← Chapters

မတူညီသောလမ်းစဥ်နှင့်တာအိုများ

Vol. 4 Ch. 37

မတူညီသောလမ်းစဥ်နှင့်တာအိုများ

Vol. 4 Ch. 37

ယန်ချင်းနှင့် ချန်ယွမ်တို့ ထိုင်ခုံတွင် နေရာယူပြီးသောအခါ ချောင်ယင်းသည် အနီရောင်ပါရာဆောသစ်ပင်ပုံ ရေးဆွဲထားသော ရွှံ့စေးအိုးနီလေးတစ်လုံးနှင့်အတူ ပေါ်လာသည်။ ချန်ယွမ်သည် ထိုအိုးလေးထံမှ ဖျော့တော့သော အနွေးဓာတ် ထွက်ပေါ်နေသည်ကို ခံစားရသည်။ ထိုအနွေးဓာတ်သည် မီးတောက်မှ အပူနှင့်မတူဘဲ ကြက်မကြီးက ဥကို ဝပ်ပေးသကဲ့သို့ အသက်ကို ပြုစုပျိုးထောင်ပေးသော နွေးထွေးမှုမျိုးဖြစ်သည်။

"အော်ဒါမှာနေတုန်း ကျွန်တော်တို့ဆိုင်ရဲ့ နာမည်ကြီး ဝူလုံလက်ဖက်ရည်ကို သုံးဆောင်နိုင်ပါတယ်"

ချောင်ယင်းက နွေးထွေးစွာ ပြောလိုက်သည်။ ဤလက်ဖက်ရည် မိတ်ဆက်စကားသည် ချန်ယွမ်အတွက် အဓိကရည်ရွယ်ခြင်းဖြစ်သည်။ ယန်ချင်းကဲ့သို့သော ပုံမှန်ဖောက်သည်များကိုမူ အခြားမှာကြားခြင်းမရှိသေးပါက ဝူလုံလက်ဖက်ရည်ကိုသာ ပုံမှန်တည်ခင်းဧည့်ခံလေ့ရှိသည်။

ပုံမှန်ဖောက်သည်အများစုသည် အခြားလက်ဖက်ရည်များထက် ဤဆိုင်မှ လုံဝူလက်ဖက်ရည်ကို ပိုမိုကာကြိုက်နှစ်သက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဆိုင်၏ စားဖိုမှူးများထဲမှ တစ်ဦးသည် ဝူလုံလက်ဖက်ရည် ဖျော်စပ်ခြင်းမှလွဲ၍ အခြားဘာကိုမျှ အထူးပြုလုပ်ဆောင်လေ့ မရှိသောကြောင့်ပင်။

လက်ဖက်ရည်ဖျော်စပ်ခြင်း လမ်းစဥ်ပေါ်တွင် အလွန်အမင်း မြှုပ်နှံထားမှုကြောင့် သူသည် လက်ဖက်ရည်ဖျော်စပ်ခြင်းတွင် ကိုယ်ပိုင်လမ်းစဥ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပြီး ထိုလမ်းစဥ်မှ မွေးဖွားလာသော တာအို၏ အရိပ်အယောင်များကို စတင်မြင်တွေ့လာရခြင်း ဖြစ်သည်။

ကမ္ဘာသည် ကြီးမားကျယ်ပြန့်ပြီး အစိတ်အပိုင်းသန်းပေါင်းများစွာဖြင့် ဖွဲ့စည်းထားသည်။ ထိုအစိတ်အပိုင်းများနှင့်အတူ မတူညီသော လမ်းစဥ်များ ပေါ်ထွက်လာပြီး ထိုလမ်းစဥ်များမှ မတူညီသော တာအိုများ ပေါ်ထွက်လာသည်။ သာမန်သေမျိုးများက ကျင့်ကြံသူများသည် အဆုံးမရှိသော တိုက်ပွဲများ၊ ပြိုင်ဆိုင်မှုများနှင့် ရန်သူများကို ခြေမှုန်းခြင်းများမှတစ်ဆင့် အဆင့်တက်ရောက်မှု ရရှိသည်ဟု ထင်မြင်ကြသော်လည်း လက်တွေ့မှာ အမှန်တရားနှင့် အလှမ်းဝေးလှပေသည်။

