တရားစီရင်ရေးအကယ်ဒမီ၏ ရည်ရွယ်ချက်
Vol. 4 Ch. 39
နှစ်ယောက်သား ဆက်လက်စားသောက်နေကြသည်။ တစ်ယောက်က အကိုက်တိုင်းကို စိတ်ပါလက်ပါ အရသာခံနေပြီး ကျန်တစ်ယောက်က မကျေမနပ်အမူအရာဖြင့် နှုတ်ခမ်းဆူနေသည်။ အရသာခံနေသူမှာ ချန်ယွမ်ဖြစ်ပြီး မကျေမနပ်ဖြစ်နေသူမှာ ယန်ချင်းဖြစ်သည်။ ဖက်ထုပ်အချို့သည် မီလီမီတာအနည်းငယ်ခန့် သေးငယ်နေသည်ကို သတိထားမိသဖြင့် သူစိတ်ဆိုးနေခြင်းဖြစ်သည်။
အမှန်တကယ်တွင် တိုင်တန်းချင်သော်လည်း အစားထိုးပြန်လုပ်ပေးသည်အထိ စောင့်ရမည်ဖြစ်ပြီး ဆိုင်ကလက်ခံမှသာ အဆင်ပြေမည်ဖြစ်သည်။ အဆုံးတွင် သူသည် အရင်စားလိုက်ပြီးနောက်မှ ဆိုင်ကို ဆူပူကြိမ်းမောင်းရန် ဆုံးဖြတ်လိုက်လေသည်။
မိနစ်အနည်းငယ်ကြာသောအခါ ဝက်သားကင်မုန့်လုံးများ ကုန်သွားပြီဖြစ်ရာ ယန်ချင်းသည် ပိန်းဥဖက်ထုပ်ကြော်ပန်းကန်ကို ဆွဲယူလိုက်သည်။ ဖက်ထုပ်များသည် ရွှေရောင်တောက်ပနေပြီး အစာသွပ်ထားသော ဖီးနစ်အမြီးပုစွန်ကြောင့် အနီရောင်သမ်းနေ၏။ ယန်ချင်းသည် အစောပိုင်းက တွေ့ရှိချက်များကြောင့် သံသယဖြစ်နေသဖြင့် ဖက်ထုပ်တစ်ခုချင်းစီကို ညီညာမှုရှိမရှိ၊ အရွယ်အစားမှန်ကန်မှုရှိမရှိ အမြန်စစ်ဆေးလိုက်သည်။
အရွယ်အစားလျော့ချထားခြင်းမရှိကြောင်း အတည်ပြုပြီးမှသာ ကျေနပ်စွာခေါင်းညိတ်ပြီး ခွဲဝေပေးလိုက်လေသည်။ ချန်ယွမ်သည် ယန်ချင်းစစ်ဆေးနေသည်ကို ကြည့်ပြီး မည်သို့ပြုလုပ်နေသနည်းဟု တွေးမိသော်လည်း ယန်ချင်း၏ စားသောက်မှုထုံးတမ်းစဉ်လာတစ်ခုဟုသာ မှတ်ယူလိုက်သည်။ သူလိုက်လုပ်ရန် စဉ်းစားမိသော်လည်း မလုပ်တော့ရန် ဆုံးဖြတ်လိုက်လေသည်။
ချောင်ယင်းသည် တာဝန်ကျေသော စားပွဲထိုးတစ်ယောက်ကဲ့သို့ ဝက်သားကင်မုန့်လုံးပန်းကန်ခွံကို လာသိမ်းသွားသည်။ ချန်ယွမ်သည် ပန်းကန်ယူသွားသော ချောင်ယင်းကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်မိသည်။ ဤမျှငယ်ရွယ်ပြီး အခြေတည်အဆင့်အစောပိုင်း ရောက်နေသူတစ်ယောက်သည် မည်မျှခမ်းနားသော စားသောက်ဆိုင်ဖြစ်ပါစေ စားပွဲထိုးတစ်ယောက်သာ ဖြစ်နေသည်ကို သူလက်မခံနိုင်သေးပေ။
