မနာခံမှု
Vol. 2 Ch. 28
အခန်း (၂၈) မနာခံမှု
ဗြဟ္မာပင်လယ်နယ်ပယ်အား သွေးကြောရှစ်မျိုး ခွဲခြားထား၏။ ကျင့်ကြံသူတစ်ယောက်သည် စိတ်ကူးစိတ်သန်းနှင့် အကြီးအကဲသွေးကြောများကို ဖွင့်ပြီးနောက်တွင်သာ နယ်ပယ်ထဲ တရားဝင် ခြေချသည်ဖြစ်ပြီး အခြား သွေးကြောခြောက်မျိုးကို ဖွင့်ပြီးနောက်တွင်သာလျှင် အမြင့်ဆုံးအဆင့် ရောက်သည်ဟု စဉ်းစား၍ရသည်။ သွေးကြောရှစ်မျိုးလုံး ပွင့်ချိန် ကျင့်ကြံသူသည် သွေးကြောများထဲမှ စွမ်းအင်ကို တိုက်ခိုက်ရန် အသုံးပြုနိုင်ပြီ ဖြစ်သည်။
သွေးကြောရှစ်ခုပွင့်သွားလျှင် ကျင့်ကြံသူသည် နတ်ဒေဝါဦးတည်နယ်ပယ်အောက် လွှမ်းမိုးမခံရတော့ပေ။
သေချာပေါက် မိုးပြာနဂါးအဖွဲ့အစည်း၏ အန်းယန် ဌာနခွဲသည် မည်မျှအစွမ်းကြီးကြီး နတ်ဒေဝါဦးတည်နယ်ပယ်ကျွင်းကျင်သူအောက် ရှိမည်မဟုတ်ပေ။
…
စွမ်းအင်လှိုင်းများသည် လျင်မြန် ပြင်းထန်သော ဧရာမအရှိန်အဟုန်နှင့် ဖိသိပ်လိုက်လေသည်။ ဂိုဏ်းအဖွဲ့အဝင်များ အရှိန်အားကြောင့် ပစ်ထုတ်ခံလိုက်ရချိန် ပတ်လည်ရှိ အဆောက်အအုံများသည် အက်ကြောင်းဟစ ပြုကာ ပြိုလဲမည့် အရိပ်အယောင်များ ပြနေလေသည်။
ဗြဟ္မာပင်လယ်ပညာရှင်တစ်ယောက်လည်း ဖြစ်သောာ လျိုကျန်းဖုန်းသည် ဆိုးရွားလှသော တိုက်ခိုက်မှုကို တားဆီးရန် လက်မောင်းနှစ်ဖက်စလုံးကိုမြှောက်လိုက်၏။ သို့တိုင် လှိုင်းများသည် ပြင်းထန်လွန်းပြီး သူ့နောက်ကျော တိုင်လုံးနှင့် ဆောင့်မိကာ အက်သွားစေသည်အထိ ထပ်တလဲလဲ တွန်းထုတ်ခံခဲ့ရသည်။
'သူက အရမ်းအားကြီးလွန်းတယ်'
"ခဏ"
လျိုကျန်းဖုန်းက သူ့ပါးစပ်ကနေ တရှိန်ထိုး အန်ကျလာမည့် သွေးများကို ပြန်မျိုချကာ ဘာမှမဖြစ်ထားဟန် လက်နှစ်ဖက်နောက်ပစ်လျက် သူ့ရှေ့ဖြည်းညင်းစွာဆင်းသက်လာသည့် ရှောင်ယွမ်အာအား မျက်စိပြူးကြည့်နေ၏။
"ရှင်ကျွန်မကို ဘာစောင့်စေချင်တာလဲ"
"မင်းက သွေးကြောရှစ်ခုပွင့်ထားတဲ့ ဗြဟ္မာပင်လယ်ပညာရှင်လို့ မထင်ခဲ့မိဘူး၊ ကျေးဇူးပြုပြီး ငါမသိခဲ့တာကို ထောက်ထားပြီး ညှာတာပေးပါ၊ ငါတို့စကားပြောလို့ရပါတယ်"
