← Chapters

ရနံ့တစ်ထောင်စားသောက်ဆိုင်

Vol. 4 Ch. 35

ရနံ့တစ်ထောင်စားသောက်ဆိုင်

Vol. 4 Ch. 35

အစိမ်းရောင်ပျံလွှားငှက်၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောနေရာတွင် ပိုးသားအနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် ဒူးထောက်လျက်ရှိနေသည်။ သူ၏ညာဘက်ခါးတွင် တိမ်နီရောင်များ ထွင်းထုထားသော အနက်ရောင်ဓားအိမ်ဖြင့် ဓားနှစ်လက်ကို ချိတ်ဆွဲထား၏။ သူသည် နက်မှောင်သောဆံပင်များကို တစ်ဝက်စည်းပြီး ကျန်တစ်ဝက်ကို ဖားလျားချထားကာ ဆံထုံးတစ်ဝက် ထုံးထားလေသည်။

ရုပ်ရည်မှာ အသက် ၃၀ နှောင်းပိုင်းခန့်ရှိပုံရပြီး သာမန်ခန္ဓာကိုယ်အချိုးအစားသာရှိသည်။သူ၏ထူးခြားချက်မှာ ကြက်သွေးရောင်တောက်နေသောမျက်ဝန်းတစ်စုံနှင့် နှစ်တစ်ထောင်လောက် နေရောင်ခြည်နှင့်မထိတွေ့ဖူးသည့်အလား ဖြူဖပ်ဖြူရော်ဖြစ်နေသည့် အသားအရေပင်။

သူသည် အောင်းယင်အရိုးဓား ပြုတ်ကျခဲ့သောနေရာမှ သဲလက်တစ်ဆုပ်စာကို ကောက်ယူလိုက်သည်။ ထို့နောက် လက်ချောင်းများကြားမှ သဲများကို ဖြည်းညင်းစွာ စီးကျစေရင်း သေချာစိစစ်နေ၏။ အချိန်အတော်အတန်ကြာမှ လက်ထဲမှသဲများကို ခါလိုက်လေသည်။

"တုန်းယန်လင်... တုန်းယန်လင်... မင်း တကယ်ကို အသုံးမကျတဲ့ကောင်ပဲ။ ငါ့ရဲ့ ကျားသစ်သိုလှောင်အိတ် ပျောက်သွားတာတင်မကဘူး... ပထမတံဆိပ်ကို ဖွင့်နိုင်ခဲ့တာတောင် သခင်ကြီးရဲ့ အောင်းယင်ဓားကိုပါ ဆုံးရှုံးလိုက်ရတယ်တဲ့။ အသုံးမကျလိုက်တဲ့ ကောင်။ မင်းက သေသွားပြီဆိုတော့ ဝိညာဉ်သန့်စင်ခြင်း စမ်းသပ်မှုတွေလုပ်ဖို့ လူမလောက်လို့ စိတ်မကြည်မလင်ဖြစ်နေတဲ့ သခင်ကြီးရဲ့ ဆူပူကြိမ်းမောင်းတာတွေကို ငါပဲ ခံရတော့မယ်"

"ငါနားမလည်တာက သွေးမဲ့လက်နက်သန့်စင်သူလို့ လူသိများတဲ့ သခင်ကြီးက မင်းလိုကောင်ကို ဘာလို့ ဒီလောက်အလိုလိုက်ထားလဲဆိုတာကိုပဲ။ အမြဲတမ်းပြဿနာရှာပြီး မင်းလုပ်သမျှကို ငါကပဲ ဒုက္ခခံ လိုက်ရှင်းပေးနေရတယ်။ ခြေရာခံအစီအရင်က ဖျက်ဆီးခံလိုက်ရပုံပဲ... သိုလှောင်အိတ်ကို ငါခြေရာခံလို့ မရတော့ဘူး။”

