← Chapters

အခန်း (၂၂၈)

Vol. 21 Ch. 228

အခန်း (၂၂၈)

Vol. 21 Ch. 228

📝အပိုင်း - ၂၂၈

ဘာသာပြန် - Na Gar🐉

တစ်ခါတလေမှာ အနောက်ကနေဖြစ်စေ၊ ဘေးတိုက်ကနေဖြစ်စေ အငိုက်မိတိုက်ခိုက်တာတွေ ခံရတဲ့အခါ အတွင်းအားသန့်စင်ခြင်းအဆင့်အောက်က တိုက်ခိုက်မှုမျိုးဆိုရင် ချန်ဆန်းရှီက ရှောင်တောင်မရှောင်ပါဘူး။ သူက အဲဒီတိုက်ခိုက်မှုတွေကို သူ့ခန္ဓာကိုယ်နဲ့ပဲ အထိခံလိုက်ပါတယ်။ သူ့ရဲ့ အံ့ဖွယ်သံမဏိချပ်ဝပ် ပေါ်ကို ဓားတွေကျရောက်လာတဲ့အခါ သံချင်းရိုက်မိသလိုမျိုး မီးပွင့်တွေတောင် လွင့်စင်သွားရပါတယ်။

တစ်ခါတရံမှာ တစ်ယောက်ယောက်က ချပ်ဝတ်တန်ဆာ မဖုံးအုပ်နိုင်တဲ့ သူ့ရဲ့လည်ပင်းကို ဓားနဲ့ခုတ်မိရင်တောင်မှ သူ့ရဲ့ တုန်ခါနေတဲ့ ဝရဇိန်ခန္ဓာရဲ့ စွမ်းအားကြောင့် အတင်းအဓမ္မ တောင့်ခံထားနိုင်ပါတယ်။ အဆင့်မြင့်သိုင်းပညာရှင်တွေရဲ့ အမြင်မှာတော့ ဒါဟာ ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံလို့ ထင်ရပေမဲ့ သာမန်ပုန်ကန်သူ စစ်သည်တွေရဲ့ မျက်စိထဲမှာတော့ ချန်ဆန်းရှီဟာ ဓားမတိုး လှံမတိုးတဲ့၊ ကောင်းကင်က ဆင်းသက်လာတဲ့ "သတ်ဖြတ်ခြင်းနတ်ဘုရား" တစ်ပါးလို ဖြစ်နေပြီး သူတို့ကို ဖော်ပြမတတ်နိုင်တဲ့ ထိတ်လန့်တုန်လှုပ်မှုကို ပေးစွမ်းနေပါတယ်။

ဒီပုန်ကန်သူတွေဟာ တုန်အန်း ရဲ့ လက်အောက်ခံတွေဖြစ်ပြီး သူတို့မှာ ခဏတာအတွင်း လူကိုစွမ်းထက်အောင် လုပ်နိုင်တဲ့ လျှို့ဝှက်အတွင်းအား မြှင့်တင်မှုမျိုး မရှိကြပါဘူး။ ချန်ဆန်းရှီတို့ဟာ လှည်းဆွဲစစ်ဗျူဟာရဲ့ အကာအကွယ်နဲ့ လူသူမရှိတဲ့ နယ်မြေထဲ ဝင်လာသလိုမျိုး အရှိန်နဲ့ ထိုးဖောက်လာခဲ့ပြီး ရန်သူ့တပ်ရဲ့ အဓိက စစ်သူကြီးနဲ့ ဒုဗိုလ်ချုပ် ရှိရာနေရာကို အမြန်ဆုံး ရောက်ရှိလာခဲ့ပါတယ်။

ဒါပေမဲ့ သူ့နောက်မှာတော့ လူတွေ သိပ်မကျန်တော့ပါဘူး။

ဒါဟာ တကယ့်ကို နက်နဲတဲ့ ကြားဖြတ်တိုက်ခိုက်မှုတစ်ခု ဖြစ်နေလို့ပါ။

လုရှူဟွာ၊ ရှဲ့စီရှု နဲ့ ရန်ချန်ချင်း တို့ဟာ အရှိန်နဲ့ ထိုးဖောက်နေစဉ်အတွင်းမှာ ရန်သူ့တပ်တွေရဲ့ ကြားဖြတ်ဟန့်တားခြင်းကို ခံလိုက်ရပြီး အသက်လုတိုက်ပွဲတွေထဲ ပိတ်မိကျန်ရစ်ခဲ့ပါတယ်။ သူတို့အားလုံးဟာ အတွင်းအားသန့်စင်ခြင်းအဆင့်ရှိတဲ့ သိုင်းပညာရှင်တွေ ဖြစ်ကြပေမဲ့ ရန်သူ့ဘက်မှာလည်း အဲဒီအဆင့်ရှိတဲ့ စစ်သည်တွေ ရှိနေတာကြောင့်ပါ။

