တဖန် နုပျိုလာခြင်း
Vol. 2 Ch. 22
အခန်း (၂၂) တဖန် နုပျိုလာခြင်း
လုကျိုးက စနစ်ကို တအံ့တဩ ကြည့်လိုက်မိပြီး သူ မျှော်လင့်မထားမိသည့် ဆုလာဘ် ပေါက်သွားကြောင်း မယုံကြည်နိုင် ဖြစ်နေမိသည်။ ခဏအကြာတွင် ပြန်လည် စိတ်ငြိမ်သွားပြီး ကံစမ်းမဲမှ ပေါက်ထားသည့် ပစ္စည်းအား ကြည့်လိုက်မိသည်။
မိုက်တယ် …
အကယ်၍ သူသာ သူ့ဘာသာ ဝယ်ယူရမယ်ဆိုလျှင် တြိသိပ်သည်းခြင်းပန်း စိတ်ဝိညာဉ်သဏ္ဌာန်အတွက် ကုသိုလ်အမှတ် သုံးထောင်ကုန်ကျမည် ဖြစ်ပြီး အကြောင်းပြန်လှန်ကတ်အတွက် ကုသိုလ်အမှတ် ငါးထောင် လိုအပ်ပေမည်။ သူတို့အပြင် “ ကောင်းကင်ကျမ်း ပေလွှာသုံးမျိုး” အမည်ရှိ ကျင့်စဉ်ကိုလည်း ရရှိခဲ့သေး၏။
သူက ညာဘက်အကွက်၌ ကျင့်စဉ်နေရာရှိ “ ကောင်းကင်ကျမ်း ပေလွှာသုံးမျိုး” ခလုတ်မှာ ပွင့်လာကြောင်း သတိပြုမိလိုက်သည်။
အတွေးတစ်ချက်ဖြင့် စာလိပ်သုံးလိပ်က တစ်ခုပြီး တစ်ခု ပြေလျော့လာသည်။
ပထမတစ်ခုမှာ “ ကောင်းကင်ကျမ်း လူသားပေလွှာ ”
“လူသားပေလွှာက ကောင်းကင်ကျမ်း၏ ရှေ့ပြေး ဖြစ်ပြီး “ သုံးဘဝ ငရဲကျမ်း” ဟူ၍လည်း ခေါ်ကြသည်။ လူတစ်ယောက်က အမြင့်ဆုံးအဆင့်အထိ ရောက်သွားသည့်အခါ သေခြင်းရှင်ခြင်း၏ လျှို့ဝှက်ချက်ကို နားလည်သဘောပေါက်လာပြီး ဝိညာဉ်ကူးပြောင်းခြင်း၌ ဆရာတစ်ဆူ ဖြစ်လာနိုင်သည်။
“…”
လုကျိုးက မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။ အကြောင်းမှာ အကြောင်းအရာက ရှုပ်ထွေးနေပြီး အဓိပ္ပာယ်မရှိသည့် သင်္ကေတများသဖွယ် ဖြစ်နေသောကြောင့် ဖြစ်သည်။ သူက တစ်ခုတလေမျှ နားမလည်ပေ။
သူက ရှေ့ပြေးကိုပင် နားမလည်သည့်အတွက် နောက်ပေလွှာနှစ်ခုအကြောင်း ပြောနေဖို့ပင် မလိုတော့ပေ။ သူက လှန်လှော ကြည့်ရှုလိုက်ပြီးနောက် စနစ်က အကြောင်းအရာများကို မှိန်ဖျော့ထားကြောင်း သိလိုက်ရသည်။
“ ကောင်းပြီလေ … နာမည်အတိုင်းပဲ။ ဖတ်လို့မရတဲ့ ကောင်းကင်ကျမ်းပေါ့ ”
ထို့နောက် လုကျိုးက အကြောင်းပြန်လှန်ကတ်အပေါ် အာရုံပြောင်းသွားလေသည်။ တစ်ကတ်စာသည် သူ့အား ရက် ၃၀၀ အသက်ဓာတ် ပေးနိုင်နှုန်းအရ ဆယ်နှစ်စာလောက် ရလိုက်ပေမည်။
ဤသည်မှာ တကယ့် အချီကြီး ရလိုက်ခြင်း ဖြစ်၏။
“ အခု သုံးလိုက်တော့မယ် ”
သိပ်မကြာခင် အကြောင်းပြန်လှန်ကတ် ဆယ်ကတ် တစ်ကတ်ပြီး တစ်ကတ်ပေါ်လာလေသည်။ ထိုစဉ် လေပြင်း တိုက်ခိုက်လာကာ ရှုမျှော်စင်အထက်ရှိ တိမ်တိုက်များလည်း အပြင်းအထန် လှုပ်ရှားကုန်ကြသည်။ ထိုအခိုက်အတန့်၌ အားပြင်းပြင်း စွမ်းအားတစ်ခုက ဝဲကတော့တစ်ခုသဖွယ် ဖြစ်ပေါ်လာပြီး လုကျိုးခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားတော့သည်။
