အခန်း (၂၀၃-၂၀၄)
Vol. 21 Ch. 203-204
အခန်း ၂၀၃ လူဆိုးဖေဖေကို အတုမယူနဲ့
"ပွင့်ပွင့်လင်းလင်း ပြောရရင် ရွှေလမြို့တော်မှာ ပုံမှန်လူဆိုတာ တစ်ယောက်မှ မရှိဘူး"
အရွယ်ရောက်ပြီးသူ အများအပြားသည် ချုပ်နှောင်မဲ့ အဆင့်တွင်သာ သောင်တင်နေကြပြီး တိုးတက်မှု မရှိကြသေးသော်လည်း ပိုင်လီတုန်းကျွင်းမှာ ဆန်းကြယ်နတ်ခရီးအဆင်သို့ ရောက်ရှိရန် နီးကပ်နေပြီဖြစ်ကြောင်း လူတိုင်းသိထားကြ၏။
"ဒါကြောင့် ငါ့ရဲ့ ဆက်ခံသူနဲ့သာ မနှိုင်းယှဉ်ရင် မင်းတို့က ဒီလောကမှာ အထူးခြားဆုံး ပါရမီရှင်တွေပါပဲ" ဟု လီဆူးဝမ်က စိတ်လှုပ်ရှားနေသော ပိုင်လီတုန်းကျွင်းကို ကြည့်ကာ ဆိုလိုက်သည်။
"တကယ်ပါပဲ၊ ယီယီနဲ့သာ မနှိုင်းယှဉ်ရင် ကျွန်တော်တို့လည်း မဆိုးပါဘူး" ပိုင်လီတုန်းကျွင်း၏ မျက်လုံးများ ချက်ချင်း တောက်ပလာ၏။
"ဗိမာန်သခင်လီ... ဒါက သခင်ကြီးရဲ့ တပည့် ဒါမှမဟုတ် မြေးသမက်ကို သွယ်ဝိုက်ပြီး ချီးကျူးနေတာများလား" စစ်ကုန်းချန်ဖုန်းက လီဆူးဝမ်သည် စကားအပြောအဆို အလွန်ကောင်းမွန်ပြီး အမြဲတမ်း မိမိတပည့်ဘက်မှ ရပ်တည်တတ်သည်ဟု ခံစားလိုက်ရသောကြောင့် အနည်းငယ်ပင် မနာလိုသွားရ၏။
'ယီယီနဲ့ မနှိုင်းယှဉ်နိုင်ဘူး' ဆိုသည့် စကားကြောင့် သူ၏ သွေးများမှာ ဆူပွက်လာကာ စစ်ကုန်းချန်ဖုန်းကလည်း ထိပ်တန်းလှံသမားတစ်ဦး ဖြစ်ရာ ဤတစ်ကြိမ်တွင် အစွမ်းကုန် ကြိုးစားရန် ဆုံးဖြတ်လိုက်ပေသည်။
"ငါ့တပည့်ကို ငါမချီးကျူးရင် ဘယ်သူ့ကို ချီးကျူးရမှာလဲ" လီဆူးဝမ်က ပြုံးရင်း မေးလိုက်၏။
"ဒါပေါ့" ဖုန်းချူးယွီက စစ်ကုန်းချန်ဖုန်းကို မျက်စောင်းထိုးလိုက်သည်။ အကယ်၍ သူမတွင် လီကျန့်ယီကဲ့သို့ တပည့်မျိုးရှိပါက ကမ္ဘာပေါ်တွင် နံပါတ်တစ် လူသား၏ ဆရာဖြစ်ကြောင်း လူတိုင်းသိစေရန် အမြဲတမ်း ကြွားလုံးထုတ်နေမည်မှာ သေချာပေသည်။
စစ်ကုန်းချန်ဖုန်း"..."