အခုတော့ ချန်ဆန်းရှီနဲ့ ယွီဆုန် နှစ်ယောက်တည်းပဲ ရှေ့ဆုံးကို ရောက်လာပါတော့တယ်။

"ပုန်ကန်သူတွေ... သေဖို့ပြင်ထားကြတော့—"

ယွီဆုန် က ဟိန်းဟောက်လိုက်ပြီး အဓိက စစ်သူကြီးနဲ့ စတင် တိုက်ခိုက်ပါတော့တယ်။

ချန်ဆန်းရှီကတော့ သူ့ရဲ့ လှံကို ဒုဗိုလ်ချုပ် ရွှီခိုင် ဆီကို ဦးတည်ပြီး ထိုးနှက်လိုက်ပါတယ်။ ရွှီခိုင် က လေးလံပြီး အစွမ်းထက်တဲ့မိုဓားကို ကိုင်ထားတာပါ။ သူက ပျာယာခတ်စွာနဲ့ ဓားကို ဝှေ့ယမ်းပြီး ခုတ်ချလိုက်တဲ့အခါ ချန်ဆန်းရှီရဲ့ ဝိညာဉ်ဖျက်လှံနဲ့ ထိမိသွားပြီး သတ္တုချင်း ထိမှန်သံ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါတယ်။ အဲဒီအသံကမှ ရွှီခိုင်ရဲ့ စိုးရိမ်စိတ်တွေကို နည်းနည်း ငြိမ်သက်သွားစေပါတယ်။

သူ့ရှေ့က လူငယ်ဗိုလ်ချုပ်ဟာ သူ့ရဲ့ လျှို့ဝှက်လက်နက်ထဲမှာ အတွင်းအား ကို အကြာကြီး ထိန်းမထားနိုင်တာကြောင့် သူကဟွာကျင်းအဆင့်မှာ ကျွမ်းကျင်ကာစပဲ ရှိဦးမယ်လို့ ရွှီခိုင်က တွက်ဆလိုက်ပါတယ်။ ရွှီခိုင် ကိုယ်တိုင်ကတော့ ဟွာကျင်းအဆင့်ကို ပြီးပြည့်စုံခြင်းအထိ ရောက်နေတာဖြစ်ပြီး နောက်ထပ် နှစ်နှစ်လောက်နေရင် မဟာသွေးကြောအဆင့်ကို တက်လှမ်းနိုင်မယ့်သူပါ။

"မင်းက တစ်ခုခု ထူးခြားနေတယ်လို့ ငါထင်နေတာ၊ တကယ်တော့ အရိုင်းအစိုင်းတစ်ယောက်ပါပဲလား၊ သေပေတော့"

ရွှီခိုင်က မကြောက်တော့ပါဘူး။ သူ့လက်ထဲက မိုဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပါတယ်။

"အားလုံး ရှေ့ကို တိုးကြ"

ဝမ်ကျိီက အားကုန်အော်ဟစ်နေတယ် "ဆန်းရှီကို အကာအကွယ်ပေးကြ၊ သူ တစ်ယောက်ချင်း တိုက်နိုင်အောင် လမ်းဖွင့်ပေးကြ"

ကျင့်ကြံမှုအဆင့်က နှစ်ဆင့်လောက် ကွာခြားနေတာဖြစ်လို့ အကယ်၍သာ အတွင်းအားသန့်စင်ခြင်းအဆင့်ရှိတဲ့ ရန်သူတွေ ဒါမှမဟုတ် ဟွာကျင်းအဆင့် ဦးပိုင်းကလူတွေ ကြားထဲက နှောင့်ယှက်လာမယ်ဆိုရင် တိုက်ပွဲက ပိုခက်ခဲသွားမှာကို သူတို့ စိုးရိမ်နေကြတာပါ။

"တိုက်ကြ"