"တရားစီရင်ရေးအဖွဲ့က ကန်းနေတာလား... ဒါမှမဟုတ် ပါရမီရှင်တွေ အရမ်းများလွန်းလို့ ဒီလောက်ပါရမီမျိုးကို ဂရုမစိုက်တော့တာလား" ချန်ယွမ် တိတ်တဆိတ် တွေးနေမိသည်။
"ချောင်ယင်းအကြောင်း သိချင်နေတာလား" ချန်ယွမ် ချောင်ယင်းကို ကြည့်နေသည်ကို သတိထားမိသော ယန်ချင်းက ပြုံးပြီးမေးလိုက်သည်။
ချန်ယွမ်သည် လည်ချောင်းထဲ တစ်ဝက်လောက်ရောက်နေသော ပိန်းဥကြော် သီးသွားပြီး အသံပြန်ထွက်လာမှ ပြန်ဖြေလိုက်သည်။
"မဟုတ်ပါဘူး... အဲဒါက... အဲ... အဲဒါ... ဟုတ်ပါတယ်။ ဒီလောက်ပါရမီရှင်တစ်ယောက်က ဘာလို့ စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်နေရတာလဲဆိုတာ သိချင်သွားလို့ပါ။ တရားစီရင်ရေးအဖွဲ့က သူ့လိုပါရမီရှင်မျိုးကို မလိုချင်ဘူးလား။ ကျွန်တော်သတိထားမိသလောက် အဆင့်တစ်ဂိုဏ်းတွေနဲ့ မိသားစုတွေတောင် သူ့လိုပါရမီမျိုးကို လိုချင်ကြမှာပါ။ ကျွန်တော်ကြည့်ရသလောက် သူက သာမန်အခြေတည်အဆင့်အစောပိုင်း ကျွမ်းကျင်သူနဲ့ မတူဘူး။ သူ့အဆင့်က အများကြီးပိုသန်မာပြီး ပိုခိုင်မာနေတယ်"
ချန်ယွမ်သည် ချောင်ယင်းကို အဘယ်ကြောင့်ကြည့်နေရသနည်းဆိုသည့် အကြောင်းပြချက်ကောင်း ရှာမရတော့သဖြင့် ရိုးသားစွာဖွင့်ပြောလိုက်သည်။ ယန်ချင်းသည် တရားသူကြီးဖြစ်ပြီး ပိုမိုသန်မာသူဖြစ်သဖြင့် သတိထားမိပြီးဖြစ်မည်။ လိမ်ညာခြင်းသည် မိုက်မဲရာကျပေလိမ့်မည်။
"ခင်ဗျားမှာ ကောင်းမွန်တဲ့မျက်လုံးရှိတာပဲ ဂိုဏ်းချုပ်ချန်ယွမ်။ ခင်ဗျား နှစ်ပေါင်းများစွာ အဓိကတပည့်တွေကို ကိုယ်တိုင်လမ်းညွှန် ပြုစုပျိုးထောင်ခဲ့တာ အလကားမဖြစ်ဘူးပဲ။ ချောင်ယင်းရဲ့ အခြေတည်အဆင့် မတူညီတာကို ခင်ဗျားသတိထားမိတယ်။ ပြုစုပျိုးထောင်ခြင်းက ခင်ဗျားရဲ့လမ်းစဥ် ဖြစ်နိုင်တယ်" ယန်ချင်းက တည်ငြိမ်စွာပြောရင်း ပြုံးကာ တူဖြင့်ညှပ်ထားသော ပိန်းဥဖက်ထုပ်ကို ဝါးလိုက်သည်။
"တရားစီရင်ရေးအဖွဲ့က ချောင်ယင်းလို အရည်အချင်းမျိုးကို လျစ်လျူရှုထားလောက်အောင် ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာ မဟုတ်ပါဘူး။ သူက ငါတို့ထဲကတစ်ယောက်ပါ။ ပိုတိကျအောင်ပြောရရင် သူက တရားစီရင်ရေးအကယ်ဒမီက ကျောင်းသားပါ။ သူ အမြူတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရင် သူရဲ့စိတ်ဝင်စားမှုနဲ့ ပါရမီအပေါ်မူတည်ပြီး တရားသူကြီး၊ စစ်ဆေးရေးမှူး၊ ဒါမှမဟုတ် တခြားဝန်ထမ်းအနေနဲ့ တရားစီရင်ရေးအဖွဲ့ထဲကို ဝင်ရောက်လာပါလိမ့်မယ်" ယန်ချင်းက နောက်ထပ် ပိန်းဥဖက်ထုပ်တစ်ခုကို ယူရင်းပြောလိုက်သည်။
