အခန်း (၁၉၉-၂၀၀)
Vol. 20 Ch. 199-200
အခန်း ၁၉၉ သူ အရွယ်ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းခြင်း
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဇူလိုင်လသို့ ရောက်ရှိလာခဲ့၏။လီဟန်ယီသည် ကိုယ်ဝန် ရှစ်လရှိနေပြီဖြစ်ရာ သူမ၏ ဝမ်းဗိုက်မှာ သိသိသာသာ ထွက်နေပြီးဖြစ်သည်။သူမသည် လမ်းလျှောက်သည့်အခါတွင် ဟန်ချက်ထိန်းရန် လက်ကို နောက်ပစ်ထားရသဖြင့် ကြည့်ရသည်မှာ အတော်ပင် ရယ်စရာကောင်းနေ၏။
"ရယ်တာလား၊ ဘာက ရယ်စရာကောင်းလို့လဲ၊ ကျွန်မကို ဒီလို လမ်းလျှောက်အောင် လုပ်တာ ဘယ်သူလဲ"
လီဟန်ယီသည် သူမအား တွဲပေးထားသော လီကျန့်ယီကို မျက်စောင်းထိုးလျက် မေးလိုက်သည်။
"ဟန်ယီ... ကိုယ်က မင်းကို ရယ်တာမဟုတ်ပါဘူး။ မင်း ဒီလို လမ်းလျှောက်တာလေးက ချစ်ဖို့ကောင်းလို့ပါ" ဟု လီကျန့်ယီက ပြုံးလျက် လီဟန်ယီ၏ ကျောကို ဖေးမပေးထား၏။
"ဟမ့်...အဲဒီလို ပြောရုံနဲ့ ခွင့်လွှတ်မယ်လို့ မထင်နဲ့"
"ပြီးတော့ ကျွန်မဗိုက်ကို ဘာလို့ ဒီလောက်ကြီးအောင် လုပ်ရတာလဲ"လီဟန်ယီသည် လွန်ခဲ့သော ခုနစ်လလုံးလုံး ဝမ်းဗိုက်ထဲက ကလေးကြောင့် အတော်ပင် ပင်ပန်းခဲ့ရပေသည်။
"ကိုယ်ဝန်မရှိရင် ကလေးက ဘယ်က ထွက်လာမှာလဲ" ဟု လီကျန့်ယီက ပြန်လည် ချေပလိုက်၏။
"ဟွန်..' လီဟန်ယီမှာ ဘာမှ ပြန်မပြောတော့ချေ။
သူတို့နှစ်ဦး ခြံဝန်းအတွင်းသို့ ရောက်ရှိလာခဲ့ကြပြီ။သူမသည် နေပူဆာလှုံရန် ခြံထဲ၌ ထိုင်နေမိသည်။ထိုအချိန်တွင် ခြောက်နှစ်အရွယ် ရောက်နေပြီဖြစ်သော ချန်လော့နှင့် ဝဖြိုးသော ပင်လယ်ပြာနဂါးလေးတို့သည် လီဟန်ယီ၏ ဘေးသို့ အပြေးအလွှား ရောက်ရှိလာကြ၏။
ချန်လော့လေးသည် လီဟန်ယီ၏ ဗိုက်ကြီးကို သူမ၏ လက်ကလေးဖြင့် အသာအယာ ထိတွေ့လိုက်ပြီးနောက် အပြစ်ကင်းစင်စွာ ဆိုလေသည်။
"မမဟန်ယီ... ဖေဖေက ပြောတယ်၊ မမဗိုက်ထဲမှာ ညီမလေး ရှိတာတဲ့။ သူ ကြီးလာရင် ချန်လော့ရဲ့ ညီမလေး လုပ်လို့ရတယ်"
"ဟားဟား.. မင်းအဖေကတော့ ဝမ်းသာလို့ ပါးစပ်တောင် မစိနိုင်တော့ဘူးထင်တယ် ၊ ချန်လော့လေးက အစ်ကိုယီရဲ့ ချွေးမ လုပ်စရာ မလိုတော့ဘူးဆိုတော့" လွန်ခဲ့သောအချိန်က စစ်ကုန်းချန်ဖုန်းသည် လီဟန်ယီ၏ သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက် ပါးစပ်ကြီး ဖြဲကာ ပျော်ရွှင်နေခဲ့သည့် ပုံရိပ်ကို ပြန်မြင်ယောင်ရင်း လီကျန့်ယီမှာ စကားလုံးများ ပျောက်ရှနေမိ၏။
"အစ်ကို ယီ ၊ မမဟန်ယီက မောင်လေး မမွေးဘူးတဲ့..." ဖုန်းချူးယွီ၏ သွန်သင်မှုအောက်တွင် ခြောက်နှစ်အရွယ် ချန်လော့လေးသည် 'ချွေးမ' ဆိုသည့် အဓိပ္ပာယ်ကို နားလည်နေပြီ ဖြစ်သည်။ထို့ကြောင့် သူတို့အားလုံးမှာ ဤအခိုက်အတန့်တွင် အနည်းငယ် ကို့ရိုးကားယား ဖြစ်နေရ၏။ချန်လော့လေးမှာ မျက်နှာပင် အနည်းငယ်နီမြန်းသွားရ၏။
"ဟဲဟဲ... ယီယီ... ကြည့်စမ်း၊ မင်းကြောင့် ချန်လော့လေး ရှက်သွားပြီ" လီဟန်ယီသည် ချန်လော့လေး ရှက်နေသည်ကို မြင်သောအခါ မနေနိုင်ဘဲ သူမ၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။
