← Chapters

အခန်း (၂၁၉-၂၂၀)

Vol. 22 Ch. 219-220

အခန်း (၂၁၉-၂၂၀)

Vol. 22 Ch. 219-220

အခန်း ၂၁၉ ကိုရင်လေး ဝူရှင်း

လမ်းမပေါ်တွင် လီကျန့်ယီသည် ကျိုးကျိုးကို ရင်ခွင်ထဲပိုက်ကာ လောကီလူသားတို့၏ လူနေမှု့ကို ခံစားနေပါတော့သည်။ လမ်းမပေါ်မှ ဈေးသည်များ၏ အော်ဟစ်သံများ၊ ဖြတ်သန်းသွားလာနေသော ရထားလုံးသံများနှင့် ကလေးငယ်များ၏ ဆော့ကစားသံများကို နားထောင်ရင်း သူသည် ထူးခြားသော နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။

တည်ငြိမ်သော စိတ်ထားသည် ငြိမ်သက်နေသော ရေပြင်ကဲ့သို့ပင် လောကကြီး၏ ဆူညံသံများကြား၌ပင် ကြည်လင်အေးချမ်းနေပေသည်။

"ဖေဖေ... ဖေဖေ၊ မေမေစားဖို့ ချန်းတုန်မြို့က သရက်ကိတ်မုန့်လေးတွေ ဝယ်သွားရအောင်လေ"

"မေမေက ငယ်ငယ်တုန်းကဆို ဖေဖေဝယ်ပေးလေ့ရှိတဲ့ သရက်ကိတ်မုန့်ကိုစားချင်တယ်လို့ ပြောနေတာ" ကျိုးကျိုးက လီကျန့်ယီ၏ ရင်ခွင်ထဲမှနေ၍ ရုတ်တရက် ပြောလိုက်သည်။

"မေမေက သရက်ကိတ်မုန့် စားချင်တာလား၊ ဒါဆို ကျိုးကျိုးလေးကရော ဘာစားချင်လဲ"လီကျန့်ယီက ကျိုးကျိုး၏ ချစ်စရာကောင်းသော ပါးဖောင်းဖောင်းလေးကို အသည်းယားစွာဆိတ်ပြီး မေး၏။

"သရက်ကိတ်မုန့်က အေးနေရင် အရမ်းစားလို့ကောင်းတာ" ကျိုးကျိုးလေးက သရက်မုန့်၏ အရသာကို ပြန်လည်တမ်းတရင်း အဖြေပေးသည်။

"ကောင်းပါပြီ၊ ဒါဆို ဖေဖေက ကျိုးကျိုးနဲ့ မေမေအတွက် သရက်ကိတ်မုန့်တွေ ဝယ်ပေးမယ်"

ထိုသို့ပြောပြီးနောက် လီကျန့်ယီသည် ကျိုးကျိုးကို ချီလျက် ထိုနေရာမှ ပျောက်ကွယ်သွားပါတော့သည်။ဆန်းကြယ်သော နယ်ပယ်တစ်ခုတွင် လှည့်လည်သွားလာခြင်းသည် ခဏတာအတွင်း ခရီးပေါက်နိုင်သည့် အစွမ်းရှိပေသည်။ ဆန်းကြယ်နတ်ခရီးအဆင့်ရှိသူများအတွက်မူ လူများကို ခေါ်ဆောင်၍ ခရီးသွားရန်မှာ အလွန်လွယ်ကူပေသည်။

.....

ခဏအတွင်းတွင် လီကျန့်ယီသည် ကျိုးကျိုးကို ချီလျက် ချန်တုန်း မြို့တွင် ပေါ်လာပါတော့သည်။ ချန်တုန်းမြို၏ လူကြိုက်အများဆုံး ကိတ်မုန့်ဆိုင်သို့ ရောက်သောအခါ လီကျန့်ယီသည် သမီးဖြစ်သူကို ချီကာ လူအုပ်ထဲသို့ တိုးဝင်သွားသည်။

"ဆိုင်ရှင်၊ သရက်ကိတ်မုန့် ဆယ်ဗူးပေးပါ" လီကျန့်ယီက အော်ပြောလိုက်သည်။

"ဟုတ်ကဲ့ခင်ဗျာ၊ ခဏလောက် စောင့်ပေးပါဦး" ဆိုင်ရှင်က လီကျန့်ယီ မှာယူသည်များကို အမြန်ထုပ်ပိုးပေးလိုက်သည်။ခဏအကြာတွင် လီကျန့်ယီသည် မုန့်ထုပ်လေးကို ကိုင်ကာ လူအုပ်ထဲမှ ထွက်လာခဲ့သည်။

"ရော့ သမီးလေး၊ မြည်းကြည့်ဦး။"

လီကျန့်ယီသည် မုန့်ဗူးကို ဖွင့်ကာ ရင်ခွင်ထဲမှ သမီးငယ်လေးကို ခွံ့ကျွေးလိုက်သည်။ ကိတ်မုန့်တစ်လုပ် စားပြီးနောက် ကလေးငယ်လေးသည် ပျော်ရွှင်စွာ ပြုံးလိုက်ပြီး "ဖေဖေလည်း စားဦးလေ" ဟု ပြန်ပြောသည်။

"ကောင်းပါပြီ"

မုန့်ကို အနည်းငယ် ကိုက်စားပြီးနောက် လီကျန့်ယီက ကျိုးကျိုး၏ ခေါင်းလေးကို ပွတ်သပ်ရင်း မေးလိုက်သည်။

"ကျိုးကျိုးလေး၊ အိမ်ပြန်ကြမလား ဒါမှမဟုတ် သွားကစားကြမလား"

