← Chapters

အခန်း (၂၁၅-၂၁၆)

Vol. 22 Ch. 215-216

အခန်း (၂၁၅-၂၁၆)

Vol. 22 Ch. 215-216

အခန်း ၂၁၅ ကျိုးကျိုး၏ စွန့်စားခန်း

"မင်းအဖေက တကယ်ကို ကောက်ကျစ်တာပဲ၊ ရုတ်တရက်ကြီး ပြန်လှည့်လာရတယ်လို့" လီကျန့်ယီ၏ စကားကို ကြားပြီးနောက် လီဟန်ယီက မကျေမနပ် ရေရွတ်လိုက်၏။

"ဒါကို ကောက်ကျစ်တယ်လို့ မခေါ်ပါဘူး၊ ဉာဏ်ကောင်းတယ်လို့ ခေါ်တာ မဟုတ်လား"

လီကျန့်ယီသည် ကုလားထိုင်ပေါ်တွင် ကျော့ကျော့မော့မော့ ထိုင်နေသော လီဟန်ယီထံသို့ လျှောက်သွားကာ သူမကို ပွေ့ချီလိုက်သည်။

"အင်း... ညနက်ပြီ၊ အိပ်ကြစို့"

လီကျန့်ယီသည် လီဟန်ယီကို ပွေ့ချီလျက် အိပ်ခန်းဆီသို့ ဦးတည်သွားတော့၏။ကျိုးကျိုးလေးမှာ ထိုမြင်ကွင်းကို ကြည့်ကာ သူမ၏ ကြည်လင်သော မျက်ဝန်းလေးများဖြင့် အံ့သြနေရသည်။ ထို့နောက် သူမသည်လည်း ပျော်ရွှင်စွာဖြင့် နောက်မှ လိုက်သွားလေတော့သည်။

...

နောက်တစ်နေ့တွင် လီကျန့်ယီသည် ကျိုးကျိုးနှင့် လီဟန်ယီတို့အတွက် ဆန်ပြုတ်နှင့်အတူ မုန်လာဥခြောက်၊ အချဉ်တည်ထားသော ဟင်းသီးဟင်းရွက်များကို ပြင်ဆင်ပေးရာ ၎င်းမှာ ထူးခြားဆန်းသစ်သော အရသာရှိသည့် ဟင်းလျာတစ်ခွက် ဖြစ်နေပေသည်။

သားအဖနှစ်ယောက်မှာ မြိန်ရှက်စွာ စားသုံးနေကြသလို ချန်းလျော့လေးပင်လျှင် "မုန်လာဥချဉ်နဲ့ ဆန်ပြုတ်က ဒီလောက် အရသာရှိမယ်လို့ မထင်ထားဘူး၊ နောက်ထပ် စားချင်သေးတယ်" ဟု ဆိုလာ၏။

"ဒါကို လိုက်ဖက်ညီမှုလို့ ခေါ်တာ" ဖုန်းချူးယွီက အခွင့်ကောင်းယူကာ သင်ကြားပေးလိုက်သည်။

"သြော်..." ချန်းလျော့က ဝေခွဲမရဟန်ဖြင့် ခေါင်းညိတ်ပြ၏။

ထို့နောက် သူမသည် လီဟန်ယီက ခွံ့ကျွေးနေသည့် ကျိုးကျိုးလေးထံသို့ လျှောက်သွားကာ "ကျိုးကျိုးလေး... ဆန်ပြုတ်သောက်ပြီးရင် ငါတို့ ကောင်းကင်တက် လှေကားမျှော်စင်ကို သွားပြီး စိန်ခေါ်ကြမလား" ဟု မေးလိုက်သည်။

"ကောင်းပြီလေ" ကျိုးကျိုးလေး၏ မျက်ဝန်းများမှာ ဝင်းလက်သွားရ၏။ သူမသည် သူမ၏ အမေကို ဝင်ခွင့်ပိတ်ပင်ထားသည့် မျှော်စင်ကို သွားကြည့်ချင်နေခြင်း ဖြစ်၏။

"ကဲ... အမြန်သောက်ကြစို့"ချန်းလျော့က ဆန်ပြုတ်ကို အလောတကြီး သောက်လိုက်တော့သည်။

မကြာမီတွင်ပင် မိန်းကလေးနှစ်ယောက်မှာ ဆန်ပြုတ်သောက်ပြီးသွားကြ၏။ချန်းလျော့သည် ကျိုးကျိုး၏ လက်ကလေးကို ကိုင်ကာ ကောင်းကင်တက်လှေကား မျှော်စင်ဆီသို့ ဦးတည်သွားကြသည်။

၎င်းကို မြင်သော်လည်း မည်သူမျှ စိုးရိမ်ခြင်း မရှိကြပေ။အဘယ် ကြောင့်ဆိုသော် ဖက်တီးလေးမှာ သူရဲကောင်းတစ်ဦးကဲ့သို့ သူတို့နောက်မှ လိုက်ပါ စောင့်ရှောက်နေသောကြောင့် ဖြစ်၏။ ဖက်တီးလေးမှာ ယခုအခါ ဖုယောင်ဆင့်၏ အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ သာမန်လူတစ်ယောက်အနေဖြင့် သူ့ကို အနိုင်ယူရန် မလွယ်ကူပေ။