လုကျိုးက သူ့အသက်ဓာတ် တိုးပွားလာကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။ သူ မျှော်မှန်းထားသည်ထက်ပင် ပို၍ အားကောင်းနေသေး၏။ သူ့လျော့တိလျော့ရဲ အသားအရည်မှာ တင်းရင်းလာပြီး တောင့်တင်းနေသော နံရိုးများက ယခင်ကထက် ပိုမို ပျော့ပျောင်းလာသည်။
သက်တမ်းအပို ရက် သုံးထောင်က သူ့ခန္ဓာကိုယ်ထဲ အသက်ဓာတ် အမြောက်အမြားကို ဖြည့်တင်းပေးလိုက်သလို ဖြစ်သွားသည်။
အချိန်အတော်ကြာသည့်အထိ လုကျိုးက သက်သောင့်သက်သာ ခံစားချက်၌ နစ်မြောနေလေသည်။ သူ ဤကမ္ဘာသို့ ရောက်လာကတည်းက ငယ်ရွယ်သည့် ခံစားချက် … စိတ်ကျေနပ်ရသည့် ခံစားချက်မျိုးကို မခံစားရသည်မှာ ကြာလှလေပြီ။
သူ့ဆံပင်များပင် မီးခိုးရောင် သမ်းလာလေ၏။
တြိသိပ်သည်းခြင်းပန်းပွင့် စိတ်ဝိညာဉ်သဏ္ဌာန်၏ စွမ်းအားကြောင့် ဖြစ်ပေါ်လာသည့် သူ့ချီပင်လယ်နှင့် အတွင်းအား ဗဟိုချက်အတွင်း လှုပ်ရှားမှုများကို ခံစားမိလိုက်သည်။ အထွတ်အထိပ် သဏ္ဌာန်ကတ်လောက် စွမ်းအားမများသော်လည်း ယခင်ထက်တော့ အားပိုကောင်းလာလေ၏။
ထို့အပြင် စိတ်ဝိညာဉ် သဏ္ဌာန်က သူ့ကျင့်ကြံဆင့်အား အာရုံဖွဲ့တည်ခြင်း နယ်ပယ်အဆင့်ရှိ ချီသန့်စင်ခြင်းအဆင့်မှ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် တိုးမြင့်သွားလေပြီ။
နာမည်။ ။ လုကျိုး
မျိုးနွယ်။ ။ လူသား
ကျင့်ကြံဆင့်။ ။ အာရုံဖွဲ့တည်ခြင်း နယ်ပယ်အဆင့်၏ ချီသန့်စင်ခြင်းနှင့် ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်
ကုသိုလ် အမှတ်။ ။ ၅၄ မှတ်
စိတ်ဝိညာဉ် သဏ္ဌာန်။ ။ တြိသိပ်သည်းခြင်းပန်းပွင့် စိတ်ဝိညာဉ်သဏ္ဌာန်
ကျန်ရှိသက်တမ်း၊ ။ ၄၅၀၉ ရက်
အသုံးပစ္စည်း။ ။ ကျိထျန်းတောက် အထွတ်အထိပ်အသွင် နှစ်ကတ်၊ အတိုက်အခိုက် ဒဏ်ပြင်းကာကွယ်ကတ်( အလိုအလျောက်သုံး) သုံးကတ်၊ မှော်နတ်ခြင်္သေ့
ကျင့်ကြံခြင်း နည်းစနစ်။ ။ ကောင်းကင်ကျမ်း ပေလွှာသုံးမျိုး ( မှတ်ချက် - ကောင်းကင်ကျမ်း ပေလွှာသုံးမျိုးက ကျင့်ကြံခြင်းလောကရှိ အခြားသော ကျင့်စဉ်များနဲ့ မတူပါ။ လက်ခံသူက ဖတ်ရှုရင်း ဆန်းကြယ်နက်နဲသော စွမ်းအားကို ဉာဏ်အလင်းပွင့်လာနိုင်ပါတယ် )
‘ဉာဏ်အလင်းပွင့်တာလား ’ ‘ ဒါက ကောင်းကင်ကျမ်း ကျင့်ကြံရမဲ့ ပုံစံမျိုးလား ’
