တရားသူကြီး ၅ ဦး
Vol. 4 Ch. 36
ယန်ချင်းနှင့်အဖွဲ့သည် ရနံ့တစ်ထောင်စားသောက်ဆိုင်ထဲသို့ ဝင်သွားကြပြီး ချန်ယွမ်သည်လည်း တုန်လှုပ်ချောက်ခြားသောမှုအမူအရာဖြင့် နောက်မှလိုက်ဝင်သွားသည်။ချန်ယွမ်တုန်လှုပ်နေရခြင်းမှာ စားသောက်ဆိုင်တွင် အသုံးပြုထားသော အဖိုးတန်ကြယ်အလင်းသစ်သားများကြောင့်မဟုတ်ဘဲ သူတို့ကို ဆိုင်ထဲသို့ခေါ်ဆောင်သွားသော လူငယ်လေး ချောင်ယင်းကြောင့်ဖြစ်သည်။
ချန်ယွမ် ခန့်မှန်းရသလောက် ချောင်ယင်းသည် အသက် ၁၄၊ ၁၅ နှစ်ခန့်သာရှိသေးသော်လည်း အခြေတည်အဆင့် အစောပိုင်းသို့ ရောက်ရှိနေပြီဖြစ်သည်။ အဆင့်(၃)အထွတ်အထိပ်သို့ ရောက်နေပြီး စတုတ္ထအဆင့်သို့ တက်လှမ်းရန် အနည်းငယ်သာ လိုတော့သည်။
‘စားသောက်ဆိုင်မှ စားပွဲထိုးကောင်လေးတစ်ယောက်ကပင် ပါရမီရှင်ဟုပင် ခေါ်ရန်မလုံလောက်တော့ဘဲ "မွန်းစတား" အဆင့်ရှိနေသည့် ပါရမီမျိုး ပိုင်ဆိုင်ထားသည်ကို သူ မယုံနိုင်အောင် ဖြစ်နေသည်။ သူ၏ဂိုဏ်းတွင် ပါရမီရှင်ဟု သတ်မှတ်ခံရသော တပည့်များသည် အသက် ၃၀ အရွယ်မှ အခြေတည်အဆင့်သို့ ရောက်ရှိကြခြင်းဖြစ်သည်။’
ချန်ယွမ်သည် အဘယ်ကြောင့်ဟု တိတိကျကျ မပြောနိုင်သော်လည်း ချောင်ယင်းသည် သာမန်အခြေတည်အဆင့်တူသူများနှင့် နှိုင်းယှဉ်လျှင် အဆများစွာ ပိုမိုသန်မာပြီး ကွာခြားနေသည်ဟု ခံစားမိသည်။
ဤမျှငယ်ရွယ်ပြီး အခြေတည်အဆင့်သို့ရောက်နေသူတစ်ယောက်ကို တွေ့လိုက်ရခြင်းက သူ့ကို တုန်လှုပ်သွားစေသည်။မြူနွံဂိုဏ်းကို ကြီးကျယ်ခမ်းနားအောင် လုပ်မည်ဟူသော သူ၏ရည်မှန်းချက်များပင် ယိမ်းယိုင်သွားသည်။
စားပွဲထိုးတစ်ယောက်ကတောင် ဒီလောက်စွမ်းအားကြီးနေရင် ကျန်တဲ့ကမ္ဘာကြီးက ဘယ်လောက်တောင် ကြောက်စရာကောင်းမလဲ။ အဆင့် (၃) ဂိုဏ်းနှင့်အထက် ဂိုဏ်းများသည် ပိုမိုသန်မာသူများရှိနေမည်မှာ သေချာပြီး တရားစီရင်ရေးအဖွဲ့ဆိုလျှင် ပြောစရာပင်မလိုတော့ပေ။ ယန်ချင်းနှင့် ကျန်လူများကမူ သူ၏တုံ့ပြန်မှုကို သတိထားမိသော်လည်း ဘာမှမပြောဘဲ ဆက်သွားလိုက်ကြသည်။
