← Chapters

သွေးဝိညာဉ်သမင်နှင့် ဝံပုလွေအုပ်စု၏တိုက်ပွဲ၊ လင်းထျန်းလုံ၏ ပြောင်မြောက်သောဗျူဟာများ

Vol. 3 Ch. 30

သွေးဝိညာဉ်သမင်နှင့် ဝံပုလွေအုပ်စု၏တိုက်ပွဲ၊ လင်းထျန်းလုံ၏ ပြောင်မြောက်သောဗျူဟာများ

Vol. 3 Ch. 30

သာယာအေးချမ်းလှသော မှောင်ရီပျိုးအချိန်သည် ကျေးရွာအပြင်ဘက်မှ ပြင်းထန်လှသော တိုက်ပွဲသံများနှင့် သစ်ပင်များ ကျိုးကြေသံများကြောင့် ရုတ်ချည်းပျက်စီးသွားရသည်။ ဧရာမ မီးလျှံသတ္တဝါကြီးမှာ လုံးဝဥဿုံ ရူးသွပ်နေပြီ ဖြစ်သည်။

၎င်း၏ ရဲရဲနီသော မျက်ဝန်းများထဲတွင် ဖျက်ဆီးလိုစိတ်တစ်ခုတည်းသာ ကိန်းအောင်းနေပြီး မီးလောင်နေသော တောင်ကုန်းတစ်ခုအလား နှင်းဝံပုလွေကျေးရွာ ဆီသို့ ရူးသွပ်စွာ ပြေးဝင်လာတော့သည်။

၎င်း၏ ခွာသံတိုင်းသည် မြေပြင်ကို တုန်ဟည်းစေပြီး ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော မီးပွားများမှာ ခြောက်သွေ့နေသော မြက်ပင်များကို လောင်ကျွမ်းစေကာ မည်းနက်သော လမ်းကြောင်းများကို ချန်ရစ်ခဲ့သည်။

လင်းထျန်းလုံသည် ငွေပြာရောင်မျက်ဝန်းများဖြင့် ထိုသတ္တဝါကြီးထံသို့ ချက်ချင်း စိုက်ကြည့်လိုက်ရာ အချက်အလက်များ ပေါ်ထွက်လာခဲ့သည် -

[မျိုးနွယ် - သွေးဝိညာဉ်သမင် (သွေးရူးသွေးတန်းအခြေအနေ)]

[အဆင့် - ၁၉ (ထူးချွန်အဆင့် မိစ္ဆာသားရဲ)]

[ပင်ကိုယ်စွမ်းရည်များ -

ဝိညာဉ်လောင်မြိုက်သွေး (အဖြူ) ၊

ခန္ဓာကိုယ်ခုခံနိုင်စွမ်းမြှင့်တင်ခြင်း (အဖြူ) ၊

မီးလျှံစွမ်းအား(အဖြူ)]

[စွမ်းရည်များ - နင်းချေခြင်း (အစိမ်း) ၊ တိုးဝှေ့ခြင်း (အဖြူ) ၊ မီးလျှံဦးချို (အဖြူ)]

‘ရူးသွပ်နေတဲ့ အခြေအနေမှာပဲဟ... ဝိညာဉ်စွမ်းအင်တွေရဲ့ လွှမ်းမိုးမှုကြောင့် စိတ်ရူးပေါက်နေတဲ့ သနားစရာ သတ္တဝါပေါ့’ လင်းထျန်းလုံက ချက်ချင်း နားလည်လိုက်သည် ။

‘သူ့ရဲ့ ခွန်အားက ကြီးမားပေမယ့် စနစ်တကျ မရှိဘူး... ဝံပုလွေအုပ်စုရဲ့ စစ်ဗျူဟာတွေကို စမ်းသပ်ဖို့ အကောင်းဆုံး ပြိုင်ဘက်ပဲ’

သူသည် မျိုးတူပဲ့တင်ထပ်သံမှတစ်ဆင့် အမိန့်ပေးလိုက်သည် - “အာဝူး... (ရန့်မြဲ့... အရေးပေါ်စီမံချက် (၃) အတိုင်း လုပ်ဆောင်စမ်း... တိုက်စစ်ဆင်ကြ...)”

တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသော ရန့်မြဲ့၏ မျက်ဝန်းထဲတွင် အေးစိမ့်စိမ့် တိုက်ပွဲဝင်စိတ်ဓာတ်များ လက်ခနဲ ပေါ်လာပြီး ဟိန်းဟောက်လိုက်သည်

“အားဝူး... (ပထမနဲ့ ဒုတိယအဖွဲ့တွေ... ငါ့နောက်က လိုက်ခဲ့...)” ။

ချက်ချင်းပင် ငွေရောင်အရိပ် (၁၂) ခုမှာ တစ္ဆေများအလား ကျေးရွာတံခါး၀မှ တိတ်ဆိတ်စွာ ထွက်ခွာသွားကြသည်။

သူတို့သည် စုပြုံတိုးဝှေ့ပြီး ပြေးဝင်လာခြင်း မဟုတ်ဘဲ ဝံပုလွေ သုံးကောင်စီပါဝင်သော အဖွဲ့ငယ်လေး လေးဖွဲ့အဖြစ် ချက်ချင်း ခွဲလိုက်ကြသည်။ သူတို့သည် ဖွင့်ထားသော အိတ်တစ်လုံးအလား လခြမ်းကွေး ပုံစံဖြင့် ဖြန့်ကြက်ကာ ရမ်းကားနေသော သတ္တဝါကြီးထံသို့ ဦးတည်သွားနေကြသည်။

သစ်ပင်အိမ်အတွင်းရှိ ရှောင်လန်နှင့် ရှောင်ယင်းတို့မှာလည်း အပြင်ဘက်မှ ဆူညံသံများကြောင့် ထိတ်လန့်သွားကြပြီး အာကာသနှင့်တသားတည်းဖြစ်ခြင်း ကို အသုံးပြု၍ စောင့်ကြည့်နေကြသည်။

“အီး... (အဲဒီ သမင်အရူးကြီးရဲ့ အရှိန်အဝါက တကယ့်ကို ပြင်းလွန်းတာပဲ...)” ရှောင်ယင်းက ရေရွတ်လိုက်သည် ။

“အင်း... (ရူးသွပ်နေတဲ့ အခြေအနေမှာဆိုတော့... ရန့်မြဲ့တို့ ရင်ဆိုင်နိုင်ပါ့မလား...)” ရှောင်လန်မှာ စိုးရိမ်တကြီးဖြင့် စောင့်ကြည့်နေခဲ့သည်။

ဧရာမသမင်ကြီးမှာ ဝံပုလွေအုပ်စုအတွင်းသို့ ဝင်ရောက်တိုက်ခိုက်တော့မည့် ဆဲဆဲတွင် ရှေ့တည့်တည့်ရှိ ဝံပုလွေ သုံးကောင်အဖွဲ့မှာ ဘေးနှစ်ဖက်သို့ ရုတ်ချည်း ခွဲထွက်သွားကြသည်။

တစ်ချိန်တည်းမှာပင် ဘယ်ဘက်နှင့် ညာဘက်ရှိ အဖွဲ့များက မြွေဟောက်တစ်ကောင်အလား ရှေ့သို့ တိုးထွက်လိုက်ပြီး သူတို့၏ ထက်ရှသောလက်သည်းများဖြင့် သမင်ကြီး၏ အားနည်းချက်ဖြစ်သော ခါးနှင့်နောက်ခြေဆစ်များကို တိတိကျကျ ဆွဲဖြဲပစ်လိုက်ကြသည်။

“ရွှတ်... ဂျွတ်...”

အသားထဲသို့ လက်သည်းများစိုက်ဝင်သံနှင့် အရိုးကျိုးသံများ တပြိုင်နက်တည်း ထွက်ပေါ်လာသည်။

ပြင်းထန်သော နာကျင်မှုကြောင့် သမင်ကြီးမှာ ဒေါသတကြီး အော်ဟစ်လိုက်ပြီး ၎င်း၏ မီးတောက်နေသော ဦးချိုများဖြင့် ညာဘက်မှ ဝံပုလွေများကို ဝေ့ယမ်းတိုက်ခိုက်လိုက်သည်။

တစ်ချိန်တည်းမှာပင် ရှေ့ခြေထောက်များကို မြှောက်ကာ နင်းချေခြင်း စွမ်းအားဖြင့် မြေပြင်ကို ပြင်းထန်စွာ ဆောင့်ချလိုက်သည် ။