လုကျိုးက သူ့မှတ်ဉာဏ်ရှိ တခြားသော ကျင့်စဉ်များကို မကျင့်ကြံသော်လည်း ကျင့်ကြံဖူးသည့် အတွေ့အကြုံနှင့် အသိဉာဏ် ဗဟုသုတတို့ ရှိပေသည်။ ထိုသို့ဆိုလျှင်ပင် ဤသို့ကျင့်ကြံခြင်း နည်းစနစ်မျိုး ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်၏။
တာ့ယန်ကမ္ဘာ၌ ကျင့်ကြံသူတို့က သူတို့ခန္ဓာကိုယ်ကို လေ့ကျင့်ကြရင်း ခရီးစဉ်ကို စတင်ကြလေ့ ရှိကြသည်။ သူတို့က ခန္ဓာတည်ဖွဲ့ခြင်း နယ်ပယ်အဆင့်သို့ တက်လှမ်းပြီး သူတို့၏ အရိုးအရွတ်၊ အရေပြားကို လေ့ကျင့်ကြကာ စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်အဆင့် ကိုးဆင့်ကို ကျော်ဖြတ်ရမည်။ ထို့နောက် သူတို့က စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်အဆင့်၏ မနော၊ ဇိဝှာ၊ ဃာန၊ စက္ခုနှင့် သောတ အဆင့်ငယ်များကို ဖြတ်ကာ အာရုံဖွဲ့တည်ခြင်းအဆင့်ဆီ တက်လှမ်းနိုင်သည်။ ထိုအဆင့်အပြီးတွင် ဗြဟ္မာပင်လယ်နယ်ပယ်၏ အဆင့်သုံးဆင့်ကို ကျော်ဖြတ်ပြီး နောက်ဆုံး၌ ချီသွေးကြော ရှစ်ခုကို ဖွင့်ကာ နတ်ဒေဝါ ဦးတည် နယ်ပယ်ဆီ ရောက်ရှိသွားနိုင်သည်။
နတ်ဒေဝါ ဦးတည် နယ်ပယ်သို့ ရောက်သွားသည့် ကျင့်ကြံသူကို ကြီးမြတ်သည့် ကျင့်ကြံသူအဖြစ် မှတ်ယူ၍ ရပေသည်။
ကြီးမြတ် ကျင့်ကြံသူများအတွက် အဆင့်သုံးဆင့် ခွဲထားပြီး နတ်ဒေဝါ ဦးတည် နယ်ပယ်၊ နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်နှင့် စိတ်နက်နဲမှု ကောင်းကင်သူတော်စင် နယ်ပယ်အဆင့်တို့ ဖြစ်ကြသည်။
ရှေးခေတ်အချိန်အခါကတည်းက စိတ်နက်နဲမှု ကောင်းကင်သူတော်စင်အဆင့် တက်လှမ်းနိုင်သော ကျင့်ကြံသူများမှာ ဒဏ္ဌာရီထဲသာ တည်ရှိကြသည်။ မည်သူကမှ မမြင်ဖူးကြပေ။ ထိုနယ်ပယ်အဆင့်ထဲ တက်လှမ်းဝင်ရောက်ခြင်းက ကျင့်ကြံသူတစ်ယောက်၏ သက်တမ်းကို ချိုးဖောက်ကာ အမတအရှင် မသေမျိုး တစ်ယောက် ဖြစ်လာစေသည်ဟု ဆိုကြသည်။
ကျိထျန်းတောက် သေဆုံးသွားစဉ်အခါက ထိုနယ်ပယ်အဆင့် ရောက်ရှိဖို့ရာ ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။
နှမြောဖို့ ကောင်းလိုက်တာ …
“ငါ့ကို တာဝန်တွေ ပြစမ်း ”
“ အဓိက တာဝန်။ ။ တပည့်ဆိုးများကို ပြုပြင်ပါ”
“တာဝန်ခွဲ #၁: ရှစ်ယောက်မြောက် တပည့် ကျူးဟုန်ကုန်းကို သွန်သင်ပဲ့ပြင်ရန် ”
“တာဝန်ခွဲ #၂: ကျိုးကျစ်ဖုန်းကို စုံစမ်းရန် - ဆောင်ရွက်သူ - တွမ့်မူရှန်း ”
……………..