“ပြီးတော့ ဓားကိုရှာဖို့ ထည့်ပေးလိုက်တဲ့ အောင်းယင်သွေးစက်ကလည်း အလုပ်မလုပ်တော့ဘူး။ လက်နက်က လုံးဝပျက်စီးသွားလို့ အစအနမကျန်တော့တာလား၊ ဒါမှမဟုတ် တံဆိပ်ခတ်ပိတ်လှောင်ခံလိုက်ရတာလား။ ငါ့အတွက်တော့ ဒုတိယအချက်ဖြစ်ပါစေလို့ပဲ ဆုတောင်းရမှာပဲ။ ဒါပေမဲ့ တရားခံတွေကို ငါဘယ်လိုခြေရာခံရမလဲ... ဒီလောက်ပြင်းထန်တဲ့ တိုက်ခိုက်မှုအတိုင်းအတာကို ကြည့်ရင် အမြူတေဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့်၊ ဒါမှမဟုတ် နန်းတော်အဆင့် တစ်ဝက်လောက် ရောက်နေတဲ့သူမျိုး ဖြစ်လောက်တယ်။ထင်မှတ်မထားတဲ့ အံ့အားသင့်စရာတွေ မရှိရင်တော့ ငါသူတို့ကို အလွယ်တကူ ကိုင်တွယ်နိုင်မှာပါ"

အနီရောင်ဝတ်ရုံနှင့်လူသည် တိတ်ဆိတ်စွာ တွေးတောပြီးနောက် မတ်တပ်ရပ်လိုက်ကာ ကောင်းကင်ပေါ်သို့ ပျံတက်လေသည်။ ဤသည်မှာ နန်းတော်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြသနေသော ရှင်းလင်းသည့်လက္ခဏာဖြစ်သည်။

ကျင့်ကြံသူများသည် နန်းတော်အဆင့်သို့ရောက်သောအခါ ပျံသန်းနိုင်စွမ်း ရရှိကြ၏။ ထိုအဆင့်မရောက်မီတွင်မူ ဝိညာဉ်သားရဲများ သို့မဟုတ် ပျံသန်းသည့်ရထားလုံးများကဲ့သို့သော ပျံသန်းရေးလက်နက်များကိုသာ အသုံးပြုနိုင်သည်။ဓားပျံများမှာ ရထားလုံးများနှင့်မတူဘဲ နန်းတော်အဆင့်ရောက်မှသာ အသုံးပြုနိုင်လေသည်။ ဤအဆင့်သို့ ရောက်ခါစကျွမ်းကျင်သူအများစုသည် ကိုယ်လွတ်ပျံသန်းခြင်းထက် ပျံသန်းဓားများကို အသုံးပြုရန် ပိုမိုနှစ်သက်ကြသည်။

အဘယ်ကြောင့်ဆိုသော် ဓားပျံများတွင် အမြန်နှုန်းကို မြှင့်တင်ပေးသော မြန်နှုန်းမြင့်အစီအရင်များ ရေးထိုးထားသောကြောင့်ဖြစ်သည်။ ဓား၏အဆင့်ပိုမြင့်လေ အမြန်နှုန်းပိုမြန်လေပင်။ နန်းတော်အဆင့်နောက်ပိုင်း ရောက်မှသာ ကျင့်ကြံသူအများစုသည် အမြန်နုန်းမြှင့်ကာပျံသန်းလာနိုင်ကြသဖြင့် ဓားပျံကဲ့သို့သော အရာများကို အသုံးမပြုကြတော့ပေ။

လေပေါ်သို့ ပျံတက်လာသောလူငယ်သည် လေထုကို ရှူရှိုက်လိုက်ရင်း မျက်နှာရှုံ့မဲ့သွားသော်လည်း မကြာမီ သူ၏မျက်နှာပေါ်တွင် အပြုံးပါးပါးလေးတစ်ခု ဖြစ်ပေါ်လာ၏။

