← Chapters

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

အခန်း ၂၀၉ ပါရမီရှင်ကလေးငယ်

"အီးယား... အီးယား"

ကျိုးကျိုးလေးသည် သူမ၏ ရိုးသားဖြူစင်သော ဦးလေးလေးကို ကြည့်ကာ ချိုသာစွာ တုံ့ပြန်နေသည်။ သူမ ဘာပြောနေသည်ကို မည်သူမျှ အတိအကျ မသိနိုင်သော်လည်း ခန့်မှန်းကြည့်၍မူ ရနိုင်ပေသည်။ လီကျန့်ယီ ခန့်မှန်းကြည့်မည်ဆိုပါက "ဦးလေးကို သမီး မျှော်လင့်ချက် အများကြီး ထားပါတယ်နော်" ဟု ပြောနေခြင်း ဖြစ်ပေလိမ့်မည်။

"ကဲ... ဝူကျဲ၊ အမေကိုလည်း မြေးမလေးကို ပေးချီဦးလေ" လီရှင်းယွဲ့သည် ချစ်စဖွယ်ကောင်းသော ကျိုးကျိုးလေးကို ကြည့်ကာ သူမကိုယ်တိုင်လည်း ချီချင်နေပြီ ဖြစ်သည်။သို့သော်လည်း လဲ့ဝူကျဲက ကလေးကို ကာကွယ်ထားသော မိခင်တစ်ဦးကဲ့သို့ လှည့်ကြည့်ကာ ခေါင်းခါပြ၏။

"မေမေကလည်း... ကျွန်တော် ချီလို့ မဝသေးဘူး၊ ကျိုးကျိုးလေးဆီကနေ ရနံ့လေးက အရမ်းမွှေးတာပဲ၊ ကျွန်တော် ဒီတူမလေးကို အရမ်းချစ်တာပဲ"

လီရှင်းယွဲ့မှာ ဆွံ့အသွားရသည်။သူ၏ သားလေးမှာ ကလေးကို အရမ်းချစ်တတ်မည်ဟု သူမ မ‌မျှော်လင့်ထားပေ။

"ကောင်းပြီလေ... မင်း ချီလို့ ဝတော့မှ အမေက ချီတော့မယ်"

သူမ၏ သားလေးမှာ ကျိုးကျိုးလေးကို ဤမျှအထိ သဘောကျနေသည်ကို မြင်သောအခါ လီရှင်းယွဲ့မှာ အတင်းအကျပ် မယူရက်တော့ပေ။

သူမသည် လီကျန့်ယီနှင့် လီဟန်ယီတို့ကိုသာ ကြည့်ရင်း "ယီယီ... ဟန်ယီ၊ မင်းတို့ မောင်လေးကို ကြည့်ဦး၊ ကလေးတစ်ယောက်တည်းနဲ့တော့ မလုံလောက်ဘူး ထင်တယ်နော်၊ မင်းတို့ ပိုကြိုးစားကြဦးမှ" ဟု ဆိုလိုက်၏။

လီကျန့်ယီက ပြုံးနေသော်လည်း လီဟန်ယီမှာမူ ရှက်သွေးဖြာသွားရသည်။

"မေမေရယ်... မဖြစ်သေးရင်လည်း ကျွန်မကိုပဲ ချီထားလိုက်ပါလား" လီဟန်ယီက လီရှင်းယွဲ့ကို ကြည့်ကာ ရှက်ကိုးရှက်ကန်း ပြောလိုက်၏။

"ချီမှာပေါ့၊ မေမေက နင့်ကို အရင်က မချီဖူးတာကျလို့" လီရှင်းယွဲ့က ရှေ့သို့တိုးကာ လီဟန်ယီကို ချက်ချင်းပွေ့ဖက်သည်။ အရင်နှင့်နှိုင်းယှဉ်လျှင် သူမ၏ ဟန်ယီလေးမှာ အရွယ်ရောက်ပြီး အမျိုးသမီးလေးတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်၏။

သူမသည် တည်ငြိမ်ရင့်ကျက်ပြီး အလွန်အမြော်အမြင်ရှိသူ ဖြစ်လာသလို ယခုအခါ ကိုယ်ပိုင်ကလေးတစ်ယောက်ပင် ရှိနေပြီဖြစ်သည်။ လီဟန်ယီကို ပွေ့ဖက်ထားရင်း လီရှင်းယွဲ့သည် လီဟန်ယီ ကလေးမလေးဘဝတုန်းက အချိန်များကို သတိရမိသွား၏။

ထိုစဉ်က သူမသည် လီရှင်းယွဲ့အပေါ် အလွန်တွယ်တာခဲ့သလို လဲ့မုန့်ရှားကို ဆုံးမရာတွင်လည်း ကူညီပေးခဲ့ဖူးသည်။ မည်သို့ပင်ဆိုစေ ငယ်စဉ်ကတည်းက လီဟန်ယီသည် လီရှင်းယွဲ့၏ အချစ်တော်လေး ဖြစ်ခဲ့ပြီး သူမဘက်မှ အမြဲတမ်း ရပ်တည်ပေးခဲ့သူ ဖြစ်ပေသည်။

"မေမေက တကယ်ကြီး ဖက်ထားတာလား" လီဟန်ယီမှာ သူမ၏ရှေ့မှ လီရှင်းယွဲ့ကို ကြည့်ကာ အနည်းငယ် ရှက်နေမိသည်။

