← Chapters

ရှက်ရွံမှုကြောင့် မျက်နှာနီရဲသွားသည့် ချန်ယွမ်

Vol. 4 Ch. 40

ရှက်ရွံမှုကြောင့် မျက်နှာနီရဲသွားသည့် ချန်ယွမ်

Vol. 4 Ch. 40

အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ချန်ယွမ်သည် အစောပိုင်းက ထိန်းသိမ်းထားသော အမူအရာများ ပျောက်ကွယ်သွားပြီး ပိုမိုသက်သောင့်သက်သာ ဖြစ်လာကာ ယန်ချင်းနှင့်အတူ လက်ကျန်ဟင်းပွဲများကို စိတ်ပါလက်ပါ စားသောက်နေသည်။ သူတို့နှစ်ဦးသည် သူငယ်ချင်းဟောင်းများကဲ့သို့ ရယ်မောစကားပြောရင်း အစားအသောက်များကို အတူတူခံစားနေကြသော်လည်း သူတို့၏ ရုပ်ရည်ကွာခြားမှုကြောင့် အဘိုးနှင့်မြေးကဲ့သို့ ပိုတူနေသည်။

ချန်ယွမ်သည် ဟင်းပွဲအသီးသီးကို စားသောက်ရင်း ပါဝင်ပစ္စည်းများအားလုံးသည် အခြေတည်အဆင့်အထွတ်အထိပ်တွင် ရှိကြောင်း တွေ့ရှိလိုက်ရသဖြင့် အံ့သြသွားသည်။ စားသောက်ဆိုင်ပိုင်ရှင် မည်သူဖြစ်သည်ကို စဉ်းစားမနေဘဲ မနေနိုင်တော့ပေ။

သစ်လုံးတစ်လုံးတည်းနှင့်ပင် အလယ်အလတ်ဝိညာဉ်ကျောက်တုံးတစ်ထောင်ကျော် တန်ဖိုးရှိသော အနီရောင် ကြယ်အလင်းသစ်သားများမှအစ၊ နန်းတော်အဆင့်သို့ ရောက်ခါနီး စားဖိုမှူးနှင့် ယခု အခြေတည်အဆင့်ပါဝင်ပစ္စည်းများအထိ... ပိုင်ရှင်သည် တရားစီရင်ရေးအဖွဲ့ဝင်တစ်ယောက် ဖြစ်မလားဟု တွေးနေမိလေသည်။

"တရားစီရင်ရေးအဖွဲ့ရဲ့ ဘယ်အဖွဲ့ဝင်ကမှ ဒီဝင်းထဲမှာ ဘာစီးပွားရေးလုပ်ငန်းမှ ပိုင်ဆိုင်တာမျိုးမရှိဘူး။ ဒီလို အချက်အချာကျတဲ့ နေရာအတွက် အချင်းချင်း တိုက်ခိုက်တာ၊ ပြိုင်ဆိုင်တာတွေ လျော့နည်းအောင်လို့ အဖွဲ့ဝင်အားလုံးကို ဒီမှာ စီးပွားရေးလုပ်ငန်း ပိုင်ဆိုင်ခွင့် တားမြစ်ထားပါတယ်။ ပိုင်ရှင်တိုင်းက ပြင်ပကလူတွေချည်းပါပဲ။ သူတို့က ရိုးသားဖြောင့်မတ်ပြီး အရည်အချင်းတစ်ခုခုရှိကြောင်း သက်သေပြနိုင်ဖို့ စာမေးပွဲအဆင့်ဆင့် ဖြေဆိုထားရတဲ့ သူတွေပါ" ယန်ချင်းက သူ့အတွေးကို ဖတ်မိသကဲ့သို့ ပြောလိုက်သည်။

"ယန်ချင်းက စိတ်ဖတ်တတ်တာလား" ချန်ယွမ်သည် ထိုအတွေး ခေါင်းထဲဝင်လာသည်နှင့် ကြောက်ရွံ့တုန်လှုပ်သွားပြီး ယန်ချင်းကို သတိထားကြည့်လိုက်သည်။