“ ကြည့်ရတာ တပည့်ဆိုးတွေကို သွန်သင်ပေးဖို့နဲ့ တာဝန်တွေကို ပြီးမြောက်ဖို့က ကုသိုလ်အမှတ် ရဖို့ အရေးပါဆုံး နည်းလမ်း ဖြစ်နေတာကိုး ” လုကျိုးက ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။
သူက ကုသိုလ်အမှတ် များများ ရနိုင်မည့် နည်းလမ်းကို စဉ်းစားနေမိသည်။
ထို့အပြင် သူက လူဆိုးများကိုလည်း သတ်ပစ်နိုင်သေးသည်။ သို့သော်လည်း မည်သူကမှ သူ့ရှေ့ရောက်လာပြီး တိုက်ပွဲမဖြစ်ဘဲ အသတ်ခံကြမည် မဟုတ်ချေ။
ကံကောင်းသည်က သူ့တပည့်များကို တာဝန်များ ပြီးမြောက်စေခြင်းဖြင့် အမှတ်များ ရလာနိုင်သေး၏။
လုကျိုးက သူ့တပည့်များကို ရုတ်ခြည်း တွေးမိသွားသည်။
“ ရှစ်ယောက်မြောက် တပည့် ကျုးဟုန်ကုန်းက သိပ်ဉာဏ်ကောင်းတာ မဟုတ်ဘူးဆိုတော့ အလွယ်လေး သွန်သင်လို့ ရလောက်တယ် … ဒါပေမဲ့ ငါ့အပေါ် သစ္စာရှိမှု ဘာလို့ မပြရတာလဲ ”
မင်ရှစ်ရင် ယူဆောင်လာသည့် သတင်းအချက်အလက်များအရ ရှစ်ယောက်မြောက် တပည့်သည် ခုနှစ်ယောက်မြောက် တပည့်ကြောင့် လှုံ့ဆော်ခံထားရသလို ဖြစ်နေသည်။
လောင်ချီက တွက်ချက်တာ ကျွမ်းတယ်ဆိုတော့ သူသာ ကျင့်ကြံရေးလောကမှာ ခြေကုပ်ရချင်ရင် အကြီးဆုံးနဲ့ ဒုတိယတပည့်တို့နဲ့ အဆက်အသွယ်ကောင်း ရှိကို ရှိလိမ့်မယ် …
လုကျိုးက တပည့်ကို သင်ကြားပေးဖို့ မလွယ်ကူကြောင်း သိလိုက်တော့သည်။ သူ့စွမ်းအား တိုးပွားလာမှသာ သူ့တပည့်ဆိုးများနှင့် သမာသမတ်ဂိုဏ်း ကျင့်ကြံသူများကို ဟန့်တားနိုင်ပေလိမ့်မည်။ သို့သော် လက်ရှိ၌ သူ့ကျင့်ကြံဆင့်မှာ အားနည်းလွန်းနေသေး၏။
“ဒီအခြေအနေကို ဖြေရှင်းဖို့ နည်းနည်းတော့ ခက်ဦးမယ် ”
လုကျိုးက ခေါင်းတခါခါဖြင့် ပြောလိုက်တော့သည်။ ရွှေနန်းဥယျာဉ်တောင်သည် တိုက်ခိုက်ခံရဖို့ အဓိကပစ်မှတ်အဖြစ် ကျန်ရှိနေဆဲ မဟုတ်ပါလော။