အချို့ သို့မဟုတ် အများစုသည် ဓား၊ လက်သီး၊ ဓားရှည်၊ အစီအရင်နှင့် ဝိညာဉ်တို့မှတစ်ဆင့် သူတို့၏လမ်းစဥ်ကို လျှောက်လှမ်းရန် ရွေးချယ်ကြပြီး ရလဒ်အနေဖြင့် ဓားတာအို၊ လက်သီးတာအို၊ ဓားရှည်တာအို၊ အစီအရင်တာအိုနှင့် ဝိညာဉ်တာအိုတို့ကို ဖန်တီးကြသည်။ သို့သော် ထိုတာအိုများအတွင်း၌ပင် သတ်ဖြတ်ခြင်း၊ အနိုင်မခံခြင်း၊ ကာကွယ်ခြင်း၊ တစ်ကိုယ်တည်းနေထိုင်ခြင်း စသည်ဖြင့် သူတို့၏ ပင်ကိုယ်စရိုက်ပေါ်မူတည်၍ ထပ်မံခွဲခြားမှုများ ရှိလေသည်။

ထို့နောက် တိုက်ခိုက်ခြင်း သို့မဟုတ် လက်နက်မလိုအပ်သော တာအိုကို ရွေးချယ်သူများလည်း ရှိသည်။ သူတို့ကို အချို့က အသက်တာအိုဟု ယေဘုယျအားဖြင့်သတ်မှတ်ထားကြသည်။ ဤအမျိုးအစားထဲတွင် အဂ္ဂိရတ်တာအို၊ ဆေးတာအို၊ ပန်းချီတာအို၊ ဂီတတာအို၊ အခြားသူများကို သင်ကြားပေးခြင်းတွင် အဓိပ္ပာယ်တွေ့ရှိသူများအတွက် ပြုစုပျိုးထောင်ခြင်းတာအိုနှင့် ရနံ့တစ်ထောင်စားသောက်ဆိုင်မှ ဝူလုံလက်ဖက်ရည် ဖျော်စပ်သူကဲ့သို့ စားဖိုမှူးအမျိုးမျိုးပါဝင်သော ချက်ပြုတ်ခြင်းတာအိုတို့ ပါဝင်သည်။ လူတစ်ယောက် လိုက်စားနိုင်သောလမ်းစဥ်များသည် လိုက်စားသူလူဦးရေကဲ့သို့ပင် အဆုံးမရှိများပြားသည်။ အဘယ်ကြောင့်ဆိုသော် တာအိုဆိုသည်မှာ အရိုးရှင်းဆုံးပုံစံအားဖြင့် ဘဝနေထိုင်နည်းတစ်ခု ဖြစ်သောကြောင့်ပေသည်။

မိမိတို့၏တာအိုကို တွေ့ရှိသူများသည် ကျင့်ကြံခြင်းလမ်းခရီးတွင် ဖြောင့်ဖြူးလာပြီး စတင်လိုက်စားရန် သင့်တော်သောအချိန် သို့မဟုတ် အဆင့်ဟူ၍ မရှိပေ။ အချို့က ကလေးဘဝတွင် စတင်ခဲ့ကြပြီး အချို့မှာ အသက်ကြီးမှ ရှာဖွေတွေ့ရှိခဲ့ကြသည်။ အရေးကြီးသည်မှာ မိမိနှလုံးသားကို သိရှိရန်သာ ဖြစ်သည်။

"ကျေးဇူးပဲ ချောင်ယင်း"

ယန်ချင်းက ပြောရင်း သူနှင့် ချန်ယွမ်အတွက် လက်ဖက်ရည်ငှဲ့ပေးရန် ထလိုက်သည်။

"ဟာ... မလုပ်ပါနဲ့ တရားသူကြီးယန်ချင်း... ကျွန်တော်လုပ်ပါ့မယ်"

ချန်ယွမ်သည် တရားသူကြီးတစ်ယောက်က သူ့ကို လက်ဖက်ရည်ငှဲ့ပေးသောအခါ ဂနာမငြိမ်သောအမူအရာဖြင့် ပြောလိုက်သည်။