သူ့ကို အနိုင်ယူနိုင်သော သိုင်းပညာရှင်များမှာ ရွှေလမြို့တော်သို့ ခြေချသည်နှင့် လီကျန့်ယီ၏ အထူးစောင့်ကြည့်ခြင်းကို ခံရမည် ဖြစ်သည်။ ထို့ကြောင့် လီကျန့်ယီအနေဖြင့် ဖက်တီးလေးထက် သာလွန်သော သိုင်းပညာရှင်များကိုသာ သတိထားရန် လိုအပ်ပြီး ကျန်သူများအတွက်မူ ဖက်တီးလေးနှင့် နဂါးတစ်ကောင်ရှိနေလျှင် လုံလောက်ပေသည်။

သူတို့သည် မျှော်စင်သို့ ရောက်ရှိလာကြ၏။ မျှော်စင်မှာ အမြဲတမ်း ရွှေလမြို့တော်၏ အဝင်ဝတွင် ရှိနေပေသည်။ ထို့အပြင် အနီးနားတွင် လက်ဖက်ရည်ဆိုင်များစွာ ရှိနေပြီး လူအများမှာ လက်ဖက်ရည်သောက်ရင်း စိန်ခေါ်သူများကို ကြည့်ရန် စုရုံးနေကြသည်။

"ဒါ... မြို့တော်သခင် တတိယနဲ့ ဒုတိယတို့ရဲ့ သမီးတွေ မဟုတ်လား၊ သူတို့က မျှော်စင်မှာ ဘာလာလုပ်နေကြတာလဲ၊ မျှော်စင်ကို စိန်ခေါ်ကြမလို့လား "

လက်ဖက်ရည်သောက်နေသူအချို့မှာ ချန်းလျော့နှင့် ကျိုးကျိုးတို့ကို မြင်သောအခါ အံ့သြသွားကြ၏။

"ဟာ... သူတို့ တကယ်ပဲ အထဲကို ဝင်သွားကြပြီ"

လူအများမှာ မှင်တက်သွားကြရသည်။

ကျင့်ကြံခြင်းမျှော်စင်၏ ပထမထပ်တွင် ဖြစ်၏။

စောင့်ကြပ်နေသူများမှာ အဆင့်ကိုဆင့်သို့ စတင်ဝင်ရောက်ကာစ ရွှေလမြို့တော်မှ တပည့်များပင် ဖြစ်သည်။ မြို့တော်သခင်များ၏ ချစ်လှစွာသော သမီးတော်များကို မြင်သောအခါ သူတို့က ပြုံးရွှင်စွာ ဆီးကြိုကြ၏။

"ဒုတိယသခင်မလေးနဲ့ တတိယသခင်မလေးတို့... မျှော်စင်ကို စိန်ခေါ်မလို့လားဗျ"

"အင်း" ချန်းလျော့နှင့် ကျိုးကျိုးတို့က ခေါင်းညိတ်ပြကြသည်။

"ဒါက နည်းနည်းတော့ မသင့်တော်ဘူး ထင်တယ်ဗျ။ တတိယသခင်မလေးနဲ့ ဒုတိယသခင်မလေးတို့... နည်းနည်းလောက် ကြီးလာမှ စိန်ခေါ်ရင် မကောင်းဘူးလား" စောင့်ကြပ်နေသည့် တပည့်မှာ အနည်းငယ် အခက်တွေ့သွားရ၏။ အဓိကမှာ ကလေးများကို အနိုင်ကျင့်သလို ဖြစ်မည်စိုးသော ကြောင့် ဖြစ်သည်။ထို့အပြင် ချန်းလျော့မှာ အဆင့်ကိုးဆင့်သို့ပင် မရောက်သေးရာ သူတို့အခက်တွေ့နေရ၏။

"ဟွန်း...ကျွန်မတို့ကို အထင်မသေးနဲ့လေ၊ ကျွန်မတို့အဖေကလည်း ငယ်ငယ်တုန်းက သူတို့ ထက်အဆင့်မြင့်တဲ့သူတွေကို စိန်ခေါ်နိုင်ခဲ့တာပဲ၊ ကျွန်မတို့လည်း လုပ်နိုင်တာပေါ့!"