ခဏကြာ စဉ်းစားလိုက်ပြီးနောက် သူက ကောင်းကင်ကျမ်း ပေလွှာကို အရင်ဆုံး လေ့လာပြီး ကျန်သည့်အရာများကို နောက်မှ တွေးဖို့ ဆုံးဖြတ်လိုက်တော့သည်။ နောက်နှစ်ရက်လုံးလုံး မိစ္ဆာမျှော်နန်း၌ အခန်းတံခါး ပိတ်ကာ ကောင်းကင်ကျမ်း ပေလွှာကို လေ့လာနေလိုက်တော့သည်။ ထိုစဉ် ရှောင်ယွမ်အာက အပြင်ဘက်မှ သူမ ရှစ်စွင်း ထွက်လာမည့်အချိန်အား စောင့်ဆိုင်းနေလေ၏။
ထိုစဉ် လရောင်ဆွတ် နန်းတော်၌ …
လရောင်ဆွတ် နန်းတော်၏ နန်းတော်သခင်မ ယဲ့ထျန်းရှင်းက လက်ထဲတွင် ငှက်မွေးယပ်တောင်ကို အသာဝေ့ယမ်းရင်း ပိတ်ကျဲ ကန့်လန့်ကာနောက်တွင် လဲလျောင်းနေလေသည်။
သူမက အချိုးအစား လှပကာ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်၊ နူးညံ့စိုပြေသော အသားအရည်နှင့် ကြော့ရှင်းလှပသော မျက်နှာလေး ရှိသည်။ သူမ သွင်ပြင်ကြောင့် ဤလူမှာ မိစ္ဆာအိုကြီး၏ ခြောက်ယောက်မြောက် တပည့် တစ်ဖြစ်လဲ ပေလွှာနက်၌ အဆင့်ကိုးနေရာ ဖြစ်သည့် ယဲ့ထျန်းရှင်း ဖြစ်မည်မှန်း ခန့်မှန်းကြည့်ဖို့ ခက်ခဲလှသည်။
သူမက မျက်လုံးအသာဖွင့်ကာ ကန့်လန့်ကာ အပြင်ဘက်မှ ပုံရိပ်အား ကြည့်လိုက်ရင်း ရယ်မောလိုက်သည်။
“ရှစ်ကျဲ ရွှေနန်းဥယျာဉ်တောင်ကနေ အစောကြီး ထွက်လာသင့်တာ အခုအချိန်အထိ စောင့်မနေသင့်ဘူး ”
ထိုပုံရိပ်မှာ ပေလွှာနက်ပေါ်ရှိ ၂၈ နေရာမြောက် ကျောင်းယွဲ့ဖြစ်ပြီး မိစ္ဆာအိုကြီး၏ ငါးယောက်မြောက် တပည့်လည်း ဖြစ်ပေသည်။
“ ငါက ရှစ်မေ့လို ကံမှ မကောင်းတာ … ရှစ်မေ့ ငါ အဲဒီလူအိုကြီးဆီက တစ်ခုခု ရဦးမယ် ထင်နေတာ သူက အဲလောက် ကပ်စေးနှဲမယ်လို့ ထင်မထားမိဘူး။ နင် ဂိုဏ်းကနေ ထွက်သွားကတည်းက သူက ငါတို့ကို မယုံတော့ဘူး ” ကျောင်းယွဲ့က ပြောလိုက်သည်။
“ ရှစ်ကျဲကို ပြောဖူးပါတယ် … ရှစ်ကျဲက ညီမထက် ဂိုဏ်းကို အရင်ရောက်ပေမဲ့ ရှစ်ကျဲ မမြင်တာတွေ ရှိပါသေးတယ် ” ယဲ့ထျန်းရှင်းက အပြုံးလေးနှင့် ပြောလိုက်သည်။
“ ဟိုလူအိုကြီးက ရတနာတွေကို ဘယ်မှာများ ဝှက်ထားလဲ မသိဘူး … သူနဲ့အတူ အုတ်ဂူအထိ ပါသွားမှာ နှမြောစရာပဲ ”
ယဲ့ထျန်းရှင်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“ ရှစ်ကျဲကို အကြံတစ်ခု ပေးမယ် ”