"သမီး... သမီးမသိဘူး..." ကျိုးကျိုး၏ ဆောင်းဦးရေပြင်ကဲ့သို့ ကြည်လင်သော မျက်ဝန်းလေးများက ဘာလုပ်ရမှန်း မသိသကဲ့သို့ ဖြစ်နေသည်။

"မသိဘူးလား၊ ဒါဆို အိမ်ပြန်ကြမလား" လီကျန့်ယီက ချစ်စရာကောင်းသော ကျိုးကျိုးလေးကို ချစ်ခင်စွာကြည့်ကာ ပြုံးလိုက်သည်။

"ဟုတ်" ကျိုးကျိုးက လိမ္မာစွာပင် ခေါင်းညိတ်ပြသည်။

ထိုစဉ် ဝါးခမောက်နှင့် မိုးကာဝတ်ထားသော ရဲဒင်းကျီ ထွက်လာပြီး "တိုက်ဆိုင်လိုက်တာ အစ်ကိုလီ၊ သမီးလေးကို ချီပြီး ချန်တုန်း မြို့မှာမုန့် လာဝယ်တာလား " ဟု မေးလိုက်သည်။

"အစ်ကိုရဲ၊ ဘာကိစ္စနဲ့ ချန်တုန်းမြို့ကို ရောက်နေတာလဲ" လီကျန့်ယီသည် ရဲဒင်းကျီကို လီဟန်ယီက မကြာသေးမီကပင် ခြောက်လှန့် မောင်းထုတ်လိုက်သည်ကို မှတ်မိနေသည်။ သူက ချန်တုန်းမြို့သို့ ရှောင်လာခဲ့ပုံရသည်။

"ကျုပ်လည်း သားအတွက် မုန့်အချို့ ဝယ်ကျွေးမလို့ပါ" ဟု ရဲဒင်းကျီက ပြန်ဖြေသည်။

"ရဲအန်ရှီလား... သူ အခုဆို ခြောက်နှစ်လောက် ရှိပြီမလား၊ လဲ့ဝူကျဲနဲ့ အသက်တူတူပဲပေါ့" လီကျန့်ယီက ဟန်ရှု့ကျောင်းတော်ရှိ ကိုရင်လေးကို သတိရကာ ပြောလိုက်၏။

"ဟုတ်တယ် သူတို့က အသက်ချင်း အတူတူလောက်ပါပဲ" ရဲဒင်းကျီက ခေါင်းညိတ်သည်။

"ဒါနဲ့ သခင်လေးလီ၊ သမီးလေး ဘေးကင်းဖို့အတွက် ဟန်ရှု့ကျောင်းတော်မှာ ဆုတောင်းပေးချင်လား၊ တခြားကျောင်းတော်တွေကိုတော့ ကျွန်တော် သေချာမပြောနိုင်ပေမဲ့ ဟန်ရှု့ကျောင်းတော်ကတော့ တကယ်ကို ကောင်းတယ်လို့ ထင်မိတယ်"

ဟန်ရှု့ကျောင်းတော်မှ ဆရာတော်ဝမ်ရိမှာလည်း အလွန်ပင် လေးစားခြင်း ခံရသူ ဖြစ်သည်။ ရဲဒင်းကျီသည် ဟန်ရှု့ကျောင်းတော်သို့ သွားရန် စီစဉ်ထားသော်လည်း တစ်ယောက်တည်းသွားရမှာ ပျင်းသဖြင့် လီကျန့်ယီနှင့်အတူ သွားချင်နေခြင်း ဖြစ်သည်။

လီကျန့်ယီသည် သူ၏ ရင်ခွင်ထဲမှ သမီးငယ်လေးကို တိုက်ရိုက် ကြည့်လိုက်ပြီး "ကျိုးကျိုးလေး၊ ဖေဖေက သမီးကို အစ်ကို တစ်ယောက်နဲ့ သွားမိတ်ဆက်ပေးရမလား" ဟု မေးလိုက်သည်။

"အစ်ကိုလား" ကျိုးကျိုးသည် သူမ၏ နှုတ်ခမ်းလေးကို စူလိုက်ပြီး သရက်ကိတ်မုန့်ကို နှစ်လုပ်ခန့် စားကာ ပျော်ရွှင်စွာ ခေါင်းညိတ်ပြသည်။

"ဟုတ်ကဲ့"

"ကောင်းပြီ၊ ဒါဆို ဖေဖေက ကျိုးကျိုးလေးကို သူငယ်ချင်းအသစ်နဲ့ သွားတွေ့ပေးမယ်" လီကျန့်ယီသည် ကျိုးကျိုးကို တင်းကြပ်စွာ ပွေ့ဖက်လိုက်ပြီး ခဏတာအတွင်းမှာပင် ရဲဒင်းကျီကိုပါ ခေါ်ဆောင်ကာ ဟန်ရှု့ကျောင်းတော် အပြင်ဘက်သို့ ချက်ချင်း ရောက်ရှိသွားပါတော့သည်။

"အစ်ကိုလီရဲ့ နယ်ပယ်က တကယ်ကို နက်နဲလွန်းတာပဲ" မျက်စိတစ်မှိတ်အတွင်း ဟန်ရှု့ကျောင်းတော်သို့ ရောက်ရှိသွားသည်ကို မြင်သောအခါ ရဲဒင်းကျီက လီကျန့်ယီ၏ အစွမ်းကို အားကျစွာ ချီးကျူးလိုက်သည်။