သို့သော် ဝံပုလွေအုပ်စု၏ လှုပ်ရှားမှုက ပို၍ မြန်ဆန်နေခဲ့သည်။ ညာဘက်အဖွဲ့မှာ တိုက်ခိုက်ပြီးသည်နှင့် ချက်ချင်း ဆုတ်ခွာသွားသဖြင့် သမင်ကြီး၏တိုက်ကွက်မှာ လေများကိုသာ ထိသွား‌ပေသည်။

ဘယ်ဘက်အဖွဲ့ကလည်း အခွင့်အရေးကို အရယူကာ ထပ်မံ နှောင့်ယှက် တိုက်ခိုက်ပြန်သည်။ ထိုစဉ် ရှေ့တည့်တည့်မှ အဖွဲ့မှာ ပြန်လည် စုစည်းမိသွားပြီး ရန့်မြဲ့သည် သမင်ကြီး ရှေ့ခြေထောက်မြှောက်ထားစဉ် ရင်ဘတ်ဆီသို့ အရှိန်အဟုန်ဖြင့်ပြေး၀င် ခုန်အုပ်လိုက်သည်။

သူ၏ လက်သည်းများပေါ်တွင် အေးစိမ့်လှသော နှင်းခဲများ ဖုံးလွှမ်းသွားကာ ပတ်ဝန်းကျင် အပူချိန်မှာ ရုတ်ချည်း ကျဆင်းသွားတော့သည်။

[ပင်ကိုစွမ်းရည် - ရေခဲလက်သည်း (အဖြူ)]

“ရွှီး...” အအေးဓာတ်များ ပါဝင်နေသော လက်သည်းများက သမင်ကြီး၏ ရင်ဘတ်ကို အရိုးပေါ်သည်အထိ နက်ရှိုင်းစွာ ဆွဲဖြဲလိုက်လေသည်။

ဒဏ်ရာတစ်ဝိုက်တွင် ရေခဲများ ချက်ချင်း ဖုံးလွှမ်းသွားပြီး ဆူပွက်နေသော သမင်သွေးများကို ခေတ္တမျှ ငြိမ်သက်သွားစေသည်။

‘ရေခဲလက်သည်းလား... ဆင့်ကဲပြောင်းလဲမှုပဲ’ လင်းထျန်းလုံက ကျေနပ်စွာ တွေးလိုက်မိသည်။

နာကျင်မှုကြောင့် သမင်ကြီးမှာ လုံးဝရူးသွပ်သွားချေပြီ။ ဝိညာဉ်လောင်မြိုက်သွေး၏ အာနိသင်က ပိုမိုပြင်းထန်လာပြီး ဒဏ်ရာများကိုပငိ ဂရုမစိုက်တော့ဘဲ နှာခေါင်းမှ မီးခိုးများ မှုတ်ထုတ်ကာ ရန့်မြဲ့ထံသို့ တိုးဝှေ့ခြင်းဖြင့် ပြေးဝင်လာတော့သည် ။

သို့သော် ဝံပုလွေအုပ်စု၏ ဗျူဟာမှာ ထိုအချိန်တွင် အစွမ်းပြလာခဲ့လေသည်။ သူတို့သည် သမင်ကြီးနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုဘဲ အဖွဲ့လေးဖွဲ့က တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရှေ့တိုးနောက်ဆုတ် လုပ်ကာ နှောင့်ယှက်ခြင်း ၊ ဘေးမှ တိုက်ခိုက်ခြင်း ၊ နောက်ကျောကို တိုက်ခိုက်ခြင်းတို့ကိုသာ အဆက်မပြတ် လုပ်ဆောင်နေကြသည်။

တိုက်ကွက်တိုင်းမှာလည်း သမင်ကြီး မကာကွယ်နိုင်သော နေရာများကိုသာ တိတိကျကျ ပစ်မှတ်ထားခြင်းဖြစ်သာ်။

၎င်းမှာ လင်းထျန်းလုံ သင်ကြားပေးထားသော ဗျူဟာပင် - ‘လူစုခွဲမယ် ၊ အင်အားချည့်နဲ့အောင် လုပ်မယ် ၊ မောပန်းအောင် လုပ်မယ် ၊ ပြီးမှ အဆုံးသတ်တိုက်ကွက်နဲ့ အဆုံးသတ်မယ်’