စားသောက်ဆိုင်၏အတွင်းပိုင်းသည် အဖိုးတန် ကြယ်အလင်းသစ်သားများဖြင့် တည်ဆောက်ထားပေသည်။ အတွင်းပိုင်းတွင် ပြင်ပကမ္ဘာထက် ၃ ဆ ပိုမိုကြွယ်ဝသော ချီဓာတ်များ ရှိနေသည်။ ချန်ယွမ်၏ ချွေးပေါက်များသည် အလိုအလျောက် ပွင့်လာပြီး ကြွယ်ဝသော ချီများကြားတွင် ကူးခပ်နေသကဲ့သို့ ခံစားရသည်။
ထိုင်ခုံများနှင့် စားပွဲများကိုလည်း ထိုသစ်သားဖြင့်ပင် ပြုလုပ်ထားပြီး လက်ရာမြောက်သော ဒီဇိုင်းများ ပါရှိသည်။ ပရိဘောဂထက် အနုပညာလက်ရာနှင့် ပိုတူသည်။ ၎င်းတို့ကို အကွာအဝေး ညီညာစွာဖြင့် တန်း ၄ တန်း ခွဲခြားစီစဉ်ထားသည်။
သို့သော် ချန်ယွမ်၏ မျက်စိ (အဓိကအားဖြင့် နှာခေါင်း) ကို ဖမ်းစားလိုက်သည်မှာ လေထုထဲတွင် ပျံ့နှံ့နေသော အစားအစာရနံ့များ ဖြစ်သည်။ ထူးဆန်းသည်မှာ ရနံ့များသည် ရှုပ်ထွေးရောနှောနေခြင်းမရှိဘဲ စည်းချက်ညီစွာ၊ ဥပဒေသတစ်ခုရှိနေသကဲ့သို့ ဖြစ်နေသည်။ ရနံ့အားလုံးသည် အရင်းအမြစ်တစ်ခုတည်းမှ လာသကဲ့သို့ ခံစားရသည်။
စက္ကန့်ပိုင်းအကြာတွင် ဗိုက်ဆာ၍ မြည်သံထွက်ပေါ်လာပြီး နောက်ထပ်ခဏအကြာတွင် ကျားဟိန်းသံပမာ ပိုမိုကျယ်လောင်သောအသံ ထွက်ပေါ်လာသည်။ ချန်ယွမ်သည် သူ၏ဝမ်းဗိုက်မှ အသံထွက်ပေါ်လာသဖြင့် ရှက်ရွံ့သွားသော်လည်း ထိုရှက်ရွံ့မှုမှာ ကြာကြာမခံလိုက်ပေ။ အဘယ်ကြောင့်ဆိုသော် နောက်ထပ် စက္ကန့်ပိုင်းအကြာတွင် နှလုံးရပ်သွားစေနိုင်လောက်အောင် ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသောကြောင့်ဖြစ်သည်။ သို့သော် တရားခံမှာမူ ပုံမှန်ရှက်ရွံ့သော အမူအရာမရှိဘဲ သားကောင်ရှာဖွေနေသော သွေးဆာသည့်သားရဲကဲ့သို့ ဗိုက်ကို ပုတ်နေလေသည်။
"ချောင်ယင်း... ဒီနေ့ စားဖိုမှူးတွေကို မပျင်းကြဖို့ ပြောလိုက်ကွာ။ ဒီကောင် ယီကျဲကြောင့် ငါဒီနေ့ ဘာမှမစားရသေးဘူး။ ငါအဆာပြေအောင် နည်းနည်းပါးပါး စားမှရတော့မယ်"
ယန်ချင်းသည် မီးဖိုချောင်သို့သွားရာ တံခါးကို စိုက်ကြည့်ရင်း သွားရည်တမြားမြားဖြင့် ပြောလိုက်သည်။
ချောင်ယင်းသည် ခေါင်းခါရင်း ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ ယီကျဲနှင့် မော့ယွင်ရုတို့မှာ ထိုအခြေအနေကို ကျင့်သားရနေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့အဖွဲ့ထဲတွင် ဖုန့်ရှင်းဟုခေါ်သော ပိုကြီးမားသည့် အစားသရဲကြီးတစ်ကောင် ရှိနေသောကြောင့်ဖြစ်သည်။ ချန်ယွမ်တစ်ယောက်တည်းသာလျှင် ယန်ချင်း၏ ကျားဟိန်းသံကဲ့သို့ ဝ ။ ကျေးဇူးတင်နေမိသည်။