"ကျုပ်က စိတ်မဖတ်တတ်ပါဘူး" ယန်ချင်းက နောက်ပြောင်သော အပြုံးဖြင့်ပြောရင်း ဒင်းဆမ်း၏ နောက်ဆုံးမတိုင်မီ ဟင်းပွဲဖြစ်သော ကောက်ညှင်းချိုကိုအစာသွပ်ထားသည့် ကြာစွယ်ပေါင်းပန်းကန်ဆီသို့ အာရုံစိုက်လိုက်သည်။

ယန်ချင်းသည် ဒီဟင်းပွဲနှင့် ပတ်သက်လာလျှင် ပိုမိုစိတ်လှုပ်ရှားပြီး အငမ်းမရဖြစ်သော အမူအရာ ပြသနေသည်။ သူ၏တုံ့ပြန်မှုသည် အခြားဟင်းပွဲများကို စားခါနီးကထက် ပိုမိုပုံကြီးချဲ့လွန်းနေသည်။ ချန်ယွမ်သည် ဒီဟင်းပွဲမှာ ဘာထူးခြားချက်ရှိလဲဟု စဉ်းစားနေမိသည်။ ပုံမှန်ဟင်းပွဲတစ်ခုလိုသာ မြင်ရပြီး ထူးခြားပုံမပေါ်ပေ။

အဝါရောင်သမ်းပြီး အောက်ခြေတွင် နှင်းမှုန်လေးများကြဲထားသကဲ့သို့ အဖြူရောင်အရိပ်အယောင် အနည်းငယ်ရှိသည်။ အစာသွပ်ကြာစွယ်များအောက်တွင် အနီရောင်သမ်းသော အညိုရောင်ဆော့စ်အနှစ် ရှိနေပြီး ချန်ယွမ်က ကောင်းကင်ဝံပုလွေဘယ်ရီသီးနှင့် ဇီးသီးနီတို့ဖြင့် ပြုလုပ်ထားသည်ဟု ယူဆလိုက်သည်။

သူ့အတွက် ထူးဆန်းသည်မှာ ယန်ချင်းက ပန်းကန်ကို လင်ဗန်းထဲမှယူပြီး စားပွဲပေါ်တင်လိုက်သော်လည်း မည်သည့်အနံ့မှ ထွက်မလာခြင်းဖြစ်သည်။ ပန်းကန်က အလွတ်ကြီးဖြစ်နေသလိုပင်။ သူသံသယမဝင်ဘဲ မနေနိုင်တော့ချေ။

"ခင်ဗျားကံကောင်းတယ် ချန်ယွမ်။ ဒီကောက်ညှင်းချို အစာသွပ်ကြာစွယ်ပေါင်းကို ဝူလုံလက်ဖက်ရည်ကိုဖျော်တဲ့ စားဖိုမှူးရဲ့ အဆင့်နဲ့ နီးစပ်တဲ့ လူတစ်ယောက်က လုပ်ထားတာ။ သူက ပိုငယ်ပြီး အမြူတေဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်မှာပဲ ရှိသေးပေမဲ့ သူ့လမ်းစဥ်ကို စတင်လျှောက်လှမ်းနေပြီ။”

“အစောပိုင်းအဆင့်မှာပဲ ရှိသေးပေမဲ့ စိတ်ဝင်စားစရာကောင်းတယ်။ ကျန်းဖူထက် ခင်ဗျားရဲ့အဆင့်နဲ့ ပိုနီးစပ်တဲ့အတွက် သူရဲ့ဟင်းပွဲတွေက ခင်ဗျားအတွက် ဝူလုံလက်ဖက်ရည်ထက် ပိုပြီးအကျိုးရှိလိမ့်မယ်။ သဘောတရားတချို့ကို နားလည်သဘောပေါက်ဖို့ ပိုလွယ်ကူလိမ့်မယ်။ အကောင်းဆုံးအချက်ကတော့ ဒီဟင်းပွဲက တကယ်အရသာရှိတာပဲ"

