အဘိုးကြီးက ကြည့်ရ မဆိုးဘူး
Vol. 2 Ch. 25
အခန်း (၂၅) အဘိုးကြီးက ကြည့်ရ မဆိုးဘူး
နတ်ဒေဝါဦးတည်နယ်ပယ် ကျွမ်းကျင်အဆင့် ကျင့်ကြံသူ၏ ဈာန်ဖြင့်ပျံနိုင်သည့် အရှိန်အဟုန်မှာ လွန်စွာမြန်သည်။ သို့ပေသိ၊ ပျံသန်းနိုင်သော စီးတော်သားရဲသတ္တဝါထက်တော့ မမြန်နိုင်ပေ။ ထိုမျှမက ကျင့်ကြံသူတစ်ယောက် အလွတ်ပျံနိုင်ရန်အတွက် ချီစွမ်းအားကိုထုတ်သုံးရသေးသည်။ ပျံနိုင်သော သတ္တဝါကို ကျောအောင် ပျံနိုင်ဖို့ဆိုလျှင် ဝိညာဉ်အမီဖမ်း ခြေမြန်ကွက်ကဲ့သို့ ကိုယ်ဖော့နတ်သိုင်းမျိုး တတ်ထားရန် လို၏။ သို့သော် ထိုနတ်သိုင်းများက ပို၍ အတွင်းအားကုန်ခမ်းစေသည်။ ထို့ကြောင့် ခရီးသွားလာရန်အတွက် သုံးရန် မသင့်ပေ။
ရှောင်ယွမ်အာသည် မှော်နတ်ခြင်္သေ့ကျောပေါ်သို့ စိတ်တထင့်ထင့်ဖြင့် ခုန်တက်လိုက်သည်။ သို့သော် ချက်ချင်းပင် အနှီသတ္တဝါ၏ နူးညံ့သော သားမွှေးတောင်မွှေးများနှင့် ရောင်ပြန်ဖျော့ဖျော့လင်းနေသော ဦးချိုများကြောင့် အံ့သြမင်သက်နေရလေသည်။
စီးတော်အဖြစ် အသုံးချနိုင်သော သတ္တဝါအမျိုးမျိုး ရှိသည်။ သာမန် သားရဲသတ္တဝါများမှာ သိပ်မမြန်၊ ပစ္စည်းအလေးအပင် သယ်ပိုးရန်၊ လှည်းဆွဲရန်သာ ပို၍ သင့်တော်သည်။ အခြားတစ်ဖက်မှာကား၊ အဆင့်မြင့်သားရဲသတ္တဝါများ ရှိသေးသည်။ ၎င်းတို့ကိုမူ ချမ်းသာကြွယ်ဝ၍ သြဇာကြီးသော အိမ်တော်ကြီးများ၊ မျိုးနွယ်စုကြီးများက အသုံးပြုကြ၏။ ကျန် အမျိုးအစားများမှာတော့ အံ့ဖွယ်သားရဲများနှင့် ဒဏ္ဍာရီလာ သားရဲများဖြစ်ကြလေသည်။
ကျင့်ကြံသူ အများစုအတွက်၊ မှော်နတ်ခြင်္သေ့ကဲ့သို့ ဒဏ္ဍာရီလာ သတ္တဝါမျိုးကို ဖမ်းဆီးနိုင်ပြီး ယဉ်ပါးစေနိုင်လျှင်ပင် သြဘာကျူးရင့်ထိုက်သော အောင်မြင်မှုကြီးတစ်ရပ်ဟု မှတ်ကျောက်တင်စရာဖြစ်နေသည်။ စီးတော်အဖြစ် အသုံးချနိုင်မည်ဆိုလျှင် သာ၍ပင် အံ့ချီးစဖွယ်ဖြစ်စ။