သူ၏ ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့် ခရီးသွားနှုန်းနှင့်ဆိုလျှင် ချန်တုန်းမြို့မှ ဟန်ရှု့ကျောင်းတော်သို့ ရောက်ရန် တစ်နေ့ဝက်ခန့် ကြာလိမ့်မည် ဖြစ်သော်လည်း လီကျန့်ယီကမူ အသက်တစ်ရှိုက်စာအတွင်း ရောက်အောင် ပို့ဆောင်နိုင်ခဲ့သည်။နှစ်ယောက်သား၏ ကွာခြားချက်မှာ အလွန်များသည်။လီကျန့်ယီသည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုသန်မာလာမည်ဖြစ်ပြီး သူသည် အဝေးမှသာ ငေးကြည့်နိုင်တော့မည်ဟု ရဲဒင်းကျီ ခံစားလိုက်ရသည်။

"အစ်ကိုရဲကလည်း နောက်နေပြန်ပြီ ညီအစ်ကိုရဲလည်း ဆန်းကြယ်နတ်ခရီးအဆင့်ကို ရောက်သွားရင် ကျွန်တော်လို လုပ်နိုင်ဖို့ကမခက်ပါဘူး" လီကျန့်ယီက နှိမ့်ချစွာ ပြုံးရင်း ပြောလိုက်သည်။

"ဒါပေမဲ့ ညီအစ်ကိုလီလိုမျိူး တန်ခိုးရှင်ရောက်ဖို့အတွက် ခက်ခဲလွန်းပါတယ် ဒီလောကမှာ အဲ့အဆင့်ကိုရောက်တဲ့လူတောင် ညီအစ်ကိုလီပဲရှိတာလေ" ရဲဒင်းကျီသည် သူ နတ်ဆိုး၏ လွှမ်းမိုးခံရတုန်းက ဖြစ်ပွားခဲ့သော မြောက်ပိုင်းလီနှင့် တီယမ်ဝူတွမ်တို့အကြား ပြင်းထန်သော ထိပ်တိုက်တွေ့မှုကို မည်သူက တားဆီးပေးခဲ့ပြီး လူပေါင်းများစွာကို သွယ်ဝိုက်သောနည်းဖြင့် ကယ်တင်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေပါသည်။

"အစ်ကိုရဲကလည်း မြှောက်ပင့်နေပြန်ပြီ၊ ကျွန်တော်တို့ ရဲအန်ရှီကို သွားတွေ့ကြရအောင်" လီကျန့်ယီသည် ကျိုးကျိုးကို ချီလျက် ဟန်ရှု့ကျောင်းတော်အတွင်းသို့ ဦးဆောင် ဝင်သွားပါတော့သည်။

ပထမဆုံး ဆုံးလိုက်ရသည်မှာ ဝူရှင်းဟု အမည်ရသည့် ကိုရင်လေးတစ်ပါး ဖြစ်သည်။ ဝူရှင်း၏ စီနီယာ ဝူချန်းကမူ လက်ရှိတွင် ကျိူးလုံကျောင်းတော်၌ ဝဇီရာမာရ်နတ်နှိမ်နင်းခြင်း နတ်စွမ်းအားကို လေ့လာနေသည်။

"အလှူရှင်၊ အေးချမ်းဖို့ ဆုတောင်းမလို့လား ဒါမှမဟုတ် အမွှေးတိုင် ထွန်းမလို့လား" ကိုရင်လေးသည် ဟန်ရှု့ကျောင်းတော်သို့ လူရောက်လာသည်ကို မြင်သောအခါ လက်အုပ်ချီလျက် လီကျန့်ယီနှင့် ကျိုးကျိုးကို အကဲခတ်ရင်း ကြိုဆိုလိုက်၏။

"တပည့်တို့က အေးချမ်းဖို့လာတာလည်း မဟုတ်ဘူး၊ အမွှေးတိုင်ထွန်းဖို့လည်း မဟုတ်ဘူး၊ လူလာကြည့်တာ ကိုရင်လေး" လီကျန့်ယီက အနည်းငယ် ပြုံးရင်း ပြောလိုက်သည်။

"လူလာကြည့်တာလား၊ ဟန်ရှု့ကျောင်းတော်မှာ ကိုယ်တော်နဲ့ ကိုယ်တော်ရဲဆရာပဲ ရှိတာ၊ ဆရာကို လာတွေ့တာလား"

ကိုရင်လေးသည် တရားထိုင်နေသော ဆရာတော်ဝမ်ရိကို လှည့်ကြည့်လိုက်သည်။

ဆရာတော်ဝမ်ရိက ပြုံး၍ ခေါင်းခါပြကာ "ဒါကာလီက ငါ့ကို လာတွေ့တာ မဟုတ်လောက်ဘူး၊ တပည့်လေးကို လာတွေ့တာ ဖြစ်လိမ့်မယ်" ဟု မိန့်ကြားလိုက်သည်။

"ကိုယ်တော်ကို လာရှာတာလား၊ဒါကာလီနဲ့ ဒါကာမလေးလေး..." လီကျန့်ယီနှင့် လီချိုးယင်း တို့ကို မြင်သောအခါ ဝူရှင်းသည် သူတို့၏ ထက်မြက်ပြီး ဉာဏ်ကောင်းသော ပုံရိပ်များကို ကြည့်ကာ သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းမိပုံရသည်။

"မေးပါရစေ၊ သင်က အခု လောကမှာ နံပါတ်တစ်လို့ ပြောကြတဲ့ ဓားနှလုံးဂူဗိမာန်က သခင်လေးလီ လားခင်ဗျာ" ကိုရင်လေးက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"ဟုတ်တယ်" လီကျန့်ယီက ခေါင်းညိတ်ပြသည်။