ထို့နောက် သူသည် ရတနာပမာ အလွန်တောက်ပသည့် မျက်ဝန်းအစုံ ပိုင်ဆိုင်သည့် ကျိုးကျိုးကို ကြည့်ကာ ပြောလိုက်သည်။
"ကျိုးကျိုးလေး...ဦးလေးချန်ဖုန်းက သမီးကို ချီချင်တယ်"
ကျိုးကျိုးက သူမရှေ့မှ စစ်ကုန်းချန်ဖုန်းကို ကြောင်စီစီလေး ကြည့်နေ၏။ သို့သော်လည်း သူမသည် လက်ကလေးကို ပျော်ရွှင်စွာ ဝှေ့ယမ်းပြပေသည်။ ထို့ကြောင့် စစ်ကုန်းချန်ဖုန်းသည် ကျိုးကျိုးကို ရင်ခွင်ထဲတွင် ပွေ့ချီခွင့် ရရှိသွားလေသည်။
ထိုအခြင်းအရာကို မြင်သောအခါ ချန်းလော့က စစ်ကုန်းချန်ဖုန်း၏ အင်္ကျီကို ဆွဲကာ
"ဖေဖေ... မြန်မြန် ထိုင်ပေးပါဦး၊ သမီးလည်း ကျိုးကျိုးနဲ့ ကစားချင်လို့" ဟု ပြော၏။
"ကောင်းပါပြီ၊ ဒါပေမဲ့ ညင်ညင်သာသာ လုပ်နော်၊ ကျိုးကျိုးက ငယ်ငယ်လေးပဲ ရှိသေးတာ" စစ်ကုန်းချန်ဖုန်းက ကျိုးကျိုးကို ပွေ့ချီလျက် ထိုင်ချပေးလိုက်သည်။ကျိုးကျိုးမှာ နုနယ်ပြီး ချစ်စရာကောင်းနေသဖြင့် ချန်းလော့က လက်ကလေးကိုဆန့်ကာ အပြင်ဘက်သို့ ဝှေ့ယမ်းနေသော ကျိုးကျိုး၏ လက်ကလေးကို ထိတွေ့ကာ ကစားနေ၏။
ချန်းလော့သည် အစက ကျိုးကျိုးမှာ သေးငယ်ပြီး ချစ်ဖို့ကောင်းကာ ရယ်မောရသည်ကို နှစ်သက်သဖြင့် အလွန်ပျော်စရာကောင်းသည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် သူမက ကျိုးကျိုး၏ လက်ကို ကိုင်ထားစဉ် ကျိုးကျိုးကလည်း သူမလက်ကို ပြန်ဆုပ်ကိုင်လိုက်သည်။
အဆင့်ကိုးဆင့်၏ အားအင်ဖြင့် ကျိုးကျိုးသည် သတိမထားမိဘဲ သူမ၏အတွင်းအားကို လက်ကလေးထဲသို့ စီးဆင်းစေကာ ချန်း လော့၏ လက်ကို အသာအယာ ဖမ်းဆုပ်လိုက်လေသည်။ ရုတ်တရက် ချန်းလော့၏ ပျော်ရွှင်နေသော မျက်နှာလေးမှာကြောင်အမ်းအမ်း ဖြစ်သွားရ၏။
"ကျိုး... ကျိုးကျိုး၊ ဖြည်းဖြည်းလုပ်ပါ၊ နာတယ်" ချန်းလော့သည် ကျိုးကျိုး၏ လက်ထဲမှ သူမလက်ကို အမြန်ဆွဲထုတ်ရန် ကြိုးစားတော့သည်။သို့သော် ကျိုးကျိုးက ဖမ်းထားပြီးမှ လွှတ်ပေးဖို့ စိတ်ကူးမရှိသကဲ့သို့ဖြစ်နေ၏။
"နာလို့လား" မိမိသမီးလေးက နာကျင်နေသည်ကို မြင်သောအခါ စစ်ကုန်းချန်ဖုန်းက ရင်ခွင်ထဲမှ ကျိုးကျိုးကို ငေးကြည့်မိ၏။ ကျိုးကျိုးသည် ငယ်ရွယ်သေးသဖြင့် အတွင်းအားကို မရည်ရွယ်ဘဲ ထုတ်လွှတ်လိုက်ခြင်း ဖြစ်ရာ ချန်းလော့အနေဖြင့် ကျိုးကျိုးကို ယှဉ်နိုင်စွမ်း မရှိပေ။
စစ်ကုန်းချန်ဖုန်းသည် ချက်ချင်းပင် အတွင်းအားကို အသုံးပြု၍ ကျိုးကျိုး၏ အတွင်းအားကို တန်ပြန်ပေးလိုက်သဖြင့် ချန်းလော့မှာ သက်သာရာရသွားလေသည်။ သူမသည် လက်ကို အမြန်ဆွဲထုတ်လိုက်ပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် ကျိုးကျိုးကို ကြည့်ကာ ဆို၏။
