← Chapters

အခန်း (၂၁၇-၂၁၈)

Vol. 22 Ch. 217-218

အခန်း (၂၁၇-၂၁၈)

Vol. 22 Ch. 217-218

အခန်း၂၁၇ ငါတစ်ယောက်တည်းပဲ ဘာမှမသိတာလား

"မေမေ... ကျိုးကျိုးက အရမ်းလိမ္မာတဲ့ ကလေးမလေးပါနော်၊ မေမေ လာရှာစရာတောင် မလိုဘူး၊ အစ်မချန်းလျော့နဲ့ ကျိုးကျိုးတို့ ကိုယ်ဘာသာပဲ ပြန်လာတာ" ကျိုးကျိုးလေးက ချိုသာစွာ ပြောလိုက်၏။

"ဖက်တီးဖက်တီး"

လုံးလုံးကစ်ကစ် ပင်လယ်ပြာနဂါးလေးကလည်း ကျိုးကျိုးပြောသည်မှာ မှန်ကန်ကြောင်း သက်သေပြသည့်နှယ် နှစ်ကြိမ်ခန့် အော်ဟစ်လေသည်။

"ပြန်လာတာ ကောင်းတာပေါ့"

လီဟန်ယီသည် ကျိုးကျိုးကို ပွေ့ချီကာ ဆံပင်လေးများကို သပ်ရပ်အောင် လုပ်ပေးလိုက်၏။ ထို့နောက် ပြုံးရွှင်စွာဖြင့် ရွဲ့ယောင်၊ ဖုန်းချူးယွီတို့နှင့်အတူ ပြန်ထိုင်လိုက်ပြီး ‌မေးလိုက်၏။

"ကျိုးကျိုးနဲ့ အစ်မချန်းလျော့တို့က မျှော်စင်ကို သွားပြီး စိန်ခေါ်ကြတယ်ဆိုတော့ ဘယ်နှစ်ထပ်အထိ ရောက်ခဲ့လဲဟင်"

"ဆယ့်လေးထပ်ပါ" ကျိုးကျိုးလေးက သဘောတကျ ရယ်မောရင်း အော်ပြောလိုက်၏။

"ဆယ့်လေးထပ်လား၊ ကျိုးကျိုးက တကယ်ကို တော်တာပဲ၊ သမီးရဲ့ အဖေက ဒီလောက်တော်တဲ့ သမီးမျိုး မွေးထားတာဆိုတော့ နောင်ကျရင် ဘယ်သူကများ သမီးကို လက်ထပ်ရဲတော့ပါ့မလဲ" လီဟန်ယီသည် သမီးဖြစ်သူအတွက် ဝမ်းသာသော်လည်း အနာဂတ်သမက်လောင်းအတွက်မူ မျှော်လင့်ချက် ကင်းမဲ့နေသလို ခံစားရပေသည်။

အသက်တစ်နှစ်အရွယ်မှာတင် ကျင့်ကြံခြင်းမျှော်စင်၏ ဆယ့်လေးထပ်အထိ ရောက်နိုင်တဲ့ အမျိုးသမီးကို ဘယ်လိုယောက်ျားမျိုးက အနိုင်ယူနိုင်မည်နည်။

"ဒါဆိုရင်တော့ မင်းရဲ့ မျှော်မှန်းချက်တွေကို နည်းနည်းလျှော့ထားလိုက်ပေါ့" ရွဲ့ယောင်က ပြုံးလျက် အကြံပြု၏။

"အင်း... အဲဒါကတော့ မတတ်နိုင်ဘူးလေ။ ဒါပေမဲ့ အချိန်တွေ အများကြီး လိုပါသေးတယ်၊ နောက်မှပဲ အေးအေးဆေးဆေး ပြောကြတာပေါ့" လီဟန်ယီက ထိုအကြောင်းအရာကို လက်စသတ်လိုက်သည်။

"ဒါနဲ့ ချန်းလျော့... ကျိုးကျိုး၊ သမီးတို့ အဖေကို တွေ့ခဲ့လား" လီဟန်ယီသည် လီကျန့်ယီကို သွားရှာချင်နေ၏။ အဘယ်ကြောင့်ဆိုသော် ရွဲ့ယောင်နှင့် ဖုန်းချူးယွီတို့က သူမကို ဝိုင်း၍ ကျီစယ်နေသဖြင့် အနည်းငယ် အနေရခက်နေသောကြောင့် ဖြစ်သည်။

ထို့ကြောင့် သူမဘက်ကနေ ကူညီပြီး တိုက်စစ်ဆင်ပေးမည့် အဖော်တစ်ယောက်ရှိလျှင် ကောင်းမည်ဟု တွေးတောမိပေသည်။

"အဖေ... အဖေက ဦးလေးပိုင်လီရဲ့ တုန်းကွေ့ အရက်ဆိုင်မှာ အရက်သောက်နေတယ်လေ" ပြန်လာစဉ်က လီကျန့်ယီ၊ ပိုင်လီတုန်းကျွင်းတို့နှင့် တွေ့ခဲ့သည်ကို ကျိုးကျိုးလေးက မှတ်မိနေခြင်း ဖြစ်သည်။

ထို့အပြင် လီကျန့်ယီက သူမကို အနားလာရန် ခေါ်ခဲ့သော်လည်း လီဟန်ယီ စိုးရိမ်နေမည်ကို စိုးသဖြင့် ချန်းလျော့နှင့်အတူ အိမ်သို့ တန်းပြန်လာခဲ့ခြင်း ဖြစ်၏။