ကျင့်ကြံခြင်းလောက၌ ဆိုရိုးစမှတ်ရှိကြသည်။ 'မွေးကတည်းက ဒဏ္ဍာရီလာ သားရဲစီးတော်သားရဲ မပိုင်လျှင် တစ်သက်တွင် ပိုင်နိုင်တော့မည် မဟုတ်'ဟူ၍။
စင်စစ်ဧကန်ပင်၊ ဤစကားမှာ ဒဏ္ဍာရီလာ နတ်သားရဲမျိုး လက်ဝယ်ပိုင်ဆိုင်နိုင်ရန် ခက်ခဲကြောင်း ဟာသစွက်၍ အပြောင်အပြက်ပြောထားခြင်းသာဖြစ်ပေ၏။
"သေချာထိုင်" လုကျိုး ညာဘက်လက်ကို ကြွကာ စီယွမ်အာ၏ ပခုံးနှစ်ဖက်ရှေ့သို့ သိုင်း၍ ဖက်ထားလိုက်သည်။
နတ်ခြင်္သေ့လည်း ရွှေနန်းဥယျာဉ်တောင်တစ်ခွင် ကျက်စားနေသော ငှက်များ သားရဲများ လန့်ဖျပ်ပြေးသွားလောက်အောင် ကျယ်လောင်စွာ မြည်ဟိန်းလိုက်ပြီးသည်နှင့် ဝေဟင်ပေါ် ခုန်တက်ကာ တိမ်ပေါ် နင်းလျက် အန်းယန်ဆီသို့ ဦးတည်ပျံသန်းသွားတော့လေ၏။
နှစ်နာရီခန့်မျှကြာပြီးနောက် လုကျိုးသည် မှော်နတ်ခြင်္သေ့ကို အန်းယန် မြို့ပြင် အနီးစပ်ချုပ်မှ တောအုပ်တစ်နေရာတွင် ဆင်းသက်လိုက်စေသည်။ ရှောင်ယွမ်အာကတော့ အံ့အားသင့်နေသည်။ မြေပြင်ပေါ် သက်ဆင်းပြီး အချိန်အတန်ငယ် ကြာသည့်တိုင် သူမ စိတ်မအေးနိုင်သေးပေ။
"ဆရာတို့ ရောက်ပြီ" လုကျိုးက မြို့ဆီလှမ်းကြည့်ရင်း နတ်ခြင်္သေ့ပေါ်မှ ခုန်ဆင်းလိုက်သည်။ ယခုအချိန်တွင်တော့ သူ သွက်လက်ဖျတ်လတ်စွာ လှုပ်ရှားသွားလာနေနိုင်ပြီဖြစ်လေသည်။
"ရှောင်ယွမ်အာ" ရှောင်ယွမ်အာ ငေးငိုင်လျက် ထိုင်နေသေးသည်ကို တွေ့သောအခါ သူ ခေါ်ဖြစ်လိုက်သည်။
ထိုစကားများကြောင့် သူမ အသိဝင်လာတော့သည်။ "ရှစ်- ရှစ်စွင်း..." ထို့နောက် သူမ နတ်ခြင်္သေ့ပေါ်မှာ ဆင်းလိုက်ကာ၊ "တပည့် မရည်ရွယ်ပါဘူး၊ ဒါပေမဲ့ မှော်နတ်ခြင်္သေ့က သိပ်လှလွန်းတော့"
"လှတယ်လား" ဧကန္တ မည်သည့်ကမ္ဘာလောကတွင် ဖြစ်စေကာမူ၊ မိန်းကလေးတိုင်းက အရာဝတ္ထုများကို အပေါ်ယံရှုထောင့်မှ ကြည့်တတ်ပုံရလေသည်။
"ဟုတ်၊ တပည့်တော့ ဒီလောက်လှတဲ့ စီးတော်သားရဲ တစ်ခါမှ မမြင်ဖူးပါဘူး"