ရှောင်ယွမ်အာက သူ့ရှေ့ခုန်ချရင်း မျက်ဝန်းဝိုင်းကြီးများဖြင့် ငေးကြည့်လာသည်။
"ကျွန်မမှာ ရှင့်အတွက် တာဝန်ရှိတယ်"
"ဘာများပါလဲ သခင်မလေး"
"လင်းဟူဂိုဏ်းအကြောင်း ကူညီစုံစမ်းပေးစေချင်တယ်"
"လင်းဟူဂိုဏ်းလား"
လျိုကျန်းဖုန်း ဇဝေဇဝါဖြစ်နေ၏။ သူ ထိုနာမည်ကို တစ်ကြိမ်တစ်ခါမှ မကြားဖူးပေ။
"သူတို့တွေက စီမိသားစုကို ပြန်ပေးဆွဲမှုနောက်ကွယ်ကပဲ၊ ရှင့်မှာ ကျွန်မအတွက်သူတို့ကိုရှာဖို့ ၃ရက်အချိန်ရမယ်"
စီမိသားစုအကြောင်းဟုကြားချိန် လျိုကျန်းဖုန်း၏မျက်နှာသည် ပိုလေးနက်သွားခဲ့သည်။
"လင်းဟူဂိုဏ်းက စီမိသားစုကို ပြန်ပေးဆွဲသွားတာလား၊ ဒါ... ဒါ မိုးပြာနဂါးအဖွဲ့အစည်းက ဝင်ပါလို့ရတဲ့ အရာမဟုတ်ပါဘူး"
"ထပ်ပြောကြည့်စမ်း"
"အာ... မမလေး၊ ကျွန်တော် သေချာပေါက် ၃ရက်အတွင်း ဒီလင်းဟူဂိုဏ်းကို ရှာပါ့မယ်"
"ကောင်းပြီ"
ရှောင်ယွမ်အာက လှည့်သွားပြီး ခြေကားယားလက်ကားယား ပြန့်ကျဲနေကျသော ဂိုဏ်းအဖွဲ့အဝင်များကို လှမ်းကြည့်လိုက်သည်။
"နင်က ငါ့ကို ခုလေးတင် မြားတွေနဲ့ ပစ်လိုက်တဲ့တစ်ယောက်လား"
"မဟုတ်.. မဟုတ်.. မဟုတ်.. မဟုတ်ပါဘူး..."
"ဟုတ်ပါတယ်၊ နင်ပါပဲ"
ရှောင်ယွမ်အာ၏ သဏ္ဌာန်သည် လျစ်ခနဲပျောက်သွားပြီး နေရာတွင် ပုံရိပ်ယောင်သာ ကျန်ရစ်ခဲ့လေသည်။ နောက်တစ်စက္ကန့်မှာပင် သူမသည် အမျိုးသားဘေး ရောက်သွားပြီး ခြေတစ်ဖက်မကာ သူ့မျက်နှာဘေးရှိ စကျင်ကျောက်ကြမ်းပြင်ကို ဆောင့်နင်းလိုက်သည်။
ခြောက်ပစ်ကင်း ခြေဖဝါးရာတစ်ခုသည် စကျင်ကျောက်၏ ချောမွတ်မာကျောသော မျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့သည်။
အမျိုးသားမှာ တွန့်သွားကာ အပြင်းအထန်တုန်ယင်လျက် ဘောင်းဘီထဲ ကြောက်သေးပန်းတော့သည်။ သူ သတိလွတ်လုနီးပါး ကြောက်လန့်သွားခဲ့ခြင်းဖြစ်ကြောင်း သိသာလှသည်။
သူမသည် ကလေးမဟုတ်၊ နတ်ဆိုးကလေးသာဖြစ်ချေ၏။