"ကျွန်မက အဆင့်ကိုးဆင့်ကို မရောက်သေးပေမဲ့ အဆင့်တစ်ဆင့် နှစ်ဆင့်ပဲ လိုတော့တာပါ" ချန်းလျော့က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

ထို့နောက် သူမသည် ပထမထပ်ရှိ လက်နက်စင်ဆီသို့ သွားကာ အပေါ့ပါးဆုံး လှံတစ်စင်းကို ယူလိုက်၏။ လှံဖျားကို သံမဏိဖြင့် ပြုလုပ်ထားသည်မှအပ လှံတံမှာ သစ်သားဖြစ်သဖြင့် အတော်ပင် ပေါ့ပါးလှပေသည်။ ချန်းလျော့ကဲ့သို့ ကျင့်ကြံသူတစ်ဦးအတွက် မခက်ခဲသော်လည်း သူမမှာ ငယ်လွန်းသေးသဖြင့် အနည်းငယ် ကြိုးစားကိုင်ဆောင်ရသော်လည်း သူမအတွက်‌တော့ ပြဿနာတစ်ခုဟု မပြောနိုင်သေးပေ။

"လာလေ"

လှံကို လက်နှစ်ဖက်ဖြင့် ကိုင်ထားသော ချန်းလျော့မှာ လှံနတ်ဓားရှင်၏ အငွေ့အသက်အချို့ ရှိနေပေသည်။ အဘယ်ကြောင့်ဆိုသော် လှံသိုင်းကို လှံသခင် စစ်ကုန်းချန်ဖုန်းကိုယ်တိုင် သင်ကြားပေးထားခြင်း ဖြစ်သောကြောင့် ဖြစ်၏။

"ဒါဆိုရင်... သခင်မလေး၊ ကျွန်တော်တို့ကို ခွင့်လွှတ်ပါဦး"

အဆင့်ကိုးဆင့် တပည့်သည် ဓားမြှောင်ကို ထုတ်ကာ စတင် တိုက်ခိုက်လိုက်သည်။ ဓားမှာ အေးစက်သော အလင်းတန်းနှင့်အတူ ချန်းလျော့၏ ဘေးသို့ ချက်ချင်း ရောက်ရှိလာ၏။

ချန်းလျော့မှာ မကြောက်မရွံ့ဘဲ သူမ၏ လှံရှည်ကို အသုံးပြုကာ တိုက်ခိုက်မှုကို တိုက်ရိုက်ပင် လှံဖြင့်ပုတ်ထုတ်လိုက်ပြီး တပည့်ဖြစ်သူကို ခေတ္တ နောက်ဆုတ်သွားစေသည်။ထို့အပြင် သူမသည် လှံရှည်၏ အားသာချက်ကို အသုံးပြုကာ ထိုးခြင်း၊ ဝေ့ယမ်းခြင်း အစရှိသည်တို့ကို ပြုလုပ်ခဲ့၏။ အဆင့်ကိုးဆင့် တပည့်သည် ဓား‌မြှောင်ကို အသုံးပြုကာ ကာကွယ်နေရသည်။

"တတိယသခင်မလေးရဲ့ အခြေခံက တကယ်ကောင်းတာပဲ" တပည့်ဖြစ်သူက ချန်းလျော့၏ ကိုင်တွယ်ပုံကို ချီးကျူးလိုက်မိသည်။

"ဒါပေမဲ့ သခင်မလေး...အဆင့်ကိုးဆင့်ကို မရောက်မချင်းကတော့ ကွာခြားမှုတွေရှိပါသေးတယ် ဒါကြောင့် ခွင့်လွှတ်ပါ သခင်မလေး"

ဓား‌မြှောင်ကို ကိုင်ဆောင်ထားသည့် တပည့်သည် ချန်းလျော့ တိုက်စစ်ဆင်နေစဉ်အတွင်း လှံချက်ကို ရှောင်တိမ်းကာ သူမထံသို့ တိုးဝင် တိုက်ခိုက်လိုက်သည်။ ချန်းလျော့ သတိပြုမိချိန်တွင် ဓားမှာ သူမ၏ ရှေ့သို့ ရောက်နေပြီ ဖြစ်၏။

"တကယ်လို့ သခင်မလေးသာ အဆင့်ကိုးဆင့်ကို ရောက်နေရင် ကျွန်တော်က သခင်မလေးကို သေချာပေါက် မယှဉ်နိုင်ပါဘူး" တပည့်ဖြစ်သူက သူ၏ အစွမ်းကို ကောင်းစွာ သိရှိပေသည်။ အကယ်၍ အဆင့်ချင်း မကွာခြားပါက သူသည် ချန်းလျော့ကို ယှဉ်နိုင်မည် မဟုတ်ပေ။

"ဟွန့်... ကျွန်မက ပေါ့ဆသွားလို့ပါ၊ ရှောင်တာနောက်ကျသွားတယ် " ချန်းလျော့က မကျေမနပ်နှင့် အရှုံးကို ဝန်ခံလိုက်ရသည်။ထို့နောက် သူမသည် ဘေးရှိ ရှောင်ကျိုးကျိုးကို ကြည့်ကာ "ကျိုးကျိုးလေး... အခု ညီမအလှည့်ပဲ" ဟု ပြောကာ အားပေးစကားဆိုလိုက်သည်။

"အင်း" ကျိုးကျိုးလေးက အလေးအနက် ခေါင်းညိတ်ပြသည်။

တစ်နှစ်သားအရွယ် ဒုတိယသခင်မလေးပင် စိန်ခေါ်ရန် လာသည်ကို မြင်သောအခါ တပည့်များမှာ ရွှေလမြို့တော်၏ အမှတ်အသားတစ်ခုကဲ့သို့ဖြစ်သော ပင်လယ်ပြာနဂါး ဖက်တီးလေးကို ကြည့်ကာ ခေါင်းကိုက်သွားရတော့သည်။