"ငါတို့ ရောက်ပြီ၊ မလိုအပ်ဘဲ လူတွေ သတိထားမိမှာ စိုးလို့ ဒီစီးတော်သားရဲကို ပြန်သိမ်းထားလိုက်တော့မယ်၊ ပြီးတော့... မင်းရဲ့ အဝတ်အစားနဲ့ ကိုယ်ရောင်ရှိန်ဝါကလဲ ထူးခြားနေတာ၊ အဲဒါ နည်းနည်း ပြင်ရမယ်"
ရှောင်ယွမ်အာမှာ သူမ၏ ဆရာတူ အစ်ကို အစ်မများလောက် ကျော်ကြားသတင်းကြီးခြင်း မရှိခဲ့သော်လည်း အချို့ကတော့ သူမကို သိကြသည်။ စီမိသားစု ပြန်ပေးဆွဲခံရမှုကို စုံစမ်းရမည်ဖြစ်ရာ သူမ၏ သရုပ်မှန်ကို ဖုံးကွယ်ထားရန် လိုအပ်လာလေပြီ။
"ကျွန်မ နားလည်ပါပြီ ရှစ်စွင်း"
သူမ ချက်ချင်းပင် ဆရာ့နည်းတူ ကိုယ်ရှိန်ရောင်ဝါကို သိုဝှက်ထားလိုက်သည်။ ထို့နောက်တော့ မလှမ်းမကမ်းရှိ လယ်တောအိမ်တစ်အိမ်ဆီသွားကာ သာမန် အရပ်သားများကဲ့သို့ ဝတ်စားဆင်ယင်လိုက်ကြသည်။ ထိုသောအခါ သူတို့နှစ်ယောက်မှာ သာမန် မြေးအဘိုးနှစ်ယောက်နှင့် တူသွားတော့ပေ၏။
"ဟီဟီ ရှစ်စွင်း... ရှစ်စွင်း အခု လယ်သမားကြီးနဲ့ တူသွားပြီ" ရှောင်ယွမ်အာက နှုတ်ခမ်းကို လက်ဖြင့် အသာကာလျက် ရယ်လေသည်။
"ကိစ္စမရှိပါဘူး" လုကျိုး လက်ရမ်းပြလိုက်ကာ ဆိုသည်။ "အခုက စပြီး မင်းနဲ့ ငါက မြေးနဲ့ အဘိုးပဲ"
"ဟုတ်ကဲ့ပါ ရှစ်စွင်း"
"ဘယ်လို"
"အာ ဟုတ်... ဟုတ် အဘိုး"
အစကတော့ ဆရာဖြစ်သူကို 'အဘိုး' ဟု ခေါ်ရသည်မှာ ကသိကအောက်နိုင်လှသည်ဟု ရှောင်ယွမ်အာ တွေးမိသည်။ သို့သော် သိပ်မကြာပါချေ၊ သူမ အသားကျသွားပြီး ရယ်ရွှင်မြူးကာ တစ်ချိန်လုံး အဘိုး ခေါ်နေတော့၏။
လုကျိုးလည်း အစောပိုင်း၌ ပြောစရာစကားပင် ကင်းမဲ့သွားရသည်။ စင်စစ် တကယ်တမ်း သူသည် အသက် ၂၈ နှစ်သာရှိသေးသောကြောင့် အဘိုးဟု ခေါ်ခံရသည်ကို ရှက်သလိုလို ဖြစ်ရလေသည်။ သို့သော် သူလည်း အသားကျလာသည်။ တဖြည်းဖြည်းနှင့် အဘိုးခေါ်ခံရသည်ကို မည်သို့မျှ သဘောမထားတော့ပေ။
'ငါ့ကို တဖြည်းဖြည်း အသက်ပြန်ငယ်သွားအောင် လုပ်ပေးနိုင်တဲ့ စနစ် ရှိလို့ တော်သေးတော့တယ်၊ မဟုတ်ရင် ငါ ဒီလောကထဲမှာ အသက်ဆက်ရှင်ချင်မှာကို မဟုတ်ဘူး. . .'
