ဒါက ထောက်လှမ်းရေး မှော်ပညာတဲ့လား
Vol. 4 Ch. 33
အစိမ်းရောင်ပျံလွှားငှက်၏ တိုက်ခိုက်မှုမှ ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုသည် ၅ မိနစ်ကျော် ကြာပြီးမှသာ ငြိမ်သက်သွားသည်။ မကြာမီ တုန်ခါမှုလှိုင်းများနှင့်ပျက်စီးမှုများ ရပ်တန့်သွားပြီး တိုက်ခိုက်မှု၏ဗဟိုချက်မှ မိုင်ဝက်ပတ်လည်အထိ ဖုန်မှုန့်များ ဖုံးလွှမ်းသွားကာ အမြင့်မှာ တိမ်တိုက်များအထိပျံ့နှံ့သွားသည်။
ဖုန်မှုန့်များ အနည်ထိုင်ပြီးနောက် မီတာ ၇၀၀ အကျယ်ရှိကာ မီတာ ၂၀၀ကျော်နက်ရှိုင်းသော ချိုင့်ခွက်ကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ မြူနွယ်ပင်နှင့်အောင်းယင်ရှိနေခဲ့သော နေရာတွင် ချိုင့်ခွက်သည် ပိုမိုနက်ရှိုင်းသည်။ အောင်းယင်၏ပုံရိပ် ပျောက်ကွယ်သွားပြီးနောက် ကျန်ရစ်ခဲ့သည်မှာဖြူဖွေးသည့်ပုံစံရှိသောအရိုးဓားသာ ဖြစ်သည်။ သို့သော်ယခင်ကကဲ့သို့ သန့်စင်ချောမွေ့သောအဖြူရောင် မဟုတ်တော့ဘဲ ဆိုးယုတ်သည့်အငွေ့အသက်များဖုံးလွှမ်းထားသောအရိုးဓားတစ်လက် ရှိနေသည်။ အစိမ်းရောင်ငှက်မွေး၏ တိုက်က်ခိုက်မှု ထိမှန်ခဲ့သော နေရာတွင် ချိုင့်ခွက် အနည်းငယ် ဖြစ်ပေါ်နေသည်။
အရိုးဓား၏ရှေ့တွင် မှိန်ဖျော့၍ ကွဲအက်ရာများ ပြည့်နေသော ရွှေရောင် အကာအကွယ် အလွှာငယ်လေးတစ်ခုရှိနေသည်။ ၎င်း၏ အခြေအနေအရ လေပြေညင်း တစ်ချက် တိုက်ခတ်လိုက်ရုံဖြင့် ပြိုကွဲသွားနိုင်လောက်သည်။ ဇာတ်တိုက်ထားသကဲ့သို့ လေပြေတစ်ချက် ဖြတ်သန်းသွားရာ အကာအကွယ် အလွှာလေးသည်ကွဲကြေသွားပြီး အလင်းစက်လေးများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားသည်။ ထို့နောက် ခြောက်သွေ့လုနီးပါး ဖြစ်နေသော သစ်ပင်တစ်ပင်နှင့် သစ်ပင်အခေါက်ကို အမှီပြု၍ မနည်း ရပ်တည်နေရသော အဖိုးအို နှစ်ဦး၏ ပုံသဏ္ဍာန် ပေါ်လာသည်။
မြူနွယ်ပင်သည် မတ်မတ်ရပ်တည်နေဆဲဖြစ်သော်လည်း သစ်ရွက် ၂၀၀ အောက်သာ ကျန်ရှိတော့ပြီး ယခင်က တောက်ပမှုများပျောက်ကွယ်သွားသည်။ ကျန်ရစ်ခဲ့သည်မှာ ချောမွေ့သော အခေါက်ရှိသည့် သာမန် မြူနွယ်ပင်တစ်ပင်သာ ဖြစ်သည်။ သစ်ရွက်များသည် အနီ၊ လိမ္မော်၊ အစိမ်း သုံးရောင် ပြောင်းလဲခြင်း မရှိတော့ဘဲ အစိမ်းရောင် သက်သက်သာ ဖြစ်နေကာ အချို့မှာ သစ်ရွက်ခြောက်များကဲ့သို့ အညိုကွက်များ ဖြစ်ပေါ်နေသည်။