"မ... မမဟန်ယီ... သမီး... သမီး မရှက်ပါဘူး..." ချန်လော့လေးက ခေါင်းငုံ့လျက် ဆို၏။
ထိုအချိန်တွင် ဖုန်းချူးယွီ လမ်းလျှောက်လာကာ ရှက်နေသော ချန်လော့ကို ကြည့်ပြီး ပြုံးလျက် ခေါင်းခါလိုက်သည်။ "ချန်လော့... မင်းရဲ့ အစ်ကိုယီက စတာပါ၊ အတည်မယူနဲ့"
"ပြီးတော့ မင်းရဲ့ မမဟန်ယီမှာက သမီးလေး မွေးမှာလေ၊ သားလေး မဟုတ်ဘူး။ ဒါကြောင့် ရှက်နေစရာ မလိုပါဘူး"
"ဟုတ်"ချန်လော့လေးက အလေးအနက် ခေါင်းညိတ်ပြ၏။
"မေမေ... သမီး မမကျီရွယ်ကို လွမ်းတယ်" ချန်လော့လေးသည် ကျီရွယ်နှင့် မတွေ့ရသည်မှာ ကြာပြီ ဖြစ်သည်။မကြာမီက ကျီရွယ်ကို ကျီရူဖန်က ထျန်ချီမြို့သို့ ပြန်လည် ခေါ်ဆောင်သွားခဲ့သဖြင့် နေ့တိုင်း အတူဆော့ခဲ့သော ကျီရွယ်နှင့် မတွေ့ရသည်မှာ လပေါင်းများစွာ ကြာခဲ့ပြီဖြစ်၏။
"မမကျီရွယ်က ကြီးလာပြီဆိုတော့ သူ့မှာ လုပ်စရာ ကိစ္စတွေ ရှိတာပေါ့"
"ဒါပေမဲ့ မမကျီရွယ် မကြာခင် ပြန်လာလိမ့်မယ်လို့ မေမေ ယုံကြည်ပါတယ်" ဟု ဖုန်းချူးယွီက သူမ၏ သမီးငယ်ကို နှစ်သိမ့်ပေးလိုက်သည်။
"ဟုတ်...ချန်လော့လည်း ဖေဖေဆီကနေ လှံသိုင်းပညာကို ကြိုးစားပြီး သင်ယူမယ်၊ နောက်ကျရင် ရွှေလမြို့တော်ကို ကူညီပေးနိုင်အောင်လို့" ချန်လော့လေးက အလေးအနက် ခေါင်းညိတ်ပြပြန်၏။
"တော်တယ်"
ဖုန်းချူးယွီက ပြုံးလိုက်ပြီးနောက် ရွဲ့ယောင်နှင့် အခြားသူများကို ခေါ်ကာ လီဟန်ယီနှင့်အတူ နေပူဆာလှုံကြပါတော့သည်။
နေရှိန်လျော့သွားသည့်နောက် လီရှင်းယွဲ့သည် လီဟန်ယီအား အခန်းထဲသို့ ဂရုတစိုက် ပြန်လည် တွဲခေါ်သွား၏။ဘလီကျန့်ယီအနေနှင့်မူ ဓားနှလုံးဂူဗိမာန်တွင် နေ့စဉ် ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စရပ်များကို အဆုံးသတ်ရန်အတွက် စိတ်ဝိညာဉ်ဖြင့် ခရီးနှင်သွားပေသည်။
....
ဓားဆွေးနွေးပွဲ ခန်းမအတွင်း၌။
လီကျန့်ယီသည် ဓားနှလုံးဂူဗိမာန်၌ ဖြေရှင်းရန် လိုအပ်သည့် ကိစ္စရပ်တိုင်းကို စေ့စေ့စပ်စပ် ကိုင်တွယ်နေ၏။ ပျင်းရိလာသောအခါ ပိုင်ရှောင်တန်၏ နံနက်ခင်း သတင်းစာကို ဖတ်ရင်း အချိန်ဖြုန်းတတ်ပေသည်။
မကြာသေးမီက လူပြောအများဆုံး သတင်းမှာ လန်ယာဧကရာဇ်၏ ထိရောက်သော အုပ်ချုပ်မှုအကြောင်းပင် ဖြစ်၏။လန်ယာဧကရာဇ်သည် ဧကရာဇ်လုပ်ရန် အရည်အချင်းရှိပြီး စွမ်းဆောင်ရည်ရှိသူ ဖြစ်
သောကြောင့် ကောင်းသည့် ဧကရာဇ်ဖြစ်နေသည်။
အရင်တစ်ချိန်က သူသည် အရည်အချင်းမပြည့်၍ ထီးနန်းကိုစွန့်လွှတ်ခဲ့ခြင်းမဟုတ်ပဲ ပလ္လင်ပေါ်မထိုင်ခဲ့ခြင်းဖြစ်သောကြောင့်သာ ဖြစ်ခဲ့၏။သို့ပေမဲ့ ဧကရာဇ်မိန်တယ်နှင့် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များနောက်ပိုင်းတွင် လန်ယာဧကရာဇ်သည် အာဏာကို လက်လွှတ်လိုက်ရန် တွန့်ဆုတ်နေပုံရပေသည်။သူ၏ နောင်တော် ဧကရာဇ်ပင်လျှင် အာဏာ၏ မက်မောမှုအောက်၌ သူ့အား သတ်ရန် ကြိုးစားခဲ့ရာ အခြားသူများဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။ထို့ကြောင့် သူသည် ဧကရာဇ်မလုပ်ခြင်းကြောင့်သူ၏ ထောက်ခံသူများအား ကြေကွဲဖွယ် သေဆုံးစေခြင်းမျိုးကို မဖြစ်စေချင်တော့ပါချေ။
.....