"အရက်သောက်နေတာလား၊ ဒါဆို လာ... ငါတို့ သွားကြည့်ရအောင်၊ သမီးတို့အဖေက မူးနေပြီလားလို့" လီဟန်ယီသည် လီကျန့်ယီ မူးနေသည့်ပုံစံကို မြင်ချင်နေ၏။ ထိုသို့ဆိုလျှင် သူ့ကို သူမ စိတ်ကြိုက် ခိုင်းစေနိုင်မည့် အခွင့်အရေးရနိုင်သည်။ထိုသို့ တွေးမိသည်နှင့် လီဟန်ယီမှာ ရုတ်တရက် စိတ်အားထက်သန်သွားကာ ချက်ချင်းပင် တုန်းကွေ့အရက်ဆိုင်သို့ ဦးတည်တော့၏။

.....

လီဟန်ယီသည် ကျိုးကျိုးကို ချီကာ တုန်းကွေ့အရက်ဆိုင်သို့ ရောက်ရှိလာ၏။ ထိုနေရာတွင် ပိုင်လီတုန်းကျွင်းနှင့် စစ်ကုန်းချန်ဖုန်းတို့သာမက အပြင်အိတ်ကပ် ပါသည့် အပေါ်အင်္ကျီကို ဝတ်ဆင်ထားသော လျှို့ဝှက်ဆန်းကြယ်သူ တစ်ဦးကိုပါ တွေ့လိုက်ရသည်။

ထိုလျှို့ဝှက်သူကို မြင်သည်နှင့် လီဟန်ယီသည် သူမ၏ ယီယီကို လမ်းမှားအောင် ပို့ဆောင်နေသည့် အသုံးမကျသော ပညာရှိ ရှဲ့ရွမ်ကို ချက်ချင်း သတိရသွား၏။

"နင့်လို စာပေသမား အစုတ်အပြတ်က... ငါ့ယီယီနဲ့ ဝေးဝေးမှာနေစမ်း၊ ငါ့ယီယီကို လမ်းမှားအောင် မလုပ်နဲ့" လီဟန်ယီက မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။

ရှဲ့ရွမ်၏ ပုံစံကို အတုယူက ရုပ်ဖျက်ထား‌သောရဲဒင်းကျီ "...."

စာပေသမားအစုတ်အပြတ်လား၊ ငါက တစ်ခါတလေ စာဖတ်တတ်ပေမဲ့ စာပေသမား ပုံစံမျိုးနဲ့တော့ မတူပါဘူးနော်။

"အဟွတ်... အဟွတ်"

ရဲဒင်းကျီ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် လီကျန့်ယီက သတိပေးသည့်အနေဖြင့် အပြင်းအထန် ချောင်းဆိုးပြလိုက်၏။ ထိုအခါမှသာ ရဲဒင်းကျီသည် သူသည် လက်ရှိတွင် လျှို့ဝှက်စာရေးဆရာ ရှောင်ရွမ်အဖြစ် ဟန်ဆောင်နေရသည်ကို သတိရသွားတော့သည်။

သေမင်းမြစ်မှ လူများအပြင် လီကျန့်ယီနှင့် ပိုင်လီတုန်းကျွင်းတို့သာ သူ အသက်ရှင်နေသေးသည်ကို သိရှိကြခြင်း ဖြစ်၏။စစ်ကုန်းချန်ဖုန်းပင်လျှင် သူ့ရှေ့ကလူမှာ ရဲဒင်းကျီဖြစ်ကြောင်း မသိပေ။ ပိုင်လီတုန်းကျွင်းနှင့် လီကျန့်ယီတို့က ထိုသူကို "တံမြက်စည်းလှည်းသမား အစ်ကိုကြီး" ဟု ခေါ်သည်ကိုသာ သူ သိထားသည်။

ရဲဒင်းကျီ၏ ရွှေလမြို့တော်ရှိ အလုပ်မှာ တံမြက်စည်းလှည်းခြင်းပင် ဖြစ်၏။ သူသည်လည်း အသက်မွေးဝမ်းကျောင်း ပြုရမည်ဖြစ်သောကြောင့် ဖြစ်၏။ရုပ်ပြစာအုပ်များ ရေးဆွဲရန်အတွက်မူ သူသည် ရှဲ့ရွမ်ကဲ့သို့ ပါရမီမပါသဖြင့် လူ့လောကအတွင်းသို့ တံမြက်စည်းလှည်းရင်း ဝင်ရောက်ကာ အသက်မွေးရင်း ကျင့်ကြံနေခြင်း ဖြစ်သည်။

အားလပ်ချိန်များတွင်မူ သူသည် ဟန်ရှု့ကျောင်းတော်ရှိ ရဲအန်ရှီထံသို့ သွားရောက်လည်ပတ်လေ့ ရှိသည်။

"နင်လို ကြမ်းတမ်းတဲ့ မိန်းမတစ်ယောက်က ယောက်ျားတွေရဲ့ ကိစ္စမှာ ဝင်ပါဖို့ ဘာအခွင့်အရေး ရှိလို့လဲ" ရဲဒင်းကျီသည် ရှဲ့ရွမ်၏ ပုံစံကို တိုက်ရိုက်ယူကာ ပြန်လည် တုံ့ပြန်လိုက်၏။ထို့အပြင် သူသည် အချိန်မရွေး ထွက်ပြေးရန် အသင့်အနေအထားဖြင့် ကုလားထိုင်မှ ချက်ချင်း ထရပ်လိုက်သည်။