ယန်ချင်းသည် စိတ်လှုပ်ရှားစွာပြောရင်း မျက်စိဖြင့်မလိုက်နိုင်လောက်အောင် လျင်မြန်သောနှုန်းဖြင့် ပန်းကန်လုံးသေးနှစ်လုံးကို ဆွဲထုတ်လိုက်သည်။ ဟင်းရည်ကို ပန်းကန်လုံးနှစ်လုံးထဲ ခွဲထည့်ပြီးနောက် သူ့ပန်းကန်လုံးထဲရှိ ဟင်းရည်ထဲသို့ ကြာစွယ်ပေါင်းကို နှစ်လိုက်ကာ ဖြည်းညင်းစွာ ဝါးစားလိုက်လေသည်။

"အင်း..." ယန်ချင်းသည် ဝါးစားရင်း ကျေနပ်မှုကြောင့်ရေရွတ်လိုက်သည်။

"ချီရှန်... ဒီတစ်ခါတော့ မင်းတကယ် လက်စွမ်းပြလိုက်တာပဲ" ယန်ချင်း ရေရွတ်လိုက်ရင်း နောက်ထပ် ကြာစွယ်ပေါင်းတစ်ခုကို အမြန်ကောက်ယူလိုက်သည်။

ချန်ယွမ်သည် ယန်ချင်း၏ တုံ့ပြန်မှုကို မြင်သောအခါ စပ်စုချင်စိတ်ဖြစ်ပေါ်လာပြီး ဟင်းရည်ထဲသို့ အမြန်နှစ်ကာ ဝါးစားလိုက်သည်။

ဘုန်း

အရသာနှင့် အနံ့တို့သည် တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာသည်။ ချန်ယွမ်သည် အနံ့ကို အရသာခံနိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးသော်လည်း ယခု သူ အတိအကျ ခံစားနေရပြီဖြစ်သည်။ သူ၏လျှာသည် ကောက်ညှင်းချို အစာသွပ်ထားသော ကြာစွယ်ပေါင်း၏ အရသာနှင့် အနံ့ကို ခံစားလိုက်ရသည်။ ၎င်းတို့သည် တစ်ခုကိုတစ်ခု လွှမ်းမိုးသွားခြင်းမရှိဘဲ အပြန်အလှန် ဖြည့်စွက်ပေးပြီး ဟင်းပွဲကို ပိုမြင့်သော အဆင့်သို့ မြှင့်တင်ပေးလိုက်သည်။

ဟင်းပွဲသည် နူးညံ့လွန်းသဖြင့် လျှာဖြင့်ထိလိုက်ရုံနှင့် ပျော်ဝင်သွားပြီး ချိုမြိန်သောအရသာ ပါရှိသည်။ ထို့နောက် ဝံပုလွေဘယ်ရီသီး ဟင်းရည်မှ အချဉ်ဓာတ်အနည်းငယ်ဖြင့် ဖြည့်စွက်ပေးလိုက်သည်။ ဟင်းပွဲများကို ရောနှောထားသော်လည်း တစ်ခုချင်းစီ၏ သီးသန့်အရည်အသွေးကို ထိန်းသိမ်းထားပြီး တစ်ခုနှင့်တစ်ခု ပေါင်းစပ်ကာ အရသာ၊ အနံ့နှင့် ခံစားမှုတို့၏ မျှတသော သံသရာကို ဖန်တီးပေးလိုက်လေသည်။

