ကျုပ်စကားနားထောင်ပါ သူတို့ကို ရန်မစမိစေနဲ့
Vol. 2 Ch. 30
အခန်း (၃၀) ကျုပ်စကားနားထောင်ပါ သူတို့ကို ရန်မစမိစေနဲ့
“မိုးပြာနဂါးဂိုဏ်း ရှင်းထုတ်ခံလိုက်ရပြီလား၊ ဘယ်သူ့လက်ချက်လဲ ” ယဲ့ထျန်းရှင်းက မျက်မှောင်အနည်းငယ်ကြုတ်ကာ မေးလိုက်သည်။
“ကျွန်တော်တို့ မသိသေးပါဘူး။ ဒါပေမဲ့ သဲလွန်စတွေအရတော့ တိုက်ခိုက်သူက ဗြဟ္မာပင်လယ်နယ်ပယ်အဆင့်မှာ ချီသွေးကြောရှစ်ခုဖွင့်ထားတဲ့ ကျင့်ကြံသူပဲ ဖြစ်ရမယ် ”
ကျောင်းယွဲ့က ဘေးမှဝင်ပြောလိုက်သည်။ “ ရှောင်ယွမ်အာများလား ”
“ ရှောင်ယွမ်အာက နတ်ဒေဝါ ဦးတည် နယ်ပယ်ဆိုတော့ သူမရဲ့အကျင့်စရိုက်အရ အဲဒီလူတွေကို သတ်ပစ်တာ ဖြစ်နိုင်လောက်တယ်။ ဒါပေမဲ့ သူမက ကျင့်ကြံဆင့်ကိုတော့ ဖုံးကွယ်ထားမှာ မဟုတ်ဘူး ”
ယဲ့ထျန်းရှင်းက သုံးသပ်ပြလိုက်သည်။
“ ရွှေနန်းဥယျာဉ်တောင်ကနေ လူအိုကြီးလည်း သူမနဲ့အတူတူ ထွက်လာတာဆိုရင်ရော” ကျောင်းယွဲ့က တဖန်မေးလိုက်ပြန်သည်။
ယဲ့ထျန်းရှင်းက ခေါင်းခါကာ “ အဲလိုတော့ မဖြစ်နိုင်လောက်ဘူး။ ဒါပေမဲ့ သေချာအောင်တော့ စီမိသားစုဆီ လူတစ်ယောက်ပို့ပြီး စုံစမ်းခိုင်းလိုက်မယ် … လာကြစမ်း ”
“ ဟုတ် သခင်မ ”
“ဒီပုံတူတွေကို ယူသွားပြီးတော့ စီမိသားစုထဲမှာ သွားပုန်းနေလိုက်။ သူတို့ကို မြင်တာနဲ့ ချက်ချင်း သတင်းပို့ ”
“ နားလည်ပါပြီ ”
ယဲ့ထျန်းရှင်းက လက်တစ်ချက်အဝေ့ဖြင့် ပုံတူကားနှစ်ချပ် ပေါ်လာသည်။ တစ်ယောက်မှာ တစ်ခေါင်းလုံး ဆံမွေးဖြူများဖြင့် အသက်ကြီးနေသော ကျိထျန်းတောက် ဖြစ်ပြီး နောက်တစ်ယောက်မှာ အပြာရောင်ဝတ်စုံလေးနှင့် ချစ်စဖွယ်ကောင်းသည့် ယွမ်အာ၏ ပုံတူ ဖြစ်ပေသည်။
သူမက အမိန့်ပေးလိုက်ပြီးနောက် ထပ်ပြောလိုက်သည်။ “ တော်ဝင်တပ် တံဆိပ်တော်အတွက်တော့ … ”
“အဲဒီပစ္စည်းက တော်ဝင်တပ်ကို လှုပ်ရှားအောင် အမိန့်ပေးနိုင်ပေမဲ့ အမြဲတမ်း တာ့ယန်ဘုရင်လက်ထဲပဲ ရှိခဲ့တာမလား။ ဘယ်လိုလုပ် အန်းယန်မှာ ပေါ်လာတာလဲ ” ကျောင်းယွဲ့က စဉ်းစားရင်း ပြောလိုက်သည်။
“ဘယ်လိုဖြစ်ဖြစ် ကိစ္စမရှိဘူး။ တော်ဝင်တပ်က တံဆိပ်တော်ကို နာခံပေမဲ့ လှုပ်ရှားခိုင်းဖို့တော့ မလွယ်ဘူး။ ဖြစ်နိုင်ခြေက နှစ်ခုပဲ ရှိတယ်။ တစ်ယောက်ယောက် အတုလုပ်ထားတာမျိုး ဒါမှမဟုတ် ဧကရာဇ်ကိုယ်တိုင် သာမန်လူအဖြစ် ရုပ်ဖျက်ပြီး ရောက်နေတာမျိုး … ဒါပေမဲ့ တာ့ယန်က စစ်ပွဲကြောင့် အပူများနေတာဆိုတော့ ဧကရာဇ်က အန္တရာယ်များတာမျိုး လုပ်မှာ မဟုတ်ဘူး ”