အကြီးအကဲဖုန်းနှင့်အကြီးအကဲဂွီတို့သည် အလွန်အမင်း မောပန်းနွမ်းနယ်နေပြီး သစ်ပင်အခေါက်ကို အမှီပြု၍ မနည်း ရပ်တည်နေရသည်။ သူတို့၏ လက်မောင်းများသည် တွဲလောင်းကျနေပြီး ပခုံးများကို အားပြု၍ မတ်တပ်ရပ်နေသော်လည်း မကြာမီ သစ်တုံးများကဲ့သို့ မြေပြင်ပေါ်သို့လဲကျသွားတော့သည်။ သူတို့၏ အသားအရေမှာ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ဝတ်ရုံများမှာချွေးများဖြင့် စိုရွှဲနေကာ အသက်ရှူ ခက်ခဲနေကာ ချီစွမ်းအင် ကုန်ခန်းခြင်း၏ လက္ခဏာများ စတင်ပြသလာခဲ့သည်။
တိုက်ခိုက်မှု ကျရောက်လာချိန်တွင် ပထမအကာအကွယ် ၃ ခုသည် ချက်ချင်းကွဲကြေသွားပြီး ၃ ခုသာ ကျန်ရစ်ခဲ့သည်။ စက္ကန့်ပိုင်း အကြာတွင် စတုတ္ထမြောက် အကာအကွယ် ပျက်စီးသွားပြီးနောက် ပဉ္စမမြောက် အကာအကွယ်တွင်လည်းအက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။ ထိုအချိန်တွင် အကြီးအကဲဖုန်းနှင့်အကြီးအကဲဂွီတို့သည် နည်းလမ်းပေါင်းစုံကို အသုံးပြု၍ သူတို့၏ ချီအားလုံးကို မြူနွယ်ပင်ထဲသို့ အမြန်ဆုံး လောင်းထည့်ပေးခဲ့ကြသည်။
ထိုနည်းလမ်းများထဲတွင် သက်တမ်းကို အသုံးပြု၍ ချီစွမ်းအင် ရယူခြင်းကဲ့သို့ ကြီးမားသော တန်ဖိုးပေးဆပ်ရသည့် တားမြစ်ထားသောနည်းစနစ်များ ပါဝင်သည်။ မည်သူကမျှ နောက်ဆက်တွဲ ဆိုးကျိုးများကို ဂရုမစိုက်အားပေ၊ အဘယ်ကြောင့်ဆိုသော် အနည်းငယ်တုံ့ဆိုင်းရုံဖြင့် မြူနွယ်ပင်မှာ သူတို့၂ဦးနှင့်အတူ သေဆုံးသွားမည်ကိုမလိုလားပေ။ သူတို့အသက်နှင့် လဲရလျှင်ပင် ထိုအဖြစ်ဆိုးကို ရှောင်ရှားလိုကြသည်။
သူတို့၏ကြိုးပမ်းမှုသည် ကြီးမားသော အတိုင်းအတာနှင့် ယှဉ်လျှင် မပြောပလောက်သော်လည်း အရာထင်ခဲ့ပေသည်။ အခြေတည်အဆင့် အထွတ်အထိပ် ကျွမ်းကျင်သူ နှစ်ဦးသည် နန်းတော်အဆင့်သို့ရောက်လုနီးပါး တိုက်ခိုက်မှုတစ်ခုကို ခုခံရာတွင် မဖြစ်သလောက်အကူအညီသာ ပေးနိုင်သော်လည်း ထိုရေတစ်စက်စာ အကူအညီကြောင့်ပင် မြူနွယ်ပင်သည် ပျံလွှားငှက်၏ တိုက်ခိုက်မှုကိုတားဆီးရန် သစ်ရွက်အားလုံးနှင့် စုဆောင်းထားသောစွမ်းအင်အားလုံးကို စွန့်လွှတ်စရာ မလိုခဲ့ပေ။