ပိုယန်ခရိုင်က ညီအစ်ကိုတွေအားလုံးဟာ ဖီးနစ်သွေးနဲ့ ထိုးထားသလိုမျိုး စိတ်အားထက်သန်နေကြပါတယ်။

"ဝုန်း—"

ရွှီခိုင်ရဲ့ မိုဓားက နောက်တစ်ကြိမ် ခုတ်ချလိုက်ပြန်ပါတယ်။

မိုဓားရဲ့ အသွားပေါ်မှာ မမြင်ရတဲ့ စွမ်းအားလွှာတစ်ခု ဖုံးအုပ်နေပါတယ်။ ဒါဟာ ဟွာကျင်းအဆင့်ပြီးပြည့်စုံခြင်းကို ရောက်နေတဲ့ သိုင်းပညာရှင်တွေမှ လုပ်နိုင်တဲ့ အတတ်ပညာပါ။ လက်နက်ထဲကို အတွင်းအားထည့်သွင်းရုံတင်မကဘဲ အပြင်ဘက်ကိုပါ စိမ့်ထွက်လာစေပြီး လက်နက်ရဲ့ အသွားကို နောက်ထပ် အလွှာတစ်ခု ပိုတိုးလာစေတာမျိုးပါ။

ချန်ဆန်းရှီရဲ့ ဝိညာဉ်ဖျက်လှံ ဟာ အဲဒီအတွင်းအားလွှာနဲ့ အရင်ဆုံး ထိတွေ့ရပါတယ်။ အဲဒီအတွင်းအားကို ဖောက်ထွက်ပြီးမှ မိုဓားရဲ့ အသွားအစစ်နဲ့ ထိတွေ့ရတာဆိုတော့ လှံရဲ့ အင်အားတွေဟာ အတော်လေး လျော့နည်းသွားရပါတယ်။ သာမန်သိုင်းပညာရှင်တစ်ယောက်သာ အခုလို ဟွာကျင်း အဆင့် အမြင့်ဆုံး သမားနဲ့ ရင်ဆိုင်ရရင် အပြန်အလှန် ၁၀ ကြိမ်မပြည့်ခင်မှာတင် အသတ်ခံရမှာ သေချာပါတယ်။

"ချွင်..ချွင်..ချွင်..ချွင်.."

အပြန်အလှန် တိုက်ခိုက်မှု အကြိမ်အနည်းငယ် ကုန်ဆုံးသွားပါတယ်။

ရွှီခိုင် အံ့သြသွားတာက ဒီလူငယ်လေးဟာ အတွင်းအားထောက်ပံ့မှုတောင် မရှိတော့တာကိုပါ။ ဒါဟာ သူ့ရဲ့ အတွင်းအားတွေ ကုန်ခမ်းသွားပြီဆိုတာကို ပြနေတာဖြစ်ပြီး သူဟာ ဟွာကျင်းအဆင့်ကို အခုမှ စတင်ဝ်ငရောက်ခါစဖြစ်လို့ ရွှီခိုင် ခန့်မှန်းထားတာထက်တောင် ပိုပြီး အားနည်းနေပါသေးတယ်။

တစ်ခုတည်းသော အံ့သြစရာကတော့ ဒီလူငယ်ရဲ့ ခန္ဓာကိုယ် ခွန်အားဟာ မယုံနိုင်လောက်အောင် သန်မာနေတာပါပဲ။ အတွင်းအား မပါဘဲနဲ့တောင်မှ လှံအရှည်ကြီးကို ကိုင်ပြီး အပြန်အလှန် တိုက်ခိုက်မှု အကြိမ်ပေါင်း တစ်ဆယ်ကျော်အထိ တောင့်ခံထားနိုင်တာပါ။ ဒါပေမဲ့ ဒါက အဆုံးသတ်ပါပဲ။

ရွှီခိုင်ရဲ့ သတ်ဖြတ်လိုစိတ်တွေ ပိုပြင်းထန်လာပြီး သူ့ရဲ့ ဓားသိုင်းတွေကလည်း ပိုပြီး ထက်မြက်လာပါတယ်။ သူ တတ်သမျှ အကောင်းဆုံးနဲ့ အကြမ်းတမ်းဆုံး နည်းစနစ်တွေကို အကုန်ထုတ်သုံးနေပါပြီ။

တကယ်ပါပဲ..

