← Chapters

ရှစ်စွင်းနှင့်အတူ နတ်ခြင်္သေ့ကို စီးခြင်း

Vol. 2 Ch. 24

ရှစ်စွင်းနှင့်အတူ နတ်ခြင်္သေ့ကို စီးခြင်း

Vol. 2 Ch. 24

အခန်း (၂၄) ရှစ်စွင်းနှင့်အတူ နတ်ခြင်္သေ့ကို စီးခြင်း

သူမ ထိုအကြောင်းကြား‌ချိန် ရှောင်ယွမ်အာ ဒူးထောက်ချလိုက်ကာ

"ရှစ်စွင်း၊ ဒီတစ်ကြိမ် ကျွန်မကို ဖြေရှင်းခွင့်ပေးပါနော်..."

တကယ်တော့ သူတို့သည် သူ့မိသားစုဖြစ်၍ သွေးပျက်သည်မှာ ပုံမှန်ပဲဖြစ်၏။

သို့သော် လုကျိုး သူမ တောင်းဆိုချက်အား ချက်ချင်းသဘောမတူပေ။

မင်ရှစ်ရင်သည် ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းရာတွင် အတွေ့အကြုံ အမှန်တကယ် ပိုရှိပေသည်။ သူ့ကျင့်ကြံဆင့်ကလည်း ပိုမြင့်သည်ဖြစ်ချေရာ ဤကိစ္စကိုဖြေရှင်းခွင့်ပြုလိုက်တာက ပိုစိတ်ချရမည်။

ထို့နောက် စာပို့ခိုတစ်ကောင် ပျံသန်းလာလေသည်။

"ယွမ်အာ"

ထိုသို့နှင့် ရှောင်ယွမ်အာသည် ပျံလွှားငှက်လေးပမာ  ကောင်းကင်ဆီ မြန်မြန်ဆန်ဆန် ပျံသန်းပြီး ခိုကိုဖမ်းလိုက်သည်။

"ရှစ်စွင်း၊ စန်းရှစ်ရှိုးဆီက စာပါ"

"ဖတ်ပြ"

"ရှစ်စွင်း၊ ကျွန်တော် ကောင်းကင်ဓားဂိုဏ်းဆီ စုံစမ်းဖို့သွားချိန် သူတို့ရဲ့ဂိုဏ်းခေါင်းဆောင် နေရာက ယာယီ လစ်ဟာပြီး ကျိုးကျစ်ဖုန်းက ဂိုဏ်းကထွက်သွားပြီမှန်း သိလိုက်ရပါတယ်၊ ထပ်စုံစမ်းပြီးတဲ့နောက် သူက သမာဓိဂိုဏ်းဆီ ဝင်သွားမှန်းသိလိုက်ရပါ‌သေးတယ်၊ သမာဓိဂိုဏ်းခေါင်းဆောင် ကျန့်ယွမ်ရှန်းက သူ့ကို ဂိုဏ်းရဲ့ အကြီးအကဲလေးယောက်ထဲက တစ်ယောက်အဖြစ် သတ်မှတ်လိုက်ပြီး ဂိုဏ်းရဲ့အသက်အငယ်ဆုံး အကြီးအကဲဖြစ်စေခဲ့တာပါ၊ ကျန့်ယွမ်ရှန်းရဲ့ နက်နဲတဲ့ ကျင့်ကြံဆင့်ကြောင့် ကျွန်တော် သမာဓိဂိုဏ်းအတွင်းပိုင်းနက်နက်ထိတော့ မသွားခဲ့ပါဘူး...၊ ဒါပေမဲ့ ကျွန်တော်စုဆောင်းရခဲ့တဲ့အချက်အလက်အရ ကျန့်ယွမ်ရှန်းက ရှစ်စွင်းကို လူသိရှင်ကြား ရံဖန်ရံခါ စော်ကားခဲ့ပြီး ကျင့်ကြံခြင်းလောကကို သူ့ဂိုဏ်းဟာ ရွှေနန်းဥယျာဉ်တောင်နဲ့ မတည့်တဲ့အကြောင်း ကြေညာခဲ့ပါတယ်တဲ့"

သူမ ထိုအကြောင်းကိုပြောချိန် ‌ရှောင်ယွမ်အာသည် စာဖတ်ခြင်းကိုရပ်ပြီး လုကျိုးကိုလှ မ်းကြည့်လိုက်သည်။