ယန်ချင်းသည် ဖော်ရွေပြီး အနေရိုးသော်လည်း လက်တစ်ချောင်းတည်းဖြင့် ချန်ယွမ်နှင့် သူ့ဂိုဏ်းကို ဖျက်ဆီးပစ်နိုင်ကြောင်း သူသိထားသည်။ ကောင်းကင်နှင့် ထိစပ်နေသော ရေထုကြီးအဖြစ် ယန်ချင်းကို မြင်ခဲ့ရသော ပုံရိပ်ယောင်နှင့် သူ့ကို ကြောက်ရွံ့တောင့်တင်းသွားစေသော လမင်းကဲ့သို့ မျက်လုံးများကို အခုထိ မှတ်မိနေသေးသည်။ သူမတ်တပ်ရပ်ရန် ပြင်လိုက်စဉ်မှာပင် လေပြေညင်းကဲ့သို့သော ညင်သာသောအားတစ်ခုက သူ့ကို ပြန်ထိုင်စေလိုက်သည်။

"အဲဒါကို သိပ်စိတ်မပူပါနဲ့ ချန်ယွမ်။ ကျင့်ကြံခြင်းအဆင့်တွေကို ဖယ်ထားလိုက်ရင် ကျုပ်လည်း လူသားတစ်ယောက်ပါ။ ပြီးတော့ ဝါစဥ်အရဆိုခင်ဗျားက ကျုပ်ရဲ့စီနီယာလေ။ လုပ်ထုံးလုပ်နည်းအရ ဒီလိုလုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် ခင်ဗျားက ကျုပ်ဧည့်သည်ဆိုတော့ အိမ်ရှင်က လက်ဖက်ရည်ငှဲ့ပေးတာက ထုံးစံပါပဲ။ သိပ်အားမနာပါနဲ့"

ယန်ချင်းက ပေါ့ပါးသော အပြုံးဖြင့် ပြောရင်း နှစ်ယောက်စလုံးအတွက် လက်ဖက်ရည်ငှဲ့ပေးကာ ထိုင်လိုက်သည်။

ချန်ယွမ်သည် ထိုင်နေရုံမှတစ်ပါး ဘာမျှမတတ်နိုင်သော်လည်း ဂနာမငြိမ် ဖြစ်နေဆဲဖြစ်သည်။ သို့သော် ဝူလုံလက်ဖက်ရည်မှ အငွေ့များ သူ့ဆီသို့ လွင့်ပျံလာသောအခါ ထိုစိုးရိမ်ပူပန်မှုအားလုံး ပျော်ဝင်သွားသည်။ လက်ဖက်ရည်၏ သင်းပျံ့သောရနံ့သည် သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီးနောက် ဦးခေါင်းဆီသို့ ရောက်ရှိသွားကာ စိတ်ကို ကြည်လင်တက်ကြွလာစေသည်။ သူ၏စိတ်ထဲရှိ ပိတ်ဆို့နေမှုများ ပွင့်သွားသကဲ့သို့ ခံစားရပြီး ရှုပ်ထွေးနေသော အတွေးများအားလုံးသည် နေရာတကျ ပြန်လည်စီတန်းသွားကြသည်။ ဝူလုံလက်ဖက်ရည် ရနံ့များ ပိုမိုရရှိလေလေ ထိုအခြေအနေ ပိုမိုအားကောင်းလာလေလေ ဖြစ်သည်။

"ဒါ ဘာလက်ဖက်ရည်လဲ။ အငွေ့လေးနဲ့တင် ဒီလောက်စွမ်းဆောင်နိုင်ရင်... အရသာက ဘယ်လိုနေမလဲ"

ချန်ယွမ်သည် တုန်လှုပ်သောအမူအရာဖြင့် ခွက်ထဲမှ လက်ဖက်ရည်ကို လောဘတကြီး စိုက်ကြည့်နေမိသည်။

သူ၏ကျင့်ကြံခြင်းသည် အမြူတေဖွဲ့စည်းခြင်း အဆင့် (၅) တွင် ရပ်တန့်နေသည်မှာ ကြာပြီဖြစ်သည်။ နှစ်အနည်းငယ်အတွင်း တိုးတက်မှုတစ်ခုမှ မရှိခဲ့ပေ။ အကြောင်းရင်းအများစုမှာ ဂိုဏ်းကို ရှေ့ဆက်ရန် ဦးဆောင်ရသည့် ဖိအားများ၊ အထူးသဖြင့် လူငယ်တပည့်များ၏ တိုးတက်မှုကို သေချာစေရန် စီမံကိန်းများကြောင့် ဖြစ်ပေသည်။

