ပြန်ပေးဆွဲမှုကို စုံစမ်းခြင်း
Vol. 2 Ch. 26
အခန်း (၂၆) ပြန်ပေးဆွဲမှုကို စုံစမ်းခြင်း
ယနေ့ခေတ် ကျင့်ကြံရေးလောက၌ ဂိုဏ်းသားပေါင်း သောင်းချီရှိသော ငရဲဂိုဏ်းကား အကြီးမားဆုံး ဂိုဏ်းအဖြစ် သတ်မှတ်နိုင်ပေသည်။ ထိုအရာက သမာသမတ်ဂိုဏ်းများ၏ အကြောက်တရား ဖြစ်လာသလို တစ်လောကလုံးရှိ သမာသမတ်ဂိုဏ်းများ၏ ဘုံရန်သူလည်း ဖြစ်လာသည်။
ဤသို့ အမုန်းတီးခံ ဂိုဏ်းတစ်ဂိုဏ်းအနေနှင့် အကြောက်တရားမရှိဘဲ ဂိုဏ်းသားများကို ပွင့်လင်းမြင်သာ လက်ခံနေလိမ့်မည်ဟု ထင်ထားကြမည် မဟုတ်ပေ။
“ လူအိုကြီး … ဒါက ခင်ဗျားရဲ့မြေးလား ။ သူမရဲ့ အလားအလာက ခင်ဗျားထက် ပိုကောင်းပြီးတော့ ရုပ်လေးကလည်း လှတယ်။ ဒါပေမဲ့ ကျုပ်တို့ခေါင်းဆောင်ကို ပြောပြီးတော့ ခင်ဗျားတို့ နှစ်ယောက်လုံးကို ဝင်ခွင့်ပေးခိုင်းလိုက်မယ် ”
အမျိုးသား မရိုးမသားပြုံးရင်း ပြောလိုက်သည်။
‘ရှစ်စွင်းက ဘာမှမပြောဘူးဆိုတော့ ဒေါသထွက်နေတာပဲ နေမယ်။ ရှစ်စွင်းက ငါတို့ကို လူမသတ်ရဘူးလို့ ပြောထားပေမဲ့ လူမရိုက်ရဘူးလို့မှ ပြောမထားတာ … ’
ထိုအကြောင်းကို တွေးမိပြီး ရှောင်ယွမ်အာက အလျှင်အမြန် ပြေးသွားလိုက်ပြီး ခြေထောက်ကို မြှောက်ကာ ထိုအမျိုးသား၏ ရင်ဘတ်ဆီ ကန်ချလိုက်တော့သည်။
ထိုအမျိုးသားက သွေးတစ်ပွက်အန်ရင်း ဘောလုံးတစ်လုံးလို လွှင့်ထွက်သွားလေသည်။ ဈေးဆိုင်သုံးဆိုင်ကို တိုက်မိပြီး ဆယ်မီတာလောက် လွင့်စဉ်သွားပြီးနောက် ပြုတ်ကျသွားသည်။
ထိုကန်ချက်က သူ့ကို သေလုနီးပါး ဖြစ်သွားစေခဲ့သည်။
ထိုအရာက ဘေးလူများကို ကြောင်အမ်းသွားစေပြီး ကြောက်ကြောက်လန့်လန့်ဖြင့် မြန်မြန် နောက်ဆုတ်လိုက်ကြသည်။
“ သူမက စည်းမျဉ်းတွေအပေါ် လေးစားမှု မရှိဘူးလား ”
ကံဆိုးစွာဖြင့် သူမသာ စည်းမျဉ်းအကြောင်း သိနေပါက ရှောင်ယွမ်အာ မဟုတ်တော့ပေ။
“ ငါ့အဘိုးကို လူအိုကြီးလို့ ဘယ်သူက ခေါ်ခွင့်ပေးထားလို့လဲ ” ရှောင်ယွမ်အာက ခြေထောက်ပြန်ချကာ ဒေါသတကြီး ပြောလိုက်သည်။
“ ငါတို့ကိုများ တိုက်ရဲတယ် ” မိုးပြာအဖွဲ့အစည်း၏ ကျန်ရှိနေသော နှစ်ယောက်ထဲမှ တစ်ယောက်က အော်ပြောလိုက်သည်။