ရလဒ်ကောင်း ထွက်ပေါ်သော်လည်း အကြီးအကဲဖုန်းသည် ခေါင်းကို အားယူ၍လှည့်ကြည့်ပြီးနောက် သစ်ပင်၏အခြေအနေကို ကြည့်ကာ နောင်တရသောအမူအရာ ဖြစ်သွားသည်။ ဤပြဿနာများ မဖြစ်ပွားမီက မြူနွယ်ပင်သည် ဆင့်ကဲပြောင်းလဲခြင်းအတွက် အရေးကြီးသော အချိန်ကာလသို့ ရောက်ရှိနေခဲ့သည်။ ထိုကာလအတွင်း အိပ်စက်ခြင်းအခြေအနေတွင် ရှိနေမည် ဖြစ်သည်။ စွမ်းအင် များလေလေ အောင်မြင်စွာ ဖြတ်ကျော်နိုင်မည့် အခွင့်အရေး များလေလေ ဖြစ်သည်။
သို့သော်လက်ရှိတွင် မူလကစုဆောင်းထားသော စွမ်းအင်၏ လေးပုံတစ်ပုံသာ ကျန်ရှိတော့သည်။ အိပ်စက်ခြင်းအခြေအနေသို့ ရောက်သွားလျှင် ပြန်နိုးလာနိုင်မည့် အခွင့်အရေး နည်းပါးကြောင်း အကြီးအကဲဖုန်းသိသည်။ အခြေအနေကို ရှောင်လွှဲ၍ မရနိုင်တော့ပေ၊ ဆင့်ကဲပြောင်းလဲခြင်း အခြေအနေစတင်သည်နှင့် ပြန်ပြင်၍ မရတော့ဘဲ သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း ဆက်သွားရမည် ဖြစ်သည်။
အကြီးအကဲဖုန်းသည် လည်ပင်းကို ဆန့်ထုတ်ကာ ကောင်းကင်သို့ မော့ကြည့်လိုက်ရာ သူတို့ကို သေလုနီးပါး ဖြစ်စေခဲ့သော ကြောက်မက်ဖွယ်တိုက်ခိုက်မှု၏တရားခံ အစိမ်းရောင်ပျံလွှားငှက်ကို တွေ့လိုက်ရသည်။ ၎င်းသည် တည်ငြိမ်သော မျက်နှာထားဖြင့် အောက်ကို ငုံ့ကြည့်ရင်း တိတ်ဆိတ်စွာ ပျံဝဲနေသည်။ တစ်စုံတစ်ယောက်၏ နည်းစနစ် တစ်ခုတည်းကပင် သူတို့ကို ဤမျှ အခြေအနေဆိုး ရောက်အောင် တွန်းပို့နိုင်လျှင် ပိုင်ရှင်ကိုယ်တိုင်သာ ရှိနေပါက မည်သို့နေမည်နည်းဟု တွေးမိပြီး အကြီးအကဲဖုန်း သက်ပြင်းချလိုက်သည်။
သူသည် စိတ်ပျက်အားငယ်စရာ အတွေးများကို ခေါင်းထဲမှ ထုတ်လိုက်ပြီး အစိုးရိမ်ရဆုံး လက်ရှိကိစ္စကိုသာ အာရုံစိုက်လိုက်သည်။ ၎င်းမှာ အကြီးအကဲတုန်း ၏ အခြေအနေ ဖြစ်သည်။ သူသည် လက်ကျန် စွမ်းအင်ကို အသုံးပြု၍ အကြီးအကဲတုန်ကို နောက်ဆုံး မြင်ခဲ့ရသော နေရာသို့ လှမ်းကြည့်လိုက်ရာ သဲများ ဖုံးလွှမ်းနေသော မြေပြင်ပေါ်တွင် အလျားလိုက်လဲကျနေသော အရိုးဓားကိုသာတွေ့လိုက်ရသည်။ အချို့နေရာများတွင် အောက်မှရေပန်းများထိုးထွက်နေသည်။