"စီနီယာဖက်တီးလေး... ဒုတိယသခင်မလေးကို ပြန်သွားဖို့ နည်းနည်းလောက် ပြောပေးပါဦးလား၊ သူက အရမ်းငယ်သေးတယ်လေ၊ တစ်နှစ်ပဲ ရှိသေးတာ... ဒဏ်ရာရမှာ စိုးလို့ပါ" တပည့်ဖြစ်သူက ညည်းတွားလိုက်၏။

"ဖက်တီးဖက်တီး"

ဖက်တီးလေးသည် လက်နက်စင်မှ တူနှစ်လုံးကို ယူကာ တပည့်ဖြစ်သူကို ထုရိုက်ရန် ပြင်လိုက်သည်။ စနောက်နေတာလား...ကျိုးကျိုးလေးက ဘာဖြစ်လို့လဲ။ မင်းတို့က ငါ့ရဲ့ သခင်မလေးကို အထင်သေးတာလား ဆိုသည့်ပုံစံဖြင့် ဆန္ဒပြနေသကဲ့သို့ ဖြစ်နေ၏။

အခြားတစ်ဖက်တွင်လည်း. တပည့်သည်လည်း ဖက်တီးလေး၏ ဆိုလိုရင်းကို နားလည်သွားပုံရကာ လက်ဝှေ့ယမ်းလျက်

"စီနီယာဖက်တီးလေး... စီနီယာရဲ့ အဆင့်က မျှော်စင်ရဲ့ ဆယ့်ငါးထပ်လောက်အထိ ရောက်နေတာဆိုတော့ ကျွန်တော့်လို ဂျူနီယာကို အနိုင်မကျင့်ပါနဲ့ဗျာ" ဟု အသနားခံလိုက်ရသည်။

"ဖက်တီး"

ဖက်တီးလေးက သူ၏ လက်ချောင်းတိုတိုလေးဖြင့် ကျိုးကျိုးကို ညွှန်ပြလိုက်၏။

"ဟူး... ဒုတိယသခင်မလေးနဲ့ပဲ ယှဉ်ပြိုင်ရတော့မှာပေါ့" တပည့်ဖြစ်သူက သက်ပြင်းချလိုက်သည်။သူသည် ဓား‌မြှောင်ကို ကိုင်ကာ နတ်သမီးလေးသဖွယ် ချစ်စရာကောင်း‌သော ကျိုးကျိုးလေးကို ကြည့်ပြီးပြောလိုက်သည်။

"ဒုတိယသခင်မလေး... လက်နက် ယူပါဦး"

ကျိုးကျိုးလေးသည် သစ်သားဓားတစ်လက်ကို ရွေးချယ်လိုက်ပြီးနောက် သူမ၏ သေးငယ်သော ခန္ဓာကိုယ်ဖြင့် အဆင့်ကိုးဆင့်တပည့်၏ ရှေ့တွင် တုန်လှုပ်မှု့ကင်းစွာပင် ရပ်လိုက်သည်။

"ဒုတိယသခင်မလေး အရင် စလိုက်ပါ"

"ကောင်းပြီ"

ကျိုးကျိုးလေးသည် သစ်သားဓားကို ဆွဲထုတ်လိုက်သည်နှင့် တပည့်ဖြစ်သူ၏ ပေါင်ကို တိုက်ရိုက် ဦးတည် တိုက်ခိုက်လိုက်သည်။ ထိုအချိန်အတွင်း တပည့်မှာ ဘာဖြစ်သွားသည်ကိုပင် သတိမထားမိလိုက်ပဲ ချက်ချင်းပင်လဲကျသွား၏။

"အစ်ကိုကြီး... အစ်ကိုကြီးက သဘောကောင်းလိုက်တာ" ကျိုးကျိုးလေးက သူမ၏ ကြည်လင်သော မျက်ဝန်းလေးများဖြင့် နှစ်လိုဖွယ် ပြုံးပြလိုက်လေတော့သည်။

အခန်း၂၁၆ အမေ... သမီး ပြန်လာပြီ

"ဘာ... ဘာဖြစ်သွားတာလဲ၊ ဒုတိယသခင်မလေး ဓားဆွဲထုတ်လိုက်တာကိုတောင် ငါ သေချာမမြင်လိုက်ပါလား"

တပည့်သည် သူ၏ရှေ့မှ ချစ်စရာကောင်းသော ကလေးငယ်လေးကို ကြည့်ကာ အံ့အားသင့်လျက် ဆို၏။

"အစ်ကိုကြီး... ဒါက အဖေ ကျိုးကျိုးကို သင်ပေးထားတဲ့ ဓား သိုင်းလေ၊ ရန်သူတွေ အများကြီးရှိရင်တောင် တစ်ချက်တည်းနဲ့ အပြတ်ရှင်းလို့ရတယ်လို့ အဖေက ပြောတယ်" ကျိုးကျိုးက ရှင်းပြလေသည်။