"ဟေး... ယွင်ရု... ဒီမှာဟေ့"
ညာဘက်ရှိ စားပွဲဝိုင်းတစ်ခုမှ အမျိုးသမီးတစ်စုက မော့ယွင်ရုကို လှမ်းခေါ်လိုက်သည်။ သူတို့သည် မော့ယွင်ရုကဲ့သို့ပင် အပြာရောင်ဝတ်စုံများလှပကျော့ရှင်းစွာ ဝတ်ဆင်ထားကြသည်။
"တရားစီရင်ရေးအဖွဲ့က အလှပဂေးတွေကိုပဲ လက်ခံတာလား"
ချန်ယွမ်သည် မော့ယွင်ရုကို လှမ်းခေါ်နေသော လူအုပ်ကြီးကို ကြည့်ရင်း တွေးမိလိုက်သည်။
"နောက်မှ တွေ့မယ်နော် ယန်ချင်း"
မော့ယွင်ရုက သူငယ်ချင်းများထံသွားရင်း နှုတ်ဆက်လိုက်သည်။ ယီကျဲမှာမူ အခြားသူငယ်ချင်းတစ်ဦးနှင့်အတူ ဒုတိယထပ်သို့ တက်သွားပြီဖြစ်ရာ ယန်ချင်းနှင့် ချန်ယွမ် နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။
"ကြည့်ပါဦး... မကြာခင် နန်းတော်အဆင့် တရားသူကြီးဖြစ်လာတော့မယ့် စံပြပုဂ္ဂိုလ်ကြီးက ငါတို့ကို မျက်နှာလာပြတော်မူတာပဲ။ ယန်ချင်း... မင်း ဒီလောက်စောစောစီးစီး ဘာလာလုပ်တာလဲ။ နေ့လယ်တောင် မရောက်သေးဘူးလေ။ မင်းရဲ့သူငယ်ချင်းဟောင်း ကြီးကြပ်ရေးမှူးလဲ့ဝေယွမ်က ဒီနေ့ မင်းရုံးနားမှာ လှည့်ကင်းလှည့်နေတာ မဟုတ်လား။ မင်း သူ့ကို လှည့်စားပြီး လစ်ထွက်လာနိုင်ခဲ့တာလား"
ယန်ချင်း၏ ဘယ်ဘက်ပြတင်းပေါက်နားရှိ စားပွဲဝိုင်းတွင် ထိုင်နေသော လူငယ်တစ်ဦးက လှမ်းစလိုက်သည်။ သူသည် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးပါဝင်သောအဖွဲ့နှင့်အတူ ထိုင်နေသည်။ထိုလူငယ်သည် အဝါရောင်ဆံပင်များကို တစ်ဝက်စည်းထားပြီး အဝါရောင်မျက်လုံးများ ရှိသည်။ ခန္ဓာကိုယ်အချိုးအစားမှာ ယန်ချင်းနှင့် ဆင်တူသည်။
သူ၏မျက်လုံးများတွင် ကျီစယ်လိုသောအရိပ်အယောင်တစ်ခု ရှိနေပြီး မျက်နှာပေါ်တွင် ရယ်ချင်စဖွယ်အပြုံးတစ်ခု ရှိနေသည်။ အမြဲတမ်း နောက်ပြောင်ကျီစယ်တတ်သူတစ်ယောက်နှင့် တူသည်။ သူသည် ယန်ချင်းကဲ့သို့ အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ကျောဘက်တွင် (၄) ဟူသော နံပါတ် ရေးထိုးထားသည်။