ချန်ယွမ်သည် သူ၏ကျင့်ကြံခြင်းနည်းစနစ်ဖြစ်သော 'ရေအလင်းကျင့်ကြံခြင်းခြင်းနည်းစနစ်ကို အသုံးပြု၍ ချီစွမ်းအင်များ အလိုအလျောက် လည်ပတ်နေသည်ကို ခံစားလိုက်ရသည်။ လည်ပတ်မှုတစ်ကြိမ်ပြီးတိုင်း နည်းစနစ်၏ လည်ပတ်ပုံမှာ ပိုမိုချောမွေ့ပြီး မြန်ဆန်လာသည်။ သူသည် အခြေတည်အဆင့် ရောက်ကတည်းက လွန်ခဲ့သော နှစ် ၈၀ ကျော်လုံး ဒီနည်းစနစ်ကို အသုံးပြုခဲ့သော်လည်း ယခုလောက် ရင်းနှီးကျွမ်းဝင်မှုကို တစ်ခါမှ မခံစားခဲ့ရဖူးသဖြင့် အံ့သြသွားသည်။

ကျင့်ကြံခြင်းသုတ္တန်က သူ့ခန္ဓာကိုယ်နှင့် ကိုက်ညီအောင် ပြုပြင်ပြောင်းလဲနေသကဲ့သို့ ခံစားရသည်။ ထို့ကြောင့် သူ၏ချီလည်ပတ်မှုသည် ယခင်ကထက် ပိုမိုသဘာဝကျနေခြင်းဖြစ်သည်။ ချီစွမ်းအင်များသည် ဆူပွက်နေပြီး ယခင်ကထက် ပိုမိုသက်ဝင်လှုပ်ရှားနေသည်။တစ်ကိုယ်လုံး ပိုမိုနုပျိုလန်းဆန်းလာသကဲ့သို့ ခံစားလိုက်ရ၏။

မိနစ်အနည်းငယ် ကြာသောအခါ ချီစွမ်းအင်များ ငြိမ်သက်သွားပြီး နှေးကွေးသော မြစ်ရေကဲ့သို့ ညင်သာစွာ စီးဆင်းသွားသည်။ သူသည် ပါးစပ်မှအညစ်အကြေးချီများကို မှုတ်ထုတ်လိုက်ပြီးနောက် ကြောက်ရွံ့မှုကြောင့် မျက်နှာမှာအေးခဲသွားသည်။ သူ ဘယ်ရောက်နေလဲဆိုတာ ခေတ္တမေ့လျော့သွားပြီး ကျင့်ကြံပြီးတိုင်း သူ့အခန်းထဲတွင် လုပ်နေကျအတိုင်း အလိုအလျောက် လုပ်မိလိုက်ခြင်းဖြစ်သည်။

အညစ်အကြေးချီများကို မှုတ်ထုတ်ခြင်းသည် ကျင့်ကြံသူများအတွက် လေလည်ခြင်းနှင့်တူသည်။ ယခု သူသည် အဆင့်အတန်းမြင့်မားသော စားသောက်ဆိုင်တစ်ခုတွင် တရားသူကြီးတစ်ဦး၏ရှေ့၌ သတိလက်လွတ် ပြုလုပ်မိလိုက်ခြင်းဖြစ်သည်။အလျင်အမြန် ပြန်စုပ်ယူရန် ကြိုးစားသော်လည်း နောက်ကျသွားပြီဖြစ်သည်။ ထွက်သွားခဲ့ချေပြီ။ သူသည် ပါးရိုက်ခံရပြီး အသတ်ခံရတော့မည်ဟု တွေးကာ ယန်ချင်း၏ တုံ့ပြန်မှုကို စိုးရိမ်တကြီး စောင့်ကြည့်နေသော်လည်း မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။

"ငါ့ရဲ့ အညစ်အကြေးချီက သိပ်မဆိုးလို့နေမှာပါ။ ပြီးတော့ ကြာစွယ်ရဲ့ရနံ့က လွှမ်းမိုးသွားတာလည်း ဖြစ်နိုင်တယ်။ တော်သေးတာပေါ့" ချန်ယွမ်တိတ်တဆိတ်တွေးလိုက်ပြီး သက်သောင့်သက်သာအမူအရာဖြင့် မုတ်ဆိတ်ကို သပ်လိုက်သည်။