"ဒါဆို ဘာလို့..." ချန်ယွမ် ဆက်မမေးရဲတော့ပေ။ တရားစီရင်ရေးအဖွဲ့၏ လုပ်ဆောင်ပုံများကို ဤမျှလောက် စပ်စုခြင်းသည် မသင့်တော်ဟု ခံစားမိသောကြောင့်ဖြစ်သည်။
"ဂုဏ်သိက္ခာကြီးမားတဲ့ တရားစီရင်ရေးအကယ်ဒမီက ကျောင်းသားတစ်ယောက်က ဘာလို့ သူများကိုဝန်ဆောင်မှုပေးရတဲ့ စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်နေရတာလဲဆိုတာ ခင်ဗျားမေးချင်တာ မဟုတ်လား ဂိုဏ်းချုပ်ချန်ယွမ်" ယန်ချင်းက ပြုံးရင်းမေးလိုက်ရာ ချန်ယွမ် ပြန်လည်ခေါင်းညိတ်ပြလိုက်သည်။
"ဒါက လျှို့ဝှက်ချက်မဟုတ်ဘူး။ သတင်းအရင်းအမြစ်ကောင်းကောင်းရှိတဲ့သူ ဘယ်သူမဆို ဒီဆိုင်တွေ၊ တည်းခိုခန်းတွေနဲ့ ဇရပ်တွေမှာရှိတဲ့ စားပွဲထိုးအများစုက တရားစီရင်ရေးအကယ်ဒမီက ကျောင်းသားတွေဆိုတာ သိကြပါတယ်။ ကျုပ်ပြောခဲ့သလိုပဲ... ကျင့်ကြံခြင်းဆိုတာ ဘဝရဲ့အစိတ်အပိုင်းတစ်ခုပဲ၊ ဘဝတစ်ခုလုံးမဟုတ်ဘူးဆိုတာ အကယ်ဒမီမှာ ငါသင်ယူခဲ့ရတာပါ။”
“ကလေးတွေအနေနဲ့ ငါတို့ တစ်နှစ်ပတ်လုံး ကျင့်ကြံနေခိုင်းလို့မရဘူးလေ။ ဒါကြောင့် အကယ်ဒမီက တစ်နှစ်မှာ ၃ လ အားလပ်ရက်ပေးတယ်။ အဲဒီ ၃ လအတွင်း မိသားစုရှိတဲ့သူတွေက ပြန်ချင်ရင် ပြန်လို့ရတယ်။ မိသားစုမရှိတဲ့သူတွေက ဒီကိုလာလို့ရတယ်။ မိသားစုရှိတဲ့သူတွေထဲက တချို့လည်း အားလပ်ရက်လက်ကျန်ရက်တွေမှာ ဒီကိုလာကြတယ်"
"ငါကျောင်းသားဘဝတုန်းက ဒီက စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ခဲ့ဖူးတယ်။ လစာကမဆိုးပါဘူး"
ယန်ချင်းသည် ထိုနေ့ရက်များကို ပြန်သတိရပြီး ပြုံးလိုက်မိသည်။ သူ စားသောက်ဆိုင်တစ်ဆိုင်တွင် အားလပ်ရက်ကုန်ဆုံးနေစဉ် ဖုန့်ရှင်းနှင့် ယီကျဲတို့ကို တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တိုက်ဆိုင်စွာပင် သူနှင့် ဖုန့်ရှင်းသည် အလကားစားရရန် ရည်ရွယ်ချက်တူညီစွာဖြင့် စားသောက်ဆိုင်တွင် အလုပ်လုပ်ရန် စိတ်ကူးခဲ့ကြသည်။ ဆိုင်ပိုင်ရှင်များသည် ဈေးပေါသောလုပ်သားများ ရရှိပြီဟု ထင်မှတ်ကာ ပျော်ရွှင်ခဲ့ကြသော်လည်း ဤအစားသရဲနှစ်ကောင် မည်မျှစားသောက်သည်ကို တွေ့သောအခါ ဆိုင်မပြုတ်မီ သူတို့ကို အမြန်အလုပ်ထုတ်လိုက်ရသည်။