“ အို ဘာအကြံများလဲ ”
“ လူအိုကြီးက ကျို့ရှစ်မေးကို အလိုလိုက်တယ်လေ။ သူမကို ထည့်အသုံးချလိုက်ပေါ့… စန်းရှစ်ရှိုးနဲ့ စစ်ရှစ်ရှိုးတို့က သစ္စာမရှိတဲ့ အရိပ်အယောင် ပြနေပြီဆိုတော့ သူတို့ကို လုံးဝ ပစ်ယုံမှာ မဟုတ်တော့ဘူး။ ရှစ်မေ့ကပဲ အနီးကပ်နေပြီး ကာကွယ်ပေးနေတာလေ။ သူ့ဆီ လှည့်ကွက်တွေ၊ လျှို့ဝှက်ချက်တွေ ရှိနေပေမဲ့ သက်မဲ့ ပစ္စည်းတွေက သက်ရှိတစ်ယောက်နဲ့တော့ မယှဉ်နိုင်ပါဘူး ”
“ ဒါက … ” ကျောင်းယွဲ့က အကြံကို ကြားလိုက်ရသည့်အခါ အနည်းငယ် တွန့်ဆုတ်သွားလေ၏။
အမှန်အတိုင်း ပြောရလျှင် သူမက ရှစ်စွမ်းအား ရှစ်မေ့နှင့် အကြပ်ကိုင် မခြိမ်းခြောက်ရဲပေ။ သူမက သူ့ကို ရန်စမိသလို ဖြစ်သွားပြီး လော့ချန်းဖုန်းကို လုပ်ခဲ့သလိုမျိုး သူမကို သတ်ဖို့ ဝှက်ဖဲ ထုတ်သုံးလာမည်ကို ကြောက်နေခြင်း ဖြစ်သည်။
“ ရှစ်ကျဲက ကြောက်နေတာပဲ ”
“ မဟုတ်ပါဘူး …ငါ မကြောက်ဘူး ” ကျောင်းယွဲ့က ငြင်းလိုက်သည်။
“ဟုတ်ပါတယ် ရှစ်ကျဲ ကြောက်နေတာပါ … ရှစ်ကျဲ အရင်တုန်းက အဲဒီလူအိုကြီး ဘယ်လိုဆက်ဆံခဲ့လဲဆိုတာ မှတ်မိသေးရဲ့လား။ ရှစ်ကျဲ နူးညံ့နေလို့ မဖြစ်ဘူးလေ။ ရက်စက်ရမယ် ”
ကျောင်းယွဲ့က ပြောလိုက်သည်။
“ရှစ်မေ့ ပြောသမျှ အကုန်သဘောပေါက်ပါတယ်။ ဒါပေမဲ့ ပြဿနာက တာ့ရှစ်ရှိုးတောင် မလုပ်ရဲဘူးလေ။
တကယ်လို့ ငါက လုပ်လိုက်လို့ လူအိုကြီး ဒေါသထွက်သွားစေမိရင် ကိုယ့်သေတွင်းကို တူးမိသလို ဖြစ်သွားလိမ့်မယ်လေ ”
“ ရှစ်ကျဲက တောင်ပေါ် နေလာတာ ကြာလှပြီဆိုတော့ သတ္တိနည်းသွားတာပဲ ”
ယဲ့ထျန်းရှင်းက ခုတင်ပေါ်မှ ထလာလိုက်သည်။ သူမ၏ ကြော့ရှင်းလှပသော မျက်နှာအထက်မှ အေးစက်စက် အပြုံးပွင့်က မတူညီကွဲပြားသော ဆွဲဆောင်မှုမျိုး ရှိလာစေသည်။
“ ရှစ်ကျဲဘာသာ လုပ်ရမယ်လို့ ဘယ်သူက ပြောလို့လဲ ”
“ နင် …” ကျောင်းယွဲ့က သူမ၏ ရှစ်မေ့အား မျက်လုံးပြူးပြီး ကြည့်လိုက်မိသည်။