လုကျိုးမျက်နှာသည် လုံးဝ မအံ့ဩဟန် တည်ငြိမ်နေ၏။

'ဒီလောကထဲက လူအများကြီးက ငါ့ကိုမုန်းတီး‌နေကြတာပဲကို၊ တစ်ယောက်ထပ်ပေါင်းလိုက်လို့လည်း ပြောင်းမလဲသွားဘူး'

သူက ပေါ့ပေါ့ပင် တွေးလိုက်သည်။ အကယ်၍ ထိပ်တန်းကျွမ်းကျင်ပညာရှင်ဆယ်ယောက်၏ ဝိုင်းအုံတိုက်ခိုက်ခြင်း ဘေးဒုက္ခကိုတောင် ဖြေရှင်းနိုင်လျှင် သမာဓိဂိုဏ်းလေးတစ်ဂိုဏ်းအား စိုးရိမ်စရာ အကြောင်းမရှိ။

"ကျွန်တော် သမာဓိဂိုဏ်းရဲ့ ဌာနချုပ်နေရာဖြစ်တဲ့ ဝါးတောင်တန်းမှာ စုံစမ်းချိန် သူတို့ ဒုတိယအကြီးအကဲ တုသာ့ဖန်နဲ့ အသေအကြေတိုက်ခိုက်ပြီး နိုင်ခဲ့ပါတယ်၊ အဲငစဉ်းလဲကောင်ကို မသတ်ခဲ့ရတာတော့ နှမျောစရာပဲ"

ရှောင်ယွမ်အာသည်တစ်ဖန်ရပ်သွားကာ မျက်မှောင်ကြုတ်သွား၏။

"ကျွန်တော့်အခြေအနေကို ပြန်ညှိပြီးတာနဲ့ ညဘက် သမာဓိဂိုဏ်းဆီသွားလည်ပြီး ရှစ်စွင်း ဒေါသဖြေလို့ရအောင် ကျန့်ယွမ်ရှန်းကို လုပ်ကြံလိုက်မယ်လို့စီစဉ်ထားပါတယ်"

သူမစကားပြောပြီးသည်နှင့် ရှောင်ယွမ်အာက လက်သီးဆုပ်လျက်

"ရှစ်စွင်း၊ အဲ တုသာ့ဖန်က ဘယ်လိုပဲဖြစ်ဖြစ် နတ်ဒေဝါဦးတည်ကျွမ်းကျင်ပညာရှင်ပဲလေ၊ စန်းရှစ်ရှိုး သူ့ကြောင့်ဒဏ်ရာရသွားတယ်လို့ ကျွန်မယူဆတယ်"

မင်ရှစ်ရင်သည်လည်း အံ့အားသင့်သွားခဲ့သည်။

"စန်းရှစ်ရှိုးက သူ့အသက်ကိုသူ စွန့်စားနေတာပဲ"

ကျန့်ယွမ်ရှန်းအောက် တုသာ့ဖန်သည် သမာဓိဂိုဏ်း၏ အားအကြီးဆုံး ပညာရှင်ဖြစ်၏။ သူ့ကျင့်ကြံဆင့်သည် နတ်ဒေဝါဦးတည်နယ်ပယ်၏ ပြီးပြည့်စုံသည့် အဆင့်ဖြစ်ပေရာ နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ်မှ တစ်ဆင့်သာလိုတော့သည်။ ကျိထျန်းတောက်သည် ပညာရှင်ဆယ်ယောက်၏ ပူးပေါင်းတိုက်ခိုက်ခြင်းကို ခံရစဉ် ကျိထျန်းတောက်တပည့်များကို တိုက်ခိုက်ရန် ရာချီသော ကျင့်ကြံသူများကို ဦးဆောင်လာခဲ့သူ ဖြစ်ပေ၏။ တွမ့်မူရှန်းသည် ဒီလူ့ကို တစေမုန်းတီးနေခဲ့သည်။

သို့သော် တွမ့်မူရှန်းက ကျန့်ယွမ်ရှန်းအား လုပ်ကြံရန် စီစဉ်ခြင်းသည် မရဲဘဲကျွဲပြဲစီးခြင်းသာ ဖြစ်သည်။