မြို့ထဲ ဝင်လာပြီးနောက် လုကျိုးနှင့် ရှောင်ယွမ်အာ မြို့ထဲ လျှောက်ပတ်ကြည့်တော့သည်။ အန်းယန်မှာ အတော်အသင့် စည်ကားလေသည်။ ခေါင်းရွက်ဖျပ်ထိုးဈေးသည်များ၊ ပုံပြောဆရာ ဇာတ်ဆရာများ၊ ဈေးဆိုင်လှည်းကလေးများဖြင့် သိုက်မြိုက်တက်ကြွနေလေ၏။
"အန်းယန်မှာ ဒီလောက် စည်ကားသာယာနေမယ် မထင်ထားဘူး" လုကျိုးက ထောမနာပြုသည်။
"ဟီဟိ ဘိုးဘိုး... ဒီမှာ ပျော်ဖို့အရမ်းကောင်းတယ်" ရှောင်ယွမ်အာမှာ လူအုပ်ကြားထဲ ခုန်ပေါက်သွားရင်း ဆိုင်လှည်းလေးတစ်ခုဆီမှ သကာရည်လောင်း သစ်သီးချိုချဉ်တုတ်ထိုးတစ်ချောင်း (ထန်ဟုလူ)ယူကာ ခုန်ပေါက်၍ ဆက်ထွက်သွားတော့လေသည်။
"ဟိတ် ကောင်မလေး ပိုက်ဆံမပေးရသေးဘူးလေ" ဈေးသည်က အော်ဟစ်ရင်း သူမဆီ ပြေးလိုက်သည်။
ရှောင်ယွမ်အာ ပြန်လှည့်လာပြီး ရန်လုပ်တော့၏။ "သွားစမ်း၊ ငါ နင့်ဆိုင်က ထန်ဟုလူ ယူသွားတယ်ဆိုတာ နင် ကောင်းချီးရတာပဲ၊ အော်ကြီးဟစ်ကျယ်တွေ လုပ်နေဦးမယ်ဆိုရင် ပါးစပ်ကို ဆွဲဖြဲပစ်လိုက်မယ်"
". . ."
ထိုစကားက ဈေးသည်ကို လန့်ဖျပ်သွားစေသည်။ ဤမျှ ခက်ထန်လှသော မိန်းကလေးမျိုး သူ မတွေ့ဖူးပါချေ။
"ယွမ်အာ..."
"အာ... ဘိုးဘိုး" မျက်တောင်တစ်ချက်ခတ် ကာလအတွင်းမှာပင် ရှောင်ယွမ်အာသည် သိမ်မွေ့လိမ္မာသော မိန်းကလေးငယ်အဖြစ် ပြောင်းလဲသွားချေ၏။
"ပိုက်ဆံပေးလိုက်"
"ဒါပေမဲ့ ဘိုးဘိုးရယ် သူက သမီးကို လာအော်တာကို... သမီးက အဘိုးစကားနားထောင်ပြီး သူ့ကို ပြန်တောင် မရိုက်ခဲ့ဘူးလေ" ရှောင်ယွမ်အာ အလကားနေရင်း အဆူခံရသည့်ပမာ နှုတ်ခမ်းလေး စူပုတ်သွားလေသည်။
လုကျိုး ခေါင်းခါမိတော့သည်။ ဤတပည့်ဆိုးများမှာ သူတစ်ပါးဆီမှ လုယက်ရသည်ကို အကျင့်ပါသွားသဖြင့် အယူရှိလျှင် အပေးရှိရသည့် အရောင်းအဝယ် အခြေခံသဘောတရားကိုပင် မသိကြတော့လောက်ဟု သူ တွေးမိလိုက်သည်။
'အိမ်း၊ ငါ သူတို့ကို ဖြည်းဖြည်းချင်း သင်ပေးမှပဲ'
"လူတိုင်းက မင်းလို သူများဆီက လုယက်နေမယ်ဆိုရင်၊ ဘယ်သူက ထန်ဟုလူ လုပ်ရောင်းရဲဦးမှာလဲ"