“ အဲဒါက အဓိပ္ပာယ်ရှိတယ် ”
ယဲ့ထျန်းရှင်း နှုတ်ခမ်းဖျား၌ အပြုံးလေးပေါ်လာကာ “ ရှစ်ကျဲရေ စိုးရိမ်မနေပါနဲ့။ အားလုံးက ညီမရဲ့ ထိန်းချုပ်မှုအောက်မှာပါ ”
……………
ထိုစဉ် လုကျိုးနှင့် ရှောင်ယွမ်အာတို့က မုရုံမိသားစု အိမ်တော်အပြင်ဘက်သို့ ရောက်ရှိလာကြသည်။
“ရှောင်ယွမ်အာ … မင်းက အရမ်းထင်ပေါ်လွန်းတော့ တခြားသူအာရုံ စိုက်စရာဖြစ်လာလိမ့်မယ်။ အခုကစပြီး ငါ ပြောတဲ့အတိုင်းပဲ လုပ် ကြားလား ”
“ တပည့် နားလည်ပါပြီ ”
“ နောက်ကွယ်က ကြိုးကိုင်သူက မင်းရဲ့ ရှစ်ရှိုးတို့၊ ရှစ်ကျဲတို့ ဖြစ်နေခဲ့ရင် ဘယ်လိုလုပ်မလဲ ” လုကျိုးက သူတို့လက်ချက် မဟုတ်လျှင်ပင် သူတို့နှင့် တစ်နည်းတဖုံ ပတ်သက်နေလိမ့်မည်ဟု ခံစားချက်မျိုး ရနေသည်။
“ သူတို့ မဖြစ်နိုင်ပါဘူး … သူတို့က တပည့်ကို အမြဲတမ်းကြင်ကြင်နာနာ ဆက်ဆံပေးတယ်။ တပည့်ရဲ့ မိသားစုကို ပြန်ပေးဆွဲလောက်တဲ့ စိတ်နှလုံးသားမျိုး မရှိကြပါဘူး ” ရှောင်ယွမ်အာက ဆံပင်လေးကို လိမ်ကာ ကစားရင်း ပြောလိုက်သည်။
လုကျိုးက ခေါင်းတခါခါဖြင့် တွေးလိုက်မိသည် “ အရမ်းရိုးလိုက်တာ ”
“ အထဲဝင်ကြစို့ ”
“ ရှစ်စွင်း … တပည့် တံခါးသွားခေါက်ပေးပါ့မယ် ”
“ ကန်ဖွင့်လိုက် ”
ရှောင်ယွမ်အာ “ … ”
ဝုန်း
တံခါးကား ဘန်းခနဲ ပွင့်သွားလေသည်။ အသံကို ကြားကာ အစောင့်များက ပျားများသဖွယ် ချက်ချင်း ထွက်လာကြပြီး ကျူးကျော်သူများမှာ လူအိုကြီးတစ်ယောက်နှင့် မိန်းမငယ်လေးတစ်ယောက် ဖြစ်နေကြောင်း တွေ့လိုက်ရသည့်အခါ တစ်ယောက်က မချေမငံ့ မေးလိုက်သည်။
“ မုရုံမိသားစုရဲ့တံခါးကို ဘယ်လိုများ ကန်ဖွင့်ရဲတာလဲ … သူတို့ကို ချကြစမ်း ”
လုကျိုးက အစောင့်များကို ကြည့်ကာ လက်ဝေ့ပြလိုက်သည်။ ရှောင်ယွမ်အာက လက်ဟန်ကို နားမလည်ဘဲ မေးလိုက်သည်။
“ နောက်ဆုတ်ရမှာလား ”
“ သူတို့ကို ရိုက်ပစ် ”
“ တပည့် အကြိုက်ပဲ ” သူမက ရှစ်စွင်း ရိုက်နှက်မှုကို ခံထားရပြီးနောက် စိတ်ဓာတ်ကျနေခဲ့သော်လည်း ဖြေလျော့ရမည့် နည်းလမ်း မရှိခဲ့ပေ။ ယခုအခါ ပျော်ရွှင်မှုအတိဖြင့် မိန်းမငယ်လေးက သိုးအုပ်ကြား ဝင်တော့မည့် ဝံပုလွေတစ်ကောင်သဖွယ် လူအုပ်ကြား ချက်ချင်း ခုန်ဝင်သွားပြီး အားလုံးကို လျှပ်စီးနှုန်းဖြင့် ရိုက်နှက်ထိုးချပစ်လေသည်။