"ဟားဟား၊ ငကြောက်ကောင်ပဲ"
ရှောင်ယွမ်အာက လှောင်ရယ်လိုက်သည်။ ထို့နောက် လျိုကျန်းဖုန်းဘက်လှည့်ကာ ပြုံးပြလိုက်သည်။
"နာခံစမ်း ရှင် ကျွန်မပြောတဲ့အတိုင်း မလုပ်ရင် ရှင်တို့ မိုးပြာနဂါးတစ်ဂိုဏ်းလုံးကို အမှုန့်ချေပစ်မယ်"
"…"
ထိုသို့ပြောပြီးနောက် သူမ လက်နှစ်ဖက် ဆန့်ထုတ်ကာ လေထဲခုန်သွားပြီး ခေါင်မိုးပေါ် တက်သွားပြီးမှ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
တိတ်ဆိတ်မှုသည် ခြံဝန်းတစ်ခွင် ကြီးစိုးသွားခဲ့သည်။ လျိုကျန်းဖုန်းက မြေကြီးပေါ် ပစ်ထိုင်ရင်း နဖူးမှချွေးများကိုသုတ်ပစ်ကာ ပင့်သက်မပြီး တီးတိုးရေရွတ်လိုက်သည်။
"ဘာကြောင့် အန်းယန်မှာ ဒီလိုလူငယ်ပညာရှင်လေးရှိတာ မသိခဲ့ရတာပါလိမ့်"
သူ သူ့ဘေးပတ်လည်ရှိ မြေကြီးပေါ် လှဲနေသော ဂိုဏ်းအဖွဲ့ဝင်များအား လှမ်းကြည့်ချိန် ထူးဆန်းသွားခဲ့သည်။ သူတို့ကိုတိုက်ခိုက်ရန် ရောက်လာသူသည် တခြားဂိုဏ်းသားများသာဆိုလျှင် အခု လက်ရှိ ဒီဂိုဏ်းသားများ သေကုန်ကြလောက်ပြီ။ သို့တိုင် မိန်းကလေးသည် သူတို့ကို ဒဏ်ရာသာရစေခဲ့ကာ သူ့အားတာဝန်တစ်ခုပေးခဲ့၍ အတော်လေး ထူးဆန်းထိတ်လန့်စရာကောင်းနေ၏။
"လင်းဟူဂိုဏ်း... အန်းယန်မှာ အဲဂိုဏ်းရှိလို့လား"
သူ စဉ်းစားလေ သူ့အတွက် ပိုပြီးထူးဆန်းလေဖြစ်လာပြီး ပို၍ပင် အကြံအိုက်လာခဲ့တော့သည်။
…
"ထင်း မိုးပြာနဂါးအဖွဲ့အစည်းအား စည်းရုံခြင်းတာဝန် ပြီးမြောက်သွားပါပြီ၊ ကုသိုလ် အမှတ်နှစ်ရာ ဆုချီးမြှင့်ခံရပါတယ်"
လုကျိုး ရေနွေးကြမ်းသောက်ပြီးခါစ လမ်းလျှောက်ရန် ခြံဝန်းအလယ်သို့ ဆင်းလာခဲ့သည်။
စီမိသားစုသည် မူလအတိုင်းပင်။ ကျိထျန်းတောက် အန်းယန်ဆီ ပထမဆုံးအကြိမ် လာခဲ့စဉ် ရှောင်ယွမ်အာကို တွေ့သွားကာ တပည့်အဖြစ် ခေါ်ယူချင်ခဲ့သည်။ သို့သော်ငြား သူမ မိဘများ၏ငြင်းဆန်မှုကို ခံခဲ့ရသည်။ နောက်ပိုင်းကျ မသိရသော အကြောင်းအရင်းတချို့ကြောင့် သူမမိဘများကိုယ်တိုင် သူမကို ရွှေနန်းဥယျာဉ်တောင်ဆီ လာပို့ခဲ့၏။