“ ရှင်တို့ကို တိုက်ခိုက်ရဲရုံတင် မဟုတ်ဘူး။ သတ်လည်း သတ်ပစ်ရဲတယ် ” ရှောင်ယွမ်အာက ပြောလိုက်စဉ် သူမခန္ဓာကိုယ်မှ စွမ်းအားလှိုင်း အရိပ်အယောင်တို့ ထွက်ပေါ်လာလေသည်။
ထိုအမျိုးသားနှစ်ယောက်က အချင်းချင်း ကြည့်လိုက်ကြပြီး ရေရွတ်လိုက်ကြသည် “ စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်အဆင့် ပညာရှင်ပဲ ”
ခန္ဓာ တည်ဖွဲ့ခြင်း အဆင့် ကျင့်ကြံသူတွေက ရုပ်ပိုင်းဆိုင်ရာသာ အားကောင်းကြသော်လည်း စိတ်နက်နဲမှု ဉာဏ်အလင်းပွင့် နယ်ပယ်အဆင့် ကျင့်ကြံသူများက ဒွါရငါးခု ဖွင့်ထားကြလေရာ စွမ်းအား ထုတ်ဖို့အတွက် ကမ္ဘာဦးချီကို သွန်းလောင်းနိုင်ကြသည်။ စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်အဆင့်ကို ရောက်ရှိပြီးမှသာ တကယ့် ကျင့်ကြံသူအစစ်အမှန်ဟု ယူဆနိုင်ပေသည်။
ဝုန်း ....
အမျိုးသားနှစ်ယောက်လုံးက တစ်ပြိုင်နက် ဒူးထောက်ကာ ပြောလိုက်ကြသည်။
“ မိန်းကလေး … ကျုပ်တို့အသက်ကို ချမ်းသာပေးပါ ”
ရှောင်ယွမ်အာက ခေါင်းခါကာ နှာခေါင်းရရင်း ပြောလိုက်သည်။
“ ဘာလို့ လုပ်ပေးရမှာလဲ ”
သူမ လက်ရွယ်လိုက်သည့်အချိန် လုကျိုးက လျှောက်လှမ်းလာကာ ဝင်ပြောလိုက်သည် “ယွမ်အာ ကောင်းကောင်း လုပ်ခဲ့တယ် ”
ထိုချီးကျူးမှုက ရှောင်ယွမ်အာကို ပျော်ရွှင်သွားစေ၏။ သူမက ပြန်ပြောလိုက်လေသည်။
“ ဟီးဟီး … လူအိုကြီးလို့ လာခေါ်တာနဲ့ ဒေါသထွက်သွားပြီး သင်ခန်းစာပေးသင့်တယ် ထင်လိုက်မိတာ ”
လုကျိုးက ထိုအမျိုးသားနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။ တကယ်တော့ သူက သူတို့၏ သေခြင်းရှင်ခြင်းကို စိတ်မဝင်စားပေ။
သို့သော်လည်း သူတို့သေဆုံးမှုက မလိုလားအပ်သည့် အာရုံစိုက်မှုများ ဖြစ်လာစေလိမ့်မည်။
“ မိုးပြာအဖွဲ့ခွဲရဲ့ ပင်မဌာနချုပ်က ဘယ်မှာလဲ ” သူက မေးလိုက်သည်။
“ အန်းယန်ရဲ့ ကူမြစ် မြောက်ဘက်စွန်းစွန်း သုံးမိုင်အကွာမှာပါ ”