"သခင်လေးလီ၊ အဲ့ဒီနေ့က ကျွန်တော်ရဲ့အဖေ ဘယ်လိုသေဆုံးသွားတယ်ဆိုတာ ပြောပြနိုင်မလား၊ ကျွန်တော့်ဖေဖေကို နောက်ဆုံးမြင်ခဲ့တဲ့သူက ခင်ဗျားနဲ့ ရွှေလမြို့တော်က ဦးလေးပိုင်လီတို့လို့ ကောလာဟလတွေ ကြားလို့ပါ" ကိုရင်လေးက လီကျန့်ယီကို မျှော်လင့်တကြီး ကြည့်လိုက်သည်။

"သိုင်းလောကက ကောလာဟလတွေအတိုင်းပါပဲ၊ အစ်ကိုရဲက အစ်ကိုပိုင်လီနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ သေမင်းမြစ်ကလူတွေက ချောင်းမြောင်းတိုက်ခိုက်ပြီး အသာစီးရသွားခဲ့တာပါ။ ဒါကြောင့်... အစ်ကိုရဲက သေမင်းမြစ်လက်ထဲမှာ သေဆုံးခဲ့ရတာပေါ့..." လီကျန့်ယီသည် ဝူရှင်းကို အမှန်အတိုင်း ပြောရန် ရည်ရွယ်ချက်မရှိပေ။ အကြောင်းမှာ သူ၏ ဖခင်ရင်းပင် စိုးရိမ်ခြင်း မရှိသဖြင့် သူက ဘာကြောင့် စိုးရိမ်နေရမည်နည်း။

ထို့အပြင် အချို့သောအရာများသည် အချိန်တန်လျှင် သိလာကြလိမ့်မည် ဖြစ်သဖြင့် သင့်တော်သော အချိန်ကို စောင့်ရန်သာ လိုအပ်သည်။ရဲဒင်းကျီသည် ဝူရှင်းအား သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ထားခြင်းမှာ မာရ်နတ်ဂိုဏ်း၏ အရှေ့ပိုင်းစစ်ဆင်ရေးကြောင့် မြောက်ပိုင်းလီအပေါ် သက်ရောက်မှုကို လျှော့ချရန်နှင့် ရဲအန်ရှီအား အမှန်တရားကို ရှင်းပြရန် သင့်တော်သော အခွင့်အရေးကို ရှာဖွေရန် ဖြစ်ပုံရသည်။

"သေမင်းမြစ်က လူတွေလား၊ အဲ့ဒါကို ကျွန်တော် မှတ်ထားလိုက်မယ်" ဝူရှင်းက မျက်မှောင်ကြုတ်လိုက်သည်။

ထိုစဉ် ဝါးခမောက်နှင့် မိုးကာဝတ်ထားသော ရဲဒင်းကျီသည် ကိုရင်လေး၏ အနားသို့ ရောက်လာပြီး သူ၏ ပြောင်နေသော ခေါင်းလေးကို အသာအယာ ခေါက်လိုက်ကာ "ဆရာတော်ဝမ်ရိရဲ့ စကားကို နားထောင်ပါ၊ အမုန်းတရားတွေကို လျှော့ပါ၊ မလိုအပ်တဲ့ အရာတွေကို အများကြီး မတွေးပါနဲ့" ဟု ပြောလိုက်သည်။

"မင်းရဲ့ ဦးလေးဒင်းက မုန့်တွေ ယူလာပေးတယ်"

ရဲဒင်းကျီက ပြောပြောဆိုဆိုနှင့် ချန်တုန်းမြို့မှ ဝယ်လာသော သရက်ကိတ်မုန့်ကို ဝူရှင်းအား ကမ်းပေးလိုက်သည်။

ဝူရှင်းသည် ရှေ့တွင်ရှိနေသော မိုးကာဝတ်ထားသည့် လျှို့ဝှက်ဆန်းကျယ်သော လူကြီးကို ဒေါသထွက်နေသော်လည်း ဘာမှ မပြောရဲပေ။သူ ဟန်ရှု့ကျောင်းတော်သို့ ဆရာတော်ဝမ်ရိထံ စတင်ရောက်ရှိစဉ်က သူသည် အလွန်ပင် ခေါင်းမာပြီး ဆရာတော်ကြီးကိုပင် မကြာခဏ အနိုင်ကျင့်တတ်သည်။

ထိုစဉ်က မိုးကာဝတ်ထားသော ထိုလူကြီး ရုတ်တရက် ပေါ်လာပြီး သူ့ကို ရိုက်နှက် ဆုံးမခဲ့သည်။ထို့ကြောင့် သူသည် ရှေ့မှ ထိုလူကြီး၏ ဆုံးမခြင်းကို ခံရမည်ကို စိတ်ဒဏ်ရာတစ်ခုသဖွယ် ကြောက်ရွံ့နေခြင်း ဖြစ်သည်။ထို့အပြင် တခြားသူများက သူ့ကို ဆုံးမရန် ကြိုးစားလျှင် ဆရာတော်ဝမ်ရိက ဝင်ရောက် တားဆီးပေးတတ်သော်လည်း မိမိကိုယ်ကိုယ် ဦးလေးဒင်းဟု ခေါ်ဆိုသော ဤလူကြီးနှင့်ဆိုလျှင်မူ ဆရာတော်ကြီးက ပြုံး၍သာ ကြည့်နေပြီး သူ့ကို ရိုက်နှက် ဆုံးမရန် လွှတ်ထားတတ်ပေသည်။