"စီမိသားစု ဒီနှစ်တွေထဲ ဘယ်ရန်သူတွေများ ရသွားခဲ့တာလဲ"
လုကျိုးမေးလိုက်သည်။
အနားတွင် တလေးတစားရပ်နေသည့် ဝမ်ဖူကွေ့သည် အနည်းငယ် ဦးညွတ်ပြီး ပြောပြလာသည်။
"မိသားစုက ဘယ်တုန်းကမှ ရန်သူမရှိခဲ့ပါဘူး"
"လွန်ခဲ့တဲ့ငါးနှစ်တုန်းကတောင် မရှိခဲ့တာလား"
"လွန်ခဲ့တဲ့ငါးနှစ်လား"
ဝမ်ဖူကွေ့ သူ့မှတ်ဉာဏ်ကို ရှာလိုက်သည်။ ထို့နောက် ရုတ်တရက် သူတစ်စုံတစ်ရာကို သတိရသွားခဲ့သည်။
"မုရုန်မိသားစုကို ဆိုလိုတာလား"
"ငါ့ကို ဒီမိသားစုအကြောင်း ပြောပြ"
လုကျိုးသည် ကျောက်တုံးတစ်တုံးဆီ လျှောက်လှမ်းကာ ထိုင်ချလိုက်၏။
"လွန်ခဲ့တဲ့ငါးနှစ်တုန်းက မုရုန်မိသားစုနဲ့စီမိသားစုဟာ ရေနဲ့မီးလိုပါပဲ၊ အဲအချိန်တုန်းက မိသားစုနှစ်ဖက်လုံး တာ့ယန်ရဲ့ တောင်ဘက်အဓိကစီရင်စုကြီးသုံးခုမှာ ပိုင်ဆိုင်မှုနဲ့ စီးပွားရေးတွေ ရှိကြတယ်၊ သခင်ကြီးက သူ့စီးပွားရေးတွေမှာ အစွမ်းကုန် အားထုတ်စူးစိုက်ခဲ့တာမို့ သူဌေး ဖြစ်လာခဲ့တာ၊ နောက်တော့ စီမိသားစုနဲ့ မုရုန်မိသားစုက မပြေနိုင်တဲ့ ရန်ဘက်တွေ ဖြစ်လာခဲ့ကြတယ်၊ တာ့ယန်လောကကြီးထဲ ကျင့်ကြံသူတွေက လောကီကိစ္စတွေနဲ့ မစွက်ဖက်သင့်ပေမဲ့ အကျိုးအမြတ်ရဖို့အတွက်ဆို ဘာမဆိုလုပ်မဲ့လူတွေက အမြဲရှိနေတာပဲ၊ သခင်ကြီးနဲ့ သခင်မတို့ မကြာခဏ လုပ်ကြံသတ်ဖြတ်သူတွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတာပါ"
"ဒီလုပ်ကြံမှုတွေနောက် မုရုန်မိသားစုရှိနေတာလား"
"သူတို့လုပ်မှန်း လူတိုင်းသိကြပေမဲ့ ကျွန်တော်တို့မှာ သက်သေအစစ်မရှိတော့ အာဏာပိုင်တွေက အမှုကို လျစ်လျူရှုထားတယ်လေ"
လုကျိုး ယခုတော့နားလည်ချေပြီ။ စီမိသားစု ရှောင်ယွမ်အာကို ကျိထျန်းတောက်ဆီပေးပို့ခြင်းသည် သူမအား ကာကွယ်ပေးရန်ပင်။
"မုရုန်မိသားစုက ဒီပြန်ပေးဆွဲမှုအတွက်ရော တာဝန်ရှိနိုင်လား"
ဝမ်ဖူကွေ့ တစ်ခဏတာရပ်သွားပြီး ပြောလိုက်သည်။
"ကျွန်တော် ကောက်ချက်မချရဲပါဘူး..."