"သြော်" ရှောင်ယွမ်အာမှာ မတတ်သာတော့ဘဲ ဈေးသည်ကို ငွေပေးချေလိုက်ရတော့သည်။
"တင်း၊ ရှောင်ယွမ်အာကို သွန်သင်ဆုံးမနိုင်သည့်အတွက် ကုသိုလ်မှတ် ၁၀၀ ရရှိပါတယ်"
သူတို့ လမ်းအတိုင်းဆက်လျှောက်သွားလေရာ တစ်နေရာရောက်တော့ ရှေ့ဆီ၌ လူငယ်တစ်စု စုရုံးနေကြသည်ကို တွေ့လိုက်ရ၏။ လုကျိုးက ၎င်းတို့ဆီ ညွှန်ပြလိုက်ပြီး ဆိုသည်။ "တစ်ချက် သွား ကြည့်လိုက်"
"ဟုတ်ကဲ့ပါ ဘိုးဘိုး" ရှောင်ယွမ်အာသည် စည်စည်ကားကား ပွဲရှိလျှင် ကြိုက်သည်။ ထို့ကြောင့် သူမ ခုန်ပေါက်၍ မြူးကြွစွာ ပြေးသွားလိုက်တော့လေသည်။ သို့သော် လူအုပ်က ကျပ်ပိတ်သိပ်နေသောကြောင့် သူမ တိုးသွား၍ မရ။ သူမ ဒေါသထွက်လာပြီး ခြေဆောင်မိတော့သည်။ ထိုအခါ မြေကြီးပင်အက်ကွဲ၍ ချိုင့်ခွက်များ ဖြစ်သွားတော့လေ၏။
"လမ်းဖယ်ပေးကြစမ်း"
သူမ၏ ခက်ထန်သော အမူအကျင့်ကြောင့် ဘေးတစ်ဖက်တစ်ချက်ရှိ လူအများ ဖယ်ခွာကာ လမ်းနေရာပေးလိုက်တော့လေသည်။
"ခန္ဓာတည်ဖွဲ့အဆင့် ကျင့်ကြံသူဟ"
"သူက မြေကြီးမှာ ချိုင့်ဝင်သွားအောင်တောင် လုပ်နိုင်တယ်၊ အနည်းဆုံး ခန္ဓာတည်ဖွဲ့ ပဉ္စမဆင့်လောက်ရောက်နေလောက်ပြီ၊ ဘုရား ဘုရား..."
"လူက ကလေးမလေးပဲ ရှိသေးတယ်၊ ဘာလို့ သိပ် ကြမ်းနိုင်တာလဲ"
လူစုက အလယ်ကို ချန်၍ ဖယ်ခွာပေးသောကြောင့် သူမအတွက် လမ်းပွင့်သွားလေသည်။
ဤအခြင်းအရာကို တွေ့သောအခါ လုကျိုး ခေါင်း အသာခါမိတော့သည်။ ရှောင်ယွမ်အာ၏ စိတ်နေစိတ်ထားမှာ တောင်ပေါ်မှာ နေစဉ်ကထက် သာ၍ ခက်ထန်ကြမ်းကြုတ်နေပုံရသည်။ တပည့်ဆိုးတို့အုပ်စု ရွှေနန်းဥယျာဉ်တောင်မှ ဆင်းရမည့် တာဝန်များပေးလျှင် သွားမည်တကဲကဲဖြစ်နေကြတာ မဆန်းတော့။ တောင်ပေါ်မှာ နေရသည်ထက် အပြင်လောကက ပို၍ လွတ်လပ်သောကြောင့် ဖြစ်ပေမည်။
လူအုပ်ကြီး ဘေးဖယ်သွားတော့မှ လူစုလူဝေးဖြစ်စေသည့်အကြောင်းရင်းကို ရှောင်ယွမ်အာ တွေ့ရတော့သည်။