"ဖေဖေ... ကျိုးကျိုးက ခုနက အရမ်းအားကြီးတာပဲ။ သမီး... သမီး သူ့ကို မယှဉ်နိုင်ဘူး"
"ဒါကြောင့် ဖေဖေက သမီးကို သိုင်းပညာ သေချာသင်ပါလို့ ပြောခဲ့တာပေါ့၊ အခုကြည့်စမ်း... ချန်းလော့၊ သမီးက မွေးကာစ ညီမလေးကိုတောင် မနိုင်တော့ဘူး"
"သမီးက နောက်ဆို အနိုင်ကျင့်ခံရတော့မှာပဲ" စစ်ကုန်းချန်ဖုန်းက ချန်းလော့ကို အထူးလေ့ကျင့်ခန်းများ ပေးရန် လိုအပ်နေပြီဟု ခံစားလိုက်ရသည်။
"ဒါဆို... ဒါဆိုရင် သမီး ဒီနေ့ကစပြီး သိုင်းပညာကို ကြိုးစားသင်ပါတော့မယ်" ချန်းလော့က အလေးအနက် ပြောဆို၏။ ထို့နောက် သူမသည် အပြစ်ကင်းစင်သော ကျိုးကျိုးလေးကို ကြည့်ကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ကျိုးကျိုးလေး... ညီမက အရမ်းစွမ်းတာ အစ်မ သိပါတယ်၊ ဒါပေမဲ့ နောက်ဆို အတွင်းအားတွေ မသုံးတော့နဲ့နော်"
"အစ်မကြီးက သမီးကို ချစ်တယ်၊ အစ်မကြီးက ကျိုးကျိုးလေးနဲ့ ကစားချင်လို့ပါ"
ထိုသို့ပြောပြီးနောက် ချန်းလော့က ကျိုးကျိုး၏ လက်ကို ထပ်မံ ကိုင်လိုက်ပြန်၏။ ဤတစ်ကြိမ်တွင်မူ ကျိုးကျိုးသည် ချန်းလော့ ပြောသည်ကို နားလည်သည့်အလား လက်ကို တင်းတင်းကျပ်ကျပ် မဆုပ်ကိုင်တော့ပေ။ ထိုအစား သူမ၏ လက်ကလေးများကို အစ်မဖြစ်သူ စနောက်သည်ကို ငြိမ်သက်စွာ လက်ခံနေလေသည်။
"ကျိုးကျိုးရဲ့ မျက်လုံးလေးတွေက အရမ်းလှတာပဲ"
ထပ်မံ အဖမ်းမခံရတော့သဖြင့် ချန်းလော့က ကျိုးကျိုး၏ မျက်လုံးကြီးများကို ကြည့်ကာ ချီးကျူးနေမိသည်။သူမ၏ ညီမလေးအသစ်မှာ အလွန်း ချစ်စရာကောင်းပေသည်။
"သမီးရဲ့ညီမလေးက အစ်မ ဟန်ယီရဲ့ အမွေကိုဆက်ခံထားတာလေ" ဖုန်းချူးယွီက ရယ်မောကာ ဆိုသည်။
"အင်း...လှလည်းလှတယ်၊ စွမ်းလည်းစွမ်းတယ်၊ နောက်ဆို ကျိုးကျိုးလေးက အစ်မကြီး ချန်းလော့ကို ကာကွယ်ပေးရတော့မှာပဲ" ချန်းလော့သည် လီဟန်ယီ၏ အစွမ်းထက်မှုကို သတိရပြီးနောက် ခုနက ကျိုးကျိုး၏ လက်ကလေးထဲတွင် ခံစားခဲ့ရသော ထိတ်လန့်မှုကို ပြန်လည် မြင်ယောင်ကာ ပြောလိုက်ခြင်း ဖြစ်ပေသည်။
လူကြီးများက သူမကို အစ်မကြီးဖြစ်သည့်အတွက် ညီမလေးကို ကာကွယ်ရန် တာဝန်ပေးထားသော်လည်း ဤညီမလေးမှာ အလွန်ပင် အစွမ်းထက်လှရာ သူမအနေဖြင့် ကာကွယ်ပေးရန်ပင် မလိုတော့သကဲ့သို့ ဖြစ်နေရ၏။
"ဟဲဟဲ... ညီမလေးက အစ်မကြီးကို ကာကွယ်မယ် ဟုတ်လား" ဘေးတွင်ရပ်နေသော ရွဲ့ရှင်းက ချန်းလော့၏ စကားကို ကြားသောအခါ မရယ်ဘဲ မနေနိုင်တော့ပေ။
"ဟုတ်တယ်၊ ကျိုးကျိုးက အရမ်းတော်တာကိုး" ချန်းလော့က ရွဲ့ရှင်းကို စိတ်အားထက်သန်စွာ ပြန်ပြောလိုက်သည်။