"တကယ်ကို မြန်တဲ့ဓားပါလား" ဒုတိယမြို့တော်သခင်၏ ခင်ပွန်းတွင် ဤကဲ့သို့သော လျှို့ဝှက်ချက် ရှိနေလိမ့်မည်ဟု တပည့်မှာ လုံးဝ မထင်မှတ်ထားခဲ့ပေ။သိုင်းလောကရှိ လူအများစုမှာ လီကျန့်ယီ တိုက်ခိုက်သည်ကို မြင်တွေ့ရခဲလှ၏။

သူ အစွမ်းပြခဲ့သည့် တစ်ကြိမ်တည်းသော အခိုက်အတန့်မှာ ဧကရာဇ်ကို သတ်ဖြတ်စဉ်ကဖြစ်ပြီး ၎င်းကို မြင်တွေ့လိုက်ရသူမှာ အလွန်နည်းပါးပေသည်။ ထို့ကြောင့် လီကျန့်ယီသည် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသည်ကို လူအများက မသိကြဘဲ လက်ရှိ လောကတွင် နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်သည်ဟုသာ သိထားကြခြင်း ဖြစ်၏။

"ဒုတိယသခင်မလေးနဲ့ တတိယသခင်မလေးတို့... ကြွပါဦးခင်ဗျာ"

မျှော်စင်၏ ပထမထပ်ကို စောင့်ကြပ်နေသည့် တပည့်မှာ အရှုံးပေးလိုက်ရပြီ ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"

ကျိုးကျိုးနှင့် ချန်းလျော့တို့သည် ဒုတိယထပ်သို့ တက်လှမ်းသွားကြ၏။ လက်ဖက်ရည်ဆိုင်အတွင်းရှိ လူအများမှာမူ ကလေးမလေးနှစ်ယောက် ပထမထပ်ကို အောင်မြင်စွာ ဖြတ်ကျော်သွားသည်ကို မြင်သောအခါ သရဲကိုမြင်ရသကဲ့သို့ မှင်တက်နေကြတော့သည်။

"တောက်... ငါ့ဘဝရဲ့ တစ်ခုတည်းသော ဆန္ဒက မျှော်စင်ကို အောင်မြင်‌အောင်စိန်ခေါ်နိုင်ဖို့ပဲ"

ကံမကောင်းစွာဖြင့် သူ၏ကံဇာတာမှာ အဆင့်ကိုးဆင့်တွင်သာ ရပ်တန့်နေခဲ့၏။ သို့သော် ယနေ့တွင်မူကလေးမလေး နှစ်ယောက်မှာ ပထမထပ်ကို အေးအေးဆေးဆေး ဖြတ်ကျော်သွားကြပြီ ဖြစ်သည်။

"ဟုတ်ပါ့... ငါတို့တွေ အသက်သာ ကြီးသွားတာ ဘာမှမတိုးတက်လာဘူး"

လက်ဖက်ရည်သောက်သူများသည် ဒုတိယထပ်သို့ တက်သွားသည့် မိန်းကလေးငယ်များကို အားကျစွာ ကြည့်နေကြရ၏။

"တတိယသခင်မလေး... ဘေးကနေပဲ ကြည့်နေပေးပါဦး"

ကျင့်ကြံခြင်းမျှော်စင်၏ ဒုတိယထပ်တွင် စောင့်ကြပ်နေသူမှာ အဆင့်ကိုးဆင့်ပင် ဖြစ်သော်လည်း ၎င်းမှာ အဆင့်ကိုးဆင့်၏ အလယ်အလတ်ပိုင်း ဖြစ်သဖြင့် ပထမထပ်ထက် ပိုမို အားကောင်းပေသည်။

"ဟုတ်ပြီ.." ရှောင်ချန်းလျော့မှာ အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့် ဘေးသို့ ဖယ်ပေးလိုက်ရ၏။သူမ၏ ညီမလေး ကျိုးကျိုးမှာ တကယ်ကို ထူးချွန်လွန်းသည်ကို သူမ တွေ့ရှိလိုက်ရသည်။ ကျိုးကျိုးလေးမှာ ဒုတိယထပ်ရှိ တပည့်များကို အနိုင်ယူကာ တတိယထပ်သို့ ဆက်လက် တက်လှမ်းသွားတော့၏။ သူတို့သည် လူသူကင်းမဲ့သော နေရာကို ဖြတ်သန်းသကဲ့သို့ အဆင်ပြေချောမွေ့နေပြီး ဆယ့်လေးထပ်မြောက် ရောက်ရှိချိန်တွင်‌တော့ ရပ်တန့်သွားသည်။

