← Chapters

နယ်မြေ(၈)မှလှိုင်းဂယက်

Vol. 4 Ch. 31

နယ်မြေ(၈)မှလှိုင်းဂယက်

Vol. 4 Ch. 31

ဘုရင်အတုနှစ်ပါး၏ ထိပ်တိုက်တွေ့ဆုံမှုသည် စက္ကန့်နှင့်အမျှ ပိုမို ပြင်းထန်လာပြီး အပျက်အစီးများမှာ မိုင်ဝက်အတိုင်းအတာထက် ကျော်လွန်သွားသည်။ မြေပြင်သည် ပြင်းထန်စွာတုန်ခါနေပြီး တုန်ခါမှုလှိုင်းများသည် သစ်တောတခွင်သို့ ပျံ့နှံ့သွားကာ သစ်ပင်များနှင့် ကြားရှိအရာ အားလုံးမှာ ဖုန်မှုန့်အဖြစ် ပြိုကွဲပျက်စီးသွားသည်။

အစောပိုင်းက ဝိညာဉ်သားရဲများသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် နောက်သို့ ပိုမို ဆုတ်ခွာသွားရင်း တိုက်ပွဲကို ပြန်ကြည့်နေကြသည်။ လီလွန်းနှင့်လျောင်ရင်းတို့ကို မမြင်ရသော်လည်း ကြီးမားသော အနက်ရောင်အစုအဝေးကြီး တစ်ခုနှင့်ထပ်တူ ကြီးမားသော အစိမ်းရောင်အစုအဝေးကြီး တစ်ခုတို့ထိပ်တိုက်တွေ့ဆုံသွားခြင်းကိုမူ ရှင်းလင်းစွာမြင်ရနေရသည်။ သူတို့ သွားလေရာ နေရာတိုင်းတွင် ပေါက်ကွဲမှုများနှင့် ပျက်စီးခြင်းများ နောက်မှ ကပ်ပါသွားသည်။

စစ်မြေပြင်သည် မျက်တောင်တစ်ခတ်စာအတွင်း နေရာအနှံ့ ပြောင်းလဲနေသည်။ စက္ကန့်ပိုင်းအတွင်း မိုင်အနည်းငယ် အကွာအဝေးကို ဖြတ်သန်း တိုက်ခိုက်နေသဖြင့် မည်သည့်နေရာမှ လုံခြုံပုံမရပေ။ စူးစမ်းလိုစိတ် များလွန်းသော သို့မဟုတ် ကံအဆိုးဆုံး ဝိညာဉ်သားရဲများသည် တိုက်ပွဲကြားတွင် ပိတ်မိသွားကြသည်။ သူတို့၏ သေဆုံးမှုမှာ လျင်မြန်ပြီး နာကျင်ရသည်။

ဂူထဲတွင် နှစ်ရှည် အိပ်စက်နေသော မြေကုတ်ဝက်ဝံ တစ်ကောင်ထံမှ ကျယ်လောင်သော အော်သံ ထွက်ပေါ်လာသည်။ ၎င်းသည် အမြူတေဖွဲ့စည်းခြင်း အဆင့် ၅ တွင် ရှိပြီး ခိုင်မာသောအကာအကွယ်ကြောင့် နာမည်ကြီးသည်။ သို့သော် လီလွန်းနှင့် လျောင်ရင်းတို့၏ တိုက်ပွဲသည် သူ့ဂူဘက်သို့ ရွေ့လျားသွားပြီးအကာအကွယ် မပြုလုပ်နိုင်မီမှာပင် အပိုင်းပိုင်းအစစ ဖြစ်သွားကာ အတိုတောင်းဆုံးနှင့် အကျယ်လောင်ဆုံး အော်သံ မှတ်တမ်းကို ချန်ထားခဲ့ရသည်။