မကြာမီ သူတို့နှစ်ဦး၏သတင်းမှာ ပြန့်နှံ့သွားပြီး မည်သည့်စားသောက်ဆိုင်ကမျှ သူတို့ကို အလုပ်မခန့်ရဲတော့ပေ။ ယီကျဲမှာမူ ဝိုင်ဖျော်သူအဖြစ် လုပ်ကိုင်ခဲ့သည်။ သူသည် ဓားရေးကျွမ်းကျင်သကဲ့သို့ ဝိုင်ဖျော်ရာတွင်လည်း ကျွမ်းကျင်သည်။ သူသည်လည်း ယန်ချင်း၊ ဖုန့်ရှင်းတို့နှင့် တစ်ချိန်တည်းလောက်တွင် အလုပ်ထုတ်ခံခဲ့ရသည်။
သို့သော် အကြောင်းပြချက်မှာ တူသယောင်နှင့် ကွဲပြားသည်။ ဝိုင်ဖျော်ရာတွင် သူ၏ ပြီးပြည့်စုံမှုကိုလိုလားသောစိတ် ထွက်ပေါ်လာပြီး အကောင်းဆုံးအရသာရရှိရန် ပါဝင်ပစ္စည်းများကို ဖြုန်းတီးပစ်သောကြောင့်ဖြစ်သည်။ သူသည်လည်း စားသောက်ဆိုင်များ၏ နာမည်ပျက်စာရင်း သွင်းခံလိုက်ရတော့သည်။
ထိုအချိန်အတွင်း သူတို့သုံးဦး ရင်းနှီးလာခဲ့ကြသည်။ ယီကျဲနှင့် ယန်ချင်းသည် ရွယ်တူဖြစ်ပြီး ဖုန့်ရှင်းကမူ သူတို့အောက် နှစ်နှစ်ငယ်သည်။ သူတို၏မိတ်ဆွေအသိုင်းအဝိုင်းသည် အချိန်နှင့်အမျှ ကြီးမားလာသော်လည်း သံယောဇဉ်မှာ မြဲမြံနေဆဲဖြစ်သည်။ ယန်ချင်း တရားသူကြီးဖြစ်လာသောအခါ သူတို့နှစ်ဦးကို သူ့တရားရုံးအောက်တွင် ထားရှိရန် တောင်းဆိုခဲ့သည်။
အကယ်၍ ဖုန့်ရှင်းနှင့် ယီကျဲသာ ဆန္ဒရှိပါက နှစ်ဦးစလုံး တရားသူကြီးဖြစ်နိုင်ကြသည်။ နှစ်ဦးစလုံး ရွှေရောင်အမြူတေ ပိုင်ဆိုင်ထားသဖြင့် အရည်အချင်းပြည့်မီကြသည်။ သို့သော် မည်သူမျှ တရားသူကြီးမလုပ်ချင်ကြပေ။ ဖုန့်ရှင်းသည် နေရာအနှံ့လျှောက်သွားပြီး အစားကောင်းများ စားသောက်နိုင်ရန် စစ်ဆေးရေးမှူးလုပ်ချင်သည်။ ယီကျဲကမူ စစ်ဆေးရေးမှူးလုပ်ခြင်းဖြင့် ဝိုင်ဖျော်နည်းများအတွက် စိတ်ကူးများနှင့် ပါဝင်ပစ္စည်းများ ရရှိနိုင်သောကြောင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