သူသည်လည်း ယန်ချင်းကဲ့သို့ပင် အထက်တန်းအမြူတေတရားရုံး တရားသူကြီးတစ်ဦးဖြစ်သည်။အဖွဲ့ထဲတွင် အခြား ၂ ဦးသည်လည်း အပြာရောင်ဝတ်စုံနှင့် စတုဂံပုံထဲတွင် "IV" နံပါတ် ရေးထိုးထားသဖြင့် တရားသူကြီးများဖြစ်ကြသည်။
သူတို့ထဲမှတစ်ဦးမှာ ပန်းရောင်ဆံပင်ရှည်များကို ပခုံးပေါ်သို့ချထားသော အမျိုးသမီးငယ်ဖြစ်သည်။ သူမသည် သွယ်လျပြီး တစ်ချို့သောအမျိုးသားများထက်ပင် အရပ်ရှည်သည်။ သူမ၏အလှသည် ဆောင်းရာသီမှ ချယ်ရီပန်းပင်ကဲ့သို့ ရင်သပ်ရှုမောဖွယ်ကောင်းကာ နူးညံ့ပြီး အေးစက်သောအလှပိုင်ရှင်တစ်ဦးဖြစ်သည်။
အခြားတရားသူကြီးတစ်ဦးမှာ သွယ်လျသောခန္ဓာကိုယ်နှင့် အမျိုးသားတစ်ဦးဖြစ်ပြီး ဆံပင်အနက်များကို ထိပ်တွင်စည်းထားသည်။ သူ၏ဝတ်စုံနှင့် အမူအရာသည် သူကောင်းမျိုးရိုးတစ်ဦးကဲ့သို့ စေ့စပ်သေချာသည်။ သူစိမ်းတစ်ယောက်အနေဖြင့် ဒီအဖွဲ့ထဲတွင် တရားသူကြီး ဘယ်သူလဲဟုမေးလျှင် သူ့ကိုသာရွေးချယ်မိပေလိမ့်မည်။ သူ့တွင် သူကောင်းမျိုးရိုးဆန်သော အမူအရာနှင့်လိုက်ဖက်စွာပင် တရားမျှတသည့် အရှိန်အဝါရှိသည်။
ကျန်ရှိသော ၂ ဦးမှာမူ အညိုရောင်နှင့် အနက်ရောင် ရောနှောနေသော ဆံပင်ကောက်များကို ပန်းရောင်ဖဲကြိုးဖြင့် စည်းထားသော လူငယ်တစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးဖြစ်သည်။ လွတ်လပ်မှုကို မြတ်နိုးသောပုံစံရှိပြီး ဂရုမစိုက်တတ်သော အပြုံးရှိသည်။ သူသည် စေ့စပ်သေချာသော လူငယ်နှင့် လုံးဝမတူဘဲ ဝတ်စုံကို လျော့ရဲရဲဝတ်ဆင်ထားသဖြင့် ရင်ဘတ်မှာအနည်းငယ် ပေါ်နေသည်။ အခြားသူများနှင့်မတူဘဲ သူ၏ဝတ်စုံမှာ ရွှေညိုရောင်ဖြစ်ပြီး ကျောဘက်တွင် (၁) ဟူသော နံပါတ်ရေးထိုးထားသည်။ထိုအရာကပင် သူသည် နန်းတော်အဆင့် တရားသူကြီးဖြစ်ကြောင်း ပြသနေသည်။