မုတ်ဆိတ်ကို သပ်လျက် လုကျိုးစကားဆိုလိုက်သည်။

"လောင်စန်းက ရိုးရှင်းတဲ့ကောင်နဲ့တူပေမဲ့ သတ္တိရှိ၊ ဉာဏ်ကောင်းပြီး သူ့ကိုယ်ပိုင်အကြံတွေရှိတယ်၊ သမာဓိဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ကျန့်ယွမ်ရှန်းက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ဆီ တက်လှမ်းသွားခဲ့တာ နှစ်တွေရာချီနေပြီ၊ မင်းစန်းရှစ်ရှိုးက နတ်ဒေဝါဦးတည် ကျွမ်းကျင်ပညာရှင် ဖြစ်ပေမဲ့ ကျန့်ယွမ်ရှန်းထက် နယ်ပယ်တစ်ခုနိမ့်တယ်၊ သူသာ တကယ်လုပ်ကြံရင် ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"

"ဒါဆို စန်းရှစ်ရှိုးက ဘာလို့ အဲအကြောင်းထည့်ပြောတာလဲ"

မင်ရှစ်ရင်က ဝင်ပြောလာသည်။

"ကျောင်းယွဲ့က ဂိုဏ်းကို စွန့်ခွာသွားခါစ... ကျွန်တော် အခုသဘောပေါက်ပြီ စန်းရှစ်ရှိုးက သူ့သစ္စာရှိမှုကိုပြဖို့ အဲဒါကို အသုံးချနေတာပဲ၊ ဟီးဟီး ရှစ်စွင်းပြောတာမှန်တယ်၊ ကြည့်ရတာ ကျွန်တော်ကမှ သူ့ထက်အများကြီး ပိုရိုးရှင်းတဲ့လူပဲ"

"..."

"အိုး.."

ရှောင်ယွမ်အာကတော့ အပြည့်အဝသဘောမပေါက်ပေ။

လုကျိုးအပေါ် တွမ့်မူရှန်း၏ နားလည်သဘောပေါက်ခြင်းသည် ကျိထျန်းတောက်ပုံရိပ်တွင် အခြေခံနေသေးမှန်း မြင်နိုင်သည်။ ကျိထျန်းတောက်သာ ဤနေရာတွင်ရှိနေသေးလျှင် တွမ့်မူရှန်းအား အန္တရာယ်စွန့်စားခိုင်းပြီး ညအခါ သမာဓိဂိုဏ်းဆီ သွားလည်ခိုင်းမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

သို့သော် တကယ်သွားခဲ့လျှင်တောင် တွမ့်မူရှန်းသည် သူ့လုံခြုံရေးကို သေချာပေါက် အစွမ်းကုန်ဦးစားပေးကာ ဒဏ်ရာရသွားဟန် ဟန်ဆောင်လိမ့်မည်။ ဒီလိုနည်းနှင့် ဆရာနှင့်တပည့်ကြားမှ စိတ်ဝမ်းကွဲမှုသည် ပိုကြီးမားလာကာ တဖြည်းဖြည်း ရက်စက်သည့် သံသရာစက်ဝန်းတစ်ခု ဖြစ်လာလိမ့်မည်။

တစ်ခဏတာစဉ်းစားပြီးနောက် လုကျိုးကပြောလာသည်။

"လောင်စစ်၊ ငါ အစက မင်းကို ရွှေနန်းဥယျာဉ်တောင်ရဲ့ အရံအတားစည်းတွေကို ပြန်ပြင်ခိုင်းမို့၊ အကာအရံက နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်ရဲ့ ထိပ်တန်းအဆင့်တွေကို တားဆီးပေးနိုင်တယ်...၊ ဒါပေမဲ့ အခု လောင်စန်းမှာ ဒီတာဝန်ရှိလာတော့ သူ့ကို မင်းကူညီပေးစေချင်တယ်၊ ဒါတွေပြီးချိန် တောင်ပေါ်နေပြီး ကျင့်ကြံခြင်းအပေါ်အာရုံစိုက်၊ ငါမင်းကို ကောင်းကင်အဆင့်ရတနာပေးပါ့မယ်"

အကာအရံသာ မပြင်ဆင်ရသေးလျှင် အကြီးဆုံးနှင့် ဒုတိယတပည့်သည် သမာသမတ်ဂိုဏ်းများအား ရွှေနန်းဥယျာဉ်တောင်ကို တိုက်ခိုက်ရန် တစ်ဖန်သွေးထိုးပေးလိမ့်မည်။ ယင်း သမာသမတ် ကျင့်ကြံသူပညာရှင်များနှင့်တင် လုကျိုးအားခေါင်းခဲစေရန်လုံလောက်၏။