"ဒီလောက်သိပ်သည်းတဲ့ ချီတွေ... အင်း... တစ်ယောက်ယောက်က မူလကြာပန်းနှင်းရည်ကို သုံးထားပုံပဲ။ ကံကောင်းတာက သူတို့ ဘယ်ဘက်ကိုသွားတယ်ဆိုတာ လမ်းစဖော်ဖို့ ခြေရာအချို့ ကျန်ခဲ့သေးတယ်"

ထိုလူသည် ခါးတွင်ချိတ်ထားသော ဓားရှည်နှစ်လက်အနက် အနီရင်ရောင်ဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်။ဓားကို ခြေထောက်အောက်တွင် ထားလိုက်ပြီး ဟိုင်ရှီထွက်ခွာသွားသောအရပ်သို့ ပျံသန်းလိုက်လေသည်။ ကောင်းကင်ယံတွင် အနီရောင်အလင်းတန်းတစ်ခု လျင်မြန်စွာ ပျံသန်းသွားသည်ကို တွေ့မြင်နိုင်၏။

................................................….

တရားစီရင်ရေးအဖွဲ့ဝင်းအတွင်းတွင် ယန်ချင်းနှင့်အဖွဲ့သည် အဆောက်အအုံအမျိုးမျိုး စီတန်းနေသော လမ်းကြားတစ်ခုအတိုင်း လျှောက်လှမ်းလာကြသည်။ လမ်းကြား၏ ဘေးတစ်ဖက်တစ်ချက်တွင် အဆောက်အအုံများကို သေသပ်စွာ စီစဉ်ထားပြီး အကွာအဝေးညီညာစွာ ခွဲခြားထားလေသည်။

ဤလမ်းကြားသည် တရားစီရင်ရေးအဖွဲ့ ရုံးဝင်းအတွင်း၌ပင်ရှိသည်။ ဝင်းကြီးကို မတူညီသောနယ်မြေများအဖြစ် ခွဲခြားထားသည်။ တရားရုံးများသည် မြေနေရာ၏ အလယ်ဗဟိုတွင် တည်ရှိသည်။ ရထားလုံးများ သိမ်းဆည်းသည့်နေရာနှင့် ဝိညာဉ်သားရဲများအတွက် အထူးမြင်းဇောင်းများကဲ့သို့သော အချို့နယ်မြေများကို အများပြည်သူဝင်ရောက်ခွင့် ပိတ်ပင်ထား၏။

သို့သော် ယန်ချင်းတို့သွားနေသော နေရာကဲ့သို့သော အချို့နယ်မြေများကိုမူ အများပြည်သူဝင်ရောက်ခွင့် ပြုထားသည်။ ထိုနေရာတွင် အမျိုးမျိုးသော အဆောက်အအုံများ ပြည့်နှက်နေသည်။ စားသောက်ဆိုင်များ၊ တည်းခိုခန်းများ၊ ငှားရမ်းနိုင်သော ခြံဝင်းများရှိသည်။ ဤနေရာကို အမှုရင်ဆိုင်မည့် အဖွဲ့အစည်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ဖန်တီးထားခြင်းဖြစ်လေသည်။

တရားစီရင်ရေးအဖွဲ့ ဝင်းအတွင်း အထူးခွင့်ပြုချက်မရှိဘဲ ကြားခံနယ်မြေကူးပြောင်းခြင်း အစီအရင်များ အသုံးပြုခြင်းကို တင်းကျပ်စွာ တားမြစ်ထားသဖြင့် အဖွဲ့ရုံးသို့ အသွားအပြန်ပြုလုပ်ခြင်းသည် အထူးသဖြင့် ဂိုဏ်း သို့မဟုတ် မိသားစုတည်နေရာဝေးကွာပြီး ကျင့်ကြံခြင်းအဆင့်နိမ့်သောသူများအတွက် အလွန်ပင်ပန်းခက်ခဲစေသည်။

