ ရှိနေပြီး ဤဒီရေလှိုင်းမှ အကျိုးကျေးဇူးတချို့ ရရှိခဲ့ကြမှန်း သိသာလှသည် ။
‘ဟင်... ဒီကလေးနှစ်ယောက်ကလည်း ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနိုင်တာပဲ၊ ဒီဝိညာဉ်စွမ်းအင်နိုးထမှုက သက်ရှိအားလုံးအပေါ် သက်ရောက်မှု ရှိတာပဲ’ ဟုတွေးရင်း သူက စိတ်အေးသွားလေသည်။
ထိုစဉ် သူ၏ [ငွေပြာရောင်မျက်ဝန်း]ထဲတွင် ပိုမိုထူးခြားသော မြင်ကွင်းတစ်ခု ပေါ်လာလေသည်။
သူ့သမီးငယ်နှစ်ဦး၏ နဖူးထက်မှ အမှတ်အသားလေးများမှာ ဝိညာဉ်စွမ်းအင်များကြောင့် ပိုမိုရှင်းလင်းလာခြင်းဖြစ်သည်။ ဆံပင်ရွှေရောင်နှင့် ကလေးငယ်၏ နဖူးပေါ်တွင် သေးငယ်သော်လည်း အလွန် လက်ရာမြောက်လှသော ရေခဲပွင့်သဏ္ဍာန် အမှတ်အသားကလေး ရှိနေပြီး ဆံပင်ခရမ်းရောင်နှင့် ကလေးငယ်၏ နဖူးပေါ်တွင်မူ ကခုန်နေသော ဝိညာဉ်မီးလျှံလေးကဲ့သို့ ခရမ်းရောင် အမှတ်အသားကလေး တစ်ခုရှိနေသည်။
‘ဒါက... သာမန်ကလေးတွေမှာ ရှိရမယ့် အရာမျိုး မဟုတ်ဘူး... ဒီအမှတ်အသားတွေက...’ လင်းထျန်းလုံမှာ ခေတ္တမျှ မှင်တက်သွားသည်။
သူ၏ ရင်ထဲတွင် ထူးခြားသော အတွေးတစ်ခု ချက်ချင်း ပေါ်လာလေသည်။
“ရေခဲပွင့်လေးလို အေးစိမ့်ပြီး ကြည်လင်တဲ့မြူနှင်း (လန်) လေးလိုပါလား... ကခုန်နေတဲ့ အရိပ် (ယင်း) လေးလိုလည်း သွက်လက်ချက်ချာနေတာပဲ...” သူသည် သမီးငယ်နှစ်ဦးကို ကြည့်ရင်း ရေခဲပြာမျက်ဝန်းများထဲတွင် နူးညံ့မှုများ ဖြတ်ပြေးသွားသည်။
“ငါ့နောက်ကို လိုက်လာခဲ့ကြပြီးပြီဆိုမှတော့ မင်းတို့မှာ နာမည်ရှိသင့်တာပေါ့၊ မင်းက တည်ငြိမ်ပြီး တောင်တန်းပေါ်က မြူနှင်းကလေးနဲ့ တူတယ်၊ ဒါကြောင့် ‘ရှောင်လန်’ လို့ ခေါ်မယ်... မင်းကတော့ အရိပ်တစ်ခုလို သွက်လက်ချက်ချာနေတာဆိုတော့ ‘ရှောင်ယင်း’ ပေါ့...”