မင်ရှစ်ရင် အပျော်လွန်သွားပြီး အလျင်အမြန် ဒူးထောက်ချလိုက်သည်။

"ဟုတ်ကဲ့ပါ ရှစ်စွင်း"

"ကျွန်တော် နားလည်ပါပြီ ရှစ်စွင်း"

သူသာ ကောင်းကင်အဆင့်ရတနာကို ရနိုင်လျှင် တောင်တွင် သုံးနှစ်မပြောနှင့် ငါးနှစ် ဒါမှမဟုတ် ဆယ်နှစ်ထိနေရန် ဆန္ဒရှိသည်။ ကျင့်ကြံသူအမြောက်အများသည် သေဆုံးချိန်ထိ ကောင်းကင်အဆင့်ရတနာ မရရှိတတ်ကြပေ။ သူ့တာ့ရှစ်ရှိုး ယွီကျန့်ဟိုင်သည် နဂါးသွဲ့ကျောက်ဓားရှည်ကို ပိုင်ဆိုင်ထားပြီး သောင်းနှင့်ချီ ကျင့်ကြံသူများ၏ ခေါင်းကိုဖြတ်ပစ်ရန် သုံးခဲ့ကာ သူ့အတွက်သူ နာမည်တစ်ခုဖန်တီးနိုင်ခဲ့သည်။ ကောင်းကင်အဆင့်ရတနာရှိသူနှင့် မရှိသည့် ကျင့်ကြံသူသည် အဘိုးနှင့်မြေးတစ်ယောက်ကဲ့သို့ ‌ခက်ခဲသည့် သင်ခန်းစာကို အလွယ်တကူ သင်ကြားပေးနိုင်သည်။

နှစ်ပေါင်းများစွာ ကျိထျန်းတောက်သည် ကောင်းကင်အဆင့်ရတနာများကို ထုတ်ပေးရာတွင် အင်မတန် သတိကြီးခဲ့၏။ မင်ရှစ်ရင်သည် ဒီလိုမျိုး အကျပ်အတည်းကာလတွင် ကောင်းကင်အဆင့်ရတနာများကို ဆုချီးမြှင့်ရန် ကတိပေးလာမည် မထင်ခဲ့ပေ။

သူ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မလဲ။

သူ့သစ္စာရှိမှုသည် ချက်ချင်းပင် ငါးရာခိုင်နှုန်းမြင့်တက်သွား၏။

"ရှစ်စွင်း၊ ရှစ်မေ့ရဲ့ မိသားစုနဲ့ပတ်သက်ပြီးတော့ရော"

"ဒီကိစ္စက မရိုးရှင်းဘူး၊ ငါ ရှောင်ယွမ်အာနဲ့ ဆွေးနွေးပြီးမှ ဆုံးဖြတ်ချက်ချမယ်"

"ကျွန်တော် နားလည်ပါပြီ၊ စန်းရှစ်ရှိုးကို ကူညီပေးဖို့ ကျွန်တော် အခု သွားပါတော့မယ်၊ တာဝန်ပြီးမြောက်တဲ့အခါ ရွှေနန်းဥယျာဉ်တောင်ကိုချက်ချင်းပြန်လာပြီး အကာအရံကို ပြန်ပြင်မှာပါ"

"အခုသွားတော့"

မင်ရှစ်ရင် လှည့်ထွက်သွားပြီး တစ်ချိန်တည်းမှာပင် တာဝန်ဇယား၌ တာဝန်တစ်ခု ပေါ်လာသည်ကိုမြင်လိုက်ရသည်။

"ရှစ်စွင်း၊ ဘာလို့ အဲကျိုးကျစ်ဖုန်းကို အတည်ပေါက်ကြီး ကိုင်တွယ်နေပုံပေါက်တာလဲဟင်၊ သူနဲ့ပတ်သက်ပြီး ထူးထူးခြားခြားလည်းမရှိပါပဲနဲ့"

ရှောင်ယွမ်အာက စူးစမ်းလိုစိတ်ဖြင့် မေးလာသည်။

"သူ ငါ့ကိုလုပ်ကြံချိန် သူ့အသက်ကို ချမ်းသာပေးခဲ့ရတဲ့ အကြောင်းရင်းက ငါ သူ့ကို ကောင်းကင်ဓားဂိုဏ်းရဲ့ တကယ့်စိတ်ထားအမှန်ကို သိစေချင်တာ၊ ဒါမှ သူအင်အားကြီးလာရင် သူတို့အတွက် ခြိမ်းခြောက်မှုကြီး ဖြစ်လာလိမ့်မယ်၊ သူ ရွှေနန်းဥယျာဉ်တောင်ဆီ အညံ့မခံဖို့ ရွေးချယ်ရင်တောင် အနှေးနဲ့အမြန် ကောင်းကင်ဓားဂိုဏ်းနဲ့ ပဋိပက္ခဖြစ်လာလိမ့်မယ်၊ ငါက သူအသက်ရှင်နေသေးတာ သေချာအောင်လုပ်ချင်ရုံပဲ"