“ ငါက အန်းယန်ကို ရောက်ခါစဆိုတော့ နေရာတွေကို သိပ်မသိဘူး။ ငါက သူ့ကို မနက်ဖြန် တွေ့ချင်တယ်လို့ မင်းတို့ ခေါင်းဆောင်ဆီ ပြန်ပြီးတော့ ပြောလိုက် ”
“ ကျွန် … ကျွန်တော်တို့ ပြောလိုက်ပါ့မယ် ”
“ အခု ငါ့မျက်စိရှေ့ကနေ ထွက်သွားစမ်း ”
ထိုစကားကို ကြားပြီး အမျိုးသားနှစ်ယောက်က ထွက်မသွားခင် ဒဏ်ရာရနေသည့် သူတို့အဖွဲ့ဝင်ကိုပါ ဆွဲခေါ်သွားကြသည်။
“ ရှစ်စွင်းက သူတို့ဌာနချုပ်ကို မေးလိုက်တာ တကယ့်ကို အတွေးကောင်းလေးပဲ … အဲလိုဆိုတော့ သူတို့ကို တစ်ခါတည်းနဲ့ ဖျက်ဆီးလို့ ရသွားတာပေါ့ ” ရှောင်ယွမ်အာက အသံတိုးတိုးဖြင့် ပြောလိုက်သည်။
လုကျိုးက ပြုံးလိုက်ရင်း ရှောင်ယွမ်အာ နဖူးကို အသာခေါက်လိုက်ကာ ပြောလိုက်သည်။
“ဘာတွေလျှောက်ပြောနေတာလဲ။ သူတို့ကို စီမိသားစု ပြန်ပေးဆွဲမှု စုံစမ်းဖို့အတွက် အသုံးချချင်ရုံလေးပါ ”
“ အို့ … ရှစ်စွင်း တပည့် တောင်းပန်ပါတယ် ”
“ အိမ်က ဘယ်နေရာမှာလဲဆိုတာ မှတ်မိသေးလား ” လုကျိုးက မေးလိုက်သည်။
“ရှေ့တံခါးပေါက်နား ကျောက်ခြင်္သေ့ကြီးနှစ်ကောင် ရှိတယ်ဆိုတာပဲ သတိရတော့တယ်။ အဖေက ဓားနဲ့လှံ လေ့ကျင့်ရတာကို ကြိုက်ပြီးတော့ အမေက ပန်းထိုးရတာကို အကြိုက်ဆုံးပဲ … မဟုတ်သေးဘူး။ အမေက ရှောင်ယွမ်အာကို အကြိုက်ဆုံး ” ရှောင်ယွမ်အာက ပြောလိုက်သည်။
ကျိထျန်းတောက်၏ တပည့်များအနက် တချို့ကို သူက အတင်းကျပ်ခေါ်ဆောင်လာပြီး တချို့မှာ မိဘတွေကိုယ်တိုင်က ပို့ဆောင်လိုက်ကြခြင်း ဖြစ်၏။ လုကျိုး မှတ်မိရသလောက် ရှောင်ယွမ်အာ ငယ်စဉ်လေးကတည်းက သူမ မိဘများကိုယ်တိုင် ရွှေနန်းဥယျာဉ်တောင်ဆီ လာပို့သွားခြင်း ဖြစ်ပေသည်။ သူက သူတို့ ပို့လွှတ်လိုက်ရသည့် အကြောင်းအရင်းကိုပင် မသိချေ။
ဘယ်မိဘကများ သားသမီးကို ဝံပုလွေအသိုက်ထဲ ပို့မှာလဲ …
……
စီမိသားစုကို ရှာဖို့ သိပ်မခက်ခဲချေ။ စီမျိုးရိုးနှင့် လူချမ်းသာ မိသားစုက သိပ်မများလှသည့်အပြင် အန်းယန်က သိပ်မကျယ်သည့်အတွက် သူတို့က မေးမြန်းပြီးနောက် လွယ်လွယ်ကူကူ ရှာတွေ့သွားကြသည်။