သမင်ကြီးမှာ အင်အားကြီးမားသော်လည်း ထောင်ချောက်ထဲတွင် ပိတ်မိနေသော သားရဲတစ်ကောင်အလား သူ၏ အင်အားများကို အလဟဿ ဖြုန်းတီးနေရသည်။

ဒဏ်ရာများ တစ်ခုပြီးတစ်ခု တိုးလာပြီး လှုပ်ရှားမှုများမှာလည်း နှေးကွေးလာခဲ့သည်။

တိုက်ပွဲမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့လေသည်။ အရှေ့ဘက် မိုးကုပ်စက်ဝိုင်းမှ နံနက်ခင်း နေရောင်ခြည် အလင်းတန်းလေးများ စတင်ထွက်ပေါ်လာချိန်တွင် သမင်ကြီးမှာ နောက်ဆုံးအကြိမ် နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ ဧရာမကိုယ်ထည်ကြီးမှာ မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားတော့သည်။

သစ်ပင်အိမ်အတွင်းရှိ ရှောင်လန်နှင့် ရှောင်ယင်းတို့မှာ မှင်တက်နေကြသည် ။

“အီးယား... (ပြီး... ပြီးသွားပြီလား...)” ရှောင်ယင်းမှာ မယုံနိုင်အောင် ဖြစ်နေလေသည်။ “ခုနက အရမ်းကြောက်ဖို့ကောင်းတဲ့ အရှိန်အဝါတွေနဲ့ သမင်ကြီးက... ဒီလိုပဲ သေသွားတာလား...”

“အီး... (ဒါက အင်အားနဲ့ တိုက်တာ မဟုတ်ဘူး... ဗျူဟာနဲ့ တိုက်တာ...)” ရှောင်လန်က တုန်လှုပ်စွာ ဆိုလိုက်သည်။

“သူတို့က ရမ်းသန်း တိုက်ခိုက်နေတာ မဟုတ်ဘူး... သူတို့ရဲ့ လှုပ်ရှားမှု ၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ တိုက်ခိုက်မယ့် အချိန်ကို ရွေးချယ်ပုံတွေက... ဒါက သားရဲတွေ တိုက်ခိုက်တဲ့ပုံစံမျိုး လုံးဝမဟုတ်ဘူး...”

ရုတ်တရက် ရှောင်ယင်း၏ ခရမ်းရောင်မျက်ဝန်းများမှာ ပြူးကျယ်သွားရပြန်သည်။

“နေဦး! ခုနက သူတို့ အဖွဲ့ခွဲပုံ... အပြန်အလှန် ကာကွယ်တာ ၊ တိုက်ပြီးရင် ပြန်ဆုတ်တာ ၊ အလှည့်ကျ တိုက်တာတွေက...” “ဒါက... သုံးယောက်တက် သုံးယောက်ဆုတ် စစ်ဗျူဟာရဲ့ ပုံစံပြောင်း မဟုတ်ဘူးလား! ဝံပုလွေဖေဖေက ဒါကိုတောင် သူတို့ကို သင်ပေးထားတာလား!”

ထိုစကားကို ကြားသောအခါ ရှောင်လန်လည်း ချက်ချင်း သတိပြုမိသွားသည် ။ သူမ မြင်တွေ့ခဲ့သမျှကို ပြန်လည် ဆန်းစစ်ကြည့်လေလေ၊ ထိတ်လန့်လာလေလေ ဖြစ်သည်။

“တကယ်ပဲ... ဝံပုလွေတွေရဲ့ ပုံစံနဲ့ လိုက်အောင် ပြောင်းလဲထားပေမယ့် အနှစ်သာရကတော့... တကယ့်ကို သုံး-သုံး စစ်ဗျူဟာ ပဲ” ထိုအမှန်တရားကြောင့် သူမ ကျောချမ်းသွားရသည်။ “သုံး-သုံး စစ်ဗျူဟာကို သုံးတတ်တဲ့ ဝံပုလွေအုပ်စု... ဒါ... ဒါက တကယ့်ကို ကြောက်မက်ဖွယ်ရာ တပ်ဖွဲ့ကြီးပဲ၊ ဝံပုလွေဖေဖေ... သူက ဒါတွေကို ဘယ်လိုများ လုပ်နိုင်ခဲ့တာပါလိမ့်”