ရှောင်ယွမ်အာကပြုံးလိုက်သည်။

"ရှစ်စွင်း အရင်ကဆို ရန်သူတွေကို တန်းသတ်ပြီးတော့ပဲ အဆုံးသတ်နေကျနော်၊ ဒါပေမဲ့အခု..."

"အခု ငါ့ဦးနှောက်ကို ဘယ်လိုသုံးရမလဲသိပြီ၊ မင်းအဲဒါပြောဖို့ကြိုးစားနေတာလား"

ရှောင်ယွမ်အာက လျှာတစ်‌လစ်လေးထုတ်ကာ စကားဆက်မပြောရဲတော့ပေ။

လုကျိုး ရယ်မောလိုက်သည်။

"အင်းလေ၊ မင်းကိုအပြစ်တော့မတင်ပါဘူး"

သူက ဒီလိုလုပ်ပြီး ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ခြင်းဖြစ်သည်။ သူ အကောင်အထည်ဖော်လိုသော ပထမတစ်ခုသည် သူ့တပည့်ဆိုးများအား မုန်လာဥများ၊ တုတ်များဖြင့် ထိန်းကျောင်းပြီး သတို့အား သူ့ဘက် ဆွဲသွင်းရန်ဖြစ်၏။ ဒုတိယတစ်ခုကတော့ ရွှေနန်းဥယျာဉ်တောင်၏ အင်အားကို ထိန်းသိမ်းရန်ပင်။ သူ့တပည့်များက ကောက်ကျစ်သော်လည်း သူတို့မရှိလျှင် ရွှေနန်းဥယျာဉ်တောင်၏ အင်အားသည် အလွန်အမင်း လျော့ကျသွားလိမ့်မည်။ သူသာ သူတို့ကိုလက်နက်မပေးလျှင် သူတို့သည် အစွယ်မရှိသည့် ကျားများသာဖြစ်လိမ့်မည်။

ထိပ်တန်းဂိုဏ်းဆယ်ဂိုဏ်းကို ဖြေရှင်းရန်အတွက်ကတော့ ယခုချက်ချင်း လုပ်ရန် စောလွန်းနေသေးသည်။

"ရှစ်စွင်း၊ ကျွန်မကိုစီမိသားစုကိစ္စ ဖြေရှင်းခွင့်ပေးမှာလားဟင်"

လုကျိုးက ခပ်တိုးတိုးအသံဖြင့် ပြောလိုက်သည်။

"ဒီကိစ္စက ထင်သလိုမရိုးရှင်းဘူး၊ ငါ မင်းရဲ့ စစ်ရှစ်ရှိုးကို ဖြေရှင်းခွင့် မပေးတာက သူက ကိစ္စတွေကို ပေါ့ပျက်ပျက် ဖြစ်ကတတ်ဆန်း ဖြေရှင်းမှာဆိုးလို့ပဲ"

မင်ရှစ်ရင် အရင်တစ်ခေါက် ပြန်ပေးဆွဲခြင်းကို ဖြေရှင်းသည့်ပုံစံမှ သိခဲ့ရသည်။ စတုတ္ထမြောက်တပည့်သည် ကျိထျန်းတောက် ကိုင်တွယ်ဖြေရှင်းသည့်နည်းတိုင်း ထပ်တူထပ်မျှ အတုယူလုနီးပါးပင်။ သူက မြင်းစီးတောပုန်းဓားပြအားလုံးကို သတ်ခဲ့ကာ လူများအားကယ်တင်ပြီး ပြီးချေပြီ။ ဖြစ်ရပ်နောက်ကွယ်မှ လက်သည်တရားခံကို ရှာဖွေရန် အလေးအနက်ထားမှုတောင်မရှိပေ။

"ရှစ်စွင်း၊ ကျေးဇူးပြုပြီး ကျွန်မမိသားစုကို ကယ်တင်ပေးပါဦး"