တိုက်ပွဲ၏ ရလဒ်အနေဖြင့် နယ်မြေ ၈ တစ်ခုလုံးတွင် အစုလိုက်အပြုံလိုက် ထွက်ပြေးမှုကြီး စတင် ဖြစ်ပေါ်လာခဲ့သည်။ မိုင် ၅၀ ပတ်လည်ရှိ ဝိညာဉ်သားရဲများသည် ဘုရင်အတု နှစ်ပါး၏ တိုက်ပွဲမှ ထွက်ပေါ်လာသော ကြီးမားသည့် စွမ်းအင်လှိုင်းများနှင့် ဖိအားများကို ခံစားနေရသည်။ သူတို့ အားလုံး တွန့်ဆုတ်မနေကြဘဲ အသက်နှင့်ခန္ဓာ အိုးစားမကွဲစေရန်အတွက် ဤယမ်းအိုးကြီးကို စွန့်ခွာရုံမှတစ်ပါး အခြားဘာကိုမျှဂရုမစိုက်ဘဲ ထွက်ပြေးကြတော့သည်။

သူတို့သည် နေရာအနှံ့သို့ ထွက်ပြေးကြပြီး အများစုမှာ အဆင့်နိမ့် နယ်မြေများသို့ ဦးတည် ကာထွက်ပြေးကြသည်။ ထိုသို့ ထွက်ပြေးမှုကြောင့် အဆင့်နိမ့် နယ်မြေများရှိ သတ္တဝါများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပေါ်စေခဲ့သည်။ အဆင့်နိမ့်သတ္တဝါများသည် ပိုမို အားနည်းကြပြီး အမြူတေဖွဲ့စည်းခြင်းအဆင့် ဆရာကြီးများ သူတို့နယ်မြေထဲသို့ ကျူးကျော် ဝင်ရောက်လာသည်ကို အံ့သြနေကြသည်။

ထိုအချိန်တွင်သူတို့လုပ်နိုင်သည့် အမျှော်မြင်အရှိဆုံးနှင့်ညဏ်အရှိဆုံး အလုပ်ကိုသာ အမျှော်အမြင်ရှိရှိ လုပ်ဆောင်လိုက်ကြသည်။ ၎င်းမှာ သူတို့၏ အိမ်များကို စွန့်လွှတ်ကာ ဧည့်သည်တော်ကြီးများကို ကြိုဆိုလိုက်ပြီး သူတို့မှာ အခြားတစ်နေရာ၊ အများအားဖြင့် နောက်ဆုံးနယ်မြေ ဖြစ်သော နယ်မြေ ၁၀ သို့ ပြောင်းရွှေ့ရန် ရှာဖွေခြင်း ဖြစ်သည်။ နယ်မြေ ၉ တွင် ဖြစ်ပျက်ခဲ့သည့်အတိုင်း နယ်မြေ ၁၀ တွင် ထပ်မံ ဖြစ်ပျက်ခဲ့သည်။ သို့သော် နယ်မြေ ၁၀ ရှိ သတ္တဝါများအတွက်မူ သွားစရာ အခြား နယ်မြေ မရှိတော့ပေ။

ဤလှုပ်ရှားမှုသည် နောင်တွင် “နယ်မြေ ရွှေ့ပြောင်းမှု”ဟု လူသိများလာခဲ့သည်။ နယ်မြေ ၉ သို့ ရောက်ရှိသွားသော အမြူတေဖွဲ့စည်းခြင်းအဆင့် သားရဲများသည် နယ်မြေ ၈ သို့ ပြန်သွားရန် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ကြပြီး အချို့မှာ ဘုရင်အတုနှစ်ပါး၏ တိုက်ပွဲမှ မြင်တွေ့ခဲ့ရသော၊ ကြုံတွေ့ခဲ့ရသော အရာများကို ကြောက်ရွံ့သဖြင့် နယ်မြေ ၉ တွင် အပြီးတိုင် အခြေချရန်သာဆုံးဖြတ်လိုက်ကြသည်။ ဤအချက်ကြောင့်ပင် နယ်မြေ ၉ တွင် အမြူတေဖွဲ့စည်းခြင်းအဆင့် သားရဲအရေအတွက် ရုတ်တရက် တိုးပွားလာပြီး နယ်မြေ ၉ မှ အခြေတည်အဆင့်ဝိညာဉ်သားရဲများသည် နယ်မြေ ၁၀ တွင် အပြီးတိုင် အခြေချနေထိုင်ကြတော့သည်။