"ချန်းလော့ ပြောတာ မှန်တယ်၊ တကယ်လို့ ညီမလည်းငယ်ငယ်တုန်းကသာ ဒီလောက်သန်မာခဲ့ရင် အစ်မလည်း ချန်းလော့လို တွေးမိမှာပဲ" ဟု ရွဲ့ယောင်က သူမညီမလေးကို ပြုံးလျက် ဆိုလေ၏။
"ညီမက မသန်မာဘူးလို့ ပြောချင်တာလား " ရွဲ့ရှင်းက သူမ၏ အစ်မကို မယုံကြည်နိုင်စွာ မေးလိုက်သည်။သူသည် ကျိူးကျိူးကဲ့သို့သော လူထူးဆန်းလိုမျိူး မသန်မှာပေမဲ့ သာမန်ကလေးများထက်စာရင် သူမသည် ပျော့ညံ့သည်ဟု မဆိုနိုင်ပေ။
"ငါက လေတစ်ချက် မှုတ်လိုက်ရင် မင်း ခံနိုင်ရည်ရှိပါ့မလား ရွဲ့ရှင်း" လီကျန့်ယီက ဝင်ရောက် စနောက်လိုက်၏။
ရွဲ့ရှင်းက ချက်ချင်းပင် ကန့်ကွက်ကာ မျက်ဝန်းလေးများ ပြူးကျယ်သွားသည်။
"သခင်လေးလီက ဘာလို့ ကျွန်မကို အလွန်အထင်သေးနေတာပဲ"
လက်သီး သို့မဟုတ် လက်ဝါးချက်ဖြင့် တိုက်ခိုက်ခြင်း မဟုတ်ဘဲ လေမှုတ်ရုံတင်လား။ မသိလျှင် သူမကို အားနည်းလှသည်ဟု ထင်မှတ်သွားကြပေလိမ့်မည်။
"ဟားဟား... မင်းက တကယ်ရယ်ရတာပဲ" လီကျန့်ယီက ရယ်မောလိုက်သည်။ထို့နောက် စစ်ကုန်းချန်ဖုန်းကို ကြည့်ကာ "ငါ့ရဲ့ ကျိုးကျိုးလေးကို မြန်မြန် ပြန်ပေးတော့၊ ငါက သူ့ကို ဝအောင် မချီရသေးဘူး" ဟု ပြော၏။
"ရော့... ဒီမှာ" စစ်ကုန်းချန်ဖုန်းက ကျိုးကျိုးကို လီကျန့်ယီ၏ လက်ထဲသို့ ပြန်ပေးလိုက်သည်။ထို့နောက် လီကျန့်ယီသည် သူ၏ သမီးလေးကို ပွေ့ချီကာ ရွှေလမြို့တော်၏ လမ်းမကြီးပေါ်သို့ ခေါ်ဆောင်သွားပြီး လူနေမှုဘဝ၏ တက်ကြွလှုပ်ရှားမှုများကို ပြသပေး၏။ လမ်းဘေးဈေးသည်များ၏ အော်ဟစ်သံများမှာ အဆက်မပြတ်ရှိနေပြီး ကျိုးကျိုးကလည်း စိတ်ဝင်တစားဖြင့် မျက်လုံးလေးများ ဟိုဟိုဒီဒီ ကြည့်ကာ မရိုးနိုင်အောင် ဖြစ်နေလေသည်။
"သမီးအမေတွက် ကျန်းမာရေး ပြန်ကောင်းဖို့ သစ်သီးတချို့ ဝယ်သွားရအောင်"
လမ်းပေါ်သို့ ရောက်နေပြီဖြစ်ရာ တစ်ခုခု ဝယ်မသွားလျှင် ခရီးစဉ်က အလဟဿ ဖြစ်သွားမည်ဟု လီကျန့်ယီက ယူဆပေသည်။ သစ်သီးများ ဝယ်ပြီးနောက် လီကျန့်ယီသည် ကျိုးကျိုးကို ပွေ့ချီကာ ပတ်ပတ်လည် လျှောက်သွားပြီးမှ လီဟန်ယီ၏ အခန်းသို့ ပြန်လာခဲ့၏။
"သမီးရဲ့အမေက ထပြီးလားမသိဘူး၊ အဖေတို့ သွားကြည့်ရအောင်"
လီကျန့်ယီသည် လက်တစ်ဖက်ဖြင့် သစ်သီးများကို ကိုင်ကာ ကျန်တစ်ဖက်မှ ကျိုးကျိုးကို ပွေ့ချီလျက် အခန်းထဲသို့ ဝင်လာခဲ့သည်။ လီဟန်ယီက သူတို့ကို ငေးကြည့်နေ၏။ သူမသည် အပြင်ဘက်မှ ဆူညံသံများကို ကြားခဲ့ရသဖြင့် အိပ်ရာပေါ်တွင် မှီထိုင်နေခြင်း ဖြစ်ပေသည်။