လန်ယာနန်းတော်။
လန်ယာဝမ်ဧကရာဇ်သည် အစီရင်ခံစာများကို ဂရုတစိုက် ဖတ်ရှုနေစဉ် ဆယ်နှစ်အရွယ် လူငယ်လေးတစ်ဦး နန်းဆောင်အတွင်းသို့ ဝင်လာခဲ့၏။ ထိုအခါမှသာ လန်ယာဝမ်သည် သူကိုင်ထားသော အစီရင်ခံစာများကို ချထားလိုက်ပေသည်။
"ချူဟဲ... ဦးလေးတော်ဆီက ဘာလိုအပ်လို့လဲ" ရှောင်ရူဖန်သည် ရှောင်ချူဟဲကို ကြင်နာသော မျက်နှာထားဖြင့် ကြည့်လိုက်၏။
"ဦးလေးတော်... လွန်ခဲ့တဲ့ ခုနစ်လက တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ကျွန်တော် သိချင်ပါတယ်၊ ကျွန်တော်ရဲ့အဖေက ဘယ်လို သေဆုံးခဲ့ရတာလဲ" ရှောင်ချူဟဲ၏ ပိန်ပါးသော ကိုယ်လုံးလေးတွင် ခေါင်းမာမှုများ မြင်တွေ့နေရပေသည်။ကျင်းကျူးဝမ်သည် မုန်းတီးဖွယ်ကောင်းသော လူတစ်ဦးဖြစ်သော်လည်း ရှောင်ချူဟဲအပေါ်တွင်တော့ အမှန်တကယ် ကောင်းမွန်ခဲ့သူ ဖြစ်၏။ရှောင်ချူဟဲသည် ထိုစဉ်က အမှန်တရားကို သိရှိရန်အတွက် နေ့စဉ် ကြိုးစားပမ်းစား သိုင်းကျင့်နေခဲ့သည်။
"မင်းအဖေကတော့..."
ရှောင်ချူဟဲကို ကြည့်ရင်း ရှောင်ရူဖန်မှာ တွေဝေသွားရ၏။
"ကျွန်တော့်အဖေ တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ၊ ကျွန်တော့်ဆရာကလည်း မပြောဘူး၊ ဦးလေးတော်ကလည်း ဘာလို့ ဘာမှမပြောရတာလဲ" ရှောင်ချူဟဲမှာ အခြေအနေကို နားမလည်နိုင် ဖြစ်နေပေသည်။
"မင်း ကြီးလာတဲ့အခါ အရာအားလုံးကို သိလာလိမ့်မယ်၊ ပြီးတော့ မင်းရဲ့ အဖေက ခွင့်မလွှတ်နိုင်တဲ့ အရာတစ်ခုကို လုပ်ခဲ့မိလို့ သေဆုံးသွားရတာဆိုတာကို ဦးလေးတော် ရှင်းရှင်းလင်းလင်း ပြောပြနိုင်ပါတယ်"
"ချူဟဲ... တူလေး ကြီးလာတဲ့အခါ အရာအားလုံးကို နားလည်သွားမှာပါ" ဟု ရှောင်ရူဖန်က အလေးအနက် ဆို၏။
"ကြီးလာတဲ့အခါ ဟုတ်လား၊ ဒါဆိုရင် ကျွန်တော်က ကောင်းကင်ဖြတ်သန်းခြင်းအဆင့်ကို ရောက်တဲ့အခါ ဦးလေးတော်ကို ထပ်ပြီး မေးပါ့မယ်" ထူးခြားမှု မရှိသည်ကို မြင်သောအခါ ရှောင်ချူဟဲသည် သူ၏ လှံသိုင်းကို ဆက်လက် လေ့ကျင့်ရန် လန်ယာနန်းတော်မှ ထွက်ခွာသွားပါတော့သည်။
"ဒီကလေးကတော့..."
ရှောင်ချူဟဲ ထွက်သွားသည်ကို ကြည့်ရင်း ရှောင်ရူဖန်မှာ ခေါင်းခါမိ၏။
သူသည် ရှောင်ချူဟဲကို အမှန်တရား မပြောပြချင်သည် မဟုတ်ဘဲ ရှောင်ချူဟဲမှာ ငယ်လွန်းသေးသည်ဟု ခံစားနေရသောကြောင့် ဖြစ်ပေသည်။အချို့သော အရာများကို သူ အရွယ်ရောက်လာပြီး စိတ်ဓာတ် ပိုမို ကြံ့ခိုင်လာသည့်အခါမှ ပြောပြခြင်းက အကောင်းဆုံး ဖြစ်ပါလိမ့်မည်။ထို့ကြောင့် ရှောင်ရူဖန်သည် ရှောင်ချူဟဲ၏ ကောင်းကျိုးအတွက်သာ ဤသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်၏။
...