နောက်ထပ်အကြောင်းပြချက်တစ်ခုမှာ ယန်ချင်းနှင့် နှစ်ပေါင်းများစွာ သိကျွမ်းခဲ့ပြီး မည်သည့်အချိန်က စတင်မှန်းမသိဘဲ သူ၏ကလေးထိန်းအဖြစ် ရောက်ရှိသွားသောကြောင့်ဖြစ်သည်။တစ်ခါက ထွက်သွားရန် ကြိုးစားဖူးသော်လည်း လူကြီးများက သူသည် ယန်ချင်း၏ကလေးထိန်းအဖြစ် ထာဝရရှိနေရမည်ဟု ပြောခဲ့ကြသည်။
"အဲဒီတုန်းက ပျော်စရာကောင်းခဲ့တယ်" ယန်ချင်း တိုးညှင်းစွာ ရေရွတ်လိုက်ပြီးမှ ချန်ယွမ်၏ ကြောင်အမ်းအမ်းအကြည့်ကို မြင်ပြီး သတိပြန်ဝင်လာသည်။
"အဟမ်း... ဘယ်ရောက်သွားပြီလဲ... ဟုတ်ပြီ... ချောင်ယင်းလို အကယ်ဒမီကျောင်းသားတွေ စားသောက်ဆိုင်တွေမှာ အလုပ်လုပ်ကြတာ... လစာကောင်းပေမဲ့ အဲဒီအကြောင်းပြချက်တစ်ခုတည်းနဲ့ နည်းပြတွေက အကြံပြုတာမဟုတ်ဘူး။ ကျင့်ကြံခြင်းကနေ ဟန်ချက်ညီအောင် ကူညီပေးတဲ့အပြင် ဘဝင်မမြင့်ဘဲ နှိမ့်ချတတ်အောင် ကူညီပေးဖို့ အကြံပြုကြတာ။”
“တိုက်ကြီးတစ်တိုက်လုံးမှာ အစွမ်းအထက်ဆုံးအဖွဲ့အစည်းတစ်ခုက လက်ခံလိုက်တဲ့ ကလေးတွေ ဘာဖြစ်သွားမလဲဆိုတာ တွေးကြည့်ဖို့မခက်ပါဘူး။ သူတို့ရဲ့ပါရမီတွေ ပိုပြသလေ၊ ပိုတိုးတက်လေ... မာနမျိုးစေ့တွေ ပိုကြီးထွားလာပြီး တခြားသူတွေကို သူတို့အောက်ကလူတွေအဖြစ် မြင်လာလေလေ ဖြစ်မှာပဲ။ အစွမ်းထက်တဲ့ဂိုဏ်းတွေ၊ မိသားစုတွေရဲ့ တပည့်တွေကအားနည်းတဲ့ဂိုဏ်းတွေ၊ မိသားစုတွေအပေါ် ဘယ်လိုဆက်ဆံလဲဆိုတာ ခင်ဗျားမြင်ဖူးတယ်မဟုတ်လား။”
“စည်းကမ်းနဲ့ ဘက်လိုက်မှုမရှိခြင်းရဲ့ ပြယုဂ်ဖြစ်တဲ့ တရားစီရင်ရေးအဖွဲ့က သူတို့အဖွဲ့ဝင်တွေကို အဲဒီလမ်းကြောင်းအတိုင်း သွားခွင့်မပေးနိုင်ဘူး။ ဒီဆိုင်တွေမှာ အလုပ်လုပ်ခိုင်းတာက အဲဒီမာနကို ထိန်းချုပ်ဖို့ နည်းလမ်းတစ်ခုပဲ။ ငါတို့လို တရားသူကြီးအကြီးစားတွေကိုရော အဆင့် ၅ ဂိုဏ်းက ကျင့်ကြံသူတွေလို ကိုယ့်ထက်နိမ့်ပါးသူတွေကိုပါ ဝန်ဆောင်မှုပေးရတယ်"
"ကျောင်းသားတွေက သူတို့ရဲ့ဝန်ဆောင်မှုအပေါ် ရိုးသားပြီး ဝီရိယရှိရမယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့အပြုအမူတွေကို ငါတို့က အမြဲတမ်းအကဲဖြတ်နေပြီး အစီရင်ခံစာတွေကို နည်းပြတွေဆီ ပို့ပေးတယ်။ နည်းပြတွေက အကယ်ဒမီပြန်ဖွင့်တဲ့အခါ အတန်းထဲမှာ မျှဝေကြတယ်။ အဲဒီအကဲဖြတ်ချက်တွေက အရေးကြီးတယ်။ ကောင်းမွန်တဲ့အကဲဖြတ်ချက်ရတဲ့သူတွေက သူတို့ကို အကဲဖြတ်ပေးတဲ့ တရားသူကြီးတွေ၊ စစ်ဆေးရေးမှူးတွေရဲ့ မျက်နှာသာပေးမှုကို ရရှိကြတယ်။ “