အခန်း ၂၂၀ မေတ္တာဖြင့် အနိုင်ယူခြင်း

"ဆရာတော်... ဦးလေးဒင်းက ကျွန်တော့်ကို ဆုံးမနေတာကို ဆရာတော်က ဘာလို့ မတားတာလဲ"

ခမောက်ဆောင်းထားသော လူကြီး ရုတ်တရက် ပြန်ပေါ်လာသည်ကို သတိထားမိသွားပြီးနောက် ဝူရှင်းသည် ဆရာတော်ဝမ်ရိကို ကြည့်ကာ မေးလိုက်သည်။

"ဘာလို့လဲဆိုတော့ ဦးလေးဒင်းမို့လိုပေါ့" ဟု ဆရာတော်ဝမ်ရိက ပြုံးလျက် မိန့်ကြားလိုက်သည်။

"ဦးလေးဒင်းလည်း ဘာဖြစ်လဲ၊ ဦးလေးဒင်းဆိုရင် ကျွန်တော့်ကို အမြဲ ရိုက်လို့ရတာလား ကျွန်တော်သာ သူ့ကို ပြန်နိုင်တဲ့တစ်နေ့ကျရင် အားရပါးရ ပြန်ရိုက်ပြမယ်" ကိုရင်လေးက အံကြိတ်ကာ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ရဲဒင်းကျီသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ခမောက်အောက်တွင် ဝှက်ထားသော သံမဏိမျက်နှာဖုံး အနက်ရောင်မှာ ပေါ်လာသည်။

"မင်းက ငါ့ကို ပြန်ရိုက်မလို့လား၊ အခုပဲ ငါမင်းကို အသေသေချာချာ ပြန်ရိုက်ပြီး ဆုံးမလိုက်မယ်"

ပြောပြောဆိုဆိုနှင့်ပင်...ရဲဒင်းကျီသည် ရဲအန်ရှီကို ချီကာ အားရပါးရ ဆုံးမပါတော့သည်။ခဏအကြာတွင် ရဲအန်ရှီမှာ အရှုံးပေးသွားရ တော့သည်။

"ဦးလေးဒင်း... ဦးလေးဒင်း၊ တော်ပါတော့၊ ဦးလေး ဆုံးမနေတာက အဖေက သားကို ဆုံးမနေသလိုမျိုး ဘာလို့ ခံစားနေရတာလဲ" ဝူရှင်းသည် အရိုက်ခံထားရသဖြင့် နီရဲနေသော သူ၏ တင်ပါးကို ပွတ်ရင်း ရဲဒင်းကျီကို မကျေမနပ်နှင့် ရန်ငြိုးထားသလို ကြည့်လိုက်သည်။

"အဖေ... အဖေက သားကို ဘယ်လို ဆုံးမတာလဲ" မျက်နှာဖုံးအောက်ရှိ ရဲဒင်းကျီ၏ မျက်နှာမှာ ရဲအန်ရှီ၏ စကားကြောင့် ခဏတာ ငေးကနဲ ဖြစ်သွားသည်။သို့သော် သူ ချက်ချင်းပင် သတိပြန်ဝင်လာပြီး "ဘယ်သူက အဖေလဲ၊ ငါက မင်းရဲ့ ဦးလေးဒင်းပဲ" ဟု ပြန်ပြောလိုက်သည်။

"အော်... ဒါနဲ့ ဦးလေးဒင်း၊ ဒီမုန့်က တကယ်စားလို့ကောင်းတာပဲ"

အရိုက်ခံထားရသည့် ကိုရင်လေးမှာ ထပ်မံ အရိုက်မခံရ စေရန်အတွက် ရဲဒင်းကျီ ယူလာပေးသော သရက်မုန့်ကိုသာ အမြန်ဖွင့်ကာ မြည်းစမ်းနေပါတော့သည်။

ထိုအခြင်းအရာကို မြင်သောအခါ လီကျန့်ယီ၏ ရင်ခွင်ထဲမှ

ကျိုးကျိုးလေးမှာ တခစ်ခစ်ရယ်မောနေသည်။

"ဟုတ်တယ်၊ ဒီသရက်မုန့်က ချန်တုန်းမြို့ကလေ၊ ချန်တုန်းမြို့ရဲ့ သရက်မုန့်က အကောင်းဆုံးပဲ၊ ကျိုးကျိုးရဲ့ မေမေလည်း ဒါကို အရမ်းကြိုက်တာ"

"ဒါဆိုရင် သခင်မလေးလီရဲ့ မေမေက ဘယ်မှာလဲ" ဟု ဝူရှင်းက သိချင်စိတ်ဖြင့် မေး၏။

"မေမေက ဖေဖေ့ကို စိတ်ဆိုးပြီး အဝတ်သွားလျှော်နေတယ်လေ" ရကျိုးကျိုးက သရက်မုန့်ကို တစ်လုပ် ကိုက်စားပြီး ပြန်ဖြေသည်။

"စိတ်ဆိုးလို့ အဝတ်သွားလျှော်တယ် ဟုတ်လား၊ ဒါဆို သခင်မလေးရဲ့ ဖေဖေက တကယ့် လူဆိုးကြီးပဲ"

"ခင်ဗျားက ခင်ဗျားဇနီးကို အချိန်အတော်ကြာ လှည့်ကွက်တွေ သုံးခဲ့ပြီးတော့ အခု လိုချင်တာ ရသွားတဲ့အခါမှာကျတော့ တန်ဖိုးမထားတတ်ဘူးပေါ့လေ" ဝူရှင်းက လီဟန်ယီအတွက် သနားစိတ်ဝင်သွားသည်။ကောလဟာသ ကြားခဲ့သည့်အတိုင်း သူက လီကျန့်ယီကို မော့ကြည့်ကာ အပစ်ပြောလိုက်၏။