"ဘာဖြစ်လို့လဲ... မရဘူးလား။ ယီယီတစ်ယောက်တည်းပဲ နင့်ကို ဖက်လို့ရတာလား" လီရှင်းယွဲ့က ဘေးနားရှိ လီကျန့်ယီကို မနာလိုသလို ကြည့်ကာ မေးလိုက်၏။

"မဟုတ်ပါဘူး... အဲလိုမဟုတ်ပါဘူး" လီဟန်ယီက အမြန်ပင် ခေါင်းခါပြ၏။

"ဟန်ယီကို အမေက ကြိုက်သလောက် ဖက်ထားနိုင်ပါတယ်၊ ကျွန်တော်ဘက်က ဘာမှ ကန့်ကွက်စရာ မရှိပါဘူး" ဟု လီကျန့်ယီက ဝင်ပြော‌ပေး၏။

"အဲ့လိုပဲ ဖြစ်သင့်တာပေါ့" လီရှင်းယွဲ့သည် လီဟန်ယီ၏ လက်ကို ဆွဲကာ ဘေးတွင် ထိုင်‌စေသည်။

လီကျန့်ယီနှင့် လီဆူးဝမ်တို့မှာမူ မွေးနေ့ပွဲသို့ တက်ရောက်လာသော ဧည့်သည်များကို ဧည့်ခံရန် ထွက်လာခဲ့ကြသည်။ ချင်းချန်တောင်မှ ဂိုဏ်းချုပ်လု၏ စားပွဲသို့ ရောက်သောအခါ လီကျန့်ယီက ရင်းနှီးသော အပြုံးဖြင့် "ဂိုဏ်းချုပ်လု... ဝမ်သခင် ဘယ်ရောက်နေလဲဟင်" ဟု မေးမြန်း၏။

"ဝမ်ရိရှင်းက သခင်လေးလီရဲ့ သမီးလေးအတွက် လက်ဆောင်သွားရှာနေလို့ ငါ့ကို အရင်လွှတ်လိုက်တာ" လုစုကျန်းက ပြုံး၍ ဆိုသည်။

"ဝမ်သခင်ကလည်း အားနာစရာကြီးဗျာ၊ ကျွန်တော်ရဲ့ ကျိုးကျိုးလေးအတွက် လက်ဆောင်ကိုတောင် ကိုယ်တိုင်ကိုယ်ကျ သွားရှာနေရသေးတယ်" လီကျန့်ယီက ခေါင်းရမ်းကာ ပြုံးလိုက်၏။

"မဟုတ်ပါဘူး... သူနဲ့ ဝမ်ရိရှင်းနဲ့က တွေ့ဆုံဖို့ ကံပါလာလို့ပါ၊၊ ပြီးတော့ သူက သခင်လေးလီနဲ့ မတွေ့ရတာ ကြာပြီဆိုတော့ သူက သခင်‌လေးလီကို တကယ်ပဲ လွမ်းနေရှာတာ" ဂိုဏ်းချုပ်လုက သူ၏ မုတ်ဆိတ်ဖြူကို ပွတ်သပ်ရင်း ရယ်မောလိုက်သည်။

လီကျန့်ယီမှာ အလွန်ပင် စိတ်လှုပ်ရှားသွားရသော်လည်း ဂိုဏ်းချုပ်၏ စကားမှာ အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရ၏။ ထိုစဉ်မှာပင် ဝမ်သခင် နောက်ဆုံး၌ ရောက်ရှိလာသည်။ သူသည် မြို့ထဲတွင် လက်ဆောင်ပေးရန် ဘာဝယ်ရမှန်းမသိဘဲ အချိန်အတော်ကြာ လှည့်ပတ်နေခဲ့ပြီးမှ လက်သမားတစ်ဦးနှင့် တွေ့ကာ ကလေးများအတွက် သစ်သားမြင်းရုပ်လေးနှင့် အခြားကစားစရာများ ပြုလုပ်နည်းကို သင်ယူခဲ့ခြင်း ဖြစ်သည်။

သစ်သားမြင်းရုပ်လေးပေါ်တွင် ထိုင်၍ ရှေ့တိုးနောက်ငင် ဆော့ကစားနိုင်ပေသည်။ ထို့ပြင် ကုဗတုံး နှင့် ဆင်တူသော သစ်သားပဟေဠိကစားစရာများကိုလည်း ဝမ်ရိရှင်းက ပြုလုပ်ခဲ့၏။ ထို့ကြောင့် သူ ဓားဆောင်အတွင်းသို့ ဝင်လာသောအခါ သစ်သားဖြင့် ပြုလုပ်ထားသော ကစားစရာအချို့ကိုသာ ယူဆောင်လာခဲ့သည်။

"သခင်လေးလီရဲ့ သမီးလေးက ဘယ်မှာလဲ၊ ကျွန်တော် ကစားစရာအချို့ ယူလာတယ်၊ အားလုံးက ကိုယ်တိုင်လုပ်ထားတာပါ။ သခင်လေးလီရဲ့ သမီးလေးက လောကီပစ္စည်းတွေ မပြတ်လပ်နိုင်ဘူးဆိုတော့ ကျွန်တော်ကပဲ ကိုယ်တိုင်လုပ်တဲ့ ကစားစရာလေးတွေ လက်ဆောင်ပေးချင်လို့ပါ"