သူသည် သူ၏ ရင်ထဲမှနေ၍ သမီးငယ်နှစ်ဦးအတွက် နာမည်များကို ဆုံးဖြတ်ပေးလိုက်သည်။
သူ နှုတ်မှထုတ်မပြောသော်လည်း မမြင်ရသော ဆက်သွယ်မှုတစ်ခု တိတ်တဆိတ် တည်ဆောက်ပြီးသား ဖြစ်သွားသည်။
သစ်ပင်အိမ်အတွင်းရှိ ဧကရီနှစ်ပါး၏ ရင်ထဲတွင် တည်ငြိမ်မှုမရှိကြတော့ပေ။
သူတို့သည် လင်းထျန်းလုံ၏ အဆင့်တက်လှမ်းမှုကို ခံစားမိလိုက်ကြပြီး အလွန်အမင်း တုန်လှုပ်နေကြသည်။
“သွေးမျိုးဆက် ပြောင်းလဲမှုပဲ... တကယ့် သွေးမျိုးဆက် ပြောင်းလဲမှုကြီးပဲ...” ရှောင်လန်က အံ့ဩမဆုံး ဖြစ်နေသည်။
“ပါရမီရှင်တစ်၀က်အဆင့်တဲ့လား၊ ဟားဟား... ကောင်းတယ်... ဘယ်ကောင်တွေ ငါတို့ကို လာစိန်ခေါ်ရဲဦးမလဲ ကြည့်ကြသေးတာပေါ့၊ ဝံပုလွေဖေဖေက တကယ့်ကို အစွမ်းထက်တာပဲ...” ရှောင်ယင်းမှာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သို့သော် တစ်ချိန်တည်းမှာပင် သူတို့နှစ်ဦးလုံး ကြောင်အသွားကြရသည်။
“ဟင်... ခုနက ဝံပုလွေဖေဖေ ငါတို့ကို အကြာကြီး စိုက်ကြည့်နေတာလား...” ရှောင်ယင်းက ဝေခွဲမရဖြစ်နေသည်။
“ရှောင်လန်... ဆိုတဲ့ နာမည်က ဘာလို့ ငါနဲ့ ဒီလောက် လိုက်ဖက်နေတယ်လို့ ရုတ်တရက် ခံစားလိုက်ရတာလဲ...” ရှောင်လန်မှာ ပိုမိုနက်ရှိုင်းစွာ ခံစားမိနေသည်။
“ရှောင်ယင်း... ဆိုတဲ့ နာမည်ကလည်း အစကတည်းက ငါ့နာမည်ဖြစ်ခဲ့သလိုမျိုးပဲ...” ရှောင်ယင်းကလည်း အံ့အားသင့်စွာ ပြောလိုက်သည်။
၎င်းမှာ [ဝံပုလွေပြာအမွေခံသွေးမျိုးဆက်] နိုးထလာမှုကြောင့် နီးစပ်သူများအပေါ် သက်ရောက်လာသော နာမည်ပေးခြင်း၏ စွမ်းအားတစ်ခုဖြစ်ကြောင်း သူတို့မသိကြချေ။
“ထားလိုက်ပါတော့... ဘာပဲဖြစ်ဖြစ် ‘အီးယား အီးယား’ ဆိုတာထက်စာရင် အများကြီး နားထောင်လို့ ကောင်းတာပဲ...” ရှောင်ယင်းသည် သူမ၏အတွေးများကို ချက်ချင်း လျှော့ချလိုက်သည်။
“အင်း...” ရှောင်လန်ကလည်း သူမ၏ ဗီဇနှင့် လိုက်ဖက်လှသော ဤနာမည်ကို တိတ်တဆိတ် လက်ခံလိုက်သည်။
သို့သော် ကျေးရွာအပြင်ဘက်မှ ထွက်ပေါ်လာသော သားရဲများ၏ အော်ဟစ်သံများ ၊ သစ်ပင်ကျိုးကြေသံများနှင့် လေထဲတွင်လွင့်ပျံနေသော သွေးနံ့များက ဤဆင့်ကဲပြောင်းလဲမှုည၏ ရက်စက်မှုကို သတိပေးလိုက်လေသည်။
လင်းထျန်းလုံ၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားပြီး [ငွေပြာရောင်မျက်ဝန်း]ကိုအသုံးပြုကာ တောအုပ်နက်အတွင်း စစ်ဆေးလိုက်သည်။
နှင်းဝံပုလွေကျေးရွာ တစ်ခုလုံးမှာလည်း တိုက်ပွဲဝင်ရန် အဆင်သင့် ဖြစ်သွားသည်။
ခဏအကြာတွင် တစ်စုံတစ်ရာကို သူမြင်လိုက်ရလေသည်။ ငွေပြာရောင်မျက်ဝန်းများသည် တောအုပ်အတွင်းမှ တစ္ဆေတစ်ကောင်အလား လျင်မြန်လှသော သွေးရောင်ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
၎င်းတွင် အမြီးရှည်နှစ်ချောင်းရှိပြီး ဦးခေါင်းအထက်တွင် အပြာရောင် ဝိညာဉ်မီးလျှံများ တောက်လောင်နေသည်။
‘အရမ်းမြန်တာပဲ’ လင်းထျန်းလုံ ထိတ်လန့်သွားခဲ့သည်။
ထိုအကောင်မှာ ပါရမီရှင်အဆင့် မိစ္ဆာသားရဲမြေခွေး တစ်ကောင်ပင် ဖြစ်သည်။ ထိုမြေခွေး၏ အကြည့်နှင့် လင်းထျန်းလုံ၏ အကြည့်တို့ ခဏတာ ဆုံလိုက်ရုံနှင့်ပင် သူ၏ ဝိညာဉ်မှာ စူးရှသွားသကဲ့သို့ ခံစားလိုက်ရသည်။
သိပ်မကြာမီမှာပင် အဝေးမှ ကျယ်လောင်လှသော ကျားဟိန်းသံကြီး ထွက်ပေါ်လာခဲ့ပြန်ပြီး ချက်ချင်းပင် လည်ပင်းလိမ်ချိုးခံလိုက်ရသကဲ့သို့ ငြိမ်သက်သွားတော့သည်။
သွေးလမင်းအောက်ရှိ မိစ္ဆာသာရဲတိုင်း၏ ဆင့်ကဲပြောင်းလဲမှုမှာ သူထင်ထားသည်ထက် ပိုမိုကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။
မိုးမသောက်မီမှာပင် စိန်ခေါ်မှုအသစ်တစ်ခု ရောက်ရှိလာခဲ့သည်။
“ဂရားး...”