ဤအခြေအနေသည် မြစိမ်းရောင်မြူတောဒေသကို ပိုမို ကြောက်မက်ဖွယ်ကောင်းပြီး ထူးဆန်းအံ့သြဖွယ်ရာ ဖြစ်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သတင်းအချက်အလက် မသိသောခန့်မှန်းသူများက ထိုနယ်မြေများရှိ သားရဲများသည် ကျင့်ကြံခြင်းအဆင့်တွင်ကြီးမားစွာ ခုန်ပျံကျော်လွှား တိုးတက်သွားသည်ဟု ထင်မြင်ယူဆခဲ့ကြသောကြောင့် ဖြစ်သည်။

ထိုအတွေးမှတစ်ဆင့် အစွမ်းထက်သော ရတနာတစ်ခု ရှိနေရမည်ဟု ထပ်ဆင့် တွေးတောမိကြပြီး ရတနာ ရှာဖွေရန် လူသားကျင့်ကြံသူအများအပြားက နယ်မြေ ၉ နှင့် ၁၀ သို့ ရောက်ရှိလာကြသည်။ ဝိညာဉ်သားရဲများနှင့် လူသားများ ထိပ်တိုက်တွေ့ဆုံကြသဖြင့် အမှန်တကယ်မရှိသော ရတနာတစ်ခုအတွက် ပုံမှန်ထက် ပိုမိုရှုပ်ထွေးသော နေရာတစ်ခု ဖြစ်လာခဲ့သည်။

သို့သော် ဤအရာအားလုံးသည် နှစ်အနည်းငယ် ကြာမှ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ပြီး မရှိသောရတနာတစ်ခုအတွက် ကျင့်ကြံသူထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည်ဟူသော သတင်းပြန့်နှံ့သွားသောအခါ တောင်ဘက်တိုက်ကြီးမှ ကျင့်ကြံသူများအတွက် အရှက်ရစရာတစ်ခု ဖြစ်လာခဲ့သည်။

လီလွန်းနှင့်လျောင်ရင်းတို့၏ တိုက်ပွဲသည် ရပ်တန့်မည့် အရိပ်အယောင် မရှိဘဲ ပိုမို ပြင်းထန်လာသည်။ ထိုဒေသရှိ လူသားဂိုဏ်းများသည် တိုက်ပွဲမှပြင်းထန်သော ချီအတက်အကျများကို အာရုံခံမိပြီးနောက် သူတို့၏ ဂိုဏ်းကာကွယ်ရေး အစီအရင်များကိုအသက်သွင်းရန် ဝိညာဉ်ကျောက်တုံးများကိုလောင်ကျွမ်းပစ်ခဲ့ရသည်။ အားနည်းသော ပုံရိပ်ယောင် အစီအရင်ရှိသည့် အချို့ဂိုဏ်းများသည် သူတို့၏ တည်နေရာမှာ ပေါ်သွားခဲ့ပြီး ဝိညာဉ်သားရဲများ ပြည့်နှက်နေသော နေရာတွင် ၎င်းသည် သေမိန့်ကျသကဲ့သို့ ဖြစ်သွားသည်။

အဆိုပါနေ့သည် နယ်မြေ ၈ ကို ထာဝရ ပြောင်းလဲစေခဲ့သော နေ့ဖြစ်သည်။ ရာစုနှစ်ပေါင်းများစွာ တည်မြဲခဲ့သော စံနှုန်းများသည် ဇောက်ထိုးမိုးမျှော် ဖြစ်သွားပြီး ဘုရင်အတုနှစ်ပါး၏ တိုက်ပွဲကြောင့် အဆင့်အတန်းနှင့်အာဏာများ ပြန်လည် နေရာချထားခြင်းနှင့်အတူ ခေတ်သစ်တစ်ခုကိုစတင်ခဲ့လေသည်။

ယနေ့တွင် ဘုရင်တစ်ပါး သို့မဟုတ်နှစ်ပါးစလုံး ကျဆုံးသွားနိုင်သည်။ မည်သူကျဆုံးမည်မှာ မသေချာသော်လည်း သေချာသည်မှာ တိုက်ပွဲအပြီးတွင် နယ်မြေ ၈ သည် ဘယ်တော့မှ အရင်လိုဖြစ်တော့မည် မဟုတ်ပေ။ ထိုအပြောင်းအလဲသည် ဒေသခံများအတွက် ကောင်းမွန်သော အရာလား၊ ဆိုးရွားသော အရာလား ဆိုသည်ကိုတော့ အချိန်ကသာ အဆုံးအဖြတ်ပေးသွားလိမ့်မည်။

………………………………………….