"မိသားစုဝင်အကုန်လုံးကို ပြန်ပေးဆွဲနိုင်တဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ ကျင့်ကြံဆင့်က ဗြဟ္မာပင်လယ်နယ်ပယ်ရဲ့ သွေးကြောလေးခုအဆင့်အောက် မနိမ့်လောက်ဘူး၊ မုရုန်မိသားစုထဲ ကျင့်ကြံသူတွေများရှိလား"
"အပေါ်ယံမှာတော့မရှိပါဘူး၊ နောက်ကွယ်မှာ ပုန်းအောင်းနေသူရှိမရှိကတော့ ကျွန်တော် မသိကြောင်းပါ"
လုကျိုး ခေါင်းညိတ်လိုက်၏။
ထို့နောက်မှာပင် ရှောင်ယွမ်အာသည် ခေါင်မိုးပေါ်မှ မျောလွင့်လာကာ ခြံဝန်းထဲခုန်ဆင်းလာသည်။ လုကျိုးက မဆိုစလောက် အပြစ်တင်ဟန်လေသံဖြင့်ဆိုလိုက်၏။
"သုံးဖို့ အိမ်ရှေ့တံခါးရှိနေတာကို ဘာကြောင့် ခေါင်မိုးပေါ်ကနေ ကျော်ခွလာရတာလဲ"
"ဘိုးဘိုး၊ ကျွန်မသာ အိမ်ရှေ့တံခါးကနေဝင်ရင် တံခါးခေါက်ပြီး တစ်ယောက်ယောက်လာဖွင့်မှာကို စောင့်ရဦးမှာလေ၊ အမိုးပေါ်ကျော်တက်ရတာ ပိုအဆင်ပြေတယ်"
"ဒါမျိုး ထပ်မလုပ်နဲ့"
"အိုး..." ရှောင်ယွမ်အာက ပြန်ဖြေပြီး အနည်းငယ် မရွှင်မပျဖြစ်နေပုံပင်။
"ထင်း ရှောင်ယွမ်အာကို စည်းကမ်းကြပ်မတ်ခဲ့ပြီး ကုသိုလ်မှတ် တစ်ရာ ဆုချီးမြင့်ခံရပါတယ်"
"အခြေအနေတွေဘယ်လိုရှိလဲ"
"သူတို့တွေက အရမ်းကို နာခံကြပါတယ်၊ ကျွန်မတို့အတွက် လင်းဟူဂိုဏ်းကို ရှာပေးမယ်ပြောတယ်"
ရှောင်ယွမ်အာက စိတ်လှုပ်ရှားစွာဆိုလိုက်သည်။
"ဟုတ်လား၊ သူတို့ကိုရော ရိုက်နှက်ခဲ့သေးလား"
"ဟင့်အင်း၊ အဲအကြီးအကဲက အရမ်းဖော်ရွေတာ၊ သူက ပြောတယ် 'မမလေး၊ ကျွန်တော် သေချာပေါက် ၃ရက်အတွင်း ဒီလင်းဟူဂိုဏ်းကို ရှာပါ့မယ်' ဆိုပြီး၊ ကျွန်မကို အဲလိုမကြည့်ပါနဲ့နော် ဘိုးဘိုး အမှန်ပြောနေတာလို့ ကျိန်ရဲပါတယ်၊ အဲဒါသူ့စကားတွေပါ"
ရှောင်ယွမ်အာသည် ဗလုံးဗထွေးပြောလေသည်။
သူမ သူတို့ကို ရိုက်နှက်လာခဲ့ပြီးဖြစ်မည်ကို လုကျိုး သိသော်လည်း အပြစ်တင်ရန်တော့ မစီစဉ်ထားပေ။ သူမ အမှန်ပြောမည်လားကို သူသိချင်ရုံပင်။