၎င်းကို မြင်သောအခါ လီဟန်ယီသည် ကျိုးကျိုးကို အောက်သို့ ချလိုက်၏။ သူမသည် ရဲဒင်းကျီ ဟန်ဆောင်ထားသော ရှဲ့ရွမ်နှင့် ယှဉ်ပြိုင်ချင်နေခြင်း ဖြစ်သည်။ သူတို့နှစ်ဦးလုံးမှာ အတုမဲ့ နတ်ဓားရှင်များ ဖြစ်ကြသဖြင့် တစ်ဦး၏ ဓားစွမ်းရည်ကို တစ်ဦးက စမ်းသပ်ချင်ကြသည်မှာ ဓမ္မတာပင်။ တစ်ချိန်တည်းမှာပင် ရှဲ့ရွမ်ကို သင်ခန်းစာပေးရာလည်း ရောက်သဖြင့် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင် ဖြစ်၏။

"မင်းလို စာပေသမားအစုတ်... သတ္တိရှိရင် ထွက်မပြေးနဲ့ " လီဟန်ယီသည် သူမ၏ ရေခဲမြစ်ဓားကို ဆွဲထုတ်ကာ တိုက်ခိုက်ရန် ပြင်လိုက်သည်။သို့သော် ရဲဒင်းကျီက သူမကို အခွင့်အရေး ပေးပါ့မလား သူသည် ပေါ့ပါးသည့် သိုင်းကွက်ကို အသုံးပြုကာ လီဟန်ယီ၏ အမြင်အာရုံထဲမှ လျင်မြန်စွာ ပျောက်ကွယ်သွားတော့၏။လီဟန်ယီ သတိပြန်ဝင်လာချိန်တွင် သူမမှာ လုံးဝ မှင်တက်သွားရသည်။

"တစ်ခုခုတော့ မှားနေပြီ... ပြီးခဲ့တဲ့တစ်‌ခေါက်က ငါတောင် အဲဒီစာပေသမားနောက်ကို မှီသေးတယ်၊ အခုတော့ မျက်စိတစ်မှိတ်အတွင်း ပျောက်သွားတာပဲ " လီဟန်ယီသည် ရှဲ့ရွမ်၏ အစွမ်းမှာ အလွန်လျင်မြန်စွာ တိုးတက်လာသည်ဟု ထင်နေမိသည်။

"ဟန်ယီ... ဖြစ်နိုင်တာက ရှောင်ရွမ်ရဲ့ အစွမ်းတွေ ထပ်တိုးလာတာ ဖြစ်မှာပေါ့" လီကျန့်ယီက အမြန်ဆုံး အနားတိုးကာ ပြောလိုက်၏။

"တိုးတက်လာတာလား၊ ငါလည်း ပိုပြီး ကျင့်ကြံဖို့ ကြိုးစားရမယ်" လီဟန်ယီသည် ရုပ်ပြစာအုပ်ထုတ်နေသည့် ထိုခေါင်းမာသော စာပေသမားကို မရှုံးချင်ပေ။ထိုသို့ပြောပြီးနောက် လီဟန်ယီသည် ဓားနှလုံးကျောက်ဆောင်သို့ သွားကာ ဓားသိုင်းလေ့ ကျင့်ချင်နေသည်။လီကျန့်ယီမှာ ခေတ္တမျှ တိတ်ဆိတ်သွား၏။နောက်ဆုံးတွင် သူသည် လီဟန်ယီအား စိတ်ချင်းဆက်သွယ်ကာ အမှန်အတိုင်း ပြောပြရန် ဆုံးဖြတ်လိုက်သည်။

"ဟန်ယီ... အဲဒီလူက ရဲဒင်းကျီလေ၊ ရှောင်ရွမ် မဟုတ်ဘူး" လီကျန့်ယီက အသံလှိုင်းဖြင့် ပို့လွှတ်လိုက်၏။

"ဟင်....." လီဟန်ယီသည် အံ့သြသွားဟန်ဖြင့် လီကျန့်ယီကို ကြည့်လိုက်သည်။

လီကျန့်ယီက လီဟန်ယီ၏ နှုတ်ခမ်းနီလေးကို အုပ်ကိုင်လိုက်ကာ "အိမ်ရောက်မှ အေးအေးဆေးဆေး ပြောပြမယ်" ဟု ဆိုလိုက်၏။

"အင်း" လီဟန်ယီက လိမ္မာစွာ ခေါင်းညိတ်ပြသည်။

ထို့နောက် သူတို့သည် လီဟန်ယီကို ခေါ်ဆောင်ကာ လီနေအိမ်ဆီသို့ ဦးတည်သွားကြတော့သည်။

စစ်ကုန်းချန်ဖုန်းမှာ မြင်ကွင်းကို ကြည့်ကာ မှင်တက်နေ၏။

"စီနီယာအစ်ကို... ဘာတွေ ဖြစ်နေတာလဲ၊ ယီယီနဲ့ ဒုတိယစီနီယာအစ်မတို့ သရုပ်ဆောင်နေကြသလိုပဲ"

"အင်း... ဟုတ်တယ်၊ တတိယဂျူနီယာညီလေး ပြောတာ မှန်တယ်" ပိုင်လီတုန်းကျွင်းက အရေးမပါသလိုသာ ခေါင်းညိတ်ပြလိုက်၏။

စစ်ကုန်းချန်ဖုန်း "..."