"ဟင့်အင်း... မဟုတ်ပါဘူး၊ မေမေက ဖေဖေသူမကို နှောင့်ယှက်ရင် အရမ်းကြိုက်တာ " ကျိုးကျိုးလေးက လီကျန့်ယီဘက်မှ အမြန် ကာကွယ်ပြောဆိုပေးသည်။သူမ၏ မိဘနှစ်ပါးစလုံးသည် အမြဲစနောက်နေတတ်ကြပြီး အမြဲရယ်စရာများ ဖန်တီးတတ်ကြသည်။

"ဖေဖေက နှောင့်ယှက်တာကို ကြိုက်တယ် ဟုတ်လား၊ ဒါဆိုရင်တော့ သခင်မလေးရဲ့ အမေက တကယ်ကို ထူးဆန်းတာပဲ..." ဝူရှင်းမှာ ကြောင်အသွားရသည်။ သူသည် ဤကဲ့သို့သော အချစ်ရေးအရှုပ်အထွေးများကို နားမလည်နိုင်ပေ။ ထိုအရာအားလုံးမှာ ထူးဆန်းပြီး နားလည်ရ ခက်ခဲလှသည်။

"ဟွန်း...မေမေက ထူးဆန်းတာ မဟုတ်ဘူး၊ ဒါကို သံယောဇဉ်လို့ ခေါ်တာ အစ်ကိုရဲ့၊ အစ်ကိုက နားမလည်ပါဘူး" ကျိုးကျိုးက အတည်အပေါက် ဆုံးမနေသော်လည်း တကယ်တမ်းတွင် သူမကိုယ်တိုင်လည်း နားလည်သည်တော့ မဟုတ်ပေ။သို့သော် သူမ၏ ဖေဖေနှင့် မေမေကြားက အချစ်ကို ကာကွယ်ရမည်ကိုမူ သူမ သိနေသည်။

"ကိုယ်တော်က တကယ်ပဲ နားမလည်ဘူး" ကိုရင်လေးက ခေါင်းညိတ် ဝန်ခံသည်။

"နောက်ကျရင် နားလည်လာမှာပါ" လီကျန့်ယီက ပြုံးလိုက်ပြီး ကျိုးကျိုးကို ကြည့်ကာ ပြောလိုက်သည်။

"ဒါ ဖေဖေ ပြောတဲ့ သမီးနဲ့ ပေးတွေ့ချင်တဲ့ အစ်ကိုပဲ၊ ကျိုးကျိုး သူကို ဘယ်လို မြင်လဲ"

"ဦးလေးလိုပဲ၊ သူလည်း နည်းနည်းတော့ နုံအပုံပေါက်တယ်" ကျိုးကျိုးက သရက်ကိတ်မုန့်ကို တစ်လုပ် စားပြီးနောက် မှတ်ချက်ပေးလိုက်သည်။

လီကျန့်ယီမှာ ဆွံ့အသွားရပါတော့သည်။

သမီးလေးရယ်။ဝူရှင်းက သမီးရဲ့ဦးလေး လဲ့ဝူကျဲနဲ့ တူတယ်လို့ ဘယ်လိုစိတ်ကူးနဲ့ ပြောလိုက်တာလဲ။

လဲ့ဝူကျဲနဲ့ ဝူရှင်းက ဘယ်လိုလုပ် တူနိုင်မှာလဲ။လီကျန့်ယီမှာ နားမလည်နိုင်အောင် ဖြစ်နေရသည်။

"သမီးလေး၊ သမီးရဲ့ အကြောင်းပြချက်ကို ဖေဖေ့ကို ပြောပြပါဦး" လီကျန့်ယီက သူ၏ ရင်ခွင်ထဲမှ ကျိုးကျိုးလေးကို ကြည့်ကာ မေးလိုက်သည်။

"ဘာလို့လဲဆိုတော့ တကယ်လို့ အဲ့ဒါသာ ဦးလေးလဲ့ဝူကျဲဆိုရင် 'ငါ့ယောက်ဖက ထူးဆန်းတယ်' လို့ ပြောမှာမဟုတ်ဘူး၊ သူက 'ငါ့ယောက်ဖက တကယ့်ကို အံ့သြဖို့ကောင်းတာပဲ၊ ငါ့အစ်မက ဒီနေ့ သူ့အနိုင်ကျင့်တာ ခံလိုက်ရတယ်၊ လဲ့ဝူကျဲကတော့ အရမ်းပျော်တာပဲ~' လို့ ပြောမှာလေ”ကျိုးကျိုးလေးက လဲ့ဝူကျဲ၏ လေသံကို အတုခိုးကာ ပြောလိုက်သည်။

လီကျန့်ယီမှာ ပြောစရာ စကားမဲ့သွားရပြန်သည်။

လဲ့ဝူကျဲမှာ အမှန်တကယ်ပင် ရန်ငြိုးထားတတ်သူ ဖြစ်သည်။ အထူးသဖြင့် လီဟန်ယီက သူ့ကို ဓားသင်ပေးစဉ်က ပြင်းထန်လွန်းခဲ့သဖြင့် သူက အရာအားလုံးကို မှတ်ထားပုံရသည်။ မဟုတ်လျှင် နောက်ပိုင်းတွင် သူ၏ အစ်မနှင့် တွေ့သောအခါ ထိုမျှလောက် ကြောက်ရွံ့နေလိမ့်မည် မဟုတ်ပေ။