ထို့ကြောင့် အထူးသဖြင့် တစ်ရက်ထက်ပိုကြာမည့် အမှုများအတွက် ကျင့်ကြံသူများ အနားယူနိုင်မည့်နေရာများ ဖန်တီးပေးရန် အတွက်လိုအပ်လာသည်။ထိုကဲ့သို့အဆင်မပြေမှုကို လျော့ချရန် တရားစီရင်ရေးအဖွဲ့သည် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် စီးပွားရေးလုပ်ငန်းများကို ၎င်း၏ဝင်းအတွင်း ဖွင့်လှစ်ခွင့်ပြုခဲ့သည်။ ဝန်ဆောင်မှုများကို သက်သာသောနှုန်းထားဖြင့် ကောက်ခံစေသဖြင့် အမှုသည်များ စိတ်ကြိုက်အသုံးပြုနိုင်ကြပေသည်။

ထိုစီးပွားရေးလုပ်ငန်းများသည် ထွန်းကားလာပြီး မကြာမီ အမှုရင်ဆိုင်သော ကျင့်ကြံသူများသာမက တရားစီရင်ရေးအဖွဲ့ဝန်ထမ်းများပါ ပုံမှန်လာရောက်သော နေရာများဖြစ်လာခဲ့သည်။ ယန်ချင်းသည် ချန်ယွမ်နှင့်အဖွဲ့ကို သူအကြိုက်ဆုံးနေရာတစ်ခုဖြစ်သည့် "ရနံ့တစ်ထောင် စားသောက်ဆိုင်"သို့ ခေါ်ဆောင်သွားသည်။

စားသောက်ဆိုင်သည် အလွှာ၄ လွှာဖြင့်တည်ဆောက်ထားပြီး တစ်ဆိုင်လုံးကိုကြယ်အလင်းနီသစ်သားဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ဤသစ်သားသည် ခိုင်ခံ့မှုအတွက် ကျော်ကြားပြီး နွေးထွေးသော အငွေ့အသက်ကိုလည်း ပေးစွမ်းနိုင်ပေသည်။ သူငယ်ချင်းတစ်သိုက်နှင့်အတူ မီးပုံပတ်လည်တွင် ဝိုင်းဖွဲ့ကာ ရယ်မောပျော်ရွှင်ရင်း ပူပူနွေးနွေး အစားအစာများကို စားသောက်နေရသကဲ့သို့ ခံစားရစေ၏။

ထိုကဲ့သို့သောအကျိုးသက်ရောက်မှုကြောင့် တရားစီရင်ရေးအဖွဲ့မှ လူငယ်ဝန်ထမ်းအများစုသည် ဒီဆိုင်သို့ မကြာခဏ လာရောက်လေ့ရှိသည်။ ထို့ကြောင့်ပင် ယန်ချင်းသည် စိတ်လှုပ်ရှားကာကြောက်ရွံ့နေသော ချန်ယွမ်ကို ဤနေရာသို့ခေါ်လာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သစ်သား၏ အာနိသင်က သူ့ကို စိတ်ပြေလျော့စေရန် ကူညီပေးပေလိမ့်မည်။

သူတို့သည် ဆိုင်အဝင်ဝသို့ ရောက်သောအခါ အသက် ၁၇ နှစ်ခန့်ရှိပုံရသော စားပွဲထိုးလေးတစ်ယောက်သည် ယန်ချင်းနှင့်အဖွဲ့ လာနေသည်ကို မြင်သည်နှင့် ဖော်ရွေသောအပြုံးဖြင့် အလျင်အမြန်ပြေးလာသည်။

"ကြိုဆိုပါတယ် တရားသူကြီးယန်ချင်း၊ တရားသူကြီးမော့ယွင်ရု၊ စစ်ဆေးရေးမှူးယီကျဲနဲ့ ဆရာသခင်တို့... ပုံမှန်ထိုင်နေကျနေရာကို လိုက်ပို့ပေးရမလားခင်ဗျာ"