သူတို့ရှေ့တံခါးဝ ရောက်လာသည့်အခါ ရှောင်ယွမ်အာက စိတ်လှုပ်ရှားလာပြီး ယုန်တစ်ကောင်လိုမျိုး ကျောက်ခြင်္သေ့နှစ်ကောင်၏ ဦးခေါင်းအထက် ခုန်တက်လိုက်သည်။
“ ရှစ်စွင်း … ဒါက တပည့်ပြောတဲ့ ကျောက်ခြင်္သေ့ကြီးတွေလေ။ သူတို့က တပည့်မှတ်ဉာဏ်ထဲကနဲ့ အတူတူပဲ ”
“ အခု အိမ်ပြန်ရောက်ပြီဆိုတော့ လျှောက်ကစားမနေနဲ့တော့ … ဆင်းလာခဲ့ ”
“ အာ … ”
ထို့နောက် လုကျိုးက ပြန်ပေးမှု စုံစမ်းရန် တာဝန်ခွဲကား စာရင်းဇယားထဲ ပေါ်လာကြောင်း သတိပြုမိလိုက်သည်။
တံခါးက ဖြည်းဖြည်းချင်း ပွင့်လာကာ အသံကျွီခနဲ ထွက်ပေါ်လာသည်။ ထို့နောက် အိမ်တော်ထိန်းသဖွယ် ဝတ်ဆင်ထားသော လူလတ်အမျိုးသားတစ်ယောက်က သူတို့အား နားမလည်စွာ စိုက်ကြည့်လိုက်၏။
“ ဘယ်သူ့ကို ရှာနေတာလဲ ”
“အဖေနဲ့ အမေ ဘယ်မှာလဲ ” ရှောင်ယွမ်အာက သူမ မိဘများကို တွေ့ချင်ဇော ကပ်နေသည့်အတွက် တံခါးမှ လစ်ခနဲ ဝင်လိုက်သည်။
အိမ်တော်ထိန်းက မျက်မှောင်ကြုတ်ကာ “ မိန်းကလေး … မင်းက ဘယ်သူလဲ။ မင်းရဲ့ မိဘတွေ ဒီမှာ မရှိဘူး ”
ဖြောင်း
ရှောင်ယွမ်အာက ထိုလူ၏ မျက်နှာအား ရိုက်ချလိုက်သည်။
“ လာမေးရဲသေးတယ် … အခုချက်ချင်း အဘိုး ရှေ့ကနေ ဖယ်လိုက် ”
အိမ်တော်ထိန်းက လက်တစ်ဖက်ဖြင့် ပါးကို အုပ်ကာ တုန်တုန်ယင်ယင် ဖြစ်သွားရှာသည်။
လုကျိုးက ရယ်ရမည်လား၊ ငိုရမည်လား မသိတော့ပေ။ သို့သော်လည်း သူ့အနေနှင့် ယွမ်အာ ဖြေရှင်းနည်းနှင့် ပတ်သက်၍ မှားယွင်းနေသည်ဟု မထင်မိပေ။ တစ်ခါတစ်ရံ၌ ယဉ်ကျေးလောကွတ်ချော်လွန်းနေပါက ထိရောက်မှု မရှိချေ။
ရှောင်ယွမ်အာက လိမ္မာသိတတ်သည့် မြေးတစ်ယောက်ကဲ့သို့ ပြုမူကာ လုကျိုးအား အိမ်တော်ထဲ တွဲခေါ်သွားလိုက်သည်။
အိမ်တော်က ဟောင်းလောင်း ဖြစ်နေပြီး အစေခံများ မရှိသလို ထိုင်ခုံများနှင့် စားပွဲများနှင့် အခြားသော အသုံးအဆောင်ပစ္စည်းများပင် မရှိတော့ချေ။ မြင်ကွင်းတစ်ခုလုံးကား အထီးကျန်ကာ ဝမ်းနည်းဖွယ် ဖြစ်နေသည်။
“ ကြည့်ရတာ မင်းရဲ့ စစ်ရှစ်ရှိုး ပြောတာ မှန်နေပုံပဲ ” လုကျိုးက အသာဝင်ပြောလိုက်သည်။
ရှောင်ယွမ်အာက အိမ်တော်ထိန်းကို လက်ညှိုးထိုးကာ ဒေါသတကြီး ပြောလိုက်သည်။