စားပွဲခုံတစ်လုံးချထားပြီး လူသုံးယောက် ထိုင်နေသည်။ တစ်ယောက်စီက ဓားကောက်ရှည်ကိုယ်စီကို ခါးတွင် ချိတ်ထားကြ၏။ အလယ်တွင် ထိုင်နေသော မုတ်ဆိတ်နှင့်လူက ရှောင်ယွမ်အာကို သဘောကျစွာ ခေါင်းတညိတ်ညိတ် အသိအမှတ်ပြုရင်း ပြောလာသည်။
"မဆိုးဘူး၊ ကလေးမ မင်းလဲ ဒီကိုလာတာ ကျုပ်တို့ အဖွဲ့အစည်းကို ဝင်ချင်လို့မဟုတ်လား"
"ဘယ်လို"
"မင်းက အခြေခံကောင်းတယ်၊ ခုနက ခြေတစ်ချက်ဆောင့်လိုက်တာမှာ ကျင့်ကြံအဆင့်က ခန္ဓာဖွဲ့တည် ပဉ္စမအဆင့်လောက် အနည်းဆုံးရောက်နေပြီ၊ အေး လာပြီး စာရင်းသွင်းလိုက်... ဒီနေ့က စပြီး မင်းဟာ မိုးပြာနဂါးအဖွဲ့အစည်းရဲ့ အန်းယန်ဂိုဏ်းခွဲ အဖွဲ့ဝင်ဖြစ်သွားပြီ" ဟု ထိုသူက ပြောလေသည်။
"နင်တို့ မွဲပြာနဂါးဂိုဏ်းကို ဝင်ပါမယ်လို့ ငါ ဘယ်တုန်းက ပြောမိလို့လဲ" ရှောင်ယွမ်အာ နားမလည်နိုင်ချေ။
"တယ် သတ္တိကောင်းလှချည်လား ကောင်မလေး၊ ကျုပ်တို့ မိုးပြာဂိုဏ်းကို စော်ကားရဲတယ်"
ရှောင်ယွမ်အာ နောက်တစ်ချက်ဆုတ်လိုက်ပြီး ခြေတစ်ဖက်ကို ကြွကာ စားပွဲကို ကန်ချလိုက်တော့သည်။ ချက်ချင်းပင် အနှီစားပွဲကျိုးသွားလေတော့၏။ "ဘာ မိုးပြာနဂါးဂိုဏ်းလဲ၊ နင်တို့က ဒီမှာ ဘာလုပ်နေကြတာလဲ၊ မြန်မြန်ပြောစမ်း ငါ့အဘိုး စောင့်နေပြီ"
"ဒီအရိုင်းအစိုင်းမလေးက ဘယ်သူလဲ၊ ဒီမှာ သက်သက်မဲ့ လာပြီး ပြဿနာရှာနေတာ မဟုတ်လား၊ မိုးပြာနဂါးအဖွဲ့အစည်းအကြောင်း မင်း မသိစရာလား..."
ထိုလူကြီးက ပြန်တိုက်ခိုက်တော့မည့်အချိန်တွင် လုကျိုး လျှောက်လာပြီး ပြောလိုက်တော့သည်။ "ရပ်လိုက်" သူ့အသံက သိပ်မကျယ်။ သို့သော် ချီအတွင်းအား အနည်းငယ်ဖြင့် စွက်ထားသည်။ ဤသည်ကို ထိုသူကလည်း ကြားသိနိုင်ပေသည်။
"စိတ်ဝင်စားစရာပဲ... အဘိုးကြီး ခင်ဗျားကြီးက ခန္ဓာဖွဲ့တည်နယ်ပယ်ရဲ့ သတ္တမ မဟုတ်ရင် အဋ္ဌမအဆင့်လောက် ရှိတာ မဟုတ်လား" ထိုသူက လုကျိုးအား စူးစမ်းလိုဟန်ဖြင့် ကြည့်နေတော့သည်။
လုကျိုးက သူ့အမေးကို အရေးတယူမရှိဘဲ ပြောလိုက်လေသည်။