“လုပ်ငန်းခွင်အတွေ့အကြုံယူရမယ့်အချိန်ရောက်ရင် အဲဒီတရားသူကြီးတွေ၊ စစ်ဆေးရေးမှူးတွေက ကျပန်းနေရာချပေးမယ့်အစား သူတို့ကို သီးသန့်တောင်းဆို ခေါ်ယူနိုင်တယ်။ ညံ့ဖျင်းတဲ့အကဲဖြတ်ချက်ရတဲ့သူတွေကျတော့ နည်းပြတွေက မျှဝေရုံတင်မကဘူး၊ ငါတို့တရားသူကြီးတွေ၊ စစ်ဆေးရေးမှူးတွေကြားမှာပါ သတင်းပြန့်သွားတယ်။ ဘယ်သူကမှ စိတ်ဓာတ်မကောင်းတဲ့လူကို ကိုယ့်လက်အောက်မှာ မထားချင်ကြဘူးလေ။”
“ဒါကြောင့် အဲဒီကျောင်းသားက သွားစရာနေရာမရှိဘဲ လမ်းပျောက်သွားရော။ လုပ်ငန်းခွင်အတွေ့အကြုံမရှိရင် အကယ်ဒမီက ဘယ်တော့မှ ဘွဲ့မပေးဘူး၊ တရားစီရင်ရေးအဖွဲ့ကလည်း ဘယ်တော့မှ အလုပ်မခန့်ဘူး။ သူတို့ရဲ့ပုံရိပ်ကို ပြန်လည်ကောင်းမွန်အောင် လုပ်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက ဒီကိုပြန်လာပြီး အလုပ်ကို ဝီရိယရှိရှိ နဲ့ရိုးရိုးသားသားလုပ်ဖို့ပဲ"
"မျက်နှာမှာအပြုံးတပ်ပြီး တစ်ဖက်လူကို အထင်မသေးသလို ဟန်ဆောင်ရတဲ့ စိတ်ပိုင်းဆိုင်ရာဖိအားက အရမ်းများတယ်။ အထူးသဖြင့် ဒီမှာရှိတဲ့မိစ္ဆာတွေက အဲဒီဟန်ဆောင်မှုကို အလွယ်တကူသိနိုင်တယ်ဆိုတာ သိနေရင် ပိုဆိုးတယ်။ အဲဒါကိုကျော်လွှားနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက မာနကိုချလိုက်ဖို့ပဲ။ ဒါဆိုရင် ဒီမှာဘဝက ပိုလွယ်ကူသွားမယ်။”
“အဲဒီလိုလုပ်လိုက်တာနဲ့ ကျောင်းသားရဲ့အမြင်တစ်ခုလုံး ပြောင်းလဲသွားတယ်။ ဒါ့အပြင် တရားသူကြီးတွေက ရံဖန်ရံခါ တရားခံတွေနဲ့အတူ လာတတ်ကြတော့ ကျောင်းသားတွေအနေနဲ့ ငါအခုခင်ဗျားနဲ့ ဆက်ဆံနေသလိုမျိုး အပြန်အလှန်ဆက်ဆံရေးတွေကို မြင်ပြီး သူတို့ရဲ့သဘောထားတွေကို ပြန်လည်ပြင်ဆင်ဖို့ ပိုလွယ်ကူသွားတယ်" ယန်ချင်းက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
"အမ်... ပြောရတာခွင့်လွှတ်ပါ... ဒါပေမဲ့ မကောင်းတဲ့အကဲဖြတ်ချက် ရနိုင်မယ့်အခွင့်အရေးရှိမှန်း သိရက်နဲ့ ကျောင်းသားတွေက ဘာလို့စွန့်စားပြီး ဒီကိုလာကြတာလဲ။ ကျွန်တော်သာဆိုရင် အိမ်မှာပဲနေပြီး ဘာအကဲဖြတ်ချက်မှ မယူတော့ဘူး" အန္တရာယ်များလွန်းသဖြင့် ချန်ယွမ် တွေးမိလိုက်သည်။