ပိုင်လီတုန်းကျွင်း၏ အမူအရာကို မြင်သောအခါ စစ်ကုန်းချန်ဖုန်းမှာ ဘာပြောရမှန်းမသိအောင် ဆွံ့အသွားရသည်။အဘယ်ကြောင့်ဆိုသော် ပိုင်လီတုန်းကျွင်းနှင့် လီကျန့်ယီတို့သည် သူ့ကို တစ်ခုခု ဖုံးကွယ်ထားသည်ဟု ခံစားရပြီး လီကျန့်ယီက လီဟန်ယီကို အိမ်သို့ ခေါ်သွားကာ ရှင်းပြနေတော့မည်ဖြစ်သောကြောင့် သူသာ ဘာမှမသိသည့် လူတစ်ယောက်ဖြစ်ရပေတော့မည်။

"စီနီယာအစ်ကို... ကျွန်တော်ကို အမှန်အတိုင်း ပြောတာ အကောင်းဆုံးပဲ၊ မဟုတ်ရင် နောင်ကျရင် အရက်ချက်ဖို့ ပိုက်ဆံကို... ဟမ်" စစ်ကုန်းချန်ဖုန်းက မျက်မှောင်ကြုတ်ကာ ခြိမ်းခြောက်လိုက်၏။ဘာမှမသိသည့် လူတစ်ယောက်တော့ သူအဖြစ်မခံနိုင်ပေ။

"မပြောပြလို့ မရတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီတုန်းကွေ့အရက်ဆိုင်က လူများပြီး ဆူညံလွန်းတယ်လေ။ ယီယီတို့ အိမ်ကိုပဲ အတူတူ သွားကြရအောင်" ပိုင်လီတုန်းကျွင်းသည် အရက်ချက်ရန် ပိုက်ဆံကိစ္စကို ကြားသောအခါ စစ်ကုန်းချန်ဖုန်းကို ဆွဲကာ လီနေအိမ်သို့ အမြန် လိုက်သွားလေတော့သည်။

သိပပ်ပင်မကြာလိုက်ပဲ သူတို့အားလုံး လီနေအိမ်သို့ ရောက်ရှိလာကြ၏။ဤနေရာတွင် ရွှေလမြို့တော်၏ အတွင်းပုဂ္ဂိုလ်များသာ ရှိသဖြင့် စကားပြောဆိုရာတွင် သတိထားနေရန် မလိုတော့ပေ။

"ယီယီ... စီနီယာအစ်ကို၊ အဲ့ဒီလူက သေသွားပြီလို့ အားလုံးထင်နေတဲ့ ရဲဒင်းကျီလား"

ရဲဒင်းကျီ အသက်ရှင်နေသေးသည်ကို သိလိုက်ရသောအခါ လီဟန်ယီမှာ အတော်ပင် ထိတ်လန့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သိုင်းလောကရှိ ကောလာဟလများအရ သူ သေဆုံးသွားပြီဟုသာ လူတိုင်းက ယူဆထားကြသောကြောင့် ဖြစ်၏။တကယ်တမ်းတွင်မူ ရဲဒင်းကျီမှာ မသေရုံသာမက ရွှေလမြို့တော်တွင်ပင် ဘေးကင်းစွာ နေထိုင်နေခြင်း ဖြစ်ပေသည်။

"ဟန်ယီ... ကိစ္စက ဒီလိုရှိတယ်..."

လီကျန့်ယီသည် မာရ်နတ်ဂိုဏ်း၏ အရှေ့ပိုင်း စစ်ချီစဉ်အတွင်း ရဲဒင်းကျီကို သွားရောက် ကယ်တင်ခဲ့ပုံနှင့် သေမင်းမြစ်နှင့် တွေ့ကြုံခဲ့ပုံတို့ကို ပြန်လည် ပြောပြလိုက်၏။အားလုံးကို နားထောင်ပြီးနောက် လီဟန်ယီမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။

"ယီယီ... မင်းရဲ့ အစွမ်းနဲ့ဆိုရင် သေမင်းမြစ်ရဲ့ ခံစားချက်ကို ဘာလို့ ဂရုစိုက်နေရမှာလဲ၊ သူတို့က ဧကရာဇ် မိန်တယ်ကို ဘယ်လို ရှင်းပြရမလဲဆိုတာက မင်းနဲ့ ဘာဆိုင်လို့လဲ"

"ငါနဲ့တော့ တကယ် မဆိုင်ပါဘူး၊ ဒါပေမဲ့ သေမင်းမြစ်က လူတွေက ငါ့ကို မျက်နှာသာ ပေးခဲ့ကြတာလေ ငါ ရောက်သွားတာနဲ့ သူတို့က ချက်ချင်းပဲ လက်လျှော့ပေးခဲ့ကြတ၊အဲ့ကြောင့် ငါလည်း သူတို့ကို မျက်သာပြန်ပေးတဲ့သဘောပါ"

"အဲဒါကြောင့် ရဲဒင်းကျီကို လူမသိအောင် နေခိုင်းဖို့ ငါ သဘောတူခဲ့တာပေါ့" လီကျန့်ယီက ရှင်းပြလိုက်သည်။

"သြော်... အဲဒီလိုကိုး" အကြောင်းစုံကို နားလည်သွားသောအခါ လီဟန်ယီမှာ အသာအယာ ခေါင်းညိတ်လိုက်လေတော့သည်။သူ၏ ခင်ပွန်းမှာ အလွန်သဘောထားကောင်းသည်ဟာ သူမယူဆလိုက်တော့သည်။