ကျီအိမ်တော်။
ဆယ်နှစ်အရွယ် ကျီရွယ်သည်လည်း ပိုင်ရှောင်တန်၏ လျှို့ဝှက်မှတ်တမ်းများကို ဖတ်ရှုနေပြီး ပိုင်ရှောင်တန်သာ သိရှိသော ဖုံးကွယ်ထားသည့် သတင်းအချက်အလက်များစွာကို အလွတ်မှတ်သားနေပေသည်။ ၎င်းသတင်းများမှာ နောင်တွင် ပိုင်ရှောင်တန်ကို ဆက်ခံရန်အတွက် အထောက်အကူ ဖြစ်ပါလိမ့်မည်။
"အဖေ... ဧကရာဇ်မိန်တယ် အကြောင်းကို ဘာလို့ စီနီယာ ချူဟဲကို ဘာလို့ မပြောပြတာလဲ"
ဧကရာဇ်မိန်တယ်၏ မှတ်တမ်းကို မြင်သောအခါ ကျီရွယ်က ကျီရူဖန်ကို နားမလည်နိုင်သော မျက်နှာထားဖြင့် ကြည့်ကာ မေးလိုက်၏။
"ဘာလို့လဲဆိုတော့ ဧကရာဇ်မိန်တယ်ကို သတ်ခဲ့တာက သခင်လေးလီ ဖြစ်နေလို့ပဲ" တစ်ဖက်တွင် သူ၏ တပည့်ရှိနေပြီး အခြားတစ်ဖက်တွင် သူ၏ အားကိုးရာ ရှိနေပေသည်။ ကျီရူဖန်သည် နှစ်ဖက်စလုံး အဆင်ပြေစေရန်နှင့် ပဋိပက္ခ မဖြစ်စေရန်သာ မျှော်လင့်နေမိ၏။
"ဒါပေမဲ့ ဧကရာဇ်မိန်တယ်ကသာ စစ်သူကြီးလဲ့ကို ဖယ်ထုတ်ဖို့ မကြိုးစားခဲ့ရင် အစ်ကိုယီကလည်း ဧကရာဇ်မိန်တယ်ကို တိုက်ခိုက်မှာ မဟုတ်ဘူးလေ"
ဒါကြောင့် အစ်ကိုယီယီမှာ အပြစ်မရှိဟု ကျီရွယ်ကယူဆထား၏။
"ပြီးတော့ အဖေ... အဖေက စီနီယာ ချူဟဲကို အထင်သေးလွန်းနေတာပဲ"
"သူသာ အမှန်တရားကို သိရင် ဝမ်းနည်းမှာ မှန်ပေမဲ့ အစ်ကိုယီကို ကလဲ့စားချေဖို့အတွက် အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်များကို ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး" ကျီရွယ်သည် ရှောင်ချူဟဲနှင့် သိကျွမ်းခဲ့သည်မှာ လအနည်းငယ်သာ ရှိသေးသော်လည်း သူ့ကို အတော်ပင် နားလည်ထားပေသည်။ရှောင်ချူဟဲမှာ ဖြောင့်မတ်သောသူ ဖြစ်ပြီး အကြောင်းမဲ့ ပြဿနာ ရှာမည့်သူ မဟုတ်ပါချေ။
"ဖြစ်နိုင်ပါတယ်..." ကျီရွယ်၏ စကားကို ကြားပြီးနောက် ကျီရူဖန်က အတွေးထဲ နစ်ဝင်လျက် ခေါင်းညိတ်လိုက်၏။သို့သော် ရှောင်ချူဟဲ အရွယ်ရောက်လာမှသာ သူရှာနေသည့် အဖြေကို တွေ့လိမ့်မည်ဟူသော သူ၏ ယုံကြည်ချက်ကိုတော့ ဆက်လက် ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
.....
ဓားနှလုံးကျောက်ဆောင်။
ဓားနှလုံးဂူဗိမာန်၏ ကိစ္စရပ်များကို ကိုင်တွယ်ပြီးနောက် လီကျန့်ယီသည် သူ၏ ခွန်အားကို မြှင့်တင်ရန်အတွက် ဓားနှလုံးကျောက်ဆောင်၌ ဓားသိုင်းကို စတင် လေ့ကျင့်ပါတော့သည်။
သူ၏ ဆန်းကြယ်နတ်ခရီးအဆင့်၏ အတားအဆီးမှာ မကြာမီ ပွင့်ထွက်တော့မည်ဟု သူ မသိမသာ ခံစားနေရပြီး မကြာမီတွင် ထိုမသေမျိူးတန်ခိုးရှင်၏ နယ်ပယ်သို့ ဝင်ရောက်နိုင်တော့မည် ဖြစ်ပေသည်။
အခန်း၂၀၀ လီချိုးယင်း
နောက်ထပ် သုံးလခန့် ကုန်ဆုံးသွားခဲ့ပြန်၏။ လီကျန့်ယီသည် ဓားနှလုံးဂူဗိမာန်နှင့် ရွှေလမြို့တော်ကြား အပြန်အပြန်အလှန်လှန် သွားလာနေခဲ့သည်မှာ တစ်နှစ်နီးပါး ရှိခဲ့လေပြီ။ဤကာလအတွင်း သူသည် ကျင့်ကြံခြင်း အတားအဆီးကို ချိုးဖျက်နိုင်ခဲ့ပြီး ဆန်းကြယ်နတ်ခရီးအဆင့်ကို ကျော်လွန်က မသေမျိူးတန်ခိုးရှင်အဆင့်သို့ အပြည့်အဝတက်လှမ်းနိုင်ခဲ့၏။