“ ရှင် အခုလာခဲ့ ”
“ အာ ”
“ အဖေနဲ့ အမေ ဘယ်မှာလဲ ”
ထိုမေးခွန်းက အိမ်တော်ထိန်းအား ကြောင်အမ်းအမ်း ဖြစ်နေစေသေးသည်။ ရှောင်ယွမ်အာက ကြီးပြင်းလာပြီး ယခင်ကလေးဘဝနှင့် အလွန်ကွာခြားသွားပြီ မဟုတ်ပါလော။
ထို့ကြောင့် အိမ်တော်ထိန်းက သူမကို မမှတ်မိပေ။
လုကျိုးက ဝင်မေးလိုက်သည် “ မင်း နာမည် ဘယ်လိုခေါ်လဲ ”
“ ကျုပ် … ကျုပ်က စီမိသားစုရဲ့ အိမ်တော်ထိန်း ဝမ်ဖူကွေ့ပါ ” ထိုအမျိုးသားက ပါးကို လက်တစ်ဖက်ဖြင့် အုပ်ထားရင်း အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
“ စီအန်း ဘယ်မှာလဲ … သူက အိမ်တော်ထိန်း မဟုတ်ဘူးလား ”
ရှောင်ယွမ်အာအနေနှင့် ပထမအကြိမ် ပြန်ပေးဆွဲခံရစဉ်အခါက ရွှေနန်းဥယျာဉ်တောင်ဆီ လာရောက်အကူအညီတောင်းသော အမျိုးသားကိုသာ မှတ်မိပေသည်။
“ သူတို့အားလုံး ပြန်ပေးဆွဲခံလိုက်ရပါတယ် ”
“ သူမက စီမိသားစုရဲ့ သခင်မလေး စီယွမ်အာပဲ ” လုကျိုးက ရှောင်ယွမ်အာကို ညွှန်ပြရင်း ပြောလိုက်သည်။
“ အာ … ”
ဝမ်ဖူကွေ့က ရှောင်ယွမ်အာကို အပေါ်အောက် ခြုံငုံကြည့်လိုက်သည်။ ခဏအကြာတွင် သူ့မျက်လုံးများက တောက်ပလာကာ ဒူးထောက်လိုက်လေ၏။
“ သခင်မလေး … နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ။ ကျွန်တော်က ဝမ်ဖူကွေ့ပါ ”
“ ဝမ်ဖူကွေ့လား ” ရှောင်ယွမ်အာက ခေါင်းကုတ်ကာ စဉ်းစားလိုက်သည်။
“ အထဲမှာ ပြောကြစို့ ”
အိမ်တော်ခန်းမအတွင်း
လုကျိုးနှင့် ရှောင်ယွမ်အာတို့က ဝမ်ဖူကွေ့၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် စီမိသားစုဝင်အများစုကို လင်းဟူအဖွဲ့အစည်း ပြန်ပေးဆွဲသွားကြောင်း သိလိုက်ကြရသည်။ ထိုအဖွဲ့၏ နောက်ခံကို မည်သူမှ မသိကြသလို မည်သူက အမိန့်ပေးစေခိုင်းထားမှန်းလည်း မသိကြပေ။ ထို့အပြင် သူတို့ တည်ရှိသည့်နေရာကိုလည်း မသိကြချေ။
စီမိသားစု နှစ်ကြိမ်တိုင်တိုင် ပြန်ပေးဆွဲခံလိုက်ရတာကြောင့် မည်သူကမှ သူတို့အတွက် အလုပ်လုပ်မပေးရဲကြတော့ပေ။ ထို့ကြောင့် ကျန်ရှိနေသော အစေခံများက အိမ်တော်ရှိ အဖိုးတန်ပစ္စည်းများနှင့် ထွက်ပြေးသွားကြလေသည်။ ဝမ်ဖူကွေ့သာ တစ်ဦးတည်းသော နောက်ဆုံးကျန်ရှိနေသူ ဖြစ်၏။