လူငယ်လေးက နွေးထွေးစွာ မေးလိုက်၏။

"ချောင်ယင်းတို့ကတော့ အမြဲတမ်း တက်ကြွနေတာပဲ။ ဟုတ်တယ်... ပုံမှန်နေရာကိုပဲ သွားကြမယ်၊ ကျေးဇူးပဲကွာ။ မင်းမရှိရင် ဒီနေရာက ပျင်းစရာကောင်းနေတော့မှာ။ တရားစီရင်ရေးအကယ်ဒမီက ပေးတဲ့ အားလပ်ရက်တောင် ကုန်တော့မယ်မလား" ယန်ချင်းက ချောင်ယင်းလေး၏ကျောကို ပုတ်ရင်း မေးလိုက်သည်။

"ဟုတ်တယ်... ကုန်ခါနီးပြီ။ အကယ်ဒမီကိုပြန်သွားရဖို့ ၃ ရက်ပဲ လိုတော့တယ်။ တစ်စက္ကန့်လေးနောက်ကျတာနဲ့ နည်းပြတွေပေးမယ့် ပြစ်ဒဏ်ကိုသာ မကြောက်ရင် ဒီမှာပဲ ဆက်နေချင်တော့တာ။ ဒီမှာနေရတာက တရားစီရင်ရေးအကယ်ဒမီရဲ့ ရက်စက်ပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လေထုကြီးနဲ့မတူဘဲ အများကြီးပိုပြီး အနားရတယ်၊ ပျော်ဖို့လည်းကောင်းတယ်" ချောင်ယင်းက ယန်ချင်းနှင့်အဖွဲ့ကို ဆိုင်ထဲသို့ ခေါ်ဆောင်သွားရင်း ညည်းညူလိုက်သည်။

"ဟားဟားဟား... ကျောင်းသားတိုင်း အားလပ်ရက်ပြီးလို့ ကျောင်းပြန်တက်ရတော့မယ့်အချိန်ရောက်ရင် မင်းလိုပဲ တွေးကြတာချည်းပါပဲ။ ငါရော၊ ဒီက ယီကျဲရော၊ စာကြိုးစားတဲ့ မော့မော့ရော အတူတူပဲ။ ဒါပေမဲ့ ချောင်လေးရေ... နောက်မကျစေနဲ့နော်။ အဲဒီနည်းပြတွေက မိစ္ဆာအိုကြီးဝေယွမ်နဲ့အတူတူချည်းပဲ။ သူတို့ပေးတဲ့ ပြစ်ဒဏ်တွေက တော်တော်လေးထူးဆန်းတယ်။”

“ တခါတုန်းက လူငယ်ကျင့်ကြံသူလေးတစ်ယောက် ရှိခဲ့ဖူးတယ်... သူက မိဘဘိုးဘွားတွေကို လုပ်ကျွေးပြုစုနေလို့ ကျောင်းနောက်ကျသွားတာကို နည်းပြတွေကလူငယ်လေးရဲ့စကားကို နားမထောင်ဘဲ ပြစ်ဒဏ်ပေးခဲ့တယ်။ သူ့သွေးကြောတွေကို ပိတ်ပြီးတော့ မိုင်ဆယ်ချီဝေးတဲ့ အတန်းတွေကို ကျင့်ကြံခြင်းစွမ်းအားမပါဘဲတပတ်လုံးတက်ခိုင်းခဲ့တာ။ တချို့အတန်းတွေဆို တောင်ကုန်းပေါ်မှာရှိတာကွ။ ဘယ်လိုစာနာစိတ်မရှိတဲ့သူကများ အတန်းတွေကို ဒီလောက်ဝေးတဲ့နေရာတွေမှာ ခွဲထားလဲမသိပါဘူး။”

“အဲဒီကျင့်ကြံသူလေးခမျာ နေ့တိုင်းမူးလဲပြီး ခြေထောက်မှာ မှိုပွင့်လောက်ရှိတဲ့ အရည်ကြည်ဖုတွေ ပေါက်ခဲ့ရတယ်။ အတန်းနောက်ကျလို့ဆိုပြီး ထပ်ဆောင်းပြစ်ဒဏ်တွေလည်း ပေးသေးတယ်။ ကျင့်ကြံခြင်းစွမ်းအားမရှိဘဲနဲ့ ၁၀ မိုင်ကျော်ခရီးကို ၁၀ မိနစ်အတွင်း ရောက်အောင် ဘယ်လိုသွားနိုင်မှာလဲ..."