နောက်ဆုံးအဖွဲ့ဝင်မှာ အမျိုးသမီးငယ်တစ်ဦးဖြစ်သည်။ သူမသည် အလွန်သေးငယ်သဖြင့် အုပ်စုထဲတွင် ကြားညှပ်ကာ ပျောက်နေသည်။ မေးစေ့အထိရှည်သော အနက်ရောင်ဆံပင်တိုနှင့် ပယင်းရောင်မျက်လုံးများ ရှိသည်။ ပါးဖောင်းဖောင်းလေးများနှင့် ရှက်ရွံ့သောအမူအရာရှိပြီး မကြာခဏ အောက်ကိုငုံ့ကြည့်နေတတ်ကာ အစားအစာများကို ကစားနေတတ်သည်။ အောက်ကိုငုံ့နေသော်လည်း သူမ၏အလှကို ဖုံးကွယ်ထား၍မရပေ။ တောက်ပသော နေမင်းကြီးကဲ့သို့ဖြစ်သည်။ သူမသည်လည်း "I" နံပါတ်ပါသော ရွှေညိုရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။
"ဒါပေါ့... ဝါကြောင်ကြောင်ဆံပင်နဲ့ လူမိုက်တစ်ယောက်ကြောင့် ဆိုင်ရဲ့အဆင့်အတန်း ကျမသွားအောင် ငါက လာပြီး အဆင့်မြှင့်ပေးရတာ။ ဒါနဲ့ စကားစပ်လို့... မင်း ငါ့ကို ပေးစရာရှိတဲ့ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၃,၀၀၀ ကို ပေးတော့လေ။ လဝက်တောင် ရှိတော့မယ်"
ယန်ချင်းသည် သူတို့စားပွဲဝိုင်းသို့ လျှောက်သွားရင်း လက်ဖြန့်ကာ တောင်းလိုက်သည်။
"ယွီဟွေ့ဖန်း၊ ကျန်းချင်ကော၊ တိုင်ချန်နဲ့ ရှားပေါ်ချင်း... မင်းတို့က ဘာလို့ သူနဲ့ပေါင်းနေကြတာလဲ။ အထူးသဖြင့် ရှားပေါ်ချင်း... မင်းက ဒီလိုပြဿနာကောင်ကို သည်းခံနိုင်တယ်ပေါ့"
ယန်ချင်းက စေ့စပ်သေချာသော ဝတ်စုံနှင့် သူကောင်းမျိုးရိုးဆန်သော တရားသူကြီးကို ကြည့်ရင်း မေးလိုက်သည်။
"ငါက ဒါကို စိတ်ဓာတ်လေ့ကျင့်ခန်းတစ်ခုလို့ သဘောထားတယ်။ မင်းလည်း သိပ်ထူးတာမဟုတ်ပါဘူး"
ရှားပေါ်ချင်းက တိုးညှင်းစွာ ပြန်ဖြေသည်။
"ဟားဟားဟား... မင်းတို့နှစ်ယောက်က အမြဲတမ်းဒီလိုပဲ။ နောက်လ လစဉ်ပြိုင်ပွဲက ကျန်းချင်ကောရဲ့ နေရာမှာ လုပ်မှာမဟုတ်လား။ ငါမစောင့်နိုင်တော့ဘူးကွာ"
အညိုရောင်ရွှေရောင်ဝတ်စုံနှင့် ကြမ်းတမ်းသောပုံစံရှိ လူငယ်တိုင်ချန်က ရယ်မောရင်း ဆန်အရက်ဟု ယူဆရသောအရည်ကို မော့သောက်လိုက်သည်။
"ဟင်... အဲ... အဲဒါ... အဲဒါ... ဒီတစ်ခါ ငါ့အလှည့်လား။ ဒါပေမဲ့ ငါ ဘာမှမပြင်ဆင်ရသေးဘူး။ အလုပ်တွေနဲ့ အဆူခံရတာတွေ များနေလို့"
ကျန်းချင်ကောသည် ရှက်ရွံ့မှုကြောင့် စကားထစ်နေပြီး အဆုံးသတ်တွင် အသံတိမ်ဝင်သွားသည်။
အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည်ကို တုန်လှုပ်သွားသဖြင့် မော့ကြည့်လိုက်မိရာ ချန်ယွမ်သည် သူမ၏အလှကိုမြင်ပြီး မည်သို့ ဤမျှလှပနိုင်ရသနည်းဟု တွေးမိကာ တံတွေးမြိုချလိုက်မိသည်။ ဘေးမှ ယွီဟွေ့ဖန်းသည်လည်း လျစ်လျူရှုမရနိုင်သော အလှကို ပိုင်ဆိုင်ထားသည်။ သို့သော် ချန်ယွမ်သည် သူမထံမှ အနားကပ်ရခက်သော အေးစက်စက်အရှိန်အဝါကို ခံစားရသဖြင့် စိုက်မကြည့်ရဲပေ။