"အဲ့ဒါကတော့ သမီးဦးလေး ပြောမယ့်ပုံစံနဲ့ တူပါတယ်၊ ဒါပေမဲ့ အဲ့ဒါကြောင့်နဲ့ ဝူရှင်းရဲ့ စကားတွေက နုံအတယ်လို့ မဆိုလိုဘူးလေ" လီကျန့်ယီမှာ ဇဝေဇဝါ ဖြစ်နေဆဲပင်။

"ဒါပေမဲ့ ဦးလေးနဲ့ အစ်ကို ပြောတာတွေက မှန်ကန်တဲ့ အဖြေတွေ မဟုတ်ဘူးလေ၊ သူတို့က ဖေဖေနဲ့ မေမေကြားက ပတ်သက်မှုကို နားမလည်ကြဘူး"

"အဲ့ဒီတော့ မှန်ကန်တဲ့အဖြေ မဟုတ်တာကို ပြောနေတာက နုံအတာ မဟုတ်ဘူးလား" ဟု ကျိုးကျိုးက တည်ကြည်သော မျက်နှာထားဖြင့် ထောက်ပြ၏။

"အင်း... ကျိုးကျိုး ပြောတာလည်း အဓိပ္ပာယ်ရှိသားပဲ..."

ကျိုးကျိုး၏ အဖြေကို နားထောင်ပြီးနောက် လီကျန့်ယီ ခံစားမိသည်မှာ ကျိုးကျိုး၏ နားလည်မှုမှာ တစ်ပေါင်းတစ်နှင့် တူသော်လည်း လဲ့ဝူကျဲနှင့် ဝူရှင်းတို့မှာမူ တစ်ပေါင်းတစ်ကို သုံး သို့မဟုတ် လေးဟု ဖြေနေကြသကဲ့သို့ပင် ဖြစ်သည်။

ထိုကဲ့သို့ မှားယွင်းသော အဖြေကို ဖြေချင်မှာ ကျိုးကျိုးက ဝူရှင်းနှင့် လဲ့ဝူကျဲတို့မှာ တူတူပင်ဖြစ်ပြီး နှစ်ယောက်လုံးက အဓိပ္ပာယ်မရှိသော မှားယွင်းသည့် အဖြေများကိုသာ ပေးနေကြသဖြင့် ဝူရှင်းကိုလည်း လဲ့ဝူကျဲကဲ့သို့ တုံးအနိုင်သူဟု သတ်မှတ်လိုက်ပုံရသည်။

"ဟမ်....ကျွန်တော်က မတုံးပါဘူး" ဝူရှင်းက မျက်မှောင်ကြုတ်လိုက်သည်။

"ဟုတ်ပါတယ်၊ ကိုရင်လေးက မတုံးပါဘူး” လီကျန့်ယီက သဘောတူပေးလိုက်သည်။

"လူတုံးလေး" ကျိုးကျိုးက ရယ်လိုက်သည်။

"မတုံးပါဘူးဆို " ဝူရှင်းမှာ ဒေါသထွက်သွားသည်။

"လူတုံးလေး" ဝူရှင်း၏ စိတ်တိုနေသော ပုံစံကို မြင်သောအခါ ကျိုးကျိုးသည် သူမ၏ဖေဖေက မေမေ့ကို စိတ်တိုအောင် လုပ်ပြီးနောက် ခံစားရသည့် ခံစားချက်ကို နောက်ဆုံးတွင် နားလည်သွားပါတော့သည်။

"ဟမ်... ဆရာက ကျွန်တော်ကို အရမ်းဉာဏ်ကောင်းတယ်လို့ ပြောတယ်၊ သခင်မလေးလီက ကျွန်တော်ကို တုံးတယ်လို့ ထပ်ပြောရင် ကိုယ်တော်က ရိုက်တော့မှာနော်" ဝူရှင်းက ကြောက်စရာကောင်းဟန် ဆောင်ကာ ခြိမ်းခြောက်လိုက်၏။

ဘေးတွင် ရပ်နေသော ရဲဒင်းကျီသည် ထိုစကားကို ကြားသောအခါ ရဲအန်ရှီကို စူးစိုက်ကြည့်လိုက်သည်။ လီကျန့်ယီက သူ၏ အသက်ကို ကယ်တင်ခဲ့သူဖြစ်ပြီး ရဲအန်ရှီမှာလည်း လီကျန့်ယီကြောင့်သာ ဘေးကင်းနေရခြင်း ဖြစ်သည်ကို သူ သိနေသည်။ မဟုတ်လျှင် ဟန်ရှု့ကျောင်းတော်မှာ ယခုကဲ့သို့ အေးချမ်းနေပါမည်လား။ထို့ကြောင့် ဤကောင်စုတ်လေးက သူ၏ ကျေးဇူးရှင် သမီးလေးကို လက်ဖျားနှင့် တို့ရဲသည်ဆိုတော့ အမှန်တကယ်ပင် အရိုက်ခံချင်နေပုံရသည်။

ရဲဒင်းကျီသည် တွန့်ဆုတ်မနေတော့ဘဲ ရဲအန်ရှီကို လက်တစ်ဖက်ဖြင့် မလိုက်ကာ သူ၏ တင်ပါးကို ရိုက်နှက်ပါတော့သည်။ တစ်ဖက်မှလည်း ပြင်းထန်စွာ ဆုံးမလေသည်။

"အစ်ကိုဖြစ်တဲ့သူက ညီမလေးကို ဘယ်လိုလုပ် အနိုင်ကျင့်ရတာလဲ၊ မင်းက မရှက်ဘူးလား"