သို့သော်လည်း လီကျန့်ယီသည် အလွန်အမင်း စိတ်လှုပ်ရှားခြင်း မရှိဘဲ သူ၏ ကြိုးကြိုးစားစား ကျင့်ကြံမှု့ကြောင့် အကျိူးကျေးဇူးပြန်ရခြင်းသာဖြစ်သည်။သူသည် စိတ်ဝိညာဉ်ဖြင့် ရွှေလမြို့တော်သို့ ပြန်ရောက်လာချိန်တွင် လီဟန်ယီ ကလေးမွေးတော့မည်ဟု လီရှင်းယွဲ့က ပြောလိုက်သောအခါ သူ၏ နှလုံးခုန်သံမှာ ရုတ်တရက် မြန်ဆန်သွားပြီး အတိုင်းအထက်အလွန် စိတ်လှုပ်ရှားကာ စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရ၏။
၎င်းမှာ သူ ပထမဆုံးအကြိမ် ဖခင်ဖြစ်ရခြင်း ဖြစ်ပြီး သူ အမြဲတမ်း အိပ်မက်မက်ခဲ့သည့် သမီးလေးမှာ သူ၏ သမီးအရင်း ဖြစ်လာတော့မည် ဖြစ်ရာ သူ၏ ပထမဆုံး အရေးကြီးဆုံး တာဝန်မှာ လီဟန်ယီ၏ အခန်းပြင်၌ စောင့်ဆိုင်းနေရန်သာ ဖြစ်ပေသည်။သူ၏ သမီးလေး ဘေးကင်းစွာ မွေးဖွားလာမည့် အချိန်ကို စောင့်ဆိုင်းနေမိ၏။
"ယီယီ... မင်းရဲ့ ခြေထောက်တွေ တုန်နေတယ်"
လီရှင်းယွဲ့သည် တံခါးပြင်၌ စိတ်လှုပ်ရှားစွာ ရပ်နေသော လီကျန့်ယီကို ကြည့်ပြီး အနည်းငယ် အံ့အားသင့်သွားသလို ရယ်လည်း ရယ်ချင်နေမိသည်။
"မေမေ... လျှောက်မပြောပါနဲ့၊ ကျွန်တော်က မတုန်ပါဘူး" လီကျန့်ယီသည် အခန်းထဲမှ ထွက်ပေါ်လာမည့် ကလေးငိုသံကို စိတ်အားထက်သန်စွာ စောင့်မျှော်နေ၏။
"မတုန်ဘူးလို့ ပြောနေသေးတာလား၊ မင်းရဲ့ အောက်ပိုင်းကို ကိုယ်တိုင် ပြန်ကြည့်စမ်းပါဦး" လီဆူးဝမ်မှာ ဆက်ကြည့်မနေနိုင်တော့ပေ။
ဟိုခွေးဧကရာဇ်ကို သတ်တုန်းကတောင် ခြေထောက် မတုန်ဘဲနဲ့ ဟန်ယီ ကလေးမွေးတာကျမှ ဘာလို့ တုန်နေရတာလဲ။ဒါမှမဟုတ် မင်းက ဧကရာဇ်တွေကို ခဏခဏ သတ်လွန်းလို့ အကျင့်ဖြစ်သွားတာလား။
လီကျန့်ယီသည် သူ၏ ခြေထောက်များကို ငုံ့ကြည့်လိုက်သောအခါ အမှန်တကယ်ပင် တုန်ယင်နေသည်ကို တွေ့လိုက်ရ၏။
"အဖိုး.. ကျွန်တော်က ကြောက်လို့ တုန်နေတာ မဟုတ်ပါဘူး၊ စိတ်လှုပ်ရှားလို့ တုန်နေတာပါ၊ အဖိုး... ကျွန်တော်က ဖခင်ဖြစ်တော့မယ်ဆိုတာ အဖိုး သိရဲ့လား" လီကျန့်ယီသည် လီဆူးဝမ်ကို အလွန်အမင်း စိတ်လှုပ်ရှားစွာ ကြည့်ကာာရှင်းပြ၏။
“သိတာပေါ့၊ အဖိုးလည်း ဒီအခြေအနေကို ကြုံဖူးတာပေါ့"လီဆူးဝမ်သည် သူ၏ ဇနီးသည် လီရှင်းယွဲ့ကို မွေးဖွားစဉ်က သူ၏ အခြေအနေမှာ လီကျန့်ယီထက် သိပ်မသာခဲ့သည်ကို ပြန်လည် မြင်ယောင်နေမိ၏။
ဘာပဲဖြစ်ဖြစ် ကိုယ်တစ်သက်လုံး ချစ်ရတဲ့သူက ကိုယ့်အတွက် အဖိုးတန်တဲ့ သမီးလေးတစ်ယောက် မွေးပေးတာပဲ။ ဘယ်ဖခင်က မစိတ်လှုပ်ရှားဘဲ နေမှာလဲ။သမီးဆိုတာ ဖခင်အတွက်တော့ ကောင်းကင်ဘုံက နတ်သမီးလေးလိုဖြစ်နေသည်။ စိတ်မလှုပ်ရှားဘူးဆိုကမှ မူမမှန်တာ ဖြစ်ပေလိမ့်မည်။