"မပူပါနဲ့ ချင်ကော... ငါကူညီပါ့မယ်။ ပြင်ဆင်စရာလည်း သိပ်မလိုပါဘူး"
ယွီဟွေ့ဖန်းက အကူအညီမဲ့နေသော ညီမငယ်လေးကို ကြည့်သကဲ့သို့ နွေးထွေးသော အပြုံးဖြင့် ညင်သာစွာ ပြောလိုက်သည်။
"တကယ်လား... ကျေးဇူးတင်ပါတယ် အစ်မဟွေ့ဖန်း။ အဲဒါဆို ငါအများကြီး သက်သာသွားပြီ။ အစားအသောက်တွေအတွက် ငါစိတ်ပူနေတာ။ ယန်ချင်းက ဝက်အကောင်တစ်သန်းလောက်စားပြီး တိုင်ချန်က ဝေလငါးကြီးလို သောက်တာလေ... အီးးးး ငါ အခု အဲဒါကို အသံထွက်ပြီး ပြောလိုက်မိတာလား"
ကျန်းချင်ကောရုတ်တရက် အော်ဟစ်လိုက်ပြီး ရှက်ရွံ့စွာ ခေါင်းငုံ့ကာ မျက်နှာကိုအုပ်ထားလိုက်သည်။ အကူအညီရသဖြင့် စိတ်လှုပ်ရှားပြီး အတွေးထဲရှိရာကို လွှတ်ခနဲ ပြောမိလိုက်ခြင်းဖြစ်သည်။
စားပွဲဝိုင်းတစ်ခုလုံး ရယ်မောသံများ ပေါက်ကွဲထွက်လာပြီး တည်ငြိမ်သော ရှားပေါ်ချင်းပင် မထိန်းနိုင်တော့ပေ။
"ငါအစားအစာ ယူလာခဲ့မယ်"
ယန်ချင်းက ရယ်မောရင်း ပြောလိုက်သည်။
"ငါဝိုင် ယူလာခဲ့မယ်"
တိုင်ချန်ကလည်း ချက်ချင်း ဖြည့်စွက်ပြောသည်။
"ကဲတွေ့လား... အားလုံး အဆင်ပြေသွားပြီ"
ယွီဟွေ့ဖန်းက ဘေးမှပြုံးရင်း နှစ်သိမ့်လိုက်သည်။
"ချင်ကောက ဘယ်တော့မှ စိတ်ပျက်အောင်မလုပ်ဘူးပဲ"
ခန်းဟွေ့လန်က ယန်ချင်း၏လက်ကို တွန်းဖယ်ရင်း ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
စားပွဲအောက်မှ ခြင်အသံကဲ့သို့ တိုးညှင်းသောအသံလေး ထွက်ပေါ်လာရာ ကျန်လူများက ပြုံးရုံသာ တတ်နိုင်တော့သည်။
"ဟွေ့လန်... ဝိညာဉ်ကျောက်တုံးတွေ ပေးပါဦး။ ဒီ ကြားဖြတ်ဇာတ်လမ်းလေးကြောင့် ငါ့အကြွေးကို မေ့သွားမယ်မထင်နဲ့နော်"
"အေးပါ... အေးပါ... ဒီနေ့ညနေကျရင် ငါပေးပါ့မယ်။ နန်းတော်အဆင့် တရားသူကြီးဖြစ်တော့မယ့်လူက ဘာလို့ ဒီလောက် ကပ်စေးနည်းရတာလဲ။ ငါလို နိမ့်ပါးတဲ့ အထက်တန်းအမြူတေတရားသူကြီးဆီက အကြွေးကိုတောင် တစ်ပြားမကျန် တောင်းနေတယ်။ မင်းက အဲဒီရာထူးကို စော်ကားနေတာပဲ။ တိုင်ချန်တို့၊ ချင်ကောတို့လို သဘောထားကြီးလို့မရဘူးလား။ သူတို့ကမှ နန်းတော်အဆင့် တရားသူကြီးအမူအရာ ရှိသေးတယ်"