ရန်သူ့ဗိုလ်ချုပ်ဟာ ဆက်ပြီး တောင့်မခံနိုင်တော့ပါဘူး။

၁၉ ကြိမ်မြောက် အပြန်အလှန် တိုက်ခိုက်မှုအပြီးမှာတော့ ရန်သူ့ဗိုလ်ချုပ်ဟာ အခွင့်အရေးကို ကြည့်ပြီး မြင်းကို လှည့်လိုက်ပါတယ်။ သူ့ရဲ့ လှံရှည်ကြီးကို မြေကြီးပေါ် တရွတ်တိုက်ဆွဲပြီး သူ့ရဲ့ တပ်ဖွဲ့ရှိရာဘက်ကို အတင်း ထွက်ပြေးဖို့ ကြိုးစားပါတော့တယ်။

ကြည့်ရတာ သူ့ရဲ့ အတွင်းအားရော၊ သွေးချီစွမ်းအားပါ အကုန်ကုန်သွားပြီး အသက်ကို မနည်း လုပြေးနေပုံရပါတယ်။

"မင်း ဘယ်ကို ပြေးနိုင်မယ် ထင်နေတာလဲ"

ရွှီခိုင်က ဟိန်းဟောက်လိုက်ပြီး သူ့မြင်းကို အရှိန်တင်ကာ လိုက်ဖမ်းပါတော့တယ်။

ပြိုင်ဘက်ရဲ့ မြင်းဖြူက သိပ်မမြန်လှတာကြောင့် ရွှီခိုင်ဟာ အကွာအဝေးကို အမြန်ဆုံး ချုံ့နိုင်ခဲ့ပါတယ်။

ခြေလှမ်း ၃၀..

ခြေလှမ်း ၂၀..

ခြေလှမ်း ၁၀..

နောက်ဆုံးမှာတော့ ခြေလှမ်း ၅ လှမ်းပဲ ကွာပါတော့တယ်။

"ကျား————"

ရွှီခိုင်ဟာ သားရဲတစ်ကောင်လို အော်ဟစ်လိုက်ပြီး သူ့ရဲ့ မိုဓားကို အမြင့်ဆုံးအထိ မြှောက်လိုက်ပါတယ်။ ဓားသွားပေါ်မှာ အတွင်းအားတွေကို အမြောက်အမြား စုစည်းလိုက်ပြီး ရှေ့က ပြေးနေတဲ့ ဗိုလ်ချုပ်ကို နောက်ကျောကနေ တစ်ချက်တည်းနဲ့ နှစ်ခြမ်းကွဲအောင် ခုတ်ချဖို့ ပြင်လိုက်ပါတယ်။

"ဝူး—"

မိုဓားက ခုတ်ချလိုက်တဲ့ အချိန်မှာပဲ...

အရင်က ထွက်ပြေးနေတဲ့ ရန်သူ့ဗိုလ်ချုပ်ဟာ ရုတ်တရက်ဆိုသလို ထူးဆန်းတဲ့ ကိုယ်ဟန်အနေအထားနဲ့ နောက်ကို ပြန်လှန်ချလိုက်ပြီး သူ့ရဲ့ လှံရှည်ကြီးကို လျှပ်စီးလက်သလိုမျိုး နောက်ပြန် ထိုးနှက်လိုက်ပါတယ်။ တောက်ပနေတဲ့ နေရောင်အောက်မှာ အဲဒီလှံချက်ဟာ နေရောင်ခြည်ထဲကနေ ရုန်းထွက်လာတဲ့ နဂါးတစ်ကောင်လိုပါပဲ။ သူ့ရဲ့ အရှိန်အဟုန်က တောင်တစ်လုံးကိုတောင် ဖြိုလဲနိုင်လောက်တဲ့အထိ ပြင်းထန်လွန်းတာကြောင့် ရွှီခိုင်ဟာ ဖော်ပြမတတ်အောင် ထိတ်လန့်သွားပြီး ခဏလောက် မှင်သက်သွားရပါတယ်။

နောက်ပြန်လှံချက်။

ဘယ်လောက်တောင် လိမ္မာပါးနပ်တဲ့ နောက်ပြန်လှံချက်လဲ။

ပြီးတော့ ဒီလှံသိုင်းက သာမန်နည်းစနစ် မဟုတ်ဘူး။

အရန်တပ်စခန်းက လှံကိုင်တဲ့သူ...