သူသည် နေ့ရက်အများစုကို သူတို့ကို ပြုစုပျိုးထောင်ရာတွင် ကုန်ဆုံးစေပြီး ဂိုဏ်း၏ ကျန်ကိစ္စများကိုလည်း စီမံခန့်ခွဲနေရသဖြင့် ကျင့်ကြံရန် အချိန်မရှိခဲ့ပေ။ သို့သော် ဝူလုံလက်ဖက်ရည်မှ ခံစားမှုသည် ကြာမြင့်စွာ ရပ်တန့်နေသောအဆင့်တွင် လှုပ်ရှားမှုအချို့ကို စတင်ဖြစ်ပေါ်စေခဲ့သဖြင့် စိတ်လှုပ်ရှားမနေဘဲ မနေနိုင်တော့ချေ။

"ဒီဆိုင်မှာပဲ နန်းတော်အဆင့်တစ်ဝက် ရောက်နေတဲ့ ဆရာတစ်ဆူ ဖျော်စပ်ထားတဲ့ ဝူလုံလက်ဖက်ရည်ကို မြည်းစမ်းနိုင်မှာ။ ဒီလက်ဖက်ရည်ထဲမှာ ပါဝင်တဲ့အရာတွေက ဘယ်ဆေးလုံး၊ ဆေးရည်၊ ဆေးမြစ်ထက်မဆို ပိုကောင်းတယ်။

ဒါက လောကရဲ့ လမ်းစဥ်တစ်ခုကို နားလည်သဘောပေါက်ပြီး နန်းတော်အဆင့်ကို တက်လှမ်းခါနီး ပုဂ္ဂိုလ်တစ်ဦး မြင်တွေ့ရတဲ့ ကမ္ဘာလောကရဲ့ အနှစ်သာရတစ်ခုပဲ။ ကောင်းကောင်း တန်ဖိုးထားပါ ချန်ယွမ်... ဒီလိုအခွင့်အရေးကိုရတဲ့သူ သိပ်မရှိဘူး"

ယန်ချင်းက တည်ငြိမ်စွာပြောရင်း ခွက်ကို နှာခေါင်းနားတေ့ကာ မျက်လုံးမှိတ်ပြီး ရနံ့ကို ခံစားလိုက်သည်။ သူသည် စားဖိုမှူးထက် ပိုမိုသန်မာပြီး ကိုယ်ပိုင်တာအို ရှိသော်လည်း လောကကို အခြားသူတစ်ဦး၏ မျက်လုံးမှတစ်ဆင့် ကြည့်ရှုခြင်းသည် ဘယ်တော့မှ အကျိုးမယုတ်စေပေ။ သူ၏လမ်းစဥ်ကို ပိုမိုတိုးတက်စေမည့် ညဏ်အလင်းများ ပိုမိုရရှိစေနိုင်သည်။

ယန်ချင်း ချန်ယွမ်ကို မပြောပြလိုက်သော အမှန်တရားတစ်ခုရှိသေး၏။ လူနည်းစုသာ ဤလက်ဖက်ရည်ကို သောက်ခွင့်ရှိသည်။ တရားသူကြီးတိုင်း မသောက်နိုင်ပေ။ အထက်တန်းအမြူတေတရားရုံးတရားသူကြီးများနှင့် အထက်အမြူတေတရားရုံး၊ ပြင်ပနန်းတော်တရားရုံးတရားသူကြီးအနည်းငယ်သာ မြည်းစမ်းခွင့်ရှိသည်။ အောက်တရားရုံး တရားသူကြီးများနှင့် အထက်တရားရုံးမှတချို့သည် အထက်တန်းအမြူတေ တရားသူကြီးများနှင့် ကပ်မလိုက်ပါက သောက်သုံးရန်အခွင့်အရေး မရှိပေ။

စားဖိုမှူးနှင့် စားသောက်ဆိုင်က မာန်တက်ပြီး အခြားသူများကို အထင်သေး၍ မဟုတ်ပေ။ အကြောင်းရင်းတစ်ခုမှာ ဖျော်စပ်ရန် အချိန်၊ ကြိုးစားအားထုတ်မှုနှင့် အဖိုးတန်ပါဝင်ပစ္စည်းများ လိုအပ်သဖြင့် အားလုံးအတွက် လုံလောက်အောင် မရရှိနိုင်ခြင်းဖြစ်သည်။ ပိုအရေးကြီးသောအကြောင်းရင်းမှာ စားဖိုမှူးသည် သူကိုယ်တိုင်တိုးတက်စေရန် လက်ဖက်ရည်သောက်သူများ၏ ထိုးထွင်းသိမြင်မှုနှင့် အတွေ့အကြုံများကို တိုင်ပင်ဆွေးနွေးလေ့ရှိသောကြောင့်ဖြစ်သည်။ သူ့အဆင့် သို့မဟုတ် သူ့ထက်မြင့်သူများကသာ သူ့ကို တိုးတက်စေမည့် အကြံဉာဏ်များ ပေးနိုင်မည်ဖြစ်သည်။ ထိုအရာသည် အပြန်အလှန်အကျိုးပြုသော ဆက်ဆံရေးဖြစ်သည်။