အကြီးအကဲဖုန်းသည် ဆက်လက်ရှာဖွေရာ သဲကျင်းတစ်ခုအပေါ်တွင် သိုလှောင်အိပ်တစ်လုံးကို တွေ့လိုက်ရသည်။သိုလှောင်အိပ်ပတ်လည်တွင် အစိမ်းရောင်ချီစွမ်းအင်များ ဝန်းရံထားသည်။ အကြီးအကဲဖုန်းသည် ထိုအရာမှာ အကောင်းပကတိကျန်ရစ်ခဲ့ရုံသာမက ထိခိုက်မှုမရှိသည်ကို မယုံနိုင်စွာ စိုက်ကြည့်နေမိသည်။
"အဲဒါက... မဖြစ်နိုင်တာ... ဟုတ်တယ်မလား။ ဒီလောက် ပြင်းထန်တဲ့ တိုက်ခိုက်မှုကို ဒဏ်ရာမရဘဲ လွတ်မြောက်နိုင်တယ် ဆိုတာလေ။ မြူနွယ်ပင်ကိုတောင် သိုလှောင်နိုင်မှတော့ ထူးခြားမှန်းသိပေမဲ့ အကြီးအကဲတုန်းရဲ့ ကျားသစ်သိုလှောင်အိတ်က ဒီလောက်ထိ အကာအကွယ်စွမ်းရည် ရှိလိမ့်မယ်လို့မထင်ထားခဲ့ဘူး။ သူ့အဆင့်က အရိုးဓားထက်တောင် မြင့်နိုင်တယ်။ အကြီးအကဲတုန်းက ဒီလောက် များပြားတဲ့ ရတနာတွေကို ဘယ်လိုပိုင်ဆိုင်ထားတာလဲ။ သူက သွေးလက်တစ္ဆေဂိုဏ်းက အကြီးအကဲတစ်ယောက်ယောက်ရဲ့ တရားမဝင်သားများလား"
အကြီးအကဲဖုန်း စိုးရိမ်မကင်း ဖြစ်မိသော်လည်း သူတို့ခိုးယူလာသော ဂိုဏ်း၏ရတနာများ လုံခြုံနေသည့်အတွက် စိတ်သက်သာရာ ရသွားသည်။
"ဂွီ... ဂွီ... ရတနာတွေ ဘာမှမဖြစ်ဘူးကွ။ ငါပြောသားပဲ ငါက ကံကောင်းပါတယ်လို့" အကြီးအကဲဖုန်းက ခြောက်သွေ့နေသောလေသံဖြင့် ကြွားဝါလိုက်သည်။ သူ့ဘေးတွင် လဲလျောင်းနေသော အကြီးအကဲဂွီမှာမူ အသံပင် မထွက်နိုင်တော့ချေ၊ မလှုပ်ရှားနိုင်လောက်အောင် အားနည်းနေသဖြင့် လူအိုကြီး တစ်ယောက်လို ညည်းညူရုံသာတတ်နိုင်တော့သည်။
"အင်း…..လုံခြုံတာ... ကောင်းပါတယ်..." အကြီးအကဲဖုန်းသည် ပြောရင်းဆိုရင်း ချီစွမ်းအင်ကုန်ဆုံးမှုဒဏ်ကို မခံနိုင်တော့ပဲ သတိလစ်သွားတော့သည်။
ခဏအကြာတွင် ပုစဉ်းတစ်ကောင်သည် ချိုင့်ခွက်ဆီသို့ ပျံသန်းလာပြီး တစ်စုံတစ်ယောက်က ပုစဉ်းပေါ်မှ ခုန်ဆင်းကာ ချိုင့်ခွက်ထဲသို့ ညင်သာစွာ ဆင်းသက်လိုက်သည်။
"ကံကောင်းလို့ ငါတို့ အချိန်မီ ရောက်လာတာ၊ ဒါပေမဲ့ ဒီပျက်စီးမှု အတိုင်းအတာက ဘယ်လောက်ထိတောင်သက်ရောက်သွားလဲ။ ယန်ချင်းက နည်းစနစ်ကို ပြုပြင်လိုက်တာလား။ ဘယ်လို ထောက်လှမ်းရေး ကျင့်ကြံခြင်း မှော်ပညာက ဒီလောက်ထိ ဖျက်ဆီးနိုင်စွမ်း ရှိရတာလဲ။ အဆောင်တွေ လုပ်ကူဖို့ စိတ်အားထက်သန်နေကတည်းက တစ်ခုခုတော့ လွဲနေပြီလို့ ငါထင်သားပဲ။ ပြီးတော့တောက်လျှောက် ပြုံးစိစိလုပ်နေတာလေ။ ကျန်တဲ့ အဆောင်တွေကိုရော သူ ဘာလုပ်ထားသေးလဲ မသိဘူး၊သောက်တလွဲ… တရားသူကြီး"