“အဖိုးက အဲ့ဒါကို သိနေရင် ဘာလို့ ကျွန်တော့်ကို ကြောက်လို့ တုန်နေတယ်လို့ ပြောရတာလဲ၊ ဒါကို စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်တာလို့ပဲ ခေါ်ပေးပါ"လီကျန့်ယီက ချက်ချင်းပြန် ပြင်ပေးလိုက်၏။
“ဒါပေမဲ့ တုန်နေတာကတော့ အမှန်ပဲ မဟုတ်လား” လီဆူးဝမ်သည် လီကျန့်ယီထံတွင် သူ၏ ငယ်ဘဝပုံရိပ်ကို ပြန်မြင်နေရသဖြင့် ရယ်မောလိုက်သည်။သူသည်လည်း ထိုစဉ်က ဤအတိုင်းပင် ခေါင်းမာခဲ့ပြီး ခြေထောက်တွေ တုန်နေသော်လည်း စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်ဟုသာ အတင်းအကျပ် ပြောဆိုခဲ့ဖူးပေသည်။ဒါပေမဲ့ စိတ်လှုပ်ရှားလို့ တုန်တာပဲဖြစ်ဖြစ်၊ ကြောက်လို့ တုန်တာပဲဖြစ်ဖြစ် တုန်နေတာကတော့ တုန်နေတာပဲ ဖြစ်သည်။
"ဝဲ... ဝဲ... ဝဲ"
လီဆူးဝမ်က လီကျန့်ယီကို ရယ်မောနေစဉ်မှာပင် အခန်းထဲမှ ကျယ်လောင်သော ကလေးငိုသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပါတော့သည်။ဒါဆိုရင် ကလေးလေးကို ဘေးကင်းစွာ မွေးဖွားလိုက်နိုင်ပြီ ဖြစ်၏။ဝမ်းဆွဲသည်က ကလေးကို အမြန်စစ်ဆေးပြီးနောက် အဝတ်ဖြင့် ထုပ်ပိုးထားသော သမီးလေးကို အပြင်သို့ ခေါ်ဆောင်လာခဲ့သည်။
"သမီးရတနာလေး ရတဲ့အတွက် ဂုဏ်ယူပါတယ်အရှင်" ဝမ်းဆွဲသည်သည် တံခါးပြင်၌ စိုးရိမ်တကြီး စောင့်နေသော လီကျန့်ယီနှင့် အခြားသူများကို ကြည့်ကာ ပြုံးရွှင်စွာ ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ်၊ မောသွားရောပေါ့၊ ကျေးဇူးအများကြီး တင်ပါတယ်" လီကျန့်ယီသည် ဝမ်းဆွဲသည်၏ လက်ထဲမှ သမီးလေးကို ပွေ့ယူပြီးနောက် ထပ်ခါထပ်ခါ ကျေးဇူးတင်စကား ဆိုနေမိသည်။
ကျေးဇူးတင်စကား အနည်းငယ် ပြောပြီးနောက် လီကျန့်ယီသည် သူ၏ အာရုံအားလုံးကို သမီးလေးထံသို့သာ ပုံအောလိုက်၏။
သမီးလေးတွင် တောက်ပပြီး ကြည်လင်လှသော ကျောက်စိမ်းနက်လေးများကဲ့သို့ မှိတ်တုတ်မှိတ်တုတ် လုပ်နေသည့် မျက်လုံးကြီး နှစ်လုံး ရှိပေသည်။သူမသည် ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ ရောက်ရှိသွားသည်နှင့် ငိုသံမှာ ချက်ချင်းပင် ရပ်တန့်သွားပါတော့သည်။
ကလေးမသည် ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ သူမကို ပွေ့ချီထားသောသူကို ကြယ်ပွင့်များကဲ့သို့ တောက်ပသော မျက်လုံးလေးများဖြင့် စိုက်ကြည့်နေ၏။
"ဟယ်... ငိုတာ ရပ်သွားပြီ၊ ကလေးလေးက သူ့အဖေကို တကယ် ချစ်ပုံရတယ်" ကလေးလေး ငိုတာ ရပ်သွားသည်ကို မြင်သောအခါ ဝမ်းဆွဲသည်မှာ အံ့အားသင့်သွားရသည်။သူမ၏ ကလေးမွေးပေးသည့် သက်တမ်းတစ်လျှောက်တွင် မွေးကင်းစကလေးများသည် များသောအားဖြင့် ငိုရတာ မောသွားပြီး အိပ်ပျော်သွားမှသာ ငြိမ်သက်သွားတတ်ကြသည်ကို သိထားသောကြောင့် ဖြစ်၏။
မွေးကင်းစ ကလေးသည် မိခင်၏ ဝမ်းဗိုက်ထဲ၌သာ အမြဲရှိနေခဲ့ပြီး အလင်းရောင်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ထို့ကြောင့် ရုတ်တရက် အလင်းရောင်နှင့် ထိတွေ့လိုက်ရသောအခါ ကလေးများအတွက် လိုက်လျောညီထွေဖြစ်ရန် ခက်ခဲလှပေသည်။ထို့ကြောင့် မွေးကင်းစကလေးများသည် ပြင်ပပတ်ဝန်းကျင်နှင့် မလိုက်လျောညီထွေဖြစ်မီ အချိန်အတော်ကြာ ငိုတတ်ကြ၏။