ဓားဆောင်ထဲသို့ ဝင်လာပြီး လီကျန့်ယီကို မြင်သည်နှင့် ဝမ်ရိရှင်းက ရင်းရင်းနှီးနှီး ချဉ်းကပ်လာသည်။ လီကျန့်ယီက လဲ့ဝူကျဲကို လှည့်ကြည့်လိုက်သောအခါ လဲ့ဝူကျဲ၏ ရင်ခွင်ထဲတွင် ကျိုးကျိုးလေး မရှိတော့သည်ကို သတိပြုမိသွား၏။

ဤအချိန်တွင် ကျိုးကျိုးလေးမှာ ရင်လော့ရှား၏ ရင်ခွင်ထဲသို့ ရောက်ရှိနေပြီဖြစ်သည်။

"ဝူကျဲ... အမေက ကျိူးကျိူးကို တောင်းတုန်းကတော့ မင်းပဲ ချီချင်သေးတယ်ဆို၊ အခု ကျိုးကျိုးလေးက ဘယ်လိုလုပ် ရင်လော့ရှားရဲ့ လက်ထဲ ရောက်သွားရတာလဲ" လီကျန့်ယီက ဇဝေဇဝါဖြင့် လဲ့ဝူကျဲထံ လျှောက်သွားကာ မေးခွန်းထုတ်၏။

လဲ့ဝူကျဲသည် မုန့်များစွာကို လက်ထဲတွင် ကိုင်ထားပြီး ပါးစပ်ထဲ အတင်းထိုးထည့်ကာ ရယ်မောလိုက်၏။

"ယောက်ဖ.. ကျွန်တော်လည်း မတတ်နိုင်ဘူးလေ၊ အစ်မ လော့ရှားက ကျွန်တော်ကို မုန့်တွေ အများကြီး ပေးတာကိုး"

လီကျန့်ယီမှာ ဆွံ့အသွားရပြန်သည်။ လဲ့ဝူကျဲ ကိုင်ထားသော မုန့်များကို ကြည့်ရင်း သူ စကားပင်ဆက်မ‌ပြောနိုင်တော့ပေ။ သူသည် ဝမ်ရိရှင်းကို ရင်လော့ရှား၏ ဘေးသို့ ခေါ်ဆောင်သွားပြီး သူမကို ချိုသာစွာ ကြည့်နေသော ကျိုးကျိုးလေးကို ညွှန်ပြကာ မိတ်ဆက်လိုက်၏။

"ဝမ်သခင်..ကျွန်တော်ရဲ့ သမီးလေးက ဒီမှာပါ"

"ကျိုးကျိုးလေး ဟုတ်လား... ဦးလေးဝမ် ယူလာပေးတဲ့ ကစားစရာတွေကို ကြည့်ပါဦး" ဝမ်ရိရှင်းက သစ်သားကစားစရာများကို တစ်ခုချင်းစီ ထုတ်ပြကာ ကျိုးကျိုးလေးကို ရှင်းပြနေပါတော့သည်။

တစ်ချိန်တည်းမှာပင် ရင်လော့ရှား၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာ နေနေသော ကျိုးကျိုးလေးသည် ဝမ်ရိရှင်း၏ လက်ထဲမှ သစ်သားကစားစရာကို အမှန်တကယ် နားလည်နေသကဲ့သို့ အာရုံစိုက် ကြည့်နေ၏။

ကျိုးကျိုးလေးမှာ အလွန်ပါးနပ်ကြောင်း မြင်ရသောအခါ ရင်လော့ရှားမှာ အံ့အားသင့်သွားရသည်။

"သခင်လေးလီရဲ့ သမီးလေးက ဒီလောက်တောင် ဉာဏ်ကောင်းတာလား၊ သူက ငေးနေတာ မဟုတ်ဘဲ တကယ်ပဲ နားလည်နေသလို ခံစားရတယ်"

"ကျွန်တော် ထင်တာတော့ သူ နားလည်တယ်ဗျ..." သစ်သားကစားစရာ အမျိုးမျိုးကို စိတ်အားထက်သန်စွာ မိတ်ဆက်ပေးပြီးနောက် ဝမ်ရိရှင်းသည် ကျိုးကျိုးလေး၏ မျက်နှာရှေ့တွင် လက်ကို ဝေ့ယမ်းလိုက်၏။

ကျိုးကျိုးလေးသည် ထိုလက်ကို အကြည့်မခွာဘဲ ဝမ်ရိရှင်းကို မျက်လုံးလေးများ ပြူးကြည့်ကာ "အီးယား... အီးယား" ဟု အသံပြုလိုက်သည်။ ၎င်းမှာ "မယမ်းနဲ့တော့... သမီး ငေးနေတာ မဟုတ်ပါဘူး" ဟု ပြောနေသကဲ့သို့ပင်။

"ဝါး... တကယ်ကို ဉာဏ်ကောင်းတာပဲ၊ သမီးလေးက သခင်လေးလီရဲ့ အမွေတွေကို တကယ်ပဲ ဆက်ခံထားတာပဲ၊ နောင်ကျရင် သူက တကယ့်ကို ထူးခြားတဲ့သူ ဖြစ်လာမှာပဲ"