အခန်း ၂၁၈ ကျွန်တော် ရုပ်ပြစာအုပ်ကို တစ်ခါမှ မဖတ်ဖူးပါဘူး

"ဒါကြောင့်ကိုး၊ အစ်ကိုကြီးတို့က တံမြက်လှည်းနေတဲ့ ညီအစ်ကိုနဲ့ဘာလို့ပေါင်းသင်းနေရတာလဲကို အရင်က နားမလည်ခဲ့ဘူး"

"ကျွန်တော်ကတော့ တံမြက်လှည်းသမား အသစ်တစ်ယောက် ရောက်လာတယ်လို့ တကယ်ကြီး ထင်နေတာ..." ဟု စစ်ကုန်းချန်ဖုန်းက အခြေအနေအရပ်ရပ်ကို နားလည်သွားပြီးနောက် ရုတ်တရက် သဘောပေါက် သွားပါတော့သည်။

"တတိယ‌မောင်လေး၊ သူက ရှဲ့ရွမ် ဖြစ်မယ်လို့ ဘာလို့ မထင်တာလဲ" ဟု လီဟန်ယီက အံ့သြတကြီး မေးမြန်းလိုက်သည်။

"ဘာလို့လဲဆိုတော့ သူက ကျွန်တော့်ထက် အများကြီး ပိုသန်မာတယ်လို့ ခံစားရလို့ပါ၊ ကျွန်တော်က ရှဲ့ရွမ်နဲ့လည်း တွေ့ဖူးပါတယ်၊ သူနဲ့ ကျွန်တော်က အင်အားချင်း တူတူပဲလေ" စစ်ကုန်းချန်ဖုန်းသည် တံမြက်လှည်းနေသူအား သီးသန့်ကျင့်ကြံနေသည့် ပညာရှင်ကြီးတစ်ဦးဟု အမြဲထင်မှတ်ထားခဲ့သော်လည်း ထိုသူမှာ ရဲဒင်းကျီ ဖြစ်နေလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။

"အဲ့ဒီ ရုပ်ပြစာအုပ်ထုတ်တဲ့ ဆရာစုတ်က တတိယမောင်လေးနဲ့ ယှဉ်နိုင်တယ်ပေါ့လေ၊ ကြည့်ရတာ သူက တကယ်ပဲ သန်မာတာပဲ" လီဟန်ယီသည် စိတ်ဝင်စားသွားပါတော့သည်။ သူမသည် လီကျန့်ယီနှင့် အခြားသူများထံတွင် ဓားပညာ သင်ယူနေခဲ့သော်လည်း အစ်ကိုကြီး၊ တတိယမောင်‌လေးနှင့် ယီယီတို့က သူမကို အလျှော့ပေးနေကြသည်ဟု ခံစားနေရသဖြင့် စိတ်ပျက်နေခဲ့သည်။ ထို့ကြောင့် ယခုအချိန်တွင် သူမသည် အစစ်အမှန် ယှဉ်ပြိုင်ပွဲတစ်ခုကို ပြုလုပ်ရန် အလွန်ပင် စိတ်အားထက်သန်နေပါတော့သည်။

"ဟန်ယီ၊ မင်းက ရှဲ့ရွမ်ကို သွားရိုက်မလို့တော့ မဟုတ်ပါဘူးနော်" လီဟန်ယီ၏ လှပသော မျက်ဝန်းများထဲမှ ထူးဆန်းသော အရိပ်အယောင်ကို မြင်လိုက်ရသဖြင့် လီကျန့်ယီက ခန့်မှန်းလိုက်မိသည်။

"ရိုက်မှာပေါ့...ဘာလို့ မရိုက်ရမှာလဲ၊ သူက ရှင့်ကို လမ်းမှားရောက်အောင် လုပ်တာလေ"

"နောက်ပြီး သူက ရုပ်ပြစာအုပ်တွေ ရောင်းနေတာကို ကျွန်မ သိပြီးပြီဆိုတော့ သူ့ကို လွယ်လွယ်နဲ့ အလွတ်မပေးနိုင်ဘူး" ဟု လီဟန်ယီက တည်ကြည်သော မျက်နှာထားဖြင့် ပြော၏။

"ပေါက်ကရတွေ၊ ကိုယ်က ရုပ်ပြစာအုပ်ကို တစ်ခါမှ မဖတ်ဖူးပါဘူး" ဟု လီကျန့်ယီက ချက်ချင်းပင် ပြန်လည် ငြင်းဆိုသည်။

"ဟွန်း....ရှင့်မှာ လှည့်ကွက်တွေ အများကြီး ရှိနေ‌‌တာလေ၊

အရင်တုန်းက ရှင်က အရမ်း ရိုးသားခဲ့တာပါ" လီဟန်ယီက မျက်မှောင်ကြုတ်လိုက်သည်။သူမသည် လီကျန်ယီက ဤကဲ့သို့ လှည့်ကွက်များလာခြင်းသည့် ထိုရုပ်ပြစာအုပ်ကြောင့် ဟုသာ သတ်မှတ်ထားသည်။