ယန်ချင်းသည် ပြောရင်းဆိုရင်း ဒေါသကြောင့် မျက်နှာရဲလာပြီး ဆက်လက်ရေရွတ်နေစဉ် ယီကျဲက ကြားဖြတ်ပြောဆိုပြီး ဆိုင်ထဲသို့ ဝင်သွားကြသည်။

မော့ယွင်ရုမှာ ခေါင်းခါလိုက်မိလေသည်။ ဇာတ်လမ်းထဲက လူငယ်ကျင့်ကြံသူ (ယန်ချင်း) နောက်ကျရခြင်းမှာ မိဘဘိုးဘွားတွေကို လုပ်ကျွေးပြုစုလို့မဟုတ်ကြောင်း သူမသိနေသောကြောင့်ပင်။ ထို 'သိတတ်သော' ကျင့်ကြံသူလေးသည် သူငယ်ချင်းတစ်သိုက်နှင့်အတူ သံသယဖြစ်စရာကောင်းသော ကြက်သွေးရောင်တောဝက်များကိုအကောင်လိုက်ကင် စားခဲ့ခြင်းကြောင့်ဖြစ်သည်။

ထိုဝက်များသည် ထူးဆန်းသော ဗီဇပြောင်းလဲမှုများရှိသည်ဟု သံသယရှိသဖြင့် စားသောက်ဆိုင်တစ်ဆိုင်မှ လွှင့်ပစ်လိုက်ခြင်းဖြစ်သည်။ လူငယ်ကျင့်ကြံသူသည် ထိုသတင်းကိုကြားသောအခါ သူငယ်ချင်းများနှင့် ပိုက်ဆံစုပြီး အန္တရာယ်ရှိနိုင်ကြောင်း သတိပေးသည့်ကြားမှ အကုန်ဝယ်ယူခဲ့၏။ လူငယ်ကျင့်ကြံသူနှင့် သူငယ်ချင်းများသည် ဆိုင်ရှင်၏သတိပေးချက်ကို ဂရုမစိုက်ဘဲ ထိုနေ့မှာပင် ဝက်ကောင်လုံးများကို ကင်စားခဲ့ကြသည်။

ရလဒ်အနေဖြင့် ၂ ရက်ကြာသည့်အထိမူးလဲသွားကြပြီး နောက်ကျမှ ကျောင်းကိုရောက်ခဲ့ကြသည်။ ထိုလူငယ်ကျင့်ကြံသူမှာ ယန်ချင်းဖြစ်ပြီး အခြားတစ်ယောက်မှာ ဖုန့်ရှင်းဖြစ်လေသည်။ ယန်ချင်းသည် မိဘများကို ဖုံးဖိပေးရန် အသနားခံခဲ့သော်လည်း မိဘများသည် သာမန်မိဘများ လုပ်လေ့ရှိသည့်အတိုင်း သားသမီးကို သစ္စာဖောက်ကာ ဆရာကို တိုင်တန်းပြီး ပြစ်ဒဏ်ပြင်းပြင်းထန်ထန်ပေးရန် မြှောက်ပေးခဲ့ကြလေသည်။

ယန်ချင်းသည် တစ်ပတ်ကြာပြစ်ဒဏ်ခံရပြီးနောက် ဘယ်တော့မှ အတန်းနောက်မကျတော့သော်လည်း အစားအစာများကိုခုံမင်သည့် အကျင့်ဆိုးမှာ ယနေ့ထက်ထိ ရှိနေဆဲပင်ဖြစ်လေသည်။

All Chapters