ခန်းဟွေ့လန်က ခါးသီးသောလေသံဖြင့် လှောင်ပြောင်လိုက်သည်။
"တာဝန်ခံမှုလေ... ငါ့သူငယ်ချင်းကောင်း ဟွေ့လန်ရဲ့... တာဝန်ခံမှု။ ငါက စည်းကမ်းနဲ့ တရားမျှတမှုရဲ့ပြယုဂ်ပဲ။ သူငယ်ချင်းမို့လို့ ဆိုပြီးစည်းကမ်းတွေကိုဖောက်ဖျက်ပေးမှာ မဟုတ်ဘူး"
ယန်ချင်းက ရင်ကော့ပြီး တရားမျှတသောလေသံဖြင့် ပြောလိုက်သည်။ သို့သော် ကောက်ကျစ်သော ပုတ်သင်ညိုတစ်ကောင်လို ချက်ချင်း အမူအရာ ပြောင်းသွားသည်။
"အစ်ကိုကြီးတိုင်ချန်... ညီမလေးချင်ကော... နန်းတော်အဆင့်က စီနီယာတွေအနေနဲ့ ဒီလူနိမ့်ပါးလေးရဲ့ စားသောက်စရိတ်ကို ရှင်းပေးကြပါဦး။ အဘိုးကြီးလဲ့ဝေယွမ်က လွန်ခဲ့တဲ့ (၃) လလုံး ငါ့လစာကို ဖြတ်ထားလို့ ဘာမှမကျန်တော့ဘူး။ ကျေးဇူးပြုပြီး စီနီယာတို့... ဒုက္ခရောက်နေတဲ့ ဂျူနီယာလေးကို ကူညီကြပါဦး"
ယန်ချင်းက အကောင်းဆုံး ဦးညွှတ်အရိုအသေပေးရင်း နှိမ့်ချစွာ ပြောလိုက်သည်။ စက္ကန့်ပိုင်းအလိုက တရားမျှတသော အရှိန်အဝါ ပျောက်ကွယ်သွားပြီး မျက်နှာလိုမျက်နှာရ လက်အောက်ငယ်သား အရှိန်အဝါဖြင့် အစားထိုးလိုက်သည်။
"ငါ့မှာလည်း သိပ်မရှိဘူး... မတော်တဆမှုတစ်ခုကြောင့် လျော်ကြေးပေးလိုက်ရလို့။ အစ်မဟွေ့ဖန်းက ငါ့ဘေလ်ကို ရှင်းပေးမှာ"
ကျန်းချင်ကောက မျက်နှာကိုအုပ်ထားလျက် တိုးညှင်းစွာ ပြန်ဖြေသည်။
"လျော်ကြေး ထပ်ပေးရပြန်ပြီလား"
ယန်ချင်းက အံ့သြစွာ မေးလိုက်သည်။
"ဒီတစ်ခါ ငါ့အမှားမဟုတ်ပါဘူး။ ငါအကောင်းဆုံး ကြိုးစားခဲ့ပေမဲ့ အဲဒီလို ဖြစ်သွားတာပါ။ တကယ် ငါ့အမှားမဟုတ်ပါဘူး"
ကျန်းချင်ကော ရုတ်တရက် ခေါင်းမော့လာပြီး မတရားစွပ်စွဲခံရသော ကြောင်လေးတစ်ကောင်လို ကာကွယ်ပြောဆိုလိုက်သည်။ သို့သော် သူမ၏ပါးပြင်မှာ ရှက်ရွံ့မှုကြောင့် နီရဲနေပြီး မျက်လုံးများမှာ ဂနာမငြိမ် ဖြစ်နေသည်။
"ဒါဆို သေချာပေါက် သူ့အမှားပဲ"
အားလုံး တညီတညွတ်တည်း တွေးလိုက်ကြသည်။
"အိုကေ... ငါယုံပါတယ်... အစ်ကိုကြီးတိုင်..."