အစောင့်များက သူမလှုပ်ရှားမှုများကို အမီမလိုက်နိုင်ခင် သူတို့အားလုံး လွှင့်စင်သွားလေရာ မည်သူကမှ ပြန်လည် မတိုက်ခိုက်နိုင်လိုက်ကြပေ။ ခဏလေးအတွင်း တိုက်ပွဲကား အဆုံးသတ်သွားလေ၏။
ရှောင်ယွမ်အာက ကျေနပ်အားရစွာဖြင့် လက်ခါကာ “ အဘိုး … သူတို့က အရမ်းအားနည်းလိုက်တာ ”
လုကျိုးပင် ဘာပြန်ပြောရမည်မှန်း မသိတော့ပေ။ နတ်ဒေဝါ ဦးတည် နယ်ပယ် ကျင့်ကြံသူတစ်ယောက်က အစောပိုင်း ခန္ဓာတည်ဖွဲ့ခြင်းအဆင့်မှ အစောင့်အုပ်စုကို သွား၍ အနိုင်ကျင့်နေသည့်အခါ ဘာကိုများ ကြွားစရာရှိမည်နည်း။ အစောင့်များက ဆိုးဆိုးရွားရွား ဖြစ်နေကြလေသည်။ အားလုံးက ဖူးယောင်ကာ နှာခေါင်းသွေးသံရဲရဲဖြင့် မြေပြင်ပေါ် အတုံးအရုံး လဲကျနေပြီး ညည်းညူနေကြကာ မတ်တတ်ရပ်ဖို့ပင် အနိုင်နိုင် ဖြစ်နေရှာသည်။
ဆူညံသံများက အိမ်တော်အပြင်ဘက်ရှိ လူများ၏ အာရုံကို ဖမ်းစားသွားလေသည်။ သိပ်မကြာခင် မိသားစုခေါင်းဆောင် မုရုံဟိုင်လည်း နောက်လိုက်ကျင့်ကြံသူများနှင့် ရောက်ရှိလာသည်။ အဖြစ်အပျက်ကို မြင်လိုက်ရသည့်အခါ လုကျိုးအား စိုက်ကြည့်ပြီး မေးလိုက်သည်။
“ ခင်ဗျားက ဘယ်သူလဲ ”
လုကျိုးက စိတ်မပါတပါဖြင့် “ ဝမ်ဖူကွေ့က မင်းရဲ့ အိမ်တော်မှာမလား ”
“ သူက တော်ဝင်တပ် တံဆိပ်တော်ကို အတုလုပ်ထားလို့ ဖမ်းထားပြီး အာဏာပိုင်တွေဆီ ပို့လိုက်ပြီ ”
လုကျိုးက အနည်းငယ် မျက်မှောင်ကြုတ်မိသွားသည်။ သူ ရွှေနန်းဥယျာဉ်တောင်တွင် ရှိစဉ်အခါက မည်သူကမှ သူ့အား ဤသို့မပြောရဲကြပေ။
“ ယွမ်အာ … သူ ကောင်းကောင်း ပြောချင်လာအောင် လုပ်လိုက် ”
“ တပည့် သဘောပေါက်ပါပြီ ” ရှောင်ယွမ်အာက လက်အညောင်းအညာဆန့်လိုက်ရင်း ရယ်မောကာ ပြောလိုက်သည် “ ဟေး … ကောင်းကောင်းပြောတာ ကောင်းမယ် ”
“ ဒီမိုက်ရိုင်းနေတဲ့ ကလေးမက ဘယ်သူလဲ။ မင်း မိဘတွေက မင်းကို သင်ပေးမထား … ”
မုရုံဟိုင် စကားမဆုံးခင် ရှောင်ယွမ်အာက နေရာမှ ပျောက်ကွယ်သွားပြီး လေထုထဲ ပုံရိပ်များချန်ရစ်ကာ သူ့ဆီ ချည်းကပ်လာလေသည်။ မျက်စိတစ်မှိတ်အတွင်း သူမက အားလုံးကို မြေပြင်ပေါ် အမှောက်သိပ်ချလိုက်၏။