"အရင်က ဓားနှလုံးဂူဗိမာန်မှာ ခွေးတောင် ကြောက်ရတဲ့ နည်းဗျူဟာ သမား သခင်လေးလီ ရှိခဲ့တယ်၊ အခုကြ သူ့သမီးကလည်း သူ့ရဲ့ အရည်အချင်းစစ်တွေကို ဆက်ခံထားပြီဆိုတော့ နောင်တစ်ချိန်မှာ ဓားနှလုံးဂူဗိမာန်ကို လာရှုပ်တဲ့သူတွေကတော့ သူတို့ရဲ့ ဘိုးဘေးသုံးဆက်တိုင်အောင် နှိပ်စက်ခံရတော့မှာပဲ" ဝမ်ရိရှင်းမှာ အလွန်အမင်း တွေးတောနေကာ စိတ်လွှတ်ကိုယ်လွှတ်ပြောနေ၏။

သူ၏ သမီးကို ဗိလိန်ဇာတ်သွင်း‌နေသော ဝမ်ရီရှင်းကို လီကျန့်ယီက ဆက်မကြည့်နိုင်တော့ဘဲ သူ့ကို မျက်စောင်းထိုးလိုက်၏။

"ဝမ်သခင်... စကားကို သေသေချာချာ ပြောဖို့ ကျွန်တော် အကြံပေးပါရစေ၊ ဓားနှလုံးဂူဗိမာန်က ခွေးတွေတောင် ကျွန်တော်ကို ကြောက်ရတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲဗျ"

ကျွန်တော် လီကျန့်ယီက ခွေးတွေကို ရန်ရှာတတ်သည့် လူစားမျိူးမဟုတ်‌ပေ။

"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ" ဝမ်ရိရှင်းက ပြီးစလွယ် ခေါင်းညိတ်ပြပြီးနောက် ကျိုးကျိုးလေးကို ချီရန် လက်လှမ်းလိုက်၏။သို့သော်လည်း ရင်လော့ရှားက သူ့ကိုချစ်လျူရှုကာ ကျောခိုင်း၍ ထွက်သွားလေသည်။

"ကျိုးကျိုးလေးက တကယ် ဉာဏ်ကောင်းတာပဲ၊ ကျွန်မ သူ့ကို အရင်လေ့လာကြည့်ပါဦးမယ်"

ဝမ်ရိရှင်းနှင့် လီကျန့်ယီတို့မှာ ဆွံ့အလျက် ကျန်ရစ်ခဲ့၏။ ကျွန်တော်ရဲ့ သမီးလေးက ဉာဏ်ကောင်းတာကို ခင်ဗျားက ဘာကို လေ့လာမှာလဲ။ ဘယ်လိုနည်းနဲ့ လေ့လာမှာလဲဗျာ။

"ဝမ်သခင်..မိတ်ဟောင်းဆွေဟောင်းတွေနဲ့ စကားပြောနေလိုက်ဦး၊ ကျွန်တော်ကတော့ ရင်လော့ရှားနောက်ကို လိုက်သွားအုန်းမယ် သူမက ဘာပြဿနာမှ မရှာအောင် စောင့်ကြည့်ရမှာမို့လို့" လီကျန့်ယီက အမြန်ပင် နောက်မှ လိုက်သွားလေသည်။ ဝမ်ရိရှင်းလည်း သစ်သားကစားစရာများကို ချထားခဲ့ပြီး လိုက်ပါသွား၏။

သူသည် သမီးတစ်ယောက် မရှိသေးသဖြင့် လီကျန့်ယီနှင့် ရင်းနှီးသည်ကို အခွင့်ကောင်းယူကာ ကျိုးကျိုးလေးကို သူ့သမီးအဖြစ် မွေးစားနိုင်ခဲ့လျှင် ယခုခရီးစဉ်မှာ တကယ့်ကို တန်သွားပေလိမ့်မည်။

ဓားဆောင်အတွင်းရှိ လွတ်နေသော စားပွဲတစ်ခုဆီသို့ ရောက်သောအခါ ရင်လော့ရှားသည် ကျိုးကျိုးလေး၏ ဉာဏ်ရည်ကို စမ်းသပ်နေသည်ကို လီကျန့်ယီ တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားရသည်။

"ကျိုးကျိုးလေး... အစ်မက သမီးလေးကို သင်္ချာသင်ပေးမယ်နော်၊ သမီးလေးက မှန်အောင် ဖြေနိုင်ရင် အစ်မက ဆုပေးမယ် ဟုတ်ပြီလား" ရင်လော့ရှားက သူမ၏ရင်ခွင်ထဲရှိ ကလေးငယ်လေးကို ငုံ့ကြည့်ကာ ပြောလိုက်၏။

"အီးယား... အီးယား" ကျိုးကျိုးလေးက ခေါင်းညိတ်ပြသည်။

"ကောင်းပြီ... ဒါဆို ကတိနော်"

ရင်လော့ရှားသည် ကျိုးကျိုးလေးကို တစ်မှ တစ်ဆယ်အထိ သင်္ချာစတင်သင်ကြားပေးပါတော့သည်။ ဆယ့်ငါးမိနစ်ခန့် သင်ကြားပြီးနောက် သူမက မေးခွန်းများ မေးလာ၏။

"ကျိုးကျိုးလေး... လက်ချောင်း တစ်ချောင်းနဲ့ နှစ်ချောင်းပေါင်းရင် လက်ချောင်း ဘယ်နှစ်ချောင်း ဖြစ်မလဲဟင်"