ကျင့်ကြံခြင်းမျှော်စင်၏ ဆယ့်လေးထပ်မြောက်ကို စောင့်ကြပ်နေသူမှာ မြေကမ္ဘာလွတ်မြောက်ခြင်းအဆင့်မှ အကြီးအကဲတစ်ဦး ဖြစ်ပေသည်။ ကျိုးကျိုးမှာ အဆင့်ကိုးဆင့်ရှိသူများကို အနိုင်ယူရန် ယုံကြည်ချက်ရှိသော်လည်း မြေကမ္ဘာလွတ်မြောက်ခြင်းအဆင့် အကြီးအကဲကိုမူ မသေချာပေ။ အဆင့်ကြီးတစ်ခုကို ကျော်ပြီး တိုက်ခိုက်ဖို့အတွက် ခက်ခဲနေသည်။

"ကျိုးကျိုးလေး...ညီမက တကယ်တော်တာပဲ၊ ဒါက ဆယ့်လေးထပ်မြောက်လေ... ဆယ့်လေးထပ်မြောက်ကြီးတောင် ရောက်လာတာနော် " ကျိုးကျိုးလေးနှင့်အတူ ဆယ့်လေးထပ်မြောက်အထိ ရောက်လာသည့် ချန်းလျော့၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ဝိုင်းစက်နေတော့၏။

"အစ်မချန်းလျော့လည်း နောင်ကျရင် ဒီထက်မက တော်လာမှာပါ" ကျိုးကျိုးက ပျော်ရွှင်စွာဖြင့် အားပေးစကား ပြောလိုက်သည်။

"ဒါနဲ့ အစ်မချန်းလျော့... ညီမတို့ ရွှေလမြို့တော်ထဲ ပြန်ကြရအောင်၊ မဟုတ်ရင် အမေတို့ စိုးရိမ်နေကြလိမ့်မယ်" ကျိုးကျိုးသည် ချန်းလျော့၏ လက်ကလေးကို ကိုင်ကာ မျှော်စင်ပေါ်မှ ပျော်ရွှင်စွာ ဆင်းလာခဲ့ကြသည်။

လက်ဖက်ရည်ဆိုင်ရှိ လူများမှာမူ အံ့ဩလွန်းသောကြာင့် ထုံကျင်နေသကဲ့သို့ ဖြစ်နေကြ၏။ ကလေးမလေးနှစ်ယောက်မှာ ဒုတိယ သို့မဟုတ် တတိယထပ်အထိသာ သွားနိုင်လိမ့်မည်ဟု သူတို့ ထင်မှတ်ထားသော်လည်း ဆယ့်လေးထပ်မြောက်အထိ တက်သွားလိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ဖူးပေ။

"ဒီနေ့တော့ တကယ်ကို မျက်စိပွင့်သွားတာ"

သိုင်းလောကရှိ အခြားသော နာမည်ကျော် သိုင်းပညာရှင်များနှင့် နှိုင်းယှဉ်လျှင် မြို့တော်သခင် တတိယနှင့် ဒုတိယတို့၏ သမီးတော်နှစ်ဦးမှာ တကယ်ကို အထင်ကြီးစရာ ကောင်းလှပေသည်။ ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ကျင့်ကြံခြင်းမျှော်စင်၏ ဆယ့်လေးထပ်အထိ ရောက်ရှိခြင်းမှာ နောက်မျိုးဆက်က ရှေ့မျိုးဆက်ကို ကျော်တက်သွားသည့် သာဓကပင် ဖြစ်၏။

"ငါတို့တွေ အဲဒီကလေးမလေးတွေ ရှေ့မှာ ဘာမှအသုံးမကျသလို ခံစားရတယ်..." ဟု လက်ဖက်ရည်သောက်သူများက သက်ပြင်းချရင်း ဆိုကြသည်။

"ဖက်တီး၊ ဖက်တီး"

ချန်းလျော့နှင့် ကျိုးကျိုးတို့ နောက်မှ လိုက်လာသည့် ပင်လယ်ပြာနဂါးလေးမှာ လူများ၏ စကားကို ကြားသောအခါ သူ၏ ဝိုင်းစက်သော ဗိုက်ကလေးကို ပုတ်လျက် သူတို့ရှေ့၌ ကြွားဝါကာ လမ်းလျှောက်နေ၏။ "တွေ့လား... ဒါ ငါ့ရဲ့ သခင်လေးတွေရဲ့ အစွမ်းပဲ" ဟု ပြောနေသကဲ့သို့ပင် အလွန်ဂုဏ်ယူစွာပြာမူနေသည်။

သူတို့သည် လီနေအိမ်သို့ ပြန်ရောက်လာကြသည်။ လီဟန်ယီ၊ ရွဲ့ယောင်နှင့် ဖုန်းချူးယွီတို့သည် ယောင်ကျွင်းနှင့် ကစားနေကြ၏။ သူသည် ထိုအမျိုးသမီး သုံးဦး၏ တစ်ဦးတည်းသော သားဖြစ်သဖြင့် အလွန် အရေးပါလှပေသည်။