“ ဗြဟ္မာပင်လယ်နယ်ပယ်ရဲ့ ချီသွေးကြောရှစ်ခု ဖွင့်ထားတဲ့သူပဲ ” မုရုံဟိုင်က မြေပြင်ပေါ် ထိုင်လျက် ကျသွားလေသည်။
“ … ” မုရုံဟိုင်က ရှောင်ယွမ်အာအား ပုံဆိုးပန်းဆိုးမျက်နှာဖြင့် ကြည့်လိုက်သည်။ ကျန်လူများကား ရင်ဘတ်များတွင် နီရဲနေပြီး မလှုပ်ရှားနိုင်တော့ပေ။
“ အိုး … ရှင်က တခြားသူတွေထက် မာကြောပုံပဲ ” ရှောင်ယွမ်အာက စိတ်ဝင်စားလာပြီး ထပ်ရိုက်ဖို့ ပြင်လိုက်သည်။
“ မလုပ်ပါနဲ့ … ရပ်ပါတော့။ ကျေးဇူးပြုပြီး တော်လိုက်ပါတော့ ” မုရုံဟိုင်က လက်ကာပြကာ အဆက်မပြတ် တောင်းပန်နေသည် “ တစ်ယောက်ယောက် ဝမ်ဖူကွေ့ကို လွှတ်ပေးလိုက်ကြစမ်း။ သူက အဆင်ပြေပြေရှိနေပါတယ် ”
သိပ်မကြာခင် မျက်နှာတစ်ဝိုက် ဒဏ်ရာအပြည့်နှင့် ဝမ်ဖူကွေ့ကို လက်နောက်တုပ်ထားလျက် ခေါ်ထုတ်လာလေသည်။
“ ခွေးကို ရိုက်ချင်ရင် သခင် မျက်နှာကြည့်ရမယ်” ဆိုသော စကားပုံ ရှိသေးသည် မဟုတ်ပါလော။ ရှောင်ယွမ်အာက မြင်ကွင်းကို မြင်လိုက်ရသည့်အခါ ဒေါသထွက်သွားတော့သည်။
“ အဘိုး ”
“ စိတ်ကြိုက်သာ လုပ်လိုက် ”
ရှောင်ယွမ်အာက လက်ဆစ်ချိုးရင်း အံ့ကြိတ်ကာ ပြောလိုက်သည် “ ဖူကွေ့ကို ဘယ်သူရိုက်တာလဲ ”
လူအုပ်ကြား တိတ်ဆိတ်သွားကာ မည်သူမှ သူမအား ပြန်မဖြေရဲကြပေ။ သူမ စွမ်းအားကို ပြသထားပြီးနောက်တွင် မည်သူများ ဝန်ခံရဲမည်နည်း။ မုရုံမိသားစု၏ ကျင့်ကြံသူများက သူမအတွက် သာမန်လူများနှင့် မခြားနားလှပေ။
“ ရှင့်လက်ချက်ပဲ ” ရှောင်ယွမ်အာက မုရုံဟိုင်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“မဟုတ် .. မဟုတ်ပါဘူး ” မုရုံဟိုင်က အဆက်မပြတ် ငြင်းလိုက်သည်။ ဝမ်ဖူကွေ့လိုမျိုး အစေခံတစ်ယောက်ကို အိမ်တော်ခေါင်းဆောင် ဖြစ်သည့် သူကိုယ်တိုင် နှိပ်စက်ဖို့ ထိုက်တန်မည်လား။
“ ဟုတ်ပါတယ် … ရှင့်လက်ချက်ပါ ” ရှောင်ယွမ်အာက မျက်စိတစ်မှိတ်အတွင်း မုရုံဟိုင်ရှေ့ ရောက်လာပြီး လက်သီးဖြင့် ထိုးချလိုက်သည်။
ဖောင်း ဖောင်း ဖောင်း
လုကျိုးက အကြည့်လွှဲထားလိုက်သည်။
လက်သီးချက်အနည်းငယ် ခံယူပြီးနောက် မုရုံဟိုင်၏ မျက်နှာမှာ ဖူးယောင်လာကာ နှာခေါင်းသွေးလဲ စီးကျလာသည် “ ကျုပ်ကို ဘာလို့ လုပ်ရတာလဲ။ ခင်ဗျားတို့နဲ့ ဘာရန်ကြွေးမှ မရှိပါဘူးဗျာ ” သူက ငိုကြီးရှိုက်မအသံဖြင့် ပြောလိုက်သည်။
လုကျိုးက မေးလိုက်၏။