နာကျင်မှု ၊ ရူးသွပ်မှုနှင့် ဒေါသတို့ ရောယှက်နေသော ဟိန်းသံကြီးနှင့်အတူ ဧရာမ သတ္တဝါကြီးတစ်ကောင်က သစ်ပင်များကို တိုးဝှေ့ကာ ကျေးရွာရှေ့ ကွင်းပြင်အတွင်းသို့ ပြေးဝင်လာနေလေသည်။
၎င်းမှာ ပုံမှန်အရွယ်အစားထက် အဆမတန် ကြီးမားလာသော သမင်ကြီးတစ်ကောင်ဖြစ်ပြီး မီးလျှံများအလား ရဲရဲနီသော အမွေးအမှင်များမှာ တစ်ကိုယ်လုံး ဖုံးလွှမ်းနေခဲ့သည်။
သူ၏ ခြေထောက်များ နင်းမိရာ နေရာတိုင်းမှာ လောင်ကျွမ်းသွားပြီး ခန္ဓာကိုယ်မှလည်း မီးပွားများ ထွက်ပေါ်နေခဲ့သည်။
[စနစ် သတိပေးချက် - ရူးသွပ်နေသော မီးလျှံသမင် (ထူးချွန်အဆင့် အထွတ်အထိပ်)
အခြေအနေ - စွမ်းအင် အလွန်အမင်း ပြည့်လျှံနေသဖြင့် စိတ်ရူးပေါက်နေပြီး အလွန် ရန်လိုနေသည်။]
၎င်းမှာ သွေးလမင်း၏ စွမ်းအင်များကြောင့် စိတ်ရူးပေါက်နေသော အင်အားကြီး မိစ္ဆာသားရဲတစ်ကောင်ပင်။
လင်းထျန်းလုံ သည် ဤသည်မှာ ဝံပုလွေအုပ်စု၏ တိုက်ခိုက်ရေးစွမ်းရည်ကို စမ်းသပ်ရန် အကောင်းဆုံး အခွင့်အရေးဖြစ်ကြောင်း တွေးလိုက်မိသည်။
“ဝူး... (ရန့်မြဲ့... ပထမနဲ့ဒုတိယ တိုက်ခိုက်ရေးအဖွဲ့တွေ တိုက်စစ်ဆင်စမ်း... လက်တွေ့စမ်းသပ်မှု စတင်ပြီ...)”
သူကိုယ်တိုင် မတိုက်ခိုက်ဘဲ အမိန့်ပေးလိုက်လေသည်။ ရန့်မြဲ့၏ မျက်ဝန်းထဲတွင် တိုက်ပွဲဝင်လိုသော စိတ်ဆန္ဒများ တောက်လောင်နေပြီး ချက်ချင်းပင် ရှေ့သို့ ခုန်ထွက်လိုက်သည်။
ငွေရောင်အရိပ် (၁၂) ခုမှာ ကျွမ်းကျင်လှသော စစ်သည်တော်များအလား ကျေးရွာတံခါးမှ ထွက်ခွာ၍ မီးလျှံသမင်ကြီးထံသို့ တိတ်တဆိတ် ဝိုင်းရံတိုက်ခိုက်ကြတော့သည်။
တကယ့် တိုက်ပွဲမှာ ယခုမှ စတင်ခြင်းဖြစ်သည် ။ လင်းထျန်းလုံ၏ [ငွေပြာရောင်မျက်ဝန်း]များမှာ စစ်တလင်း၏ အသေးစိတ်အချက်တိုင်းကို တည်ငြိမ်စွာစောင့်ကြည့်နေတော့သည်။