"သမီးရဲ့ မျက်လုံးလေးတွေက သမီးရဲ့ အမေနဲ့ အတော်တူတာပဲ"
သမီးလေး၏ ကြီးမားပြီး တောက်ပသော ကျောက်မျက်ရတနာကဲ့သို့ မျက်လုံးလေးကို ကြည့်ရင်း လီကျန့်ယီသည် လီဟန်ယီကို ပြေးမြင်လိုက်မိကာ သူမ၏ ကြယ်ပွင့်သဏ္ဌာန် မျက်လုံးလေးများမှာ လီဟန်ယီနှင့် ဆင်တူသည်ဟု ခံစားလိုက်ရသည်။ငိုတာရပ်သွားသော သမီးလေးကို ပွေ့ချီလျက် လီကျန့်ယီသည် အခန်းထဲသို့ ဝင်သွားသောအခါ အားနည်းနေပုံရသည့် လီဟန်ယီကို တွေ့လိုက်ရ၏။
"ဟန်ယီ... တို့သမီးလေးရဲ့ မျက်လုံးတွေကို ကြည့်စမ်း၊ မင်းနဲ့ တကယ်တူတာပဲ" လီကျန့်ယီသည် သမီးလေးကို ပွေ့ချီကာ လီဟန်ယီ၏ ဘေးသို့ ခေါ်ဆောင်သွားသည်။
လီဟန်ယီသည် သူမ၏ ဖြူဖျော့နေသော မျက်နှာလေးဖြင့် ကလေးငယ်လေးကို တစ်ချက်ကြည့်လိုက်ရာ ကလေး၏ မျက်လုံးများမှာ သူမနှင့် အမှန်တကယ် ဆင်တူနေသည်ကို သတိပြုမိသွား၏။ သူမသည် ဂုဏ်ယူမှုအချို့ဖြင့် အသာအယာ ပြုံးလိုက်ကာ ဆိုလေသည်။
"သမီးက အမေနဲ့ တူတာ သဘာဝပဲ မဟုတ်ဘူးလား"
“ဟုတ်တယ်၊ ဟုတ်တယ်၊ ကိုယ်ရဲ့ ဟန်ယီလေးလိုပဲဆိုတော့ သမီးသာ ကြီးလာရင် သေချာပေါက် မိန်းမလှလေး တစ်ယောက် ဖြစ်လာမှာ၊ နတ်သမီးလေးပဲ လှပနေမှာ" လီကျန့်ယီက အမြန်ပင် ထောက်ခံလိုက်၏။
"ဒါနဲ့ ဟန်ယီ... သမီးလေးအတွက် နာမည် စဉ်းစားထားပြီးပြီလား" လီကျန့်ယီက သမီးလေးကို ပွေ့ထားသော လီဟန်ယီကို ကြည့်ကာ မေးလိုက်သည်။
"ရှင်ပဲ အမြဲတမ်း မနက်ခင်းမှာ ရှင်ကို ဆန်ပြုတ်သောက်ဖို့ နှိုးမယ့် သမီးလေး လိုချင်တယ်ဆို။ အခု သမီးလေး ရပြီဆိုတော့ နာမည်လှလှလေး တစ်ခု မပေးချင်ဘူးလား" လီဟန်ယီက လီကျန့်ယီကို မျက်စောင်းလေး ထိုးကာ စနောက်လိုက်၏။
“ဟုတ်သားပဲ၊ သမီးလေးကို လီကျိုးကျိုး လို့ ပေးရင် ဘယ်လိုလဲ” လီကျန့်ယီက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ (ကျိုး = ဆန်ပြုတ်)
"ဆန်ပြုတ်လား" လီဟန်ယီသည် ခဏမျှ ကြောင်သွားပြီးနောက် ဆို၏။
"အဲဒါက နည်းနည်း ရိုးရှင်းလွန်းမနေဘူးလား"
“ဟုတ်တယ် ယီယီ... မင်း ဆန်ပြုတ်သောက်ချင်ရင် သောက်ရုံပဲဆိုတော်ပြီပေါ့၊ ငါ့မြေးမလေးရဲ့ နာမည်ကိုပါ ဘာလို့ ဆန်ပြုတ်လို့ ပေးရမှာလဲ ပေးမယ်ဆိုရင် လီချင်းကျိုး လို့ ပေးရမှာပေါ့” လီဆူးဝမ်က လီကျန့်ယီသည် နံနက်တိုင်း သူ့ကို ဆန်ပြုတ်သောက်ရန် ခေါ်မည့် သမီးလေး လိုချင်နေခြင်းဖြစ်ရာ လီချင်းကျိုး ဆိုလျှင် အတော်ပင် သင့်တော်မည်ဟု ခံစားလိုက်ရသည်။
"ချင်း" က နံနက်ခင်းကို ကိုယ်စားပြုပြီး "ကျိုး" က နံနက်စာအတွက် ဆန်ပြုတ်ကို ကိုယ်စားပြုပေသည်။