ဖုန့်ရှင်းက ခေါင်းခါလိုက်ပြီး အရိုးဓားရှိရာသို့ လျှောက်သွားလိုက်သည်။ ဒီလောက် ပျက်စီးမှုကြားမှ တစ်စုံတစ်ခုကျန်ရစ်ခဲ့သည်ကို အံ့သြသွားသည်။ တိုက်ခိုက်မှုသည် နန်းတော်အဆင့်ကျွမ်းကျင်သူ တစ်ယောက်၏စွမ်းအားအောက် အနည်းငယ်သာလျော့နည်းသည်။ ထိုတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရန် နန်းတော်အဆင့်နှင့် ညီမျှသော ဧကရာဇ်အဆင့်လက်နက် ဖြစ်ရမည်။ ထို့ကြောင့် အရိုးဓားက သူ၏စိတ်ဝင်စားမှုကို ဆွဲဆောင်သွားသည်။
ဖုန့်ရှင်းကအရိုးဓားကို စစ်ဆေးနေစဉ် အစိမ်းရောင် ပျံလွှားငှက်သည် သူ့ထံသို့ လျင်မြန်စွာ ပျံသန်းလာသည်။ ဖုန့်ရှင်းထံတွင် ယန်ချင်း၏ ချီအမှတ်အသားပါဝင်သော ပစ္စည်းတစ်ခုရှိပြီး ၎င်းသည် ပျံလွှားငှက်အတွက် အချက်ပြစက်နှင့်ထိန်းချုပ်ကိရိယာအဖြစ် လုပ်ဆောင်သည်။ ပိုင်ရှင်ကိုယ်တိုင်မဟုတ်ဘဲ အဆောင်မှတစ်ဆင့် အသိစိတ်ရှိသောမှော်ပညာကို အသုံးပြုသည့်အခါ မတော်တဆမှုများ မဖြစ်ပွားစေရန် အသုံးပြုသူသည် ပိုင်ရှင်၏ ချီအမှတ်အသား ပါဝင်သော ပစ္စည်းတစ်ခု ရှိရန် လိုအပ်သည်။
ဖုန့်ရှင်းသည် ပျံလွှားငှက်ကို လျစ်လျူရှုကာ အရိုးဓားကိုသာအာရုံစိုက်နေသည်။ သူ၏ဝိညာဉ်အာရုံ အနည်းငယ်ကို အသုံးပြု၍ အတွင်းပိုင်းတည်ဆောက်ပုံကို စုံစမ်းစစ်ဆေးလိုက်သည်။ သို့သော် သူ့အာရုံဓားထဲသို့ ဝင်ရောက်သွားသည်နှင့် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။တစ်စုံတစ်ခုကို နှိုးဆွလိုက်မိသကဲ့သို့ ခံစားရပြီး အမြင်အာရုံရုတ်တရက် ပြောင်းလဲကာ သေခြင်းတရား၊ သွေးဆာမှုနှင့် ယုတ်ညံ့သည့်အငွေ့အသက်များဖြင့် ပြည့်နှက်နေသော မှောင်မိုက်သည့် ကမ္ဘာတစ်ခုထဲသို့ စုပ်ယူခံလိုက်ရသည်။ ကြီးမားသောနွားသိုးနှင့် ဆင်တူသည့်သတ္တဝါကြီးတစ်ကောင်သည် ကျယ်လောင်စွာဟိန်းဟောက်ရင်း ဖုန့်ရှင်းထံ ပြေးဝင်လာသည်။
ဖုန့်ရှင်းသည် ထိုသတ္တဝါကို အောင်းယင်ဟု ချက်ချင်းမှတ်မိလိုက်ပြီး ဓားထဲမှဝိညာဉ်အာရုံကို အလျင်အမြန်ဖြတ်တောက်လိုက်သည်။ ဟိန်းဟောက်သံသည် ဝိညာဉ်အာရုံ မပြတ်တောက်မီ သူ့ခေါင်းကိုတုန်ခါသွားစေခဲ့သော်လည်း စက္ကန့်အနည်းငယ်သာ သက်ရောက်မှု ရှိခဲ့သည်။ ဟိန်းဟောက်သံကြောင့် ခေါင်းကိုကြီးမားသော တုတ်ကြီးဖြင့် ရိုက်ခံလိုက်ရသကဲ့သို့ခံစားရသည်။