"ရှင်ပဲ အိပ်ရာက မထသေးတာ" လီဟန်ယီက ချစ်စဖွယ် ရန်တွေ့လိုက်သည်။ထို့နောက် လီကျန့်ယီ၏ ရင်ခွင်ထဲမှ ကလေးငယ်ကို ကြည့်ကာ ဆို၏။
"ကျိုးကျိုး ဗိုက်ဆာနေပြီလား၊ ဗိုက်ဆာရင် မေမေ နို့တိုက်မယ်နော်”ကျိုးကျိုးက ဘာမှ ပြန်မပြောနိုင်သော်လည်း လီဟန်ယီ ရှိရာဘက်သို့ လက်ကလေးဖြင့် ညွှန်ပြနေသည်။ စကားမပြောနိုင်သော သူမသည် မိခင်၏ ရင်ခွင်ထဲသို့ ပြန်သွားချင်နေကြောင်း ပြသနေခြင်း ဖြစ်၏။ထိုအခြင်းအရာကို မြင်သောအခါ လီကျန့်ယီသည် ကျိုးကျိုးကို လီဟန်ယီထံသို့ လွှဲပေးလိုက်ရသည်။
"တကယ်ပဲ ဗိုက်ဆာနေတာလား၊ ကျိုးကျိုး... သမီးက အရမ်းကြီး နာအောင် မကိုက်ရဘူးနော်၊ မင်းရဲ့ လူဆိုးဖေဖေကို အတုမယူနဲ့"
ကျိုးကျိုးက သူမ၏ ရင်ဘတ်ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ လီဟန်ယီသည် ကလေးငယ် ဗိုက်ဆာနေကြောင်း သိလိုက်ရ၏။ ဤကလေးမလေးမှာ ဗိုက်ဆာနေသော်လည်း အော်ဟစ်ငိုယိုခြင်း မရှိဘဲ ငြိမ်သက်နေသည်မှာ အလွန်ပင် ထူးခြားလှပေသည်။
အခန်း ၂၀၄ ကျွန်မက အစ်မကြီးပဲ ဥစ္စာ
ကျိုးကျိုးသည် နို့ဝအောင် စို့ပြီးနောက် လီဟန်ယီ၏ ရင်ခွင်ထဲတွင် နှစ်ခြိုက်စွာ အိပ်ပျော်သွားလေသည်။ လီဟန်ယီသည် အိပ်ပျော်နေသော သမီးလေးကို ကြည့်ကာ မနေနိုင်ဘဲ အသာအယာ နမ်းရှိုက်ကာ သမီးလေး ကောင်းကောင်း အိပ်စက်နိုင်ရန် ဂရုတစိုက် သိပ်ထားပေးလိုက်သည်။
"ယီယီ... ကျွန်မ လိမ္မော်သီး စားချင်တယ်၊ မြန်မြန် နှစ်လုံးလောက် အခွံနွှာပေးဦး"
လီဟန်ယီသည် ကျိုးကျိုး၏ ဘေးတွင် လှဲလျောင်းရင်း လီကျန့်ယီကို ပျင်းရိစွာ ကြည့်ကာ ခိုင်းသည်။
"ကောင်းပါပြီဗျာ"
လီကျန့်ယီသည် လိမ္မော်သီး နှစ်လုံးကို အခွံနွှာပြီး ကုတင်ဘေးတွင် ထိုင်ကာ လီဟန်ယီကို တစ်မွှာချင်း ခွံ့ကျွေးနေလေသည်။
ဤကဲ့သို့ နွေးထွေးပြီး မေတ္တာရှိလှသော ဘဝလေးသည် ကျိုးကျိုး သုံးလသားအရွယ် ရောက်သည်အထိ ကြာမြင့်ခဲ့၏။ လီဆူးဝမ်သည် ကျိုးကျိုး၏ မွေးဖွားခြင်း အထိမ်းအမှတ်အဖြစ် မွေးနေ့ပွဲကျင်းပရန် အတင်းအကျပ် တောင်းဆိုလာသည်။ လီကျန့်ယီနှင့် လီဟန်ယီတို့သည် လီဆူးဝမ်ကို မဖျောင်းဖျနိုင်သဖြင့် သူအလိုရှိသည့်အတိုင်း ခမ်းနားသော ပွဲတစ်ခု ကျင်းပပေးရန် သဘောတူလိုက်ကြရ၏။
"အင်း... ငါ့ရဲ့ ကျိုးကျိုးလေးကတော့"
လီဆူးဝမ်သည် သုံးလကျော်လာပြီဖြစ်သော ကျိုးကျိုးကို ကြည့်ကာ ပို၍ပင် ချစ်မဝနိုင်အောင် ဖြစ်နေလေသည်။ ကျိုးကျိုးသည် ကြီးလာသည်နှင့်အမျှ ပို၍ တက်ကြွလာပြီး ရတနာပမာ နက်မှောင်သော မျက်ဝန်းကြီးများမှာလည်း ပို၍ သက်ဝင်လှုပ်ရှားကာ လှပလာပေသည်။
"အီးယား... အီးယား..."