“ ဒီကိစ္စကို အာဏာပိုင်တွေဆီ မတင်ပြဘူးလား ” လုကျိုးက မေးလိုက်သည်။
“ ကျုပ် တိုင်ထားပေမဲ့ သူတို့လည်း ဘာသဲလွန်စမှ မတွေ့ကြဘူး။ အပြင်ကို အလုပ်ကိစ္စနဲ့ ရောက်နေတဲ့လူတွေကလွဲရင် ကျန်တဲ့စီမိသားစုဝင်အားလုံး ပြန်ပေးဆွဲခံလိုက်ရတယ်။ ကျုပ်က ရေအိမ်ရောက်နေတာဆိုတော့ လွတ်သွားခဲ့တာ ”
“ အဲဆို ဘာလို့ ထွက်မပြေးတာလဲ ” ရှောင်ယွမ်အာက မေးလိုက်ပြန်သည်။
“စီမိသားစုက ကျွန်တော်ကို ကောင်းကောင်းဆက်ဆံပေးတယ်လေ။ ကျုပ်က စီမိသားစုဝင်တစ်ယောက်အဖြစ် အသက်ရှင်ပြီး စီမိသားစုဝင်တစ်ယောက်အဖြစ်ပဲ သေဆုံးချင်တယ် ”
လုကျိုးက ပြုံးကာ “ မင်းက မိသားစုအပေါ် တော်တော်သစ္စာရှိတာဆိုတော့ ယွမ်အာက မင်းကို မသတ်လိုက်တာ ကံကောင်းသွားတယ် ”
ဝမ်ဖူကွေ့က မျက်နှာပေါ်မှ နာကျင်မှုကို ခံစားမိနေဆဲ ဖြစ်သော်လည်း ရှက်ရွံ့စွာ ပြောလိုက်သည်။
“ ကျွန်တော် သခင်မလေး ရိုက်တာ ခံရသင့်ပါတယ် ”
“ ယွမ်အာ ပြန်ရောက်လာတာကို လျှို့ဝှက်ထားရမယ်။ ငါ ဒီကိစ္စကို သေချာစုံစမ်းပြီးတော့ သူတို့ကို ကယ်လာခဲ့မယ် ” လုကျိုးက ပြောလိုက်သည်။
“ အာ ”
လုကျိုးက ပိုငယ်ရွယ်သွားသော်လည်း အသက်ကြီးကာ အားနည်းနေဟန် ပေါ်နေသေး၏။ အထင်ကြီးစရာ အပြုအမူမှလွဲ၍ လက်ဝါးတစ်ချက်ဖြင့် လဲကျသွားနိုင်သော လူအိုကြီးသဖွယ် ဖြစ်နေသေးသည်။ ဝမ်ဖူကွေ့က ရှောင်ယွမ်အာကို သူမ ဖခင်ဖြစ်သူ စေလွှတ်လိုက်မှန်း သိသော်လည်း မည်သည့်နေရာ မည်သည့်ရည်ရွယ်ချက်ဖြင့် ပို့ဆောင်လိုက်မှန်း မသိသလို သူမဆရာကား နာမည်ကျော် မိစ္ဆာအိုကြီး ဖြစ်နေလိမ့်မည်မှန်း လုံးဝ ထင်ထားမိမည် မဟုတ်ပေ။
“ အခု အပြင်ထွက်သွားတော့ ”
ဝမ်ဖူကွေ့က လုကျိုးကို မေးခွန်းမထုတ်ရဲချေ။ လုကျိုးက လူအိုကြီး ဖြစ်သော်လည်း ရှောင်ယွမ်အာက အလွန်လေးစားကြောင်း မြင်တွေ့နေရသည် မဟုတ်ပါလော။ ထို့ကြောင့် သူက ခေါင်းညိတ်ကာ အသာထွက်သွားလိုက်သည်။
“ ယွမ်အာ ”
“ ဟုတ် ရှစ်စွင်း ”