မြူနွံဂိုဏ်း၏ အရှေ့မြောက်ဘက် မိုင်အနည်းငယ်ခန့်အကွာတွင် ပုစဉ်းတစ်ကောင်သည် သစ်တောထဲမှ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းလာသည်ကို တွေ့မြင်နိုင်သည်။ ပုစဉ်း၏ ကျောပေါ်တွင် ဓားရှည်တစ်လက် ကိုင်ဆွဲထားသော လူသားတစ်ဦး မတ်တတ်ရပ်နေသည်။ သူတို့မှာ ဟိုင်ရှီနှင့်ဖုန့်ရှင်းတို့ ဖြစ်သည်။

ဟိုင်ရှီသည် သစ်တောထဲတွင် လျင်လျင်မြန်မြန်နှင့် ပါးနပ်စွာ ပျံသန်းလျက်ရှိသည်။ သူမသောက်သုံးခဲ့သော နှင်းစက်ကြောင့် ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းတစ်ခုစီတိုင်းကို ထိန်းချုပ်နိုင်စွမ်း တိုးတက်လာပြီး အတောင်ပံ ၄ ခုလုံးကို သီးခြားလားရာများသို့ လွယ်ကူစွာ လှုပ်ရှားနိုင်သဖြင့် လှုပ်ရှားနိုင်စွမ်း ပိုမိုကောင်းမွန်လာသည်။

ထိုအချိန်တွင် စေးကပ်သော မီးခိုးရောင် လျှာတစ်ခုသည် သူမကို ရိုက်ချရန် ရည်ရွယ်ပြီး အရှိန်ဖြင့် ပြေးဝင်လာသည်။ လျှာသည် ဟိုင်ရှီနှင့် လက်မအနည်းငယ်ခန့်အလိုတွင် တိကျစွာ ပြတ်တောက်သွားသည်။ အရှိန်ပါနေဆဲ ဖြစ်သော ဓားချက်သည် အနီးနား သစ်ပင်တွင် ကိုယ်ယောင်ဖျောက်နေသော ခန္ဓာကိုယ်ကိုပါ ပိုင်းဖြတ်လိုက်သည်။ သွေးပန်းများ ဖြာထွက်သွားပြီးခြုံခိုတိုက်သောသတ္တဝါသည် မြေကြီးပေါ်သို့ ပြုတ်ကျလာမှသာ ၎င်း၏ပုံသဏ္ဍာန်မှာပေါ်လာခဲ့သည်။

တိုက်ခိုက်သူသည် ကြီးမားသော အစိမ်းရောင်ပုတ်သင်ညို တစ်ကောင် ဖြစ်ပြီး ကျောဘက်မှအမြီးအထိ ငွေရောင်အပ်များဖြင့် ဖုံးလွှမ်းထားသည်။ ၎င်းသည် ခန္ဓာကိုယ် နှစ်ပိုင်းကွဲကာ မြေကြီးပေါ်တွင် သေဆုံးနေပြီး မျက်လုံးများမှာ ပြူးကျယ်လျက် ရှိသည်။ မျက်လုံးထဲတွင် မည်သို့သေသွားမှန်းမသိလိုက်သော အမူအရာ ရှိနေသည်။ ဟိုင်ရှီသည် အမိန့်ပေးထားသည့်အတိုင်း မည်သည့်အရာအတွက်မှ ရပ်တန့်ခြင်းမရှိဘဲ ဆက်သွားနေသကဲ့သို့ ဖုန့်ရှင်း ကလည်း သားကောင်ကို ကောက်ယူရန် စိတ်မဝင်စားပေ။