ထိုစကားကို ကြားသည်နှင့် ကျိုးကျိုးလေးသည် သူမ၏ လက်ကလေးများကို ချက်ချင်း ထုတ်လိုက်၏။ သူမ၏ ဖောင်းအိနေသော လက်ကလေးများဖြင့် လက်ချောင်းများကို စတင်ရေတွက်ပြီးနောက် နောက်ဆုံးတွင် လက်ချောင်း သုံးချောင်းကို ခက်ခက်ခဲခဲ ထောင်ပြလိုက်ရာ သုံးချောင်းဟုပင် ဆိုလိုခြင်း ဖြစ်ပေသည်။

"ဒါ... ဒါက တကယ်ကြီးလား" ရင်လော့ရှားလည်း အံ့အားသင့်သွားရ၏။ငါးလသားအရွယ်ကလေးက ဒီလောက်အထိ ဉာဏ်ကောင်းနေသည့် ကလေးသည် တကယ်ကိုပါရမီရှင်ဖြစ်သည်။ လူကြီးတွေ ပြောတာကို နားလည်ရုံတင်မကဘဲ သင်္ချာတောင် တွက်နိုင်‌သေးသောကြောင့် ကလေးမှာ တကယ်ကိုထူးခြားလွန်းပေသည်။

အခန်း ၂၁၀ ကြံစည်ထားရသည့် ဇနီးသည်

"ဒါ... ဒါက တကယ့်ကို မယုံနိုင်စရာပဲ၊ ကျွန်မတစ်သက်လုံးမှာ ကျိုးကျိုးလေးလို ပါရမီရှင်မျိုး တစ်ခါမှ မမြင်ဖူးဘူး၊ သူက အစွမ်းတွေ ခိုးသုံးထားသလိုပဲ"

ရင်ခွင်ထဲရှိ ချစ်စဖွယ်ကောင်းသော ကလေးငယ်လေးကို ကြည့်ရင်း ရင်လော့ရှားမှာ မည်သို့ဖော်ပြရမှန်းမသိအောင် အံ့အားသင့်နေမိသည်။ သူမသည် ကျိုးကျိုးလေးကို ပွေ့ချီကာ လုစုကျန်း၏ ဘေးသို့ သွားလိုက်၏။

"ဂိုဏ်းချုပ်လု... ကျိုးကျိုးလေးက ဘာလို့ ဒီလောက်တောင် ဉာဏ်ကောင်းနေရတာလဲဆိုတာ ဂိုဏ်းချုပ်ရော ဘယ်လိုထင်သလဲဟင်"

"ဒါကတော့..."

လုစုကျန်းသည် ပျော်ပွဲရွှင်ပွဲသို့ လာရောက်ဆင်နွှဲခြင်းသာ ဖြစ်သော်လည်း ငါးလသားအရွယ် ပါရမီရှင်လေးကို မြင်သောအခါ သူပင် စကားမပြောနိုင်တော့ပေ။ အဓိကအချက်မှာ ဤကဲ့သို့ မိစ္ဆာတစ်မျှ ဉာဏ်ကောင်းသော ကလေးများမှာ နတ်ဘုရားများ၏ မျိုးဆက်များကဲ့သို့ပင် နက်နဲလွန်းလှခြင်း ဖြစ်၏။

"ငါ ဗေဒင်တစ်ခုလောက် တွက်ကြည့်ပါရစေ"

လုစုကျန်းသည် ကံကြမ္မာ၏ ပြန်လည်တုံ့ပြန်မှုကို လျှော့ချရန် ကြေးပြားအချို့ကို ကြားခံအဖြစ် အသုံးပြု၍ ပစ်ချလိုက်သည်။ အကယ်၍ တွက်ချက်မှုရလဒ်မှာ အလွန်ပြင်းထန်ပါက ကြေးပြားမှာ ကောင်းကင်ဘုံ၏ ပထမဆုံး တုံ့ပြန်မှုကို ခံယူကာ အရင်ဆုံး ကွဲအက်သွားပေလိမ့်မည်။

"တောက်"

ကြေးပြားများမှာ မြေပြင်ပေါ်သို့ ငြိမ်သက်စွာ ကျသွားသည်။ လုစုကျန်းသည် ကြေးပြားများ၏ လားရာကို ကြည့်ကာ တစ်စုံတစ်ခုကို မြင်လိုက်ရသကဲ့သို့ ဘေးနားရှိ လီကျန့်ယီကို မယုံကြည်နိုင်စွာ ကြည့်လိုက်၏။သူ တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်သော်လည်း လီကျန့်ယီက "ဂိုဏ်းချုပ်လု တစ်ခုခုကို သိသွားပြီ ထင်တယ်၊ဒါပေမဲ့ ပြန်လည်တုံ့ပြန်မှု ဒဏ်မခံရအောင် ဘာမှ မပြောတာ ပိုကောင်းပါလိမ့်မယ်၊ ကျွန်တော်ကိုယ်တိုင်ပဲ ပြောပါရစေ" ဟု ဝင်ပြောလိုက်သည်။

"ကောင်းပါပြီ" လုစုကျန်းသည် လူသားနတ်အဆင့်တွင် ရှိနေသော်လည်း သူ့ထက် နယ်ပယ်နှစ်ခု မြင့်မားသော အရှိန်အဝါ၏ တုံ့ပြန်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ သူ စကားမဆုံးခင်မှာပင် အသက်ပျောက်သွားနိုင်သည်။