အခြား အမြူတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူဆိုလျှင် ဝိညာဉ်ထိခိုက်ဒဏ်ရာ ရသွားနိုင်သော်လည်း ဖုန့်ရှင်းမှာမူ အဆင်ပြေသည်။ စစ်ဆေးရေးမှူးအားလုံးသည် ဝိညာဉ် ကျင့်ကြံခြင်း နည်းစနစ်များကို ကျင့်ကြံထားရန် လိုအပ်သဖြင့် ဤကဲ့သို့သော တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိပြီး ဝိညာဉ်နှင့် ဝိညာဉ်အာရုံကိုလည်း ပိုမို သန်မာစေသည်။
"နန်းတော်အလယ်အလတ်အဆင့် အောင်းယင်ရဲ့အကြွင်းအကျန်တွေနဲ့ လက်နက်လုပ်လောက်အောင် ဘယ်သူကများ ဒီလောက်ထိရူးသွပ်ရတာလဲ။ သူ့ရဲ့ သတ်ဖြတ်ချင်တဲ့ ဝိညာဉ်ကြောင့် စိတ်ဖောက်ပြန်သွားမှာ၊ ကျွန်ပြုခံရမှာ၊ ဒါမှမဟုတ် မီးဖိုအဖြစ်အသုံးချခံရမှာ မကြောက်ကြဘူးလား။ တကယ့် အရူးတွေပဲ"
ဖုန့်ရှင်းက မောပန်းစွာ ရေရွတ်လိုက်သည်။ သူသည် သိုလှောင်လက်စွပ်ထဲမှ အညိုရောင် အဝတ်ကြမ်း တစ်ခုကို ထုတ်ယူပြီး အရိုးဓားကို တင်းကျပ်စွာ ထုပ်ပိုးလိုက်သည်။ ဓားနှင့်အဝတ် ထိတွေ့လိုက်သည်နှင့် ဓားသည် ထွက်ပြေးချင်သကဲ့သို့ တုန်ခါသွားသော်လည်း အညိုရောင် အဝတ်ထဲမှ ထွက်ပေါ်လာသော သံကြိုး ၄ ချောင်းက ချက်ချင်းချုပ်နှောင်လိုက်သည်။ သံကြိုး တစ်ချောင်းစီတွင် မတူညီသော တံဆိပ်တစ်ခုစီ ပါရှိသည်။ တံဆိပ်များသည် ရေ၊ အလင်း၊ မြေ နှင့် သစ်သားဟူသော ဓာတ်ကြီး ၄ ပါးကို ကိုယ်စားပြုသည်။
တံဆိပ်များသည် အရိုး၏ ဆန့်ကျင်ဘက် ဖြစ်သဖြင့် ၎င်းကို လွယ်ကူစွာ ချုပ်နှောင်လိုက်သည်။
"ဓာတ်ကြီး ၄ ပါးသက်ရှိကွဲပြားခြင်းတံဆိပ်က သတ်ဖြတ်ခြင်းနဲ့ သွေးဆာခြင်းတွေ လွှမ်းမိုးနေတဲ့သတ္တဝါအပေါ် သက်ရောက်မှု ရှိတာ အံ့သြစရာပဲ" ဖုန့်ရှင်း တိတ်တဆိတ် တွေးရင်း ထုပ်ပိုးထားသော အရိုးဓားကို သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သည်။ အကြီးအကဲဖုန်း နှင့် အကြီးအကဲဂွီ ရှိရာသို့ သွားနေစဉ် မြေကြီးထဲတွင် တစ်ဝက်တစ်ပျက် မြုပ်နေပြီး အစိမ်းရောင်ဖျော့ဖျော့တောက်ပနေသော သိုလှောင်အိတ်ကို တွေ့လိုက်ရသည်။