ဒီလူဟာ ချန်ဆန်းရှီ ပဲ။

တုန်အန်း ရဲ့ လက်ရွေးစင်တပ်သားတစ်ယောက်အနေနဲ့ ရွှီခိုင်ဟာ လျန်ကျိုးကနေ ရွေးချယ်ခံထားရတဲ့ ထိပ်သီးလူငယ်တွေအကြောင်း သေချာပေါက် သိထားပါတယ်။

ဒီကောင်လေးက သူ့ရဲ့ စွမ်းရည်တွေကို ဝှက်ထားတာပဲ။

ရည်ရွယ်ချက်က ရန်သူကို အနားရောက်အောင် မျှားခေါ်ပြီးမှ 'နောက်ပြန်လှံချက်' နဲ့ ကြားဖြတ်တိုက်ဖို့ပဲ။

တကယ့်ကို ကောင်းမွန်တဲ့ ဗျူဟာပဲ..

သူ့ရဲ့ တပ်ကို ဒီအထိ ခေါ်လာပြီး ရိက္ခာတွေကို မီးရှို့ဖို့ ကြံစည်နိုင်တဲ့သူဆိုတော့ မဆန်းပါဘူး..

တကယ့်ကို ပါရမီရှင် တစ်ယောက်ပဲ..

ဒါပေမဲ့...

သူ သေရတော့မှာပဲ..

ရွှီခိုင်က စိတ်ထဲကနေ လှောင်ပြုံး ပြုံးလိုက်ပါတယ်။

သူဟာ ဟွာကျင်း အဆင့်ပြီးပြည့်စုံခြင်းသမားတစ်ယောက်လေ။ ဒီလှံချက်ကိုသာ သူ တားဆီးနိုင်ရင် ဒီခေါင်းဆောင်ရဲ့ ခေါင်းကို ဖြတ်ဖို့ဆိုတာ လက်ဖဝါးလှန်သလောက် လွယ်ကူတဲ့ကိစ္စပဲ။

ဒါဟာ ထိပ်သီးလူငယ်ခေါင်းဆောင် ဆွန်ဒူရှန်ရဲ့ နောက်ဆုံးတပည့်ပဲလေ

သူ့ကို သတ်နိုင်ရင် ရမယ့် ဂုဏ်ပြုဆုက မယုံနိုင်လောက်အောင် ကြီးမားမှာ။ ရွှေငွေတွေတင် မကဘူး၊ နောက်ပိုင်းမှာ သူရမယ့် အရင်းအမြစ်တွေက သူ့ကို သိုင်းပညာမှာ အများကြီး ရှေ့ဆက်နိုင်အောင် ကူညီပေးမှာပဲ။

"သေပေတော့—"

"ဝုန်း—"

ရွှီခိုင်ဟာ တစ်ခါမှ မရှိဖူးတဲ့ ခွန်အားတွေကို ထုတ်သုံးလိုက်ပါတယ်။ သူ့ရဲ့ သွေးတွေကလည်း တရစပ် ဆူပွက်နေပြီး ကြောက်စရာကောင်းတဲ့ အတွင်းအားတွေ ဖုံးအုပ်နေတဲ့ မိုဓားကို ပုံစံမကျစွာ လှည့်လိုက်ပြီး ချန်ဆန်းရှီရဲ့ဝိညာဉ်ဖျက်လှံ ကို အားနဲ့ ပြန်ခုတ်လိုက်ပါတယ်။

ဒါပေမဲ့...

သူ ထင်ထားသလို လှံကို လွယ်လွယ်ကူကူ လွင့်စင်သွားအောင် လုပ်နိုင်မယ့်အစား မယုံနိုင်လောက်အောင် ပြင်းထန်တဲ့ အတွင်းအားကြီးနဲ့ သွားတိုးပါတော့တယ်။ အဲဒီအရှိန်က သူ့ရဲ့ လက်မောင်းနှစ်ဖက်လုံးကို ချက်ချင်း ထုံကျင်သွားစေပြီး တုန်ခါသွားစေပါတယ်။ ဘာမှ ကြိုတင်ပြင်ဆင်ထားခြင်းမရှိတဲ့အတွက် ရွှီခိုင်ရဲ့ လက်ထဲက မိုဓားကြီးဟာ ထိန်းမရဘဲ လွတ်ထွက်သွားပြီး ကောင်းကင်ပေါ်ကို လွင့်တက်သွားပါတော့တယ်။

All Chapters