သုံးလသားအရွယ် ကျိုးကျိုးလေးသည် အသံထူးလေးများ ပြုလုပ်နိုင်နေပြီဖြစ်ရာ သူမ၏ အဖိုးကို မြင်သောအခါ လက်ကလေးများကို ပျော်ရွှင်စွာ ဝှေ့ယမ်းပြနေ၏။
"ကျိုးကျိုးက ဘာလို့ ဒီလောက်တောင် ပျော်နေရတာလဲ"
လီကျန့်ယီသည် လီဆူးဝမ်၏ ရင်ခွင်ထဲတွင် ရယ်မောနေသော ချစ်စရာ သမီးငယ်လေးကို ကြည့်ကာ သူမ၏ ပါးပြင်လေးကို မနေနိုင်ဘဲ ဆွဲညှစ်လိုက်မိသည်။
ထိုအခြင်းအရာကို မြင်သောအခါ လီဟန်ယီက မျက်စောင်းထိုးလျက် "ရှင်က နေ့တိုင်း ကျွန်မမျက်နှာကို ဆွဲညှစ်နေတာ မဝသေးဘူးလား၊ အခု သမီးကိုပါ လုပ်နေပြန်ပြီ" ဟု ရန်တွေ့သည်။
"မင်းကလည်း... ကလေးပါးလေးက အရမ်းနုအိနေတာပဲ၊ သမီးကလည်း အဖေ ဆွဲညှစ်တာကို ကြိုက်နေတာပဲဥစ္စာ"
ကြည့်စမ်း... သမီးလေးက ငါ့လက်ကို ပြန်ကိုင်ထားပြီ။
လီကျန့်ယီက ကျိုးကျိုး၏ ပါးလေးကို ညှစ်နေစဉ်မှာပင် ကျိုးကျိုး၏ လက်ကလေးများက လီကျန့်ယီ၏ လက်ကို လှမ်းဖမ်းလိုက်၏။
"အီးယား... အီးယား"
စကားမပီသသေးသော ကျိုးကျိုးလေးသည် တတွတ်တွတ် အော်ဟစ်ကာ လီကျန့်ယီ၏ လက်ကို တွယ်ကပ်ထားပြီး အပြစ်ကင်းစင်စွာ ရယ်မောနေလေသည်။
"အူကြောင်ကြောင် သမီးလေး၊သမီး အဖေက သမီးရဲ့ ပါးကို ညှစ်နေတာတောင် ပျော်နေသေးတယ်" လီဟန်ယီက ကျိုးကျိုး၏ ပျော်ရွှင်နေသော ပုံစံကို ကြည့်ကာ ခေါင်းခါမိ၏။
"သမီးဆိုတာ ဖခင်ရဲ့ အတိတ်ဘဝက ချစ်သူလေးလို့ လူတွေ ပြောကြတယ်လေ၊ သမီးလေးက သူရဲ့အဖေ ညှစ်တာကို ကြိုက်တာ ဘာမှားလို့လဲ"
"လာပါဦး... ငါ့သမီးလေး" လီကျန့်ယီသည် လီဆူးဝမ်၏ ရင်ခွင်ထဲမှ ကလေးငယ်ကို ပြောင်းချီလိုက်သည်။ ထို့နောက် သူ၏ ပါးကို ကျိုးကျိုး၏ ပါးနှင့် ထိကပ်လိုက်ရာ ကျိုးကျိုးမှာ အလွန်အမင်း ရယ်မောနေတော့၏။ဖြူဖွေးအိစက်နေသော လက်ကလေးနှစ်ဖက်က လီကျန့်ယီ၏ အင်္ကျီကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်မှာ သူမ ပြုတ်ကျမည်ကို အနည်းငယ် ကြောက်ရွံ့နေဟန် ရှိပေသည်။
"ယီယီ... အဖိုး ဖိတ်စာတွေ သွားရေးလိုက်ဦးမယ်။ ကျိုးကျိုးကို သေချာကြည့်ထားဦး၊ ကလေးကို ငိုအောင် မလုပ်နဲ့နော်"
ဖခင်နှင့် သမီး ပျော်ရွှင်နေသည်ကို မြင်သောအခါ လီဆူးဝမ်သည် အနှောင့်အယှက် မပေးလိုတော့ဘဲ ဧည့်ခံပွဲအတွက် ပြင်ဆင်ရန် ထွက်သွားလေသည်။ သူ၏ မိတ်ဆွေဟောင်းသည်လည်း ကျီရွယ်မွေးတုန်းက ချင်းကျိုးတစ်ခွင် ကျော်ကြားသည်အထိ ခမ်းနားသော ပွဲ ကျင်းပခဲ့ဖူးပေသည်။