"သခင်လေးလီ... ဘာတွေ ဖြစ်နေတာလဲ၊ ဘာလို့ ဂိုဏ်းချုပ်လုနဲ့ လျှို့ဝှက်ချက်တွေ ရှိနေကြတာလဲ" ဓားဆောင်အတွင်းရှိ လူအားလုံးက လီကျန့်ယီကို စပ်စုချင်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။

"ဘာမှမဟုတ်ပါဘူး... ကျိုးကျိုးလေး ဒီလောက် ဉာဏ်ကောင်းတာက ကျွန်တော့်ကြောင့်လည်း ပါမှာပါ"

လူတိုင်းသည် တာအိုကျမ်းစာလာ ပြိုင်ဘက်ကင်း နတ်ဘုရား ပုံရိပ်လွှာအကြောင်း ကြားဖူးကြပေလိမ့်မည်။ ထို့အတူ လူတစ်ယောက်က တာအိုကို ရရှိလျှင် သူ၏ ကြက်နှင့် ခွေးများပင် ကောင်းကင်ဘုံသို့ ပျံတက်နိုင်သည်ဟူသော ပုံပြင်ကိုလည်း ကြားဖူးကြပေလိမ့်မည်။

"ကျွန်တော် ကျိုးကျိုးလေးကို ရတဲ့အချိန်တုန်းက ကျွန်တော်က နတ်ဘုရားနယ်ပယ်ကို ကျော်လွန်တဲ့ အခြေအနေကို ရောက်နေခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ သွေးမျိုးဆက်ကြောင့်ပဲဖြစ်ဖြစ်၊ ကျွန်တော့်ရဲ့ အရှိန်အဝါ လွှမ်းမိုးမှုကြောင့်ပဲဖြစ်ဖြစ် ကျိုးကျိုးလေးက တခြားကလေးတွေထက် ပိုပြီး ဉာဏ်ကောင်းတာ ဖြစ်နိုင်ပါတယ်" ဟု လီကျန့်ယီက ဖြစ်နိုင်ချေရှိသည့် အချက်ကိုရှင်းပြလိုက်၏။

"နတ်ဘုရားနယ်ပယ်ရဲ့ အထက်မှာ နောက်ထပ် နယ်ပယ်တွေ ရှိသေးတာလား" ရောက်ရှိနေသူအားလုံး တုန်လှုပ်သွားကြသည်။

သို့သော် နတ်ဘုရားနယ်ပယ်ထက် မြင့်သော နယ်ပယ်ရှိကြောင်း သိလိုက်ရခြင်းထက် လီကျန့်ယီက ထိုနယ်ပယ်သို့ အမှန်တကယ် ရောက်ရှိနေခြင်းက သူတို့ကို ပို၍ ထိတ်လန့်စေခဲ့၏။ လီကျန့်ယီသည် ယခုနှစ်တွင်မှ အသက်နှစ်ဆယ်သာ ရှိသေးသည်။

"ကျမ်းစာတွေအရဆိုရင် နတ်ဘုရားနယ်ပယ် အထက်မှာ မသေမျိူးတန်ခိုးရှင် နယ်ပယ်ဆိုပြီး ရှိပါတယ်။ ကျွန်တော်က အခုချိန်မှာ မသေမျိူးတန်ခိုးရှင်အဆင့်ကိုရောက်ရှိနေပြီး ၊ဓားပညာမှာလည်း ဓားနတ်ဘုရားနယ်ပယ်ကို ရောက်သွားခဲ့လို့ ကျွန်တော့်ရဲ့ မျိုးဆက်ကို လွှမ်းမိုးနိုင်ခဲ့တာ ဖြစ်မှာပါ" ဟု လီကျန့်ယီက ခန့်မှန်းပြောဆိုလိုက်သည်။

"မသေမျိူး... ဝါး... တကယ် အရှင်လတ်လတ် ဓားနတ်ဘုရားကြီးပေါ့" ဝမ်ရိရှင်းက လီကျန့်ယီကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်၏။ သူသည် အရှင်လတ်လတ် ဓားနတ်ဘုရားတစ်ပါးနှင့် ညီအစ်ကို တော်စပ်ခွင့်ရလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။

"တကယ့်ကို အရှင်လတ်လတ်ပါ" လုစုကျန်းသည်လည်း လီကျန့်ယီကို ကြည့်ကာ အချိန်အတော်ကြာ ဆွံ့အလျက် ကျန်ရစ်နေခဲ့သည်။

အသက်နှစ်ဆယ်အရွယ် ဓားနတ်ဘုရားတစ်ပါးဆိုသည်မှာ ဖြစ်နိုင်ခြေထက် ကျော်လွန်နေခြင်းပင်။ သင်္ချာတွက်တတ်သော ကျိုးကျိုးလေးက အစွမ်းခိုးသုံးထားသည် မဟုတ်ဘဲ သူမ၏ ဖခင်ဖြစ်သူ လီကျန့်ယီကသာ တကယ်ကို အစွမ်းထက်လွန်းနေခြင်း ဖြစ်ပေသည်။