"အညစ်အေကြးချီတွေကို ပစ်မှတ်ထားတဲ့ သီးခြားခွဲထုတ်ခြင်း အစီအရင်တွေတပ်ဆင်ထားလို့ ကျုပ်ဆီမရောက်လာတာပါ။ ဒီက အစားအစာ အရည်အသွေးကြောင့် ခင်ဗျားထက် အားနည်းတဲ့သူတွေ ဒီမှာစားရင် ခင်ဗျားလိုဖြစ်တာ မဆန်းပါဘူး။ စားသောက်မှုအတွေ့အကြုံကို ထိန်းသိမ်းဖို့ စားသောက်ဆိုင်က ဒီဆိုင်ရဲ့ ကုလားထိုင်နဲ့ စားပွဲတိုင်းအောက်မှာ သီးခြားခွဲထုတ်ခြင်း အစီအရင်တွေ ထွင်းထုဖို့ အစီအရင်ဆရာတစ်ယောက်ကို ငှားရမ်းထားတာ။ ခင်ဗျားရဲ့ အညစ်အကြေးချီက နှင်းဆီပန်းရနံ့လိုလိုနဲ့ ဘာလို့ ကျေနပ်နေတဲ့ မျက်နှာထားလုပ်နေလဲတော့ ကျုပ်နားမလည်ဘူး" ယန်ချင်းက ချန်ယွမ်၏ ဂုဏ်ယူနေသောအကြည့်ကို မြင်ပြီးနောက် ထေ့ငေါ့ပြောဆိုကာ ဆက်လက်စားသောက်လိုက်သည်။

ချန်ယွမ်၏မျက်နှာသည် ရှက်ရွံ့မှုကြောင့် နီရဲသွားပြီး တစ်ဖက်စားပွဲမှ ကျန်းချင်ကောကဲ့သို့ ပန်းကန်လုံးထဲ ခေါင်းမြှုပ်ထားရန် ကြိုးစားလိုက်သည်။ ၁၅ မိနစ်ခန့်ကြာသောအခါ ဒင်းဆမ်း၏ နောက်ဆုံးဟင်းပွဲ ကုန်သွားသည်။ ၎င်းမှာ အဝါရောင်ဥဖြစ်သည်။ ပါဝင်ပစ္စည်းများ၏ အရည်အသွေးမြင့်မားမှုနှင့် ဟင်းပွဲဖန်တီးရာတွင် အသုံးပြုသော နည်းစနစ်များကြောင့် ချန်ယွမ်၏ ခန္ဓာကိုယ်တွင် ပေါက်ကွဲထွက်မတတ် စွမ်းအင်များ ပြည့်နှက်နေသည်ကို ခံစားလိုက်ရသည်။

ထိုစွမ်းအင်များနှင့် ရိတ်သိမ်းရရှိသော ညဏ်အလင်းများကို အပြည့်အဝချေဖျက်ရန် တံခါးပိတ်ကျင့်ကြံခြင်းခေတ္တပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။ သူသည် ဒီအမှုကို အမြန်ပြီးပြတ်အောင် ဆောင်ရွက်ပြီး ဂိုဏ်းသို့ပြန်ရန် မစောင့်နိုင်တော့ပေ။ အမြူတေဖွဲ့စည်းခြင်း အဆင့် ၆ သို့ တစ်ခါတည်း တက်လှမ်းနိုင်မည်ဟု သူ ခံစားရသည်။

ချောင်ယင်း လာရောက်ပြီး လင်ဗန်းနှင့် နောက်ဆုံးပန်းကန်ကို သိမ်းယူသွားရာ စားပွဲပေါ်တွင် ပါရာဆောလက်ဖက်ရည်အိုးသာ ကျန်ရစ်တော့သည်။ ယန်ချင်းသည် သူ့အတွက် နောက်ဆုံးခွက်ကို ငှဲ့လိုက်သည်။