ဧကရီနှစ်ပါးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ မျက်ဝန်းထဲမှ ထိတ်လန့်မှုများကို မြင်နေရသည်။ သူတို့သည် စစ်တပ်ကြီးများကို ဦးဆောင်ခဲ့ဖူးသဖြင့် စည်းကမ်းနှင့် ဗျူဟာ၏ အရေးပါမှုကို နက်နက်ရှိုင်းရှိုင်း သိထားကြသည်။

ထို့ကြောင့်လည်း ယခုမြင်ကွင်းမှာ မည်မျှအထိ မဖြစ်နိုင်သော အရာဖြစ်ကြောင်း ပို၍နားလည်နေခြင်းပင်။ ၎င်းမှာ ‘ဉာဏ်ကောင်းခြင်း’ ဆိုသည့် အဆင့်ထက်သာလွန်သွားပြီ ဖြစ်ပြီး သားရဲသမိုင်းအသစ်တစ်ခု၏ အစပျိုးခြင်းပင် ဖြစ်နိုင်သည် ။

ထိုအခိုက်အတန့်တွင် လင်းထျန်းလုံ၏ စိတ်ထဲတွင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာသည်။

[စနစ် အသိပေးချက် - ပိုင်ရှင်၏ လက်အောက်ရှိ နှင်းဝံပုလွေမျိုးနွယ်စုသည် ထူးချွန်အဆင့် မိစ္ဆာသားရဲ - သွေးဝိညာဉ်သမင် (အဆင့် ၁၉) ကို အောင်မြင်စွာ အမဲလိုက်နိုင်ခဲ့သည်။ အတွေ့အကြုံရမှတ်များ ရရှိသည် ။]

[ပင်ကိုယ်စွမ်းရည် လုယူခြင်း - ဝိညာဉ်လောင်မြိုက်သွေး (အဖြူ) ကို ရရှိသည်]

[ဝိညာဉ်လောင်မြိုက်သွေး (အဖြူ) - အထူးအမျိုးအစား ပင်ကိုယ်စွမ်းရည် ဖြစ်သည်။ ပိုင်ရှင်၏ အသက်စွမ်းအား ၅၀ ရာခိုင်နှုန်းအောက် ရောက်သွားပါက ‘သွေးလောင်မြိုက်ခြင်း’ အခြေအနေသို့ အလိုအလျောက် ရောက်ရှိသွားမည် - နာကျင်မှုအား ခံစားရခြင်းမှာ သိသိသာသာ လျော့နည်းသွားပြီး တိုက်ခိုက်နိုင်စွမ်းနှင့် အရှိန်နှုန်းကို ခေတ္တမျှ မြှင့်တင်ပေးမည်။ ထိုအခြေအနေ ပြီးဆုံးပါက ခဏတာ အားနည်းသွားပေမည်။]

‘ဝိညာဉ်လောင်မြိုက်သွေးလား... ဘေးထွက်ဆိုးကျိုး ရှိပေမယ့် အရေးကြီးတဲ့အချိန်မှာ သုံးလို့ရမယ့် စွမ်းရည်မျိုးပဲ’ လင်းထျန်းလုံက ဆန်းစစ်လိုက်သည် ။

သူသည် မောပန်းနေကြသော်လည်း စိတ်လှုပ်ရှားနေသော ဝံပုလွေအုပ်စုကို ကြည့်ကာ ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။

“မိုးလင်းတော့မယ်... ဒီညကိုတော့ ငါတို့ အဆင်ပြေပြေ ကျော်ဖြတ်နိုင်ခဲ့ပြီပေါ့”

သူက တိုးညှင်းစွာ ဟိန်းဟောက်၍ အမဲလိုက်ပစ္စည်းများကို ကျေးရွာထဲသို့ သယ်ဆောင်လာရန် အချက်ပြလိုက်သည်။

နေ့သစ်တစ်ခု စတင်လာပြီဖြစ်သလို နှင်းဝံပုလွေကျေးရွာ ၏ အင်အားမှာလည်း အဆင့်သစ်တစ်ခုသို့ တက်လှမ်းသွားပြီ ဖြစ်သည်။

All Chapters