ချန်ယွမ်၏ နှလုံးသည် ဒုန်းဒုန်းခုန်နေသည်။ နန်းတော်အဆင့်တစ်ဝက် ဆိုသည်မှာ သူအိပ်မက်ပင် မမက်ရဲသော အဆင့်ဖြစ်သည်။ တစ်ဝက်အဆင့်ဆိုသည်မှာ အမြူတေဖွဲ့စည်းခြင်း အထွတ်အထိပ်တွင် ရှိနေဆဲဖြစ်သော်လည်း ပုံမှန်အထွတ်အထိပ် ကျွမ်းကျင်သူများနှင့် မတူဘဲ မိမိတို့လမ်းစဥ်၏ ပုံသဏ္ဍာန်ကို စတင်မြင်တွေ့နေရသူများဖြစ်သည်။ လမ်းစဥ်အတွက် လိုအပ်သော တည်ဆောက်ရေးကျောက်တုံးများ မဖြစ်ပေါ်သေးဘဲ အပြည့်အဝတူးဖော်ရန် နောက်ထပ်ကြိုးစားအားထုတ်မှုနှင့် သန့်စင်မှုလိုအပ်နေသေးခြင်းသာ ဖြစ်သည်။

ဤအဆင့်ရှိသူများသည် အမြူတေအားနည်းသူ မဟုတ်ပါက ပုံမှန်အမြူတေဖွဲ့စည်းခြင်း အထွတ်အထိပ် ကျွမ်းကျင်သူနှစ်ယောက်ကို တစ်ပြိုင်နက် ယှဉ်ပြိုင်နိုင်သည်။ အပြာရောင်အမြူတေရှိသော တစ်ဝက်အဆင့်ကျွမ်းကျင်သူသည် ခရမ်းရောင်အမြူတေရှိသော အထွတ်အထိပ်အဆင့်ကို ရှုံးနိမ့်နိုင်သော်လည်း ရွှေရောင်အမြူတေရှိပါက သရေကျအောင် သို့မဟုတ် နိုင်အောင်ပင် စွမ်းဆောင်နိုင်ပေသည်။

ဘေးတွင် စောင့်နေသော ချောင်ယင်း၏ မျက်လုံးထဲတွင် အားကျမှုများ ရှိနေသည်။ သူသည် ဒီဆိုင်မှ ဝန်ထမ်းဖြစ်သော်လည်း တစ်ခါမျှ မမြည်းစမ်းဖူးချေ။ ဆိုင်မှ အခြားဝန်ထမ်းအများစုလည်း မသောက်ဖူးကြ။ ဝူလုံစားဖိုမှူးနှင့် အဆင့်တူ အခြားစားဖိုမှူး တစ်ဦးနှစ်ဦးနှင့် ဆိုင်မန်နေဂျာတို့သာ သောက်ဖူးကြသည်။

ချန်ယွမ်သည် ခွက်ကို အဖိုးတန်ရတနာတစ်ခုလို ဂရုတစိုက်ကိုင်ပြီး ညင်သာစွာ တစ်ငုံသောက်လိုက်သည်။ အရသာသည် ပေါက်ကွဲထွက်လာခြင်း မရှိဘဲ လက်ဖက်ခြောက် ကဲ့သို့ နူးညံ့ပြီး ရင့်ကျက်သော အရသာရှိကာ လက်ဖက်စိမ်း၏ သင်းပျံ့သောရနံ့ ပါရှိသည်။ လတ်ဆတ်မှုနှင့် တောက်ပမှုသည် လျှာမှတစ်ဆင့် လည်ချောင်းထဲသို့ ပျံ့နှံ့သွားပြီး စက္ကန့်ပိုင်းအတွင်း တစ်ကိုယ်လုံး ခံစားလိုက်ရသည်။ သူ၏စိတ်သည် လန်းဆန်းသွားပြီး အစောပိုင်းက ပိတ်ဆို့နေမှုများ ပွင့်သွားသည့် ခံစားမှုသည် ယခု ပိုမိုထင်ရှားလာသည်။