"ဟုတ်ကဲ့ အဖိုး၊ စိတ်မပူပါနဲ့၊ ကျိုးကျိုးက ကျွန်တော့်သမီးပဲလေ ဘယ်လိုလုပ် ကိုယ့်သမီးကို ငိုအောင် လုပ်ပါ့မလဲ"
လီကျန့်ယီသည် ကျိုးကျိုး၏ ပါးပြင်ကို မြတ်နိုးစွာ နမ်းရှိုက်လိုက်၏။
"လာ... အဖေနဲ့အတူ အစ်မကြီး ချန်းလော့ဆီ သွားကစားရအောင်" လီကျန့်ယီသည် ကျိုးကျိုးကို မြှောက်ချီကာ စစ်ကုန်းချန်ဖုန်းရှိရာသို့ ခေါ်ဆောင်သွားလေသည်။
ထိုအချိန်တွင် စစ်ကုန်းချန်ဖုန်းသည် ခြံဝင်းအတွင်း၌ ချန်းလော့ကို လှံပညာ သင်ကြားပေးနေ၏။ မြို့တော်သခင် သုံးဦးစလုံး အိမ်ထောင်ကျပြီး ကလေးများ ရလာကြပြီဖြစ်ရာ သီးသန့်နေရာများ လိုအပ်လာသောကြောင့် စစ်ကုန်းအိမ်တော်ကို တည်ဆောက်ထားခြင်း ဖြစ်ပေသည်။
"ချန်းလော့... အဖေ သမီးကို လက်ဆင့်ကမ်းပေးမယ့် လှံကတော့ အဖေ ငယ်ငယ်တုန်းက သုံးခဲ့တဲ့ လမင်းငွေလှံပဲ၊ ဒီလှံက အကောင်းဆုံး လက်နက်တွေထဲမှာ ပါဝင်တယ်"
ထို့ပြင် လှံသည် ပေါ့ပါးပြီး ထိပ်ဖျားမှာ အလွန်ပင် ထက်မြက်လှပေသည်။ ထို့ကြောင့် ချန်းလော့ လေ့ကျင့်ရန် အလွန်ပင် သင့်တော်၏။
"ချန်းလော့... အဖေ့ရဲ့ 'ကျေးငှက်တစ်ရာ ဖီးနစ်ဆီ အခစားဝင်ခြင်း' လှံသိုင်းကို ကြည့်စမ်း၊ ဒါက အဖေ့ရဲ့ နာမည်ကျော် လှံကွက်ပဲ"
"ဒါကို တတ်သွားရင် သမီးကို ဘယ်သူမှ မနိုင်တော့ဘူး" စစ်ကုန်းချန်ဖုန်းက လှံကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ နဂါးတစ်ကောင်ပမာ ကျွမ်းကျင်စွာ ကစားပြနေ၏။
၎င်းသည် ယခင်က ဓားနှလုံးကျောက်ဆောင်ပေါ်တွင် လီကျန့်ယီ ဓားကစားသည်နှင့် ဆင်တူလှပြီး လှံ၏ အသိစိတ်မှာလည်း အပြည့်အဝ ပါဝင်နေပေသည်။ ထိုလှံအရှိန်ကြောင့် စစ်ကုန်းအိမ်တော် အထက်တွင် ငှက်ကလေးများ ဝဲပျံလာကြ၏။ နောက်ဆုံးတွင် လှံကို ထိုးလိုက်သောအခါ ဖီးနစ်ငှက်များ၏ တွန်ကျူးသံကို ကြားလိုက်ရလေသည်။
ထိုအစွမ်းထက်လှသော လှံသိုင်းကို မြင်သောအခါ ချန်းလော့၏ မျက်လုံးကြီးများ တောက်ပလာပြီး စိတ်လှုပ်ရှားစွာ ဆို၏။
"ဖေဖေ... သမီး အဲဒီ 'ကျေးငှက်တစ်ရာ ဖီးနစ်ဆီ အခစားဝင်ခြင်း' လှံသိုင်းကို သင်ချင်တယ်"
"ကောင်းပြီ... အခြေခံကနေ စရအောင်" စစ်ကုန်းချန်ဖုန်းက ရှောင် လော့ကို ကိုယ်နေဟန် အနေအထားများကို စတင် ကျင့်ခိုင်းလေသည်။
အခြေခံသည် အလွန်အရေးကြီးလှပေသည်။ လှံကို ကိုင်တွယ်ပုံနှင့် အနေအထားမှာ တည်ငြိမ်နေရမည် ဖြစ်၏။ သို့မဟုတ်ပါက လှံကိုပင် ငြိမ်အောင် မကိုင်နိုင်လျှင် မည်မျှပင် ကောင်းမွန်သော လှံသိုင်းရှိပါစေ အပိုသာ ဖြစ်ပေလိမ့်မည်။