ယန်ချင်းသည် အလကားစားရရေး ရည်မှန်းချက်ကို လက်မလျှော့သေးပေ။
"ကောင်းပြီ... ဒါပေမဲ့ အဆာပြေစာပဲ ရမယ်။ နေဦး... အဆာပြေစာ ထားလိုက်တော့။ မင်းက အဆာပြေစာကို သန်းနဲ့ချီ မှာစားလောက်အောင် အရှက်မရှိမှန်း ငါမေ့သွားလို့။ မင်းရဲ့ အစားအသောက်အတွက် အလယ်အလတ် ဝိညာဉ်ကျောက်တုံး ၁,၀၀၀ ပဲ ငါရှင်းပေးမယ်။ အဲဒါထက် ပိုရင် မင်းဘာသာရှင်း"
"ကျေးဇူးပါဗျာ"
ယန်ချင်းက ရွှင်လန်းစွာ ပြောလိုက်သည်။
တိုင်ချန်သည် ယန်ချင်း၏ ဖော်ရွေသော အမူအရာကို အယုံအကြည်မရှိပေ။ အဘယ်ကြောင့်ဆိုသော် အဆာပြေစာ ဝယ်ကျွေးမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်သည့်အချိန်တွင် ယန်ချင်း၏လျှာသပ်လိုက်သည့်အသံကို ကြားလိုက်သောကြောင့်ဖြစ်သည်။
"ကဲ... မင်းတို့ကို ထားခဲ့တော့မယ်။ ဪ... မေ့လို့... ဒါက ချန်ယွမ်။ အဆင့် (၄) မြူနွံဂိုဏ်းက ဝီရိယရှိတဲ့ဂိုဏ်းချုပ်ပေါ့။ ချန်ယွမ်... ဒါက ငါ့သူငယ်ချင်းတွေ"
ချန်ယွမ်သည် စကားပြောရန်ပင် အလွန်ကြောက်ရွံ့နေသဖြင့် တုန်ရီနေသောလက်ကို ဆုပ်ကာ အရိုအသေပေးလိုက်သည်။ ကျန်လူများက ခေါင်းညိတ်ပြကြပြီး ချင်ကောက သူ့ကို စိုက်ကြည့်နေသည်။ ဤမျှကြောက်ရွံ့နေသူတစ်ယောက်ကို တွေ့ရသဖြင့် သူမ စိတ်အားတက်သွားပြီး စိုက်ကြည့်ရဲလာခြင်းဖြစ်သည်။ ထို့နောက် သူမ အစာပြန်စားနေလိုက်သည်။
"ကဲ ဒါဆို သွားပြီ... ငါ့ပွဲကို မပျက်ကွက်လာကြနော်။ ဟွေ့လန်... ညနေကျရင် ပေးနော်"
ယန်ချင်းက ခန်းဟွေ့လန်ကို အမြတ်ကြီးစားသောချစ်တီးကဲ့သို့ ကြည့်ပြီးနောက် အနည်းငယ်ကွာဝေးသော စားပွဲတစ်ခုသို့ သွားလိုက်သည်။ ထိုနေရာသည် ပြတင်းပေါက်နားတွင်ရှိပြီး အရသာတစ်ထောင်ရနံ့ ပိုမိုသိပ်သည်းသော နေရာဖြစ်သည်။ ဒါသည် ယန်ချင်း၏ နေရာဖြစ်သည်။ သူသည် ချန်ယွမ်ကို ခေါ်ကာ ကျေနပ်သော အမူအရာဖြင့် ထိုင်လိုက်သည်။
"မင်း ငါ့ကို ပေးစရာရှိတဲ့ ဝိညာဉ်ကျောက်တုံး ၁၂,၀၀၀ ထဲကနေ အဲဒီ ၁,၀၀၀ ကိုနှုတ်လိုက်တော့ ဟွေ့လန်"
ယန်ချင်း ထွက်သွားပြီးနောက် တိုင်ချန်ကပြောလိုက်သည်။
ခန်းဟွေ့လန်မှာ သီးသွားပြီး မျက်နှာမှ သွေးများ ဆုတ်သွားသည်။ ဘေးမှ ကျန်းချင်ကောသည် ဂနာမငြိမ်ဖြစ်နေသော သူ့ကိုကြည့်ပြီး တစ်စုံတစ်ရာ မေးမြန်းရန် စဉ်းစားနေသကဲ့သို့ ရှိသော်လည်း သနားစရာကောင်းသောပုံစံကို မြင်သောအခါ ခေါင်းခါလိုက်ပြီး အစာကိုသာပြန်စားနေလိုက်သည်။