ရှောင်ယွမ်အာသည် ဒူးထောက်ကာ တောင်းပန်လာ၏။

ရှောင်ယွမ်အာမှလွဲလျှင် လုကျိုးတွင် ရွှေနန်းဥယျာဉ်တောင်၌ အသုံးပြုလို့ရသည့် တခြားသူမရှိပေ။ ထို့ကြောင့်

"ငါကိုယ်တိုင် အန်ယန်းကိုသွားလိုက်မယ်" ဟုဆိုလိုက်သည်။

"ရှင်... ရှစ်စွင်း၊ ဒီကိစ္စကို ကိုယ်တိုင်ကိုင်တွယ်ချင်နေတာလား"

ရှောင်ယွမ်အာသည် မင်သက်သွားခဲ့၏။

ဆရာသည် ရွှေနန်းဥယျာဉ်တောင်မှ ထွက်မသွားခဲ့တာ အချိန်အင်မတန်ကြာနေပြီ။ ဘယ်သူမှ ဘာမှ မပြောရသေးသော်လည်း ကိုယ်ကာယပိုင်းဆိုင်ရာ အကြောင်းရင်းများကြောင့်ဟု လူတိုင်း ခပ်ရေးရေးတော့ ခန့်မှန်းမိကြသည်။ သူ စီမိသားစုကြောင့် တောင်ကနေထွက်ခွာမည်ဟု သူမ မမျှော်လင့်မိခဲ့ပေ။

ရလဒ်အနေနှင့် ရှောင်ယွမ်အာ၏ သစ္စာရှိမှုသည် ၅ရာခိုင်နှုန်း မြင့်တက်သွားခဲ့သည်။

"ဒီကိစ္စက ပေါက်ကြားလို့မဖြစ်ဘူး၊ ပြီးတော့ မင်းရဲ့ ရှစ်ရှိုးတွေကိုလည်း လျှို့ဝှက်ချက်အနေနဲ့ ထားရမယ်လို့ အသိပေးစာချန်ခဲ့၊ ပြီးတော့ တခြားကိစ္စတစ်ခုခုရှိရင် သူတို့ကိုစာပို့ခိုတွေနဲ့အတူ စာပို့မယ်လို့"

"ကျွန်မနားလည်ပါပြီ ရှစ်စွင်း"

ထိုသို့ပြုလုပ်ခြင်းဖြင့် လုကျိုးသည် သူ့တပည့်များကို အဝေးမှတစ်ဆင့် အမိန့်ပေးနိုင်ရုံသာမက သူ့ကိုယ်သူဘေးကင်းသည့် နေရာတွင် ရှိနေစေနိုင်သည်။

သူ့ ယခုလက်ရှိ အသွင်အား မဆိုစလောက် သပ်သပ်ရပ်ရပ်ပြုပြင်လိုက်လျှင်  မည်သူမှ သူ့ကို ရွှေနန်းဥယျာဉ်တောင်၏ မိစ္ဆာအရှင်အိုကြီးမှန်း မည်သူမှ မသိလောက်၊ မယုံကြည်လောက်ပေ။ ပြီးတော့ ရှောင်ယွမ်အာသူနှင့်အတူလိုက်လျှင် တောင်ပေါ်တွင် နေသည်ထက် ပိုပြီးဘေးကင်း၏။

"နတ်ခြင်္သေ့"

ခေါ်သံနှင့်အတူ မျက်စိကျိန်းရသော အလင်းတန်းအလွှာတစ်ခု ကောင်းကင်ယံတွင် ထိန်လင်းလာပြီးနောက် အံ့ချီးလောက်သော စီးတော်သားရဲတစ်ခုပေါ်လာကာ လေထဲတွင် တစ်ခဏတာ ဝေ့ဝဲပြီးနောက်မှ ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။

"ရှစ်စွင်း စီးတော်သားရဲပြောင်းလိုက်တာလား"

ရှောင်ယွမ်အာ ရှေ့နောက်မစဉ်းစား ပြောမိလိုက်သည်။

လုကျိုးတည်ငြိမ်စွာဆိုလိုက်၏။

"အပေါ်တက်လာခဲ့"

"အာ.. ကျွန်မ... ကျွန်မ ရှစ်စွင်းရဲ့ စီးတော်သားရဲအပေါ် မစီးရဲပါဘူး"

"ရတယ်၊ မင်းငါ့ရှေ့ထိုင်လိုက်၊ အန်ယန်းကို ၂နာရီအတွင်း ငါတို့ရောက်လိမ့်မယ်"

All Chapters