"ဖေဖေ... လှံသိုင်းကွက်ကိုပဲ ပဲ တိုက်ရိုက် မကျင့်ရဘူးလား၊ ဘာလို့ အမြဲတမ်းကိုယ်နေဟန်ပဲ လုပ်ခိုင်းနေတာလဲ"
"သမီး အရမ်းပင်ပန်းနေပြီ..." ချန်းလော့က စိတ်ပျက်လက်ပျက်ဖြင့် စစ်ကုန်းချန်ဖုန်းကို ကြည့်ကာ ညည်းတွားနေ၏။
"အခြေခံ ခိုင်မာတာက အကောင်းဆုံးပဲ၊ လှံပညာမှာ သမီးသာ ပါရမီရှိရင် အဖေ့ရဲ့ လှံသိုင်းကိုပဲ သင်ဖို့ မလိုပါဘူး၊ မင်းရဲ့ အစ်မ ဟန်ယီလိုမျိုး ကိုယ်ပိုင်ဟန်ကို ဖန်တီးနိုင်ရင် ပိုကောင်းတယ်" ဟု စစ်ကုန်းချန်ဖုန်းက အားပေးလိုက်သည်။ သူတစ်ပါးနောက်လိုက်ခြင်းထက် ကိုယ်ပိုင်လမ်းစဉ်ကို ရှာဖွေနိုင်သူကသာ အစစ်အမှန် ကျော်လွန်သွားနိုင်မည် ဖြစ်ပေသည်။
"ဟုတ်ကဲ့ပါ" ချန်းလော့က စိတ်မပါသော်လည်း ကိုယ်နေဟန် အနေအထားကို ဆက်လက် ကျင့်ကြံနေ၏။
လီကျန့်ယီသည် ကျိုးကျိုးကို ပွေ့ချီလျက် ရောက်ရှိလာစဉ် စစ်ကုန်းချန်ဖုန်း သမီးကို သင်ကြားပေးနေသည်ကို အနှောင့်အယှက် မပေးလိုသဖြင့် သူ ပြန်လှည့်မည်အပြုတွင် ချန်းလော့က သူတို့ကို တွေ့သွားလေသည်။
သူမသည် ကိုယ်နေဟန်ကို ချက်ချင်းလက်လွှတ်ကာ လီကျန့်ယီထံသို့ ဝမ်းသာအားရ ပြေးလာ၏။
"အစ်ကိုယီ... ကျိုးကျိုးလေးကို သမီးနဲ့ ကစားဖို့ ခေါ်လာတာလား"
"ဟုတ်တယ်၊ အခု ကျိုးကျိုးလေးက ရယ်တောင် ရယ်တတ်နေပြီ၊ ရယ်လိုက်ရင် မင်းအစ်မ ဟန်ယီနဲ့ အရမ်းတူတာ" လီကျန့်ယီက ပြုံးပြီး ပြန်ပြော၏။
"တကယ်လား... ကျိုးကျိုးလေးက အရမ်းတော်တာပဲ" ချန်းလော့က ကျိုးကျိုးလေးကို ပွေ့ချီချင်သဖြင့် လက်ကလေးများ ဆန့်ထုတ်လိုက်သည်။
ကျိုးကျိုးကလည်း သူမကို မြင်သောအခါ လက်ကလေးများကို ပျော်ရွှင်စွာ ဝှေ့ယမ်းပြနေပေသည်။
"ချန်းလော့... သတိထားဦးနော်၊ ကျိုးကျိုးလေး ပြုတ်ကျသွားဦးမယ်" စစ်ကုန်းချန်ဖုန်းသည် လီကျန့်ယီ ရောက်လာသဖြင့် သင်ကြားမှုကို ခေတ္တရပ်နားရန် ဆုံးဖြတ်လိုက်၏။
"ဟုတ်ကဲ့..ဖေဖေ စိတ်မပူပါနဲ့၊ ချန်းလော့က အစ်မကြီးပဲဥစ္စာ" ချန်းလော့သည် လူကောင်သေးသေးလေးနှင့် သူမထက်ပိုငယ်သော ကျိုးကျိုးလေးကို ပွေ့ပိုက်ထားသည့် မြင်ကွင်းမှာ အလွန်ပင် ချစ်စဖွယ် ကောင်းလှပေသည် ။ကလေးကကလေးကို ပြန်ချီထားသည်မှာ အနည်းငယ် ရယ်စရာကောင်းပေမဲ့ ချန်းလော့၏ အစ်မကြီးဖြစ် ချင်သည့်အမူအရာက ပိုလိုပင် ရယ်စရာကောင်းနေ၏။