"ယောင်ကျွင်းလေးက မကြီးသေးဘူး၊ သူ ကြီးလာရင် သူ့အစ်မတွေနဲ့ ကစားလို့ရမှာ" မျက်လုံးလေးများ ဖွင့်ကာ သူမကို စိုက်ကြည့်နေသည့် ယောင်ကျွင်းလေးကို ကြည့်ပြီး လီဟန်ယီက ပြုံးလျက် ဆို၏။

"ဟန်ယီ...ယောင်ကျွင်းက နင့်ကို အရမ်းသဘောကျပုံရတယ်" ယောင်ကျွင်းလေး၏ အကြည့်က လီဟန်ယီထံတွင်သာ ရှိနေသည်ကို သတိပြုမိသဖြင့် ရွဲ့ယောင်က ပြုံးကာ ပြောလိုက်သည်။

"ဟုတ်ပါ့... ဘာလို့ ဒီကလေးလေးက ငါ့ကိုပဲ စိုက်ကြည့်နေရတာလဲ၊ ညီမဖုန်းကလည်း အလှဆုံးစာရင်းဝင်တစ်‌ယောက်ပဲမလား" လီဟန်ယီက ဝေခွဲမရဟန်ဖြင့် ဆို၏။

"ဖြစ်နိုင်တာက ဟန်ယီက ပိုပြီး ခင်မင်ဖို့ကောင်းလို့ နေမှာပေါ့" ဖုန်းချူးယွီက ခန့်မှန်းလိုက်သည်။

"ညီမဖုန်းကလည်း ခင်မင်ဖို့ကာင်းပါတယ်"ဟန်ယီက ပြန်လည် ချီးကျူးလိုက်၏။

"ဟာ... ယောင်ကျွင်းက နင်ကို သူ့ရဲ့ အနာဂတ် ယောက္ခမလို့ မှတ်နေတာများလား" ပိုင်လီတုန်းကျွင်းက ညဘက်ဆိုလျှင် ယောင်ကျွင်းလေးကို ယီယီ၏ ဆန်ပြုတ်နှင့်အတူ ထွက်ပြေးခိုင်းချင်ကြောင်း ပြောလေ့ရှိသည်ကို ရွဲ့ယောင် သတိရသွားသည်။ ဤကလေးက အမှန်တကယ်ပင် နားလည်နေခြင်းလား။

"အစ်မရွဲ့ယောင်... ဘာလို့ အဲဒီလို အထိမခံတဲ့ အကြောင်းအရာတွေကို ပြောရတာလဲ၊ ကလေးက ငယ်ငယ်လေး ရှိသေးတာ၊ အချစ်အကြောင်း ဘယ်သိပါ့မလဲ" လီဟန်ယီက ခေါင်းယမ်းလိုက်သည်။

"အဲဒါတော့ မပြောနိုင်ဘူးလေ၊ သခင်လေးလီက ဟန်ယီကို ငယ်ငယ်ကတည်းက ကြံစည်ခဲ့တဲ့ သာဓကရှိပြီး သားပဲလေ"ရွဲ့ယောင်က ပြုံးလျက် ဥပမာပေးလိုက်၏။

"အဲဒီ လူဆိုးကြီးအကြောင်း မပြောနဲ့တော့" လီဟန်ယီက တွေဝေခြင်းမရှိဘဲ အရင်ကအကြောင်းကို ဆက်မကြားချင်သကဲ့သို့ ချက်ချင်းတားဆီးလေ၏။

"လူဆိုးကြီးလား၊ အစ်မမှတ်မိသလောက်တော့ ဟန်ယီ ငယ်ငယ်တုန်းက သခင်လေးလီရဲ့ လည်ပင်းကို ဓားနဲ့ထောက်ပြီး သူ့ကို လက်ထပ်ခိုင်းခဲ့တာ မဟုတ်လား" ရွဲ့ယောင်က ပါးစပ်ကို ပိတ်ကာ ရယ်မောလေတော့သည်။

"အတိတ်က ကိစ္စတွေကို ထည့်မပြောနဲ့တော့၊ အဲဒါတွေကို ထည့်မတွက်ရဘူးလေ" လီဟန်ယီသည် သူမ ငယ်စဉ်က မထီမဲ့မြင် ပြုမူခဲ့သည်များကို သတိရကာ သူမ၏ လှပသော မျက်နှာလေးမှာ အလိုအလျောက် နီရဲသွားရသည်။

"ဘာလို့ မရေတွက်ရမှာလဲ၊ ဖြစ်နိုင်တာက သခင်လေးလီက ဟန်ယီရဲ့ အဲဒီလို မခန့်လေးစားနိုင်တဲ့ ပုံစံကို ကြိုက်နေတာ ဖြစ်မှာပေါ့" ဖုန်းချူးယွီလည်း သူမကို ကျယ်စလိုက်၏။သူမ၏ သမီးလေး ချန်းလျော့မှာ မိန်းကလေးဖြစ်နေသည်မှာ နှမြောစရာပင်။ မဟုတ်ပါက သူမလည်း ယောက္ခမ တော်စပ်ရန် ကြိုးစားမိမည်မှာ ဖြစ်၏။