“ စီမိသားစု ပြန်ပေးဆွဲခံလိုက်ရတဲ့အကြောင်း သိလား ”
လူအုပ်က တိတ်ဆိတ်သွားလေ၏။
“ မြန်မြန်ဖြေဖို့ မလိုဘူး ” လုကျိုးက ထပ်ပြောလိုက်သည်။ ထို့နောက် သူက ရှောင်ယွမ်အာဘက် လှည့်ကာ “ တကယ်လို့ သူ လိမ်နေသေးတယ်လို့ ငါ ခံစားနေရတုန်းဆိုရင် သူ့ခြေထောက်ကိုသာ ချိုးပစ်လိုက် ”
“ ဟုတ် အဘိုး ”ရှောင်ယွမ်အာက လူတစ်ယောက်ကို ရိုက်နိုင်ကြောင်း ကြားလိုက်ရသည့်အခါ စိတ်တက်ကြွလာသည်။
မုရုံဟိုင်က စိတ်ဓာတ်ကျလာမိကာ စိတ်ထဲမှ “ ငါ ဘယ်လိုဖြေရမလဲ … တစ်ယောက်ယောက် ပြောကြပါဦး”
ကျန်လူများက မသိမသာ နောက်ဆုတ်လိုက်ကြသည်။
“ ဟုတ်ကဲ့ … ကျုပ် သိထားပါတယ် ”
“ ဘယ်သူလုပ်တာလဲ ”
“ ကျုပ်အနေနဲ့ သူတို့ကို အားကောင်းတဲ့ ကျင့်ကြံသူတွေ နောက်ခံပေးထားတယ်ဆိုတာပဲ သိတာပါ။ ကျုပ်မိသားစုနဲ့ စီမိသားစုက ရန်ဘက်တွေဆိုပေမဲ့ သူတို့အိမ်တော်ကို တစ်ညတည်းနဲ့ လူရာချီ ပြန်ပေးဆွဲနိုင်လောက်တဲ့ စွမ်းရည်မျိုး မရှိပါဘူး” မုရုံဟိုင်က ပြောလိုက်သည်။
“ အားကောင်းတဲ့ ကျင့်ကြံသူတွေလား ”
မုရုံဟိုင်က ဝမ်ဖူကွေ့အား တစ်ချက်ကြည့်လိုက်သည်။ ဤလူအိုကြီးသည် စီမိသားစုနှင့် ဆက်ဆံရေးကောင်းကြောင်း မှန်းဆမိလိုက်ပြီးနောက် ပြောလိုက်သည်။
“ ဆရာကြီး ကျုပ်စကားနားထောင်ပါ… အဲဒီလူတွေကို သွားရန်မစသင့်ဘူး ”
“ သူတို့ကို သိလား ”
မုရုံဟိုင်က ခေါင်းခါကာ “ မသိပါဘူး။ ကျုပ်အနေနဲ့ အဲဒီလူတွေက ရွှေနန်းဥယျာဉ်တောင်နဲ့ ဆက်စပ်နေတယ်ဆိုတာပဲ သိတာပါ။ ရွှေနန်းဥယျာဉ်တောင်ကို သိတယ်မလား ”
“ မသိဘူး … ပြောပြပါဦး ”
သူက ရွှေနန်းဥယျာဉ်တောင်ကို မကြားဖူးဘူးတဲ့ … ပြီးတော့ သူ့ရဲ့ အရှိန်အဝါနဲ့ ဟန်ပန်ကို ကြည့်ရတာ လောကကြီးနဲ့ အဆက်အသွယ်ပြတ်နေတဲ့ သူတော်စင် ကျင့်ကြံသူပဲ ဖြစ်လိမ့်မယ် …
“ ရွှေနန်းဥယျာဉ်တောင်ထိပ်မှာ မိစ္ဆာဂိုဏ်းချုပ် ရှိတယ်လေ။ သူဆီမှာ တပည့်ကိုးယောက် ရှိတယ်။ တစ်ယောက်ချင်းစီကလည်း နာမည်ဆိုးနဲ့ ကျော်ကြားတယ်။ အဲဒီကျင့်ကြံသူအုပ်စုက ရွှေနန်းဥယျာဉ်တောင်ထိပ်က မိစ္ဆာတွေနဲ့ပတ်သက်နေတာ ဖြစ်ဖို့များတယ် … သူတို့က မျက်တောင်မခတ်ဘဲ လူသတ်ပစ်ပြီးတော့ မကောင်းတာမှန်သမျှ အကုန်လုပ်တယ်။ ဆရာကြီးက ကြင်နာတတ်တဲ့သူဆိုတော့ သူတို့ကို ရန်သွားမစမိဖို့ပဲ ပြောချင်တယ်ဗျာ ”