လီကျန့်ယီမှာ ပြောစရာ စကားမဲ့သွားရပါသည်။

"ဒါဆို ဟန်ယီက ရုပ်ပြစာအုပ်ထဲက အကြောင်းအရာတွေကို ဖတ်ဖူးတယ်ပေါ့" ဟု လီကျန့်ယီက လီဟန်ယီ၏ သိက္ခာကို ငဲ့ညှာသောအားဖြင့် စိတ်ချင်းဆက်သွယ်ကာ မေးလိုက်သည်။ချက်ချင်းဆိုသလိုပင် လီဟန်ယီ၏ လှပသော မျက်နှာထက်တွင် ရှက်သွေးဖြာသွားပါတော့သည်။ သူမသည် နီမြန်းနေသော နှုတ်ခမ်းလွှာကို ကိုက်လိုက်ပြီး ခေါင်းကို အပြင်းအထန် ခါယမ်းကာ "ကျွန်မ အဲ့ဒီလို စာအုပ်မျိုးတွေကို မဖတ်ဘူး" ဟု ပြောလိုက်သည်။

"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ဟန်ယီကို မဖတ်ဘူးပေါ့လေ" လီကျန့်ယီက နောက်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။

"အား... ရှင့်က ကျွန်မကို စရဲတယ်ပေါ့၊ ရှင်ကို ရိုက်ပစ်ရမယ်"

လီကျန့်ယီ၏ ပြောင်ချော်ချော် အပြုအမူကို လီဟန်ယီ မခံစားနိုင်တော့သောကြောင့် သူမသည် ကျိုးကျိုးကို အောက်သို့ ချထားလိုက်ပြီးနောက် လီကျန့်ယီနောက်သို့ လိုက်ကာ ရိုက်နှက်ရန် ပြင်ပါတော့သည်။

သို့သော်လည်း လီကျန့်ယီသည် ကျိုးကျိုးနှင့် လီဟန်ယီကို ပတ်၍ ချက်ချင်းပင် ပြေးပါတော့သည်။အလယ်တွင် ထိုင်နေသော ကျိုးကျိုးလေးသည် မျက်နှာတွင် အပြုံးလေးများဖြင့် ပျော်ရွှင်စွာ မေးလိုက်သည်။

"ဖေဖေ၊ မေမေ၊ ကစားနည်းအသစ် ကစားနေတာလား၊ ကြည့်ရတာ အရမ်းပျော်ဖို့ကောင်းတာပဲ ကျိုးကျိုးလည်း ကစားချင်တယ်"

"ဒါဆို ကျိုးကျိုးလေး အမေကို လာကူပါအုန်း ၊သမီးရဲ့ အဖေကို အတူတူဖမ်းရအောင် " ဟု လီဟန်ယီက သမီးဖြစ်သူကို အလျင်အမြန် ပင် စစ်ကူခေါ်လေသည်။

"ဟုတ်ကဲ့ မေမေ၊ ဖေဖေကို အတူတူ ဖမ်းကြမယ်" ကြားနေအဖွဲ့အစည်းဖြစ်သော ကျိုးကျိုးလေးသည် ချက်ချင်းပင် ဘက်ပြောင်းသွားပါတော့သည်။ရလဒ်အနေဖြင့် လီကျန့်ယီမှာ မတရားနည်းကို အသုံးပြုရန်မှတစ်ပါး အခြားမရှိတော့ပေ။သူ၏ နတ်ဘုရားအဆင့် ကျင့်ကြံခြင်းကို အနည်းငယ် အသုံးချလိုက်ရုံဖြင့် လီဟန်ယီနှင့် သမီးဖြစ်သူတို့သည် လေထဲတွင် လှုပ်မရဘဲ မြောက်တက်သွားကြပါတော့သည်။

"သားအမိနှစ်ယောက် ပူးပေါင်းနေတာလား၊ ဒါဆိုရင်တော့ အဖေက အစွမ်းကုန် ထုတ်သုံးရတော့မှာပေါ့"

လေထဲတွင် ပျံဝဲနေသကဲ့ သို့ ဖြစ်နေသော လီဟန်ယီနှင့် သမီးဖြစ်သူကို ကြည့်ကာ လီကျန့်ယီက ဂုဏ်ယူစွာ ပြောလိုက်သည်။

"ကျိုးကျိုး၊ မြင်လား...သမီးရဲ့ ဖေဖေက အရမ်း ယုတ်မာတာ သမီးကြီးလာရင် သူကို ပြန်ရိုက်ရမယ်နော်၊သမီးရဲ့ ဖေဖေက မေမေကို အနိုင်ကျင့်ခိုင်းလို့ မဖြစ်ဘူးနော် "လေထဲတွင် မြောက်နေသော လီဟန်ယီသည် သူမ၏ ခင်ပွန်းကို ဖမ်း၍မရမှန်း သိသွားသောအခါ သမီးဖြစ်သူကိုသာ မြှောက်ပင့်ပေးကာ သွေးထိုးစကားပြောလေတော့သည်။

ထိုစကားကို ကြားပြီးနောက် ကျိုးကျိုးလေးသည် ဆောင်းဦးရေပြင်ကဲ့သို့ ကြည်လင်သော မျက်ဝန်းလေးများကို မှိတ်တုတ်မှိတ်တုတ် လုပ်လိုက်ပြီးနောက် ကျားပေါက်လေးတစ်ကောင်ကဲ့သို ခက်ထန်သော ကလေးသံလေးဖြင့် ပြောလိုက်သည်။

"ဖေဖေ၊ ကျိုးကျိုး ကြီးလာရင် ဖေဖေကို ဖမ်းပြီး ကောင်းကင်မှာ ပြေးခိုင်းမယ်"