"သူက ငါ့ရဲ့ အဲဒီလို ပုံစံကို ကြိုက်တယ်လား... သူ ပြောဖူးတာတော့ ရှိသားပဲ..." လီဟန်ယီသည် လီကျန့်ယီ၏ အတိတ်ကို ပြန်လည် အမှတ်ရလိုက်၏။ သူသည် သူမကို လုံးဝ မကြောက်ဘဲ စနောက်နေခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က သူမမှာ အဆင့်ကိုးဆင့်တွင်သာ ရှိသေးသော်လည်း လီကျန့်ယီမှာမူ နတ်ဓားရှင်အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်ရာ သူမ၏ တိုက်ခိုက်မှုများကို သူကာကွယ်ဖို့ ခက်ခဲမည်မဟုတ်ပေ။သို့ပေမဲ့ သူမက အထက်စီးဆန် ဆန်ပြုမူတိုင်း လီကျန့်ယီမှာ သူမကို အမြဲ အလျှော့ပေးတတ်၏။

"ဟုတ်တယ်မလား... ဒါကြောင့် အရာရာက ဖြစ်နိုင်ပါတယ် ဟန်ယီရယ်" ရွဲ့ယောင်နှင့် ဖုန်းချူးယွီတို့က တစ်ပြိုင်နက်တည်း ဆိုကြ၏။

"သူက တကယ့်ကို ဆိုးတာပဲ" လီဟန်ယီက သူမ၏ နှုတ်ခမ်းနီလေးကို စူလိုက်သည်။

"ဟီးဟီး.." ဖုန်းချူးယွီနှင့် ရွဲ့ယောင်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ရယ်မောလိုက်ကြ၏။

"ကျွန်မတို့က ယောင်ကျွင်းကိုပဲ ကျီစယ်နေကြ မဟုတ်ဘူးလား၊ ဘယ်လိုလုပ်ပြီး ကျွန်မအကြောင်းရောက်သွားတာလဲ " လီဟန်ယီက ရှက်ကိုးရှက်ကန်းနှင့် ဆို၏။

"မတတ်နိုင်ဘူးလေ၊ ဟန်ယီရဲ့ အချစ်ဇာတ်လမ်းက ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းနေတာကိုး "

ငယ်စဉ်ကတည်းက ကြံစည်ခံခဲ့ရသည့် အချစ်မျိုး ဖြစ်သဖြင့် ရွဲ့ယောင်နှင့် ဖုန်းချူးယွီတို့ပင်လျှင် အားကျနေကြရသည်။ စစ်ကုန်းချန်ဖုန်းကဲ့သို့ သူမဘက်က စတင်ခဲ့ရသည်နှင့် မတူပေ။ ပိုင်လီတုန်းကျွင်းကဲ့သို့ အရွယ်‌ရောက်မှ ချစ်ကြိုက်တတ်သည် နှင့်လည်း မတူဘဲ လီကျန့်ယီ ကဲ့သို့ ကောက်ကျစ်ပြီး ကြံစည်တတ်သော ခင်းပွန်းမှာ အနည်းငယ် ထူးခြားသည့် ဇာတ်လမ်းဖြစ်ပေါ်စေသည်။

" ညီမဖုန်း တော်ပါတော့၊ ဆက်ပြောနေရင် ကျွန်မက ယီယီဆီ သွားရှာတော့မှာနော်" လီဟန်ယီမှာ ကျီစယ်ခံရသည်ကို ဆက်လက် မတောင့်ခံနိုင်တော့ပေ။

"ယီယီကို သွားပြီး တိုင်မလို့လား" ရွဲ့ယောင်နှင့် ဖုန်းချူးယွီတို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

"ဟင့်အင်း... မဟုတ်ပါဘူး၊ ကျိုးကျိုးနဲ့ ချန်းလျော့ကို သွားကြည့်မလို့ပါ၊ အစ်မတို့ပဲ စကားပြောနေကြတော့နော် " ရှက်ကိုးရှက်ကန်းနှင့် လီဟန်ယီသည် အကြောင်းပြချက်ပေးကာ လီ‌နေအိမ်မှ ထွက်လာခဲ့၏။

သို့သော် ထိုအချိန်မှာပင် ကျိုးကျိုးနှင့် ချန်းလျော့တို့မှာ လီနေအိမ်သို့ ပြန်ရောက်လာကြသည်။ လီဟန်ယီ အပြင်ထွက်တော့မည်ကို မြင်သောအခါ ကလေးမလေးနှစ်ယောက်က "အမေ... ဘယ်သွားမလို့လဲဟင်" ဟု မေးလိုက်ကြ၏။

လီဟန်ယီ "..."

"အမေ... သမီး ပြန်လာပြီ"

ဘာလို့ အခုမှ ပြန်လာရတာလဲဟု လီဟန်ယီက စိတ်ထဲ သက်ပြင်းချလိုက်သော်လည်း ပြုံးလျက်ပင် "အမေက ချန်းလျော့နဲ့ ကျိုးကျိုးကို သွားရှာမလို့လေ" ဟု ဆိုလိုက်တော့သည်။

All Chapters