“ဒါနဲ့ဆို ၈ ကောင်ရှိပြီ၊ဒီဝိညာဉ်သားရဲတွေ သင်ခန်းစာ မရသေးတာလား။ နန်းတော်အဆင့် သားရဲတချို့ကို မဆွဲဆောင်မိအောင် ငါ့စွမ်းအား အပြည့်အဝ ထုတ်မသုံးနိုင်တာကို အခွင့်ကောင်းယူနေကြတာ ပင်ပန်းလာပြီ။ ဟိုင်ရှီ… အရှိန် နည်းနည်း ထပ်တင်မှ ရမယ်” ဖုန့်ရှင်းက ပတ်ဝန်းကျင်ကို သေချာစောင့်ကြည့်ရင်း ညင်သာစွာ ပြောလိုက်သည်။

ဟိုင်ရှီသည် ညွှန်ကြားချက်ကို နာခံပြီးပိုမို တွန်းအားပေးကာ ပျံသန်းလိုက်သည်။ အတောင်ပံများသည် အလွန် လျင်မြန်စွာ လှုပ်ရှားနေသဖြင့် လေပြင်းများ ထွက်ပေါ်နေသည်ကို လျစ်လျူရှုလိုက်ပါက အတောင်ပံ မရှိသကဲ့သို့ ထင်ရသည်။ ပတ်ဝန်းကျင်အနှံ့မှ ဝိညာဉ် ချီများသည် သူမ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ဝင်ရောက်နေသည်။

မူလကြာပန်းနှင်းစက်၏ အာနိသင်သည် အပြည့်အဝ သက်ရောက်နေပြီး ချီများကို ဟိုင်ရှီ၏ ခန္ဓာကိုယ်ဆီသို့ လွယ်ကူစွာ ဆွဲယူပေးနေသည်။ သူမသုံးလိုက်သော ချီတိုင်းသည် စက္ကန့်ပိုင်း အတွင်း ပြန်လည် အစားထိုး ဝင်ရောက်လာသည်။

ဤအချက်ကြောင့်ပင် သူမသည် ချီစွမ်းအင် ကုန်ခန်းသွားမည်ကို မပူပန်ဘဲ ချီများကို ရက်ရက်ရောရော အသုံးပြုနိုင်နေခြင်း ဖြစ်သည်။

ပုံမှန်ဆိုလျှင် သူမ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးနေသည့် နှုန်းထားကြောင့် ခရီးတစ်ဝက် မရောက်ခင်မှာပင် ခန္ဓာကိုယ် ဒဏ်ပိပြီးအတွင်းဒဏ်ရာရသွားနိုင်သည်။ သို့သော် နှင်းစက်ကို သန့်စင်ထားသည့် အာနိသင်ကြောင့်ရလဒ်အနေဖြင့် သူမ၏ ခန္ဓာကိုယ်သည် အလွန် သန်မာလာပြီး ပြောင်းလဲသွားခဲ့သည်။

ပြင်းထန်သော အရှိန်ကို ခံနိုင်ရည်ရှိလာပြီး သွေးကြောများသည် ခန္ဓာကိုယ်ထဲသို့ စီးဝင်နေသော ကြီးမားသည့် ချီပမာဏကို ကိုင်တွယ်နိုင်လောက်အောင် သန်မာပြီး ပျော့ပျောင်းမှု ရှိလာသည်။ အထူးသဖြင့် အတောင်ပံများနှင့် ဆက်နွယ်နေသော သွေးကြောများသည် ယခင်ကထက် ပိုမို ခိုင်ခံ့လာသည်။

ဟိုင်ရှီသည် သူမ တစ်ခါမျှ မပျံသန်းဖူးသော အရှိန်ဖြင့် သစ်တောထဲတွင် ပျော်မြူးတက်ကြွစွာ ပျံသန်းနေသည်။ အချိန်ကြာမြင့်စွာ ချုပ်နှောင်ခံထားရသော သူမ၏ အစိတ်အပိုင်း တစ်ခု လွတ်မြောက်သွားသကဲ့သို့ ခံစားနေရသည်။ ဟိုင်ရှီသည်သူမ၏ဘဝတစ်သက်တာလုံးတွင် အမြဲတမ်း ထိန်းချုပ်နေထိုင်ခဲ့ရပြီး ခြေလှမ်းတိုင်းကို တွက်ချက်ကာ ပုံရိပ်ယောင်ထဲတွင် ပုန်းအောင်းနေခဲ့ရသည်။