"ဂုဏ်ယူပါတယ် သခင်လေးလီ၊ ခင်ဗျားက ခေတ်အဆက်ဆက်မှာ စံချိန်သစ်တင်ပြီး မသေမျိူးတန်ခိုးရှင်နယ်ပယ်ထဲကို ဝင်ရောက်နိုင်ခဲ့ပြီ” အမှန်အတိုင်းပြောရလျှင် သူတို့ တွေ့ဖူးသမျှထဲတွင် အသန်မာဆုံး ပုဂ္ဂိုလ်မှာ ကျောင်းတော်မှ အကြီးအကဲ လီချန်းရှန်သာ ဖြစ်သည်။ သို့သော် သခင်လေးလီက သူ၏ ရှေ့ဆောင်လမ်းပြများကိုပင် ကျော်လွန်သွားလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ ကျင့်ကြံသူလောကမှ သြဇာရှိသူများက ချက်ချင်းပင် ဂုဏ်ပြုစကား ဆိုကြပါတော့သည်။

ထိုသို့ဖြင့် မွေးနေ့ပွဲ၏ မူလဇာတ်ဆောင် ကျိုးကျိုးလေးနေရာတွင် လီကျန့်ယီက ရုတ်တရက် အစားထိုးဝင်ရောက်သွားသလို ဖြစ်သွားခဲ့၏။ လီကျန့်ယီကလည်း လူတိုင်း၏ ဂုဏ်ပြုမှုကို ပြန်လည်တုံ့ပြန်ရင်း နတ်ဘုရားတစ်ပါးကဲ့သို့ မာန်တက်ခြင်းမရှိဘဲ ဖော်ဖော်ရွေရွေပင် ဆက်ဆံခဲ့သည်။

မွေးနေ့ပွဲအတွက် ဟင်းလျာများ အစုံအလင် ထွက်လာပြီး နောက်တွင်မှ လီကျန့်ယီသည် ကျိုးကျိုး၏ မွေးနေ့ကို ကောင်းကောင်းမွန်မွန် ကျင်းပရန် သူ၏ မိသားစုဝင်များနှင့်အတူ စားပွဲတွင် ထိုင်လိုက်ပါတော့သည်။ ဤနေ့သည် ကျိုးကျိုးလေးကသာ အဓိကဇာတ်ဆောင် ဖြစ်သည်။

"နောက်ဆုံးတော့ ငါ့ရဲ့ မြေးမလေးကို ချီရပြီ၊ အဖွားက မြေးလေးကို အရမ်းလွမ်းနေတာ" လီရှင်းယွဲ့သည် သူမ၏ ဆန္ဒပြည့်ဝသွားသဖြင့် ကျိုးကျိုးလေး၏ မျက်နှာကို သူမ၏ မျက်နှာနှင့် ကပ်ကာ နမ်းရှိုက်နေတော့ရာ ကျိုးကျိုးလေးမှာ တခိခိနှင့် ရယ်မောနေတော့၏။

"မေမေ... ကျိုးကျိုးလေး ပျော်နေတာကို ကြည့်ပါဦး" သမီးဖြစ်သူ၏ ရယ်မောသံကို ကြားရသဖြင့် လီဟန်ယီမှာလည်း ကြည်နူးနေမိသည်။

"ဟုတ်တယ်... ဟန်ယီ ငယ်ငယ်တုန်းက သမီးအတိုင်းပဲ။ သမီးလည်း ငယ်ငယ်က ရယ်ရတာ အရမ်း‌သ‌ဘောကျတာ" လီရှင်းယွဲ့က ကျိုးကျိုးလေးကို တစ်လှည့်၊ လီဟန်ယီကို တစ်လှည့် ကြည့်ကာ ပြောလိုက်၏။

"သမီးက... ငယ်ငယ်က အရမ်းရယ်ရတာ ဝါသနာပါတာ ဟုတ်လား၊ အဲ့ဒါက သမီးက အရမ်ငယ်တဲ့ အချိန်တုန်းက ဖြစ်မှာပါ။ သမီးက အရမ်းမမှတ်မိတော့ဘူး..." လီဟန်ယီသည် အသက်သုံးနှစ်နောက်ပိုင်း အဖြစ်အပျက်များကိုသာ မှတ်မိပြီး ထိုမတိုင်မီက အမှတ်တရများမှာမူ ဝေဝါးနေပြီ ဖြစ်သည်။

"အ‌မေက သမီးကို‌‌မွေးတုန်းကဆို အမေက သမီးကို တစ်နေ့နဲ့ တစ်ညလုံး ချီထားခဲ့တာ အရမ်းပျော်လွန်းလို့ အိပ်တောင် မအိပ်နိုင်ခဲ့ဘူး"

"သမီးက အဖိုးရဲ့ ရင်ခွင်ထဲမှာ ရှိနေတုန်းကလည်း မျက်လုံးလေးတွေ ပြူးပြီး အမေကို စိုက်ကြည့်နေတတ်တာ၊ ငိုလည်း မငိုဘူး၊ ဆိုးလည်း မဆိုးဘူး။ အခု ကျိုးကျိုးလေးလိုပဲ အမေကို ခဏခဏ ပြုံးပြတတ်တာ"

"သမီးတွေက သူတို့အမေနဲ့ တူတတ်ကြတာ သဘာဝပါပဲ" ဟု လီဆူးဝမ်က မှတ်ချက်ပေးလိုက်၏။

"အခု မြေးမလေး ရပြီဆိုတော့ ဟန်ယီနဲ့ ယီယီတို့က မြေးလေးတစ်ယောက် ထပ်ရအောင် ကြိုးစားကြဦးလေ၊ အဲဒါမှ ပိုပြီး စည်စည်ကားကား ရှိမှာ" လီရှင်းယွဲ့က ဆိုသည်။