“ မနက်ဖြန် မနက် မိုးပြာအဖွဲ့ဆီ သွားပြီးတော့ လင်းဟူအဖွဲ့အစည်းအကြောင်း ထပ်စုံစမ်းခဲ့ ”
“ တပည့် နားလည်ပါပြီ ရှစ်စွင်း ”
“ မှတ်ထား … မင်းရဲ့အကြောင်းကို မထုတ်ဖော်မိစေနဲ့ ”
“ တပည့် သိပါပြီ ”
အလုပ်တာဝန် ချမှတ်ပေးလိုက်ပြီးနောက် လုကျိုးက စနစ်မှ အသံကို ကြားလိုက်ရသည်။
“ တင်း … တွမ့်မူရှန်း၏ အလုပ်တာဝန် ပြီးမြောက်သွားပါပြီ။ ကုသိုလ်အမှတ် ၂၀၀ ရရှိပါတယ် ”
မင်ရှစ်ရင်က အလုပ်တာဝန် ပြီးမြောက်၍ အရံအတားကို ပြင်ဆင်ဖို့ သွားသင့်နေပေသည်။
လုကျိုးက မျက်မှောင်အနည်းငယ်ကြုတ်ကာ စနစ်မှ အလုပ်တာန် အပြောင်းအလဲအား ကြည့်လိုက်သည်။ သူ ရွှေနန်းဥယျာဉ်တောင်မှ ထွက်လာစဉ် သူတို့နှစ်ယောက်အား အရံအတားကို အတူပြင်ဆင်ကြရန် တာဝန်ချမှတ်ပေးခဲ့သည်။
သို့သော်လည်း စနစ်ထဲ မင်ရှစ်ရင် တစ်ယောက်တည်းသာ ပြသောကြောင့် တွမ့်မူရှန်းတစ်ယောက် ဒဏ်ရာရထားကြောင်း ဖြစ်နိုင်ခြေတစ်ခုသာ ရှိတော့သည်။
ထိုစဉ် ရွှေနန်းဥယျာဉ်တောင်ထိပ်၌
ခုတင်ပေါ် လဲလျောင်းနေသည့် တွမ့်မူရှန်းနှင့်အတူ မင်ရှစ်ရင်က ရှောင်ယွမ်အာ၏ စာကို နားမလည်သည့်ပုံစံဖြင့် ကြည့်နေကြသည်။
“ ရှစ်စွင်း တောင်ပေါ်က ဆင်းသွားတာ မယုံနိုင်ဘူး … သူ ဘာတွေတွေးနေတာလဲ ”
တွမ့်မူရှန်းက ချောင်းဟန့်ကာ ပြောလိုက်သည်။
“ တောင်ပေါ်မှာ နေတာ အရမ်းကြာသွားလို့ လမ်းလျှောက်သွားတာ နေမှာပေါ့။ ဒါပေမဲ့ သူက ဇာစ်မြစ်ကို မပေါ်စေချင်ဘူးဆိုတော့ …. ”
“ ဒါက ဖြစ်နိုင်ပါတယ် … ရှစ်စွင်းက အခုတလော ပုံမှန်မှ မဟုတ်တာဆိုတော့ သူ ဘာတွေတွေးနေလဲ မခန့်မှန်းတတ်တော့ဘူး ” မင်ရှစ်ရင်က သက်ပြင်းချလိုက်သည်။
“ အရင်တုန်းက ရှစ်စွင်းဆီမှာ ပြိုင်ဘက်ကင်း စွမ်းအားရှိတော့ ဦးနှောက်ကို အသုံးချရတာ မကြိုက်ဘူး။ လှည့်ကွက်အားလုံးက ပြိုင်ဖက်ကင်း စွမ်းအားရှေ့မှာ အကုန်အဓိပ္ပါယ်မရှိတော့ဘူးလေ ”
“ ဟုတ်တာပေါ့ ”
“ အကာအရံ ပြင်ဆင်တာ မင်းဘာသာ မင်းပဲ လုပ်ရတော့မယ်။ ရှစ်တိ … ငါ့ဒဏ်ရာတွေက သုံး၊ လေး၊ ငါးလအတွင်း ပြန်မကောင်းလောက်သေးဘူး ”
“ မဖြစ်နိုင်တာ ”