"ကျိုးကျိုးရယ်၊ သမီးက အမေရဲ့သမီး တစ်‌ယောက်ထဲမဟုတ်ဘူးလေ ၊ သမီးလည်း ဖေဖေရဲ့ သမီးလည်းပဲလေ ၊သမီးက မေမေနဲ့ ပေါင်းပြီး အဖေကို ဘယ်လိုလုပ် အနိုင်ကျင့်နိုင်ရတာလဲ" ဟု လီကျန့်ယီက ကျိုးကြောင်းပြ ပြောဆိုရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ကျိုးကျိုးလေး၏ အတွေးအခေါ်က အလွန်ပင် ရှင်းလင်းလှပါသည်။

"ဘာလို့လဲဆိုတော့ မေမေက ဖေဖေကို မနိုင်ဘူးလေ၊ တကယ်လို့ ဖေဖေက မေမေကို မနိုင်ဘူးဆိုရင် ကျိုးကျိုးက ဖေဖေဘက်က ကူညီမှာပေါ့"

"ကောင်းပြီ၊ ကောင်းပြီ၊ ဒါဆို အဓိကက အားနည်းတဲ့ဘက်က ကူညီပြီး နှစ်ဖက်စလုံးရဲ့ အင်အားကို ညီမျှအောင် လုပ်ပေးတာပေါ့ ဟုတ်လား" ကျိုးကျိုးလေးက ဧကရာဇ်များ အသုံးပြုသည့် အင်အားထိန်းညှိမှု ကစားနည်းကို ကစားနေသည်ကို မြင်လိုက်ရသဖြင့် လီကျန့်ယီမှာ အနည်းငယ် အံ့အားသင့်သွားရပါသည်။

"ဒါပေါ့" ဟုကျိုးကျိုးက ပြုံးပြီး ခေါင်းညိတ်သည်။

"ဒီသမီးလေးကတော့ တကယ်ကို ချစ်စရာကောင်းတာပဲ"

လီကျန့်ယီသည် လေထဲတွင် ဝဲနေသော ကျိုးကျိုးလေးကို သူ၏ အနားသို့ ဆွဲခေါ်လိုက်ပြီးနောက် ထိုကလေးမလေးကို ရင်ခွင်ထဲပိုက်ကာ ပါးပြင်လေးကို နှစ်ကြိမ်မျှ နမ်းလိုက်သည်။

"ငါ့သမီးလေးက တကယ့်ကို အံ့သြဖို့ကောင်းတာပဲ" လီကျန့်ယီသည် ကလေးမလေးကို ကြည့်လေလေ ပို၍ ချစ်လေလေ ဖြစ်နေသည်။

"ဖေဖေကလည်း အံ့သြဖို့ကောင်းပါတယ်" ကျိုးကျိုးလေးက လီကျန့်ယီကို အထင်ကြီးလေးစားသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

"ကဲပါ... ရှင်တို့သားအဖ စကားပဲဆက်ပြောနေတော့မလား ၊ ကျွန်မကို အရင် အောက်ချပေးလို့ ရမလား" လေထဲတွင် ဝဲနေသော လီဟန်ယီက လီကျန့်ယီကို မျက်စောင်းထိုးလိုက်သည်။

"မင်းက ချခိုင်းတိုင်း ကိုယ်က ချပေးရမှာလား၊ အဲ့ဒါဆို ကိုယ်ရဲ့မျက်နှာကို ဘယ်နား သွားထားရမလဲ" လီကျန့်ယီသည် ကျိုးကျိုးကို ပွေ့ချီကာ ထွက်သွားရန် ပြင်လိုက်သည်။

ထိုအခြင်းအရာကို မြင်သော် လီဟန်ယီမှာ လေထဲတွင် ရှိနေဆဲ ဖြစ်သဖြင့် ဒေါသတကြီးဖြင့် လေကိုသာ ထိုးကြိတ်နေ ပါတော့သည်။

"ယီယီ၊ ရှင့်ကို သတိပေးလိုက်မယ်၊ အလိုက်သိတာ ကောင်းလိမ့်မယ်၊ မဟုတ်ရင် ကျွန်မ အောက်ရောက်တာနဲ့ ရှင် နောင်တရစေရမယ်၊ ကျွန်မက ဖိုးဖိုးကို သွားတိုင်မယ်၊ မေမေကိုလည်း သွားတိုင်မယ် ရှင် ကျွန်မကို အနိုင်ကျင့်တယ်လို့ တိုင်ပြောမှာ..."

လီဟန်ယီ စကားမဆုံးခင်မှာပင် လီကျန့်ယီက သူမကို အောက်သို့ ပြန်ချပေးလိုက်ပြီးနောက် လက်တစ်ဖက်ဖြင့် သူမကို ဖက်ကာ အခြားတစ်ဖက်ဖြင့် ကျိုးကျိုးကို ချီလိုက်ရင်း ရယ်မောကာ ပြောလိုက်သည်။

"မတိုင်ပါနဲ့၊ ကိုယ်က ဟန်ယီကို ချီပြီး ဈေးအတူတူ သွားဝယ်ကြမယ်လေ"

"လွှတ်ပါ၊ ဘာလို့ လူကို လာဖက်နေတာလဲ ကျွန်မက အရွယ်ရောက်ပြီးသား မိန်းမတစ်ယောက်လေ ရှင် မရှက်တတ်ဘူးလား" လီကျန့်ယီ၏ လက်မောင်းကို တင်းကြပ်စွာ ဖက်ထားရင်း လီဟန်ယီသည် သူမ၏ ရင်ဘတ်တွင် ဖိသိပ်ထားသည့် ခံစားချက်ကို ခံစားလိုက်ရသည်။