သူမ၏ ဘဝတစ်လျှောက်လုံးတွင် ပထမဆုံးအကြိမ်အဖြစ် စိတ်လွတ်ကိုယ်လွတ် ပျံသန်းနေခြင်း ဖြစ်သည်။ ၎င်းသည် သူမ၏ နှလုံးခုန်မြန်စေသော အတွေ့အကြုံသစ် တစ်ခု ဖြစ်သည်။ အပေါ်တွင် အစွမ်းထက်သော လူသားတစ်ယောက် ရှိနေပြီး အရာအားလုံးကို ရှင်းလင်းပေးနေသဖြင့် တိုက်ခိုက်ခံရမည်ကို စိုးရိမ်စရာ မလိုပေ။

သူမလုပ်ရမည်မှာ စိတ်လွတ်လက်လွတ် ပျံသန်းရန်သာ ဖြစ်ပြီး သူမ တကယ်လည်း ပျံသန်းလျက်ရှ်သည်။ ပျံသန်းခြင်းထဲတွင် စိတ်နှစ်လေလေ အချို့သော သဘောတရားများက သူမကို ဆွဲဆောင်နေသည်ကို ခံစားရလေလေ ဖြစ်သည်။ အစပိုင်းတွင် ဝေဝါးနေသော်လည်း ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးလေလေ ထိုသဘောတရားများ ပိုမို ရှင်းလင်းလာလေလေ ဖြစ်သည်။ မြစ်ရေစီးကြောင်းထဲတွင် ရရှိခဲ့သော ခံစားမှုမျိုး၊ ရေဆန် မကူးဘဲ ရေစီးနှင့်လိုက်ပါသော ခံစားမှုမျိုးကို သူမ ပြန်လည် ရရှိလာသည်။ သူမ၏ လှုပ်ရှားမှုများသည် ယခင်ကထက် ပိုမို သွက်လက်ကာ မြန်ဆန်လာသည်။

ဖုန့်ရှင်းသည် သူမ၏ အခြေအနေကို သတိထားမိပြီး လေးစားစွာ ပြုံးလိုက်သည်။ ဟိုင်ရှီ၏ လှုပ်ရှားမှုများသည် ပိုမို ချောမွေ့ပြီး ထိရောက်ကာမြန်ဆန်လာခဲ့သည်။ အစပိုင်းတွင် သူမသည် ဝင်ရောက်လာသော ချီအများအပြားကို အသုံးပြုပြီး အရှိန်ရအောင် အတင်းအဓမ္မ လုပ်ယူနေသော်လည်း ယခုအခါတွင်မူ အားစိုက်ထုတ်မှု အနည်းဆုံးဖြင့် အကောင်းဆုံး ရလဒ်ရရှိအောင် ချီများကို ပေါင်းစပ်အသုံးပြုနေသည်။

သူမ၏ အမြန်နှုန်းသည် အဆင့်အတော်အတန် တိုးတက်လာသည်။ သူ မျှော်လင့်ထားသည်ထက် စောပြီး ပျံလွှားငှက်များ ရှိရာသို့ ရောက်ရှိနိုင်မည် ဖြစ်သောကြောင့်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဤအချက်ကပင် သူဖြေရှင်းရမည့် အပြောင်းအလဲ အရေအတွက်ကို လျှော့ချပေးနိုင်သည်။ ၁၀ မိနစ် သို့မဟုတ် ထို့ထက်နည်းသော အချိန်အတွင်း သူတို့သည် မြစိမ်းရောင်မြူတောဒေသ၏ အစွန်းသို့ ရောက်ရှိတော့မည် ဖြစ်ပြီး မြူနွံဂိုဏ်းမှ ထွက်ပြေးလာသူများနှင့် နီးကပ်လာပြီ ဖြစ်သည်။

All Chapters