'အင်းပေါ့လေ၊ ငါသူတို့ကို ဖြည်းဖြည်းချင်း သင်ကြားပေးရမှာပဲ၊ ရောမကို တစ်နေ့တည်း ဆောက်လို့မှမရတာ'
…
ဤသို့ဖြင့် သုံးရက်တာသည် မျက်စိတစ်မှိတ် လျှပ်တစ်ပြတ် ကျော်လွန်သွားခဲ့သည်။ လုကျိုးသည် ခြံဝန်းထဲတွင် တိတ်တဆိတ်ထိုင်နေရင်း မိုးပြာနဂါးအဖွဲ့အစည်း၏စုံစမ်းမှု ရလဒ်များကို စောင့်ဆိုင်းနေသည်။
ဝမ်ဖူကွေ့က သူ့အတွက် လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးကာ မဝံ့မရဲမေးလိုက်သည်။
"လူကြီးမင်း၊ သခင်မလေးက ဘာကြောင့် မိုးပြာနဂါးအဖွဲ့အစည်းဆီ တစ်ယောက်တည်း သွားရတာလဲဟင်၊ သူ့လုံခြုံရေးအတွက် စိတ်ပူမိတယ်"
လုကျိုး သူ့ကိုလှမ်းကြည့်လိုက်၏။
"ကျုပ်သာ ခင်ဗျားနေရာမှာဆို ဂိုဏ်းသားတွေရဲ့လုံခြုံရေးကိုပဲ စိုးရိမ်မိမှာ"
"အာ...."
ဝမ်ဖူကွေ့ အကြံအိုက်သွားခဲ့သည်။ သူသည် ကျင့်ကြံသူမဟုတ်၍ ကျင့်ကြံသူများ အဆင့်အမျိုးမျိုး ရှိသည်ကိုသိသော်လည်း မည်သူက ပို၍သန်မာကြောင်း မသိပေ။
"လွန်ခဲ့တဲ့ရက်တွေတုန်းက မိုးပြာနဂါးအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေ နေရာတိုင်းမှာ လင်းဟူဂိုဏ်းကို ရှာဖွေနေတာမို့ အန်းယန်မှာ အတော်လေးဆူပူမှုတွေဖြစ်သွားတယ်လို့ ကြားခဲ့ပါတယ်"
လုကျိုးပြုံးပြီး စကားတစ်လုံးမှတော့မပြောပေ။ သူ ဝမ်ဖူကွေ့၏ စိုးရိမ်မှုကို နားလည်နိုင်သည်။ တကယ်တော့ မိုးပြာနဂါးအဖွဲ့အစည်းကို ပေလွှာနက်တွင် ဒုတိယအဆင့်ရ ကျွမ်းကျင်ပညာရှင်ဖြစ်သော ယွီကျန့်ဟိုင် ဂိုဏ်းခေါင်းဆောင်ဖြစ်သည့် ငရဲဂိုဏ်းမှ ကျောထောက်နောက်ခံပေးထားသည်။ နာမည်နှင့်တင် လူတစ်ယောက်၏ နှလုံးသားထဲ အကြောက်တရားရိုက်သွင်းရန် လုံလောက်နေခဲ့၏။
သို့သော်ငြား...
"တင်း လူဆိုးတစ်ယောက် အသတ်ခံရပါတယ်၊ ကုသိုလ်အမှတ် ၁၀မှတ် ချီးမြှင့်ခံရပါတယ်"
"တင်း လူဆိုးတစ်ယောက် အသတ်ခံရပါတယ်၊ ကုသိုလ်အမှတ် ၁၀မှတ် ချီးမြှင့်ခံရပါတယ်"
"တင်း လူဆိုးတစ်ယောက် အသတ်ခံရပါတယ်၊ ကုသိုလ်အမှတ် ၁၀မှတ် ချီးမြှင့်ခံရပါတယ်"