သူရုန်းကန်နေရသော မေးခွန်းများအတွက် အဖြေများကို ခံစားလိုက်ရသည်။ ၎င်းတို့သည် ရှင်းလင်းပြတ်သားပြီး သူကိုယ့်ကိုယ်ကိုယ် မေးရန် မစဉ်းစားမိသော မေးခွန်းများဆီသို့ လမ်းပြပေးနေသည်။ မကြာမီ သူသည် ရှာဖွေလေ့လာခြင်းနှင့် တွေ့ရှိခြင်းခံစားမှုများကြားတွင် စီးမျောပါသွားလေတော့သည်။

တစ်ဖက်တွင် ယန်ချင်းသည်လည်း တစ်ငုံသောက်ပြီး ပါးစပ်ထဲတွင် လှည့်ပတ်ကာ အရသာခံရင်း ကျေနပ်စွာ ခေါင်းညိတ်ပြီးမှ မျိုချလိုက်သည်။

"ကျန်းဖူက အဆင့်တက်ဖို့ နီးစပ်နေပြီပဲ... တံခါးဝကို ရောက်နေပြီ။ တွန်းအားတစ်ချက်ဆိုရင် ဖြတ်ကျော်သွားတော့မှာ။ သူ့အတွက် ဝမ်းသာပေမဲ့ ဒီလောက်နီးစပ်နေပြီဆိုတော့ မကြာခင် တံခါးပိတ်ကျင့်ကြံတော့မယ် ထင်တယ်။ သူ့လက်ဖက်ရည်မပါရင် အစားအစာတွေက အရသာပေါ့သွားဦးမယ်။ ဒါပေမဲ့ သူနန်းတော်အဆင့်ရောက်ရင် ဖျော်မယ့် လက်ဖက်ရည်အသစ်ကို မြည်းစမ်းဖို့ မစောင့်နိုင်တော့ဘူး... ဂလု"

ယန်ချင်း တိတ်တဆိတ် ရေရွတ်လိုက်ရင်း မျက်လုံးထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"စောင့်ခိုင်းမိတာ တောင်းပန်ပါတယ် ချောင်ယင်း။ ငါဘာစားရမလဲဆိုတော့... အင်း... ချန်ယွမ်ကို ရွေးခိုင်းရင် သူက အားနာပြီး လက်ဖက်ရည်နဲ့တင်တော်ပြီ ပြောနေဦးမယ်။ ငါတို့ကို ဒင်းဆမ်းချပေးပါ။ ဒင်းဆမ်းအတွက်... ဝက်သားကင်မုန့်လုံး၊ အသားလုံးဟင်းရည်၊ ပဲငပိအမဲသားနဲ့ ဝက်နံရိုးပေါင်း၊ နှမ်းလုံးကျော်၊ နာနတ်သီးကပ်စတာပေါင်မုန့်၊ ပိန်းဥဖက်ထုပ်ကြော်၊ ဆန်ပြားလိပ်ကြော်၊ လိမ္မော်ကြက်သား၊ ကြာစွယ်ကောက်ညှင်းပေါင်း... ပြီးတော့ အချိုပွဲအနေနဲ့ အဝါရောင်ဥကိုသာချပေး”

ယန်ချင်းသည် မှာကြားရင်း စီးကျလာသော သွားရည်ကို ခိုးသုတ်လိုက်သည်။ ချောင်ယင်းသည် ကျင့်ကြံသူဖြစ်သဖြင့် မှတ်ဉာဏ်ကောင်းမွန်ရာ ဘာမှချရေးစရာမလိုဘဲ အော်ဒါလုပ်ရန် မီးဖိုချောင်သို့ ထွက်ခွာသွားလေသည်။

ချန်ယွမ်သည် ပတ်ဝန်းကျင်နှင့် လုံးဝအဆက်ပြတ်ကာ ဈာန်ဝင်စားသကဲ့သို့ ဖြစ်နေချိန်တွင် ယန်ချင်းသည် လက်ဖက်ရည်ကို ဆက်လက်သောက်သုံးရင်း အစားအစာများကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေလိုက်သည်။

All Chapters