"ခင်ဗျားရဲ့ လက်ရှိစွမ်းအင်ပြည့်အင့်နေတဲ့ အခြေအနေမှာ လက်ဖက်ရည်သောက်လိုက်ရင် အကျိုးယုတ်သွားလိမ့်မယ်။ ခင်ဗျားရဲ့ တခြားရိတ်သိမ်းမှုတွေကို လွှမ်းမိုးသွားလိမ့်မယ်" ယန်ချင်းက စိတ်ရှည်လက်ရှည် ရှင်းပြသည်။

ချန်ယွမ်မှာ ယန်ချင်း၏စေတနာကို နားလည်ပေသည်။ အကယ်၍ သူသာ ထိုဝူလုံလက်ဖက်ရည်ကို သောက်လိုက်ပါက သူ့ခန္ဓာကိုယ်အတွင်းရှိ ညဏ်အလင်းနှင့် စွမ်းအင်မျှတမှု ပျက်စီးသွားလိမ့်မည်။ ယန်ချင်း ကြင်နာစွာဖြင့် ထုတ်မပြောသော အကြောင်းရင်းမှန်မှာ ထိုရိတ်သိမ်းမှုအားလုံးကို တစ်ပြိုင်နက်တည်း မျိုချရန် သူ့ပါရမီမလုံလောက်ခြင်းကြောင့်ဖြစ်သည်ကို သူသိသည်။ တစ်ခုအတွက် တစ်ခုကို စွန့်လွှတ်ရမည်။ ကြာစွယ်ပေါင်းမှ ရရှိသော ထိုးထွင်းသိမြင်မှုများသည် ဝူလုံလက်ဖက်ရည်မှ ရရှိနိုင်သော အရာများထက် သူ့လက်ရှိအခြေအနေအတွက် ပိုမိုအကျိုးရှိသည်။

နောက်ပိုင်းတွင် ချောင်ယင်း ဘေလ်လာပေးရာ အလယ်အလတ် ဝိညာဉ်ကျောက်တုံး ၃,၅၀၀ ကျသင့်သဖြင့် ကပ်စေးနည်းသော ချန်ယွမ်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ဒါသည် တစ်နပ်စာ ဘေလ်သာရှိသေးသည်။ သူသည် ထိုပမာဏကို စာသင်ခန်းမများနှင့် အတွင်းစည်းတပည့်များ၏ ခြံဝင်းများရှိ အစီအရင်များကို တစ်လလုံး ထိန်းသိမ်းရန် အသုံးပြုလေ့ရှိသဖြင့် မယုံနိုင်အောင် ဖြစ်နေသည်။ သူ၏မျက်လုံးများမှာ မနာလိုစိတ်ကြောင့် စိမ်းသွားသည်။

အလယ်အလတ် ဝိညာဉ်ကျောက်တုံးများသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများထက် အညစ်အကြေး နည်းပါးပြီး စွမ်းအင်သိုလှောင်မှု အဆများစွာ ပိုများသည်။ အမြူတေဖွဲ့စည်းခြင်းအဆင့်နှင့် နန်းတော်အဆင့် ကျင့်ကြံသူများသည် ပတ်ဝန်းကျင်မှ ချီကိုစုပ်ယူမည့်အစား ၎င်းတို့ကိုအသုံးပြု၍ ကျင့်ကြံခြင်းကို မြန်ဆန်စေနိုင်၏။ အလယ်အလတ် ဝိညာဉ်ကျောက်တုံးတစ်တုံးသည် အဆင့်နိမ့် အစီအရင်တစ်ဒါဇင်ကို စွမ်းအင်ပေးနိုင်သဖြင့် မည်မျှတန်ဖိုးရှိကြောင်း ခန့်မှန်းနိုင်သည်။

အပြာရောင်မူလကမ္ဘာဂြိုဟ်တွင် ဝိညာဉ်ကျောက်တုံး တန်ဖိုးမှာ

- ၁ အလယ်အလတ် ဝိညာဉ်ကျောက်တုံး = ၁,၀၀၀ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး

၁ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး = ၁၀၀ အလယ်အလတ် ဝိညာဉ်ကျောက်တုံး ဟူ၍ရှိပေသည်။

ယန်ချင်းသည် သူ့နားရွက်ကိုဆွဲပြီး အလယ်အလတ် ဝိညာဉ်ကျောက်တုံးများကို မဖြုန်းတီးရန် တရားချချင်နေသော ချန်ယွမ်၏အကြည့်ကို လျစ်လျူရှုလိုက်သည်။ သူသည် ဝတ်ရုံထဲမှ အနက်ရောင်ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်လိုက်သည်။ ကျောက်စိမ်းသည် လက်ဖဝါးအရွယ်အစားရှိပြီး ထောင့်မှန်စတုဂံပုံသဏ္ဍာန်ဖြစ်ကာ ချန်ယွမ်မသိသော ရွှေရောင်သင်္ကေတအချို့ ပါရှိသည်။ သူ ခန့်မှန်းရသလောက် ကျောက်စိမ်းသည် အထူးသိုလှောင်ရတနာတစ်မျိုးနှင့် တူသည်။

"ဒီထဲက ဝိညာဉ်ကျောက်တုံး ၂,၅၀၀ နှုတ်လိုက်ပါ။ ကျန်တာကို တိုင်ချန်ရှင်းလိမ့်မယ်" ယန်ချင်းက သူ့နောက်ဘက်ကို ညွှန်ပြရင်း ပြောလိုက်သည်။

ချောင်ယင်း ခေါင်းညိတ်ပြီး အနက်ရောင်ကျောက်စိမ်းကိုယူကာ တိုင်ချန်၏ စားပွဲဝိုင်းသို့ သွားလိုက်သည်။ ထိုနေရာတွင် ဝမ်းနည်းပူဆွေးနေသော ခန်းဟွေ့လန်က အလားတူ အနက်ရောင်ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ပေးလိုက်သည်။ ချောင်ယင်းသည် အပေါ်ထပ်အခန်းတစ်ခန်းသို့ ဝင်သွားပြီးနောက် ပြန်ဆင်းလာကာ အဆောင်များကို ယန်ချင်းနှင့် ခန်းဟွေ့လန်တို့ထံ အသီးသီးပြန်ပေးလိုက်သည်။ ချောင်ယင်းမီးဖိုချောင်သို့ပြန်သွားရန် ဖြတ်သွားစဉ် ယန်ချင်းက လှမ်းခေါ်ပြီး အလယ်အလတ် ဝိညာဉ်ကျောက်တုံး ၁၀ တုံး ပေးလိုက်ရာ ချန်ယွမ်၏ မျက်လုံးသွေးကြောများ ပေါက်ထွက်လုမတတ် ဖြစ်သွားလေသည်။

"အကယ်ဒမီ ပြန်ရောက်ရင် အဆင်ပြေပါစေ ချောင်ယင်း" ယန်ချင်းက ကျောကိုပုတ်ရင်း နှုတ်ဆက်လိုက်ရာ ချောင်ယင်းက ပြုံးပြီး ကျေးဇူးတင်ကြောင်း ဦးညွှတ်လိုက်သည်။

"ငါအကယ်ဒမီကိုသွားပြီး သူလုပ်ငန်းခွင်အတွေ့အကြုံယူမယ့် အချိန်ကျရင် ဒီကလေးကို ငါ့ဆီလွှတ်လိုက်ဖို့ ပြောရမယ်" ယန်ချင်း တိတ်တဆိတ် တွေးရင်း ပြန်ရန်ပြင်လိုက်သည်။

"သခင်လေယန်ချင်းက နှုတ်မဆက်ဘဲ ပြန်ဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်" အညိုရောင်ဆံပင်တိုတိုနှင့် မုတ်ဆိတ်ကြမ်းရှိသော ပုပုလုံးလုံး လူတစ်ယောက် မီးဖိုချောင်ထဲမှ ထွက်လာရင်း ပြောလိုက်လေသည်။

All Chapters