"အဖေ... အဖေပေးတဲ့ လီချင်းကျိုးထက် ယီယီပေးတဲ့ ကျိုးကျိုး က ပိုကောင်းတယ်လို့ သမီး ခံစားရတယ်၊ အနည်းဆုံးတော့ အသံထွက်တာ ပိုလှတာပေါ့" လီရှင်းယွဲ့က လီဆူးဝမ်ကို စကားလုံးများ ပျောက်ရှစွာ ကြည့်လိုက်၏။သူမသည် လီဆူးဝမ်၏ လီချင်းကျိုး ထက်စာလျှင် လီကျန့်ယီ၏ ကျိုးကျိုး ကို ပိုနှစ်သက်ပေသည်။
"လျှောက်မပြောနဲ့၊ ငါပေးတဲ့ နာမည်က ဘာလို့ မကောင်းရမှာလဲ၊ ငါပေးတဲ့ နာမည်က ယီယီရဲ့ ဆန္ဒအတိုင်း ဖြစ်နေတာပဲ မဟုတ်လား" လီဆူးဝမ်သည် သူပေးသော နာမည်မှာ မကောင်းဟု မထင်ပါချေ။ ဘာပဲဖြစ်ဖြစ် သူသည်လည်း သူ၏ သမီးကို လီရှင်းယွဲ့ ဟု နာမည်ပေးခဲ့သူ မဟုတ်ပါလား။သူမသည် ဤနာမည်ကြီးနဲ့ပဲ နှစ်ပေါင်းများစွာ နေလာခဲ့ကြတာပဲ မဟုတ်လား။ဒါဆို လီချင်းကျိုး က ဘာဖြစ်နေလို့လဲ။
"ဒါနဲ့ပဲ ဆုံးဖြတ်လိုက်ပြီ၊ ငါ့မြစ်မလေးရဲ့ နာမည်က လီချင်းကျိုး ပဲ" ဟု လီဆူးဝမ်က အလေးအနက် ဆို၏။
"အဖေ... အကယ်၍ မေမေသာ အသက်ရှိသေးရင် အဖေ့ကို ဒီလိုမျိုး လုပ်ခွင့်ပေးမှာ မဟုတ်ဘူး" လီရှင်းယွဲ့က မနေနိုင်ဘဲ ညည်းတွားလိုက်သည်။
“ဒါပေမဲ့ မင်းအမေက ဒီမှာ မရှိဘူးလေ၊ ဒါကြောင့် ငါက အကြီးအကဲပဲ" လီဆူးဝမ်က မျက်လုံးပြူးကာ သူ၏ မုတ်ဆိတ်မွှေးများကို သပ်ရင်း ပြောလိုက်၏။
“ကောင်းပါပြီ၊ ကောင်းပါပြီ အဖိုးက အကြီးဆုံးပဲ၊ ဒါပေမဲ့ အဖိုးတဲ့ နာမည်ကို ချစ်စနိုးခေါ်တဲ့ အမည်အဖြစ်ပဲ ထားတာ ပိုကောင်းမယ်လို့ ထင်ပါတယ်၊ ကျိုးကျိုးရဲ့ တရားဝင် နာမည်ကိုတော့ ယီယီနဲ့ ဟန်ယီတို့ကိုပဲ ရွေးခိုင်းလိုက်ပါ” ဟု လီရှင်းယွဲ့က ဆိုလေသည်။
“အဲဒါလည်း ရတာပဲ” လီဆူးဝမ်သည် လီရှင်းယွဲ့၏ စကားကို သဘောတူလိုက်၏။ ဘာပဲဖြစ်ဖြစ် ကလေးသည် လီဟန်ယီနှင့် လီကျန့်ယီတို့၏ ကလေးဖြစ်သည်။သူသည် ဘိုးဘွား ဖြစ်သော်လည်း သူ၏ ဘောင်ကို ကျော်ကာ စိတ်တိုင်းကျ လုပ်ဆောင်၍ မရပေ။
"မြန်မြန် ယီယီ၊ ဟန်ယီ... မင်းတို့ နှစ်ယောက် သမီးလေးအတွက် နာမည်လှလှလေး တစ်ခု စဉ်းစားစမ်း" လီဆူးဝမ်က လီကျန့်ယီနှင့် လီဟန်ယီတို့ကို ကြည့်လိုက်သည်။
"သမီးလေးရဲ့ ချစ်စနိုးနာမည်ကိုတော့ ကျွန်တော် စဉ်းစားပြီးသားပါ။ နောင်ကို သူ့ကို ကျိုးကျိုး လို့ပဲ ခေါ်မယ်။ တရားဝင် နာမည်ကိုတော့ ဟန်ယီ... မင်းပဲ ရွေးလိုက်ပါ"
ဘာပဲဖြစ်ဖြစ် ဟန်ယီက သမီးလေးကို မွေးဖွားဖို့အတွက် ပင်ပန်းဆင်းရဲမှုတွေ အများကြီး ခံစားခဲ့ရတာဆိုတော့ သူမပဲ နာမည်ပေးတာက ပိုပြီး သင့်တော်တာပေါ့။ လီကျန့်ယီသည် သူက သမီးလေးအတွက် ချစ်စနိုးအမည်ကို စဉ်းစားပေးထားပြီး ဖြစ်သဖြင့် တရားဝင် အမည်ကိုမူ ကိုယ်ဝန် ဆယ်လလုံးလုံး သည်းခံခဲ့သော သူ၏ ဇနီးသည်ထံသို့သာ လွှဲပေးလိုက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။
"ငါ ပေးရမှာလား" လီဟန်ယီသည် ခဏမျှ တွေဝေသွားပြီးနောက် ကျိုးကျိုး၏ ကြီးမားပြီး တောက်ပသော မျက်လုံးလေးများကို ကြည့်ရင်း ရုတ်တရက် ပြုံးလိုက်၏။
"ကျိုးကျိုး... ကျိုးကျိုး... သမီးလေးကို လီချိုးယင်း လို့ ခေါ်ကြစို့"