"အမေ... ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားမှာပါ" လီကျန့်ယီက တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်းပင် တက်ကြွစွာပြန်ဖြေလိုက်၏။

"ရှင်ကတော့ ကြိုးစားမှာပေါ့၊ ရှင်က ဆယ်လလောက် ဗိုက်ကြီးထားရတာမှ မဟုတ်တာကိုး" လီဟန်ယီသည် ကျိုးကျိုးလေး ဗိုက်ထဲရှိစဉ်က ခံစားခဲ့ရသော ဝေဒနာများကို ပြန်တွေးမိကာ ပြောလိုက်သည်။ သို့သော်လည်း သမီးလေးမှာ အလွန်လိမ္မာပြီး ချစ်စဖွယ်ကောင်းသဖြင့် သူမ ခံစားခဲ့ရသမျှမှာ တန်သွားပြီဟုလည်း ယူဆမိပေသည်။

"ဟန်ယီ... ကိုယ်ဝန်ဆောင်နေရတဲ့ ဆယ်လအတွင်း မင်း တကယ် ခက်ခဲခဲ့တာ ကိုယ်သိပါတယ်၊ ဒါပေမဲ့ အဲဒီဆယ်လလုံး မင်းဘေးမှာ ကိုယ် ဘယ်လိုနေပေးခဲ့လဲဆိုတာ မင်း မေ့သွားပြီလား"

"မင်း မအိပ်ရင် ကိုယ်လည်း မအိပ်ဘူး"

"မင်း ဗိုက်ဆာရင် ကိုယ်က အရသာရှိတာတွေ ချက်ပေးတယ်"

"မင်း လဲလျောင်းနေရတာ ညောင်းလာရင် ကိုယ်ကပဲ လမ်းလျှောက်ဖို့ ကူညီပေးတယ်"

"အတိုချုပ်ပြောရရင် မင်းက ဆယ်လလောက် ကိုယ်ဝန်ဆောင်ခဲ့ရသလို ကိုယ်လည်း တစ်နည်းအားဖြင့် ကိုယ်ဝန်ဆယ်လ ဆောင်ခဲ့ရတာပါပဲ" လီကျန့်ယီသည် လီဟန်ယီ ကိုယ်ဝန်ဆောင်စဉ်က သူ ဂရုတစိုက် ပြုစုခဲ့သည်များကို ပြန်ပြောပြလိုက်၏။

"မမေ့ပါဘူး... ဒါကြောင့်လည်း ရှင့်အတွက် နောက်ထပ် ကလေးတစ်ယောက် ထပ်မွေးပေးဖို့ ကျွန်မ သဘောတူခဲ့တာပေါ့" လီဟန်ယီသည် လီကျန့်ယီ၏ ဂရုစိုက်မှုများကို ပြန်တွေးမိကာ ရင်ထဲတွင် နွေးထွေးသွားရသည်။ ထိုအချိန်မှာ ခက်ခဲခဲ့သော်လည်း အလွန်ပျော်စရာကောင်းခဲ့သည် အချိန်ဖြစ်ခဲ့သည်။

"သိရင် ပြီးတာပါပဲ" လီကျန့်ယီက လီဟန်ယီ အကြိုက်ဆုံး ဟင်းလျာများကို သူမ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်၏။

လီဟန်ယီက နွေးထွေးစွာ ပြုံးလျက် "ကျွန်မဘာသာ ယူစားနိုင်ပါတယ်" ဟု ပြောလိုက်သည်။

"ကိုယ် မင်းကို သေသေချာချာ ဂရုစိုက်ရမှာပေါ့။ မင်းက ကိုယ့်ဇနီးသည်တင် မကဘူး၊ ကိုယ့်ဆရာရဲ့ မြေးမလေးလည်း ဖြစ်နေတာကိုး ကိုယ်က လျစ်လျူရှုထားလို့ ဘယ်ဖြစ်မလဲ"

"မင်းက ကိုယ် ဆယ်စုနှစ်တစ်ခုကျော်လောက် ကြံစည်ပြီးမှ ရယူနိုင်ခဲ့တဲ့ ဇနီးသည်လေးလေ" လီကျန့်ယီက လီဆူးဝမ်ကို ဝိုင်ငှဲ့ပေးရင်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။ ထိုသာမန်စကားလုံးလေးများက လီဟန်ယီ၏ နှလုံးသားထဲတွင် နွေးထွေးသွားစေသည်။ သူမ၏ မိသားစုဝင်များမှာ သူမအပေါ် တကယ့်ကို ကောင်းကြသည်။

"ကျွန်မကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ယီယီ" လီဟန်ယီသည် လီကျန့်ယီကို ချစ်ခင်သော မျက်လုံးများဖြင့် ကြည့်လိုက်ရာ သူမ၏ ကျေးဇူးတင်ရှိမှုများမှာ ပြောမပြနိုင်အောင်ပင် ဖြစ်တော့ နေသည်။သူမသည် ခင်ပွန်းရ ကံကောင်းသော မိန်းကလေးတစ်ယောက်ဖြစ်သည်။

All Chapters