"ခင်ဗျားက အခြေတည်အဆင့် ဒါမှမဟုတ် ချီစုစည်းမှုအဆင့်ပဲရှိသေးတဲ့အချိန်မှာ နန်းတော်အဆင့်နဲ့ နယ်ပယ်အဆင့်ပုဂ္ဂိုလ်တွေဆီက လမ်းညွှန်ချက်ရနိုင်မယ့် အခွင့်အရေးအတွက် စာမေးပွဲအသေးလေးတစ်ခု ဖြေဆိုမလားလို့မေးရင် ခင်ဗျားဖြေမလား" ယန်ချင်းက မေးလိုက်သည်။
"ဖြေမှာပေါ့" ချန်ယွမ်က အလိုအလျောက်ဖြေလိုက်သည်။ ဒီလောက်အဖိုးတန်တဲ့အခွင့်အရေးကို ဘယ်သူက ငြင်းပယ်မှာလဲ။ သူဆိုရင် စာမေးပွဲကို ထပ်ခါထပ်ခါ ပြန်ဖြေနေဦးမှာ။ ဒီအထိတွေးမိသောအခါ သူနားလည်သွားပြီး ပြုံးလိုက်မိလေသည်။
"တိတိကျကျပြောရရင် အဲဒါပဲ။ သူတို့က အမြူတေဖွဲ့စည်းခြင်းအဆင့်နဲ့အထက် ကျွမ်းကျင်သူအများအပြားကို တစ်နေရာတည်းမှာ ဆက်ဆံခွင့်ရမယ့်အပြင် လုပ်ငန်းခွင်အတွေ့အကြုံ စတင်ချိန်မှာ ကောင်းမွန်တဲ့ထောက်ခံချက် ရရှိနိုင်တယ်။ ဒါက သူတို့ကိုကျန်တဲ့သူတွေထက် မိုင်ပေါင်းများစွာ ရှေ့ကိုကြိုရောက်စေတယ်။ ကျောင်းသားတွေက ဒီလိုအခွင့်အရေးအတွက်မျိုးဆိုရင် အမြဲတမ်းတက်ကြွနေကြတာပဲ။”
“ဒါ့အပြင် ငါတို့ရဲ့အကဲဖြတ်မှုတွေက သိပ်မတင်းကျပ်ပါဘူး။ သူတို့ရဲ့ဝန်ဆောင်မှုကျွမ်းကျင်မှုကို ငါတို့အကဲမဖြတ်ဘူး၊ သူတို့ရဲ့မျက်လုံးတွေကိုပဲ ကြည့်တာ။ သူတို့က ခင်ဗျားကို သူတို့သူငယ်ချင်းတွေ၊ မိဘတွေ၊ ဆရာတွေ၊ ဒါမှမဟုတ် ငါတို့ကိုဆက်ဆံသလိုမျိုး ဆက်ဆံရင် ဂုဏ်ထူးနဲ့အောင်ပြီပဲ။ အကဲဖြတ်မှုအများစုက ကောင်းကြပါတယ်။ လူ့အဖွဲ့အစည်းတိုင်းမှာလိုပဲ ပုပ်သိုးနေတဲ့ပန်းသီးတွေ ရှိတတ်တာမို့လို့ ဒီစာမေးပွဲက သူတို့ကို ဖယ်ထုတ်ပြုပြင်ပေးတာပါ။”
“မထီမဲ့မြင်ပြုခြင်းလိုမျိုး အန္တရာယ်ရှိတဲ့အရာတွေ ဖြည့်ဆည်းနေရင် တရားသူကြီးတွေ၊ စစ်ဆေးရေးမှူးတွေအနေနဲ့ ငါတို့ရဲ့မျက်လုံးတွေ တိမ်လာဖုံးသွားလိမ့်မယ်" ယန်ချင်းက လေးနက်စွာပြောလိုက်သော်လည်း တူဖြင့် နောက်ထပ်ပိန်းဥတစ်ခုကို ညှပ်လိုက်သည်နှင့် စက္ကန့်ပိုင်းအတွင်း ထိုအမူအရာ ပျောက်ကွယ်သွားလေသည်။
"သူရဲ့မျက်နှာအမူအရာက ဘယ်လိုလုပ် ဒီလောက်မြန်မြန် ပြောင်းလဲနိုင်ရတာလဲ" ချန်ယွမ်သည် တွေးရင်း ပိန်းဥဖက်ထုပ်များကို လိုက်လံစားသောက်လိုက်လေသည်။