"မလွှတ်ဘူး" လီကျန့်ယီက လီဟန်ယီကို ဂုဏ်ယူစွာ ဖက်ထားရင်း သူမ၏ နွေးထွေးမှုကို ခံစားနေသည်။

"ရှင် တကယ် မလွှတ်ဘူးလား"

လီဟန်ယီသည် လက်တစ်ဖက်ဖြင့် လီကျန့်ယီ၏ လည်ပင်းကို ဖက်ထားပြီး အခြားလက်တစ်ဖက်ဖြင့် သူ၏ ခါးကို လှမ်းကိုင်လိုက်သည်။ တကယ်လို့ သူသာ မလွှတ်ဘူးဆိုလျှင် လီဟန်ယီသည် လီကျန့်ယီကို အော်ဟစ်သွားအောင် လုပ်တော့မည် ဖြစ်သည်။

လီကျန့်ယီမှာ သူ၏ ခါးလေးမှာ အန္တရာယ်ရှိနေပြီဟု ခံစားလိုက်ရသည်။သူသည် လီဟန်ယီကို အမြန်လွှတ်ပေးလိုက်ပြီး သမီးဖြစ်သူကို တင်းကြပ်စွာ ပွေ့ဖက်ကာ ပြောလိုက်သည်။

"ကျိုးကျိုး၊ သမီးမေမေကို ကြည့်ဦး၊ ဖေဖေက သူ့ကို ဖက်ထားတာကိုတောင် ဖေဖေ့ခါးကို လာဆိတ်နေသေးတယ်၊ ဒါက တကယ်ကို လွန်လွန်းတယ်"

"ငါ့ရဲ့ ကျိုးကျိုးလေးကတော့ တကယ့်ကို လိမ္မာတာပဲ"

ပြောရင်းနှင့် လီကျန့်ယီက ကျိုးကျိုး၏ မျက်နှာလေးကို နှစ်ချက်ဆက်တိုက် နမ်းလိုက်ပြန်သည်။

"အင်း.. မေမေက ကောင်းချီးကို အလဟဿ ဖြုန်းတီးနေတာပဲ" ဟုကျိုးကျိုးလေးက ချိုသာစွာ ပြောလိုက်သည်။ဖေဖေ၏ နမ်ခြင်းနှင့် ဖက်ထားခံရခြင်းသည် အလွန်နွေးထွေးကာ အလွန်ပျော်စရာကောင်းသည် သူမ ယူဆထားသည်။

"ကျိုးကျိုးလေးရာ... ဘယ်သူက ကံကောင်းမှု့ကို ဖြုန်းတီးတာလဲ ၊ သမီးဖေဖေနဲ့ သွားကစားချေ၊ မေမေကတော့ သမီးတို့ သားအဖရဲ့ အဝတ်အစားတွေ သွားလျှော်ပေးဦးမယ်" လီဟန်ယီက လှည့်ထွက်သွားပြီး လီအိမ်တော်ထဲသို့ ပြန်ဝင်သွားပါတော့သည်။

လီကျန့်ယီကတော့ ကျိုးကျိုးကို ခေါ်ကာ ဈေးဝယ်ထွက်သွားလေသည်။

ထိုအတောအတွင်း လီအိမ်တော်ရှိ စစ်ကုန်းချန်ဖုန်းနှင့် အခြားသူများသည် လီဟန်ယီ ပြန်လာသည်ကို မြင်သောအခါ လျှာလေးသပ်လျက် ပြောလိုက်ကြသည်။

"ဒုတိယအစ်မ (ဒုတိယညီမ) ရေ... မင်းနဲ့ ယီယီကတော့ တကယ်ကို လိုက်ဖက်တာပဲ"

"ဟွန်း...အစ်ကိုတို့နဲ့ ဘာဆိုင်လဲ သတိထားကြ ဦး၊အစ်မ ရွဲ့ယောင်နဲ့ ညီမ‌လေးဖုန်းကို သွားတိုင်လိုက်မယ်နော်" လီဟန်ယီက မျက်စောင်းထိုးကာ သူတို့ကို ဂရုမစိုက်တော့ဘဲ အဝတ်လျှော်ရန် ထွက်သွားပါတော့သည်။

"ကြောက်စရာကြီး၊ ဒုတိယအစ်မက တကယ်ကို အကျင့်ဆိုးကြီး ပါလာတာလား၊ သူမက ငါတို့ မျိုးဆက်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်..."

ပိုင်လီတုန်းကျွင်းနှင့် စစ်ကုန်းချန်ဖုန်းတို့ စကားမဆုံးခင်မှာပင် လီဟန်ယီက ဘေးချင်းကပ် အိမ်တော်နှစ်ခုဆီသို့ တိုက်ရိုက် လှမ်းအော်လိုက်သည်။

"ညီမဖုန်း၊ အစ်မရွဲ့ယောင်..."

"သွားပြီ"

"ဒုတိယအစ်မ၊ ကျေးဇူးပြုပြီး မအော်ပါနဲ့တော့"

"ဒုတိယညီမ၊ မအော်ပါနဲ့တော့"

"ကျွန်တော်တို့ ပါးစပ်ပိတ်ထားပါ့မယ်"

ပြောပြောဆိုဆိုနှင့် ပိုင်လီတုန်းကျွင်းနှင့် စစ်ကုန်းချန်ဖုန်းတို့သည် လီအိမ်တော်ထဲမှ အမြန်ပြေးထွက်သွားကြပါတော့သည်။

All Chapters