"စိတ်ဝင်စားစရာကောင်းတဲ့ သိုလှောင်အိတ်ပဲ" ဖုန့်ရှင်းက ပြောရင်း ကောက်ယူကာ ဖုန်ခါလိုက်သည်။ ဤတစ်ကြိမ်တွင် သူ ပိုမို သတိထားပြီး လှည့်ကွက်များ ပါမပါ သေချာ စစ်ဆေးလိုက်သည်။ စစ်ဆေးနေစဉ် အိတ်ထဲတွင် နက်ရှိုင်းစွာ ဖုံးကွယ်ထားသော ခြေရာခံ အစီအရင်တစ်ခုကို သတိထားမိလိုက်သည်။
"အမ်... ကြည့်ရတာ နန်းတော်အဆင့်တစ်ယောက်ယောက် ရေးဆွဲထားပုံပဲ၊ ဒါပေမဲ့ နန်းတော်အဆင့်အစီအရင်ဆရာအစစ်နဲ့ ယှဉ်ရင်တော့ အတော်လိုသေးတယ်။ ဧကရာဇ်အဆင့်လက်နက်နဲ့ ဖျက်ဆီးလိုက်ရင် လုံလောက်ပါတယ်" ဖုန့်ရှင်းတွက်ချက်လိုက်ပြီး သူ၏ဓားကို ဆွဲထုတ်လိုက်သည်။ လက်ဟန်တံဆိပ်အများအပြား ပြုလုပ်ပြီး ဓားထိပ်ဖျားတွင် စုစည်းလိုက်သည်။
တံဆိပ်များမှာ ဖြူဖွေးနေပြီး ဓားထိပ်ဖျားကိုလည်း ဖြူဖွေးသွားစေသည်။ တံဆိပ် အရေအတွက် ကျေနပ်လောက်သောအခါ အိတ်ပေါ်သို့ ဓားဖြင့် ခုတ်ချလိုက်သည်။ ဓားသွား အောက်သို့ ဆင်းသွားရာတွင် ခုခံမှု အနည်းငယ် ရှိပြီး ဓားထိပ်ဖျားမှ တရှဲရှဲ အသံများ ထွက်ပေါ်ကာ တစ်စုံတစ်ရာကို လောင်ကျွမ်းစေသကဲ့သို့ ဖြစ်နေသည်။ မကြာမီ အပြည့်အဝ ဖြတ်တောက်နိုင်ခဲ့သည်။ ဖုန့်ရှင်းသည် ကျေနပ်စွာ ပြုံးရင်း ဓားကို ပြန်သိမ်းလိုက်သည်။ အစီအရင်ထည့်ထားသူသည် ဘယ်တော့မှ ခြေရာခံနိုင်တော့မည် မဟုတ်ပေ။
ဖုန့်ရှင်းသည်သိုလှောင်အိတ်ကို အမြန် စစ်ဆေးလိုက်ရာ စိတ်လှုပ်ရှားစွာ လေချွန်မိသွားသည်။
"တကယ့် ပစ္စည်းကောင်းပဲ။ သက်ရှိတွေကို သိုလှောင်နိုင်ပြီး ဧည့်ခန်း ၂ ခန်းစာလောက် ကျယ်တဲ့ အတွင်းပိုင်း နေရာလွတ်ပါတာပဲ။ သစ်ပင်ကို သယ်ဖို့ ဒါကို သုံးခဲ့တာ နေမှာ။ တန်လိုက်တာကွာ"
ဖုန့်ရှင်းသည် စိတ်လှုပ်ရှားစွာဖြင့် လက်ညှိုးပေါ်တွင် အိတ်ကို လှည့်ကစားရင်း ခါးတွင် ချိတ်လိုက်သည်။
"ကဲ... ဒီနှစ်ယောက်ကို ဘာလုပ်ရမလဲ။ အမှုအတွက် တစ်ယောက်ပဲ လိုတာလေ" ဖုန့်ရှင်း၏ လေသံနှင့် အရှိန်အဝါသည် ရုတ်ချည်အေးစက်သွားသဖြင့် အနောက်မှဟိုင်ရှီပင် တုန်လှုပ်သွားသည်။ ဖုန့်ရှင်းသည် လူနှစ်ယောက်နှင့်သစ်ပင်တစ်ပင် ရှိရာသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။ သူတို့ ရှေ့တွင် ရပ်တန့်လိုက်ပြီး မြူနွယ်ပင်၏ ကျန်ရစ်နေသော သစ်ရွက်အချို့ကို လက်ချောင်းများဖြင့် ပွတ်သပ်ရင်း စိုက်ကြည့်နေသည်။