"ယွမ်အာ အန်းယန်ရဲ့ မိုးပြာနဂါးဂိုဏ်းခွဲကို ငါတို့ စုံစမ်းရမဲ့ ကိစ္စမှာ ကူခိုင်းကြည့်လေ"
ရှောင်ယွမ်အာ၏ မျက်ဝန်းကလေးများ တောက်ပသွားတော့၏။ "နားလည်ပါပြီ ဘိုးဘိုး" ထို့နောက်၊ သူမက အပြုံးမျက်ဝန်းနေရာတွင် ခက်ထန်ရက်စက်သော အကြည့်များအစားထိုးလိုက်ကာ ပြန်လှည့်ပြောတော့သည်။ "နင်တို့တွေ ဒီကို လာခဲ့ကြစမ်း"
"ဟ... မိုးပြာနဂါးအဖွဲ့အစည်းကို ငရဲဂိုဏ်းက ကျောထောက်နောက်ခံပေးထားတယ်ဆိုတာ ဒီအရိုင်းစိုင်းမလေး မသိပုံပဲ"
"ဘာ... ငရဲဂိုဏ်း" ရှောင်ယွမ်အာ ခဏရပ်တန့်သွားပြီးနောက် သူမ ဆရာသခင်ကို ပြန်လှည့်ကြည့်လိုက်မိတော့သည်။ ငရဲဂိုဏ်း၏ ဂိုဏ်းချုပ်မှာ သူမ၏ အကြီးဆုံး ဆရာတူအစ်ကိုကြီးဖြစ်သောကြောင့် ဆရာများ စိတ်ဆိုးသွားလေမလားဟု စိတ်လှုပ်ရှားစွာ အရိပ်အကဲခိုးကြည့်မိလေ၏။
"ဘာလဲ၊ ကြောက်သွားပြီလား"
လုကျိုး မျက်မှောင်အသာကြုတ်လိုက်ပြီး ထိုသူကို ကြည့်ကာ မေးလိုက်တော့သည်။
"မိုးပြာနဂါးဂိုဏ်းကို ငရဲဂိုဏ်းက ထောက်ပံ့ပေးထားတယ်လို့ ပြောလိုက်တာလား"
"သိပ်ဟုတ်သပေါ့"
"အဘိုးကြီး ခင်ဗျား ကြည့်ရတာ သိပ်မဆိုးဘူး၊ ကျုပ်တို့ ဂိုဏ်းမှာ ထမင်းချက်လာလုပ်... အစားအသောက် နပ်မှန်မှန်ကျွေးမယ်၊ မိုးပြာနဂါးဂိုဏ်းက ခင်ဗျားကို နေစရာပေးပြီး ကာကွယ်ပေးထားဦးမှာ"
_____
စကားချပ်။ ။ မိုးပြာနဂါးဂိုဏ်းက တရုတ်လိုဆို "ချင်းလုံ"လို့ အသံထွက်ပါတယ်။
ရှောင်ယွမ်အာက ချင်းလုံဂိုဏ်းသားကို ပြန်ပြောရာမှာ "နင်တို့ ချိုးလုံဂိုဏ်းကို ဝင်ပါမယ်လို့ ငါ ဘယ်တုန်းက ပြောမိလို့လဲ" ဆိုပြီး အသံထွက် ဆင်တဲ့ ချိုး [ညစ်ပတ်ပုတ်သိုးနေသော/ ညှီဟောင်သော] ဆိုတဲ့ စကားလုံး သုံးသွားပါတယ်။
ဒါပေမဲ့ ဘာသာပြန်သူက အညှီနဂါးဂိုဏ်းလို့ သုံးရင် မြန်မာလို ကာရံမမိတော့မှာစိုးလို့ [မိုးပြာနဂါးနဲ့ မွဲပြာနဂါး]လို့ သုံးလိုက်ပါတယ်။
pinyin အသံထွက်အတိုင်း [ချင်းလုံနဲ့ ချိုးလုံ] သုံးရင်လဲ ယွမ်အာ လှောင်ပြောင်ခနဲ့တဲ့ အဓိပ္ပာယ် မပေါ်လွင်မှာ စိုးလို့ပါ။