"မင်းရဲ့ ဦးလေးဒင်းက မင်းကို ဘာတွေ သင်ပေးထားလဲ၊ လူကြီးကို ရိုသေပြီး လူငယ်ကို သနားရမယ်လို့ သင်မထားဘူးလား"

"ဦးလေးဒင်း... ဒါပေမဲ့ သူက ကျွန်တော်ကို တုံးတယ်လို့ ပြောတာကိုး" အရိုက်ခံလိုက်ရသော ရဲအန်ရှီက ဒေါသတကြီး ပြောလိုက်သည်။

"မင်းက တုံးလို့ တုံးတယ်လို့ ပြောတာပေါ့"ရဲဒင်းကျီက ပြန်ပက်လိုက်သည်။

"မင်းအဖေရဲ့နာမည်က ရဲဒင်းကျီ၊ အခု ဒီမှာ ဦးလေးဒင်း ရှိနေတာလေ၊ ငါက မင်းအဖေ ဖြစ်နိုင်တယ်လို့ မင်း တစ်ခါမှ မတွေးမိဘူးလား"

"သွားစမ်းပါ၊ကျွန်တော်က မတုံးပါဘူး၊ ဦးလေးဒင်းကမှ တုံးတာ ဦးလေးက ဒီကောင်မလေးလိုပဲ အရမ်းတုံးအတာ " အရိုက်ခံနေရစဉ်မှာပင် ရဲအန်ရှီက ခေါင်းမာစွာဖြင့် ပြန်ပြောနေပါသေးသည်။

"ကောင်းပြီ၊ ကောင်းပြီ၊ မင်းရဲ့ ဒီလို ခေါင်းမာတဲ့ ပုံစံကို ငါက သဘောကျနေတာ..." ရဲဒင်းကျီက သူ့ကို ထပ်ရိုက်ရန် ပြင်လိုက်ပြန်သည်။

ဘေးတွင် ရပ်နေသော ကျိုးကျိုးလေးမှာ ဆက်မကြည့်နိုင်တော့ဘဲ သူမ၏ မျက်နှာကို လက်ဖြင့် အုပ်ကာ ပြောလိုက်သည်။

"ဦးလေးဒင်း၊ သမီးက အစ်ကိုကို စနောက်ရုံတင်ပါ၊ ဦးလေးက ဘာလို့ သူ့ကို ရိုက်ရတာလဲ"

"ဖေဖေ ပြောတယ်၊ လူကို ရိုက်တာက မကောင်းဘူးတဲ့၊ လူတွေကို မေတ္တာနဲ့ပဲ အနိုင်ယူရမယ်တဲ့"

"မေတ္တာနဲ့ အနိုင်ယူရမယ် ဟုတ်လား"

ရဲဒင်းကျီသည် ခန့်ညားသော လီကျန့်ယီကို ကြည့်ကာ စိတ်ထဲမှ တွေးလိုက်မိသည်။ "သမီးရဲ့့ ဖေဖေက မေတ္တာနဲ့ အနိုင်ယူရမယ်လို့ ပြောတယ်ပေါ့လေ"သူသည် ဓားကို ဝှေ့ယမ်းလိုက်တိုင်း ပြိုင်ဘက်ကို တစ်ချက်တည်းနှင့် အလဲထိုးနိုင်သူ ဖြစ်သည်။

လီကျန့်ယီထံတွင် မေတ္တာနှင့် အနိုင်ယူခြင်းဆိုသည့် အယူအဆကို မြင်နိုင်ပါသလား။သင် မြင်ရသည်မှာ ကောင်းကင်ယံသို့ တန်းတန်းမတ်မတ် ညွှန်ပြနေသော ထက်မြက်သည့် ဓားတစ်လက်သာ ဖြစ်ပါလိမ့်မည်။

ရဲဒင်းကျီသည် စိတ်ထဲမှ ထိုသို့ တွေးနေသော်လည်း ကျိုးကျိုးကိုမူ ပြုံး၍ ပြန်ပြောလိုက်သည်။

"ကျိုးကျိုး ပြောတာ မှန်ပါတယ်၊ ဦးလေးဒင်းရဲ့ ဆုံးမပုံက နည်းနည်းတော့ မှားသွားတယ်"

ပြောရင်းနှင့်ပင် ရဲဒင်းကျီသည် ရဲအန်ရှီကို လွှတ်ပေးလိုက်သည်။ "သွားတော့၊ မင်းရဲ့ ကျမ်းစာတွေကို သွားရွတ်ချေ၊ ဦးလေးဒင်း မြင်ရသလောက် မင်း အခြေအနေ ကောင်းနေတယ်ဆိုတော့ ငါ ဒီမှာ ဆက်မနေတော့ဘူး"

"ဦးလေးဒင်း၊ မနေပါနဲ့‌တော့ ..ကျေးဇူးပြုပြီး ဆက်မနေပါနဲ့" ရဲအန်ရှီမှာ ဝမ်းသာလွန်းသဖြင့် ဗျောက်အိုးများပင် ဖောက်ချင်စိတ် ပေါက်သွားရသည်။

ရဲဒင်းကျီ "..."

သစ္စာဖောက်..တကယ့်ကို သစ္စာဖောက်ပဲ။

တကယ်လို့သာ မင်းအဖေရဲ့ အထောက်အထားကို လျှို့ဝှက်ထားဖို့ မလိုဘူးဆိုရင်တော့ ပန်းတွေ ဘာလို့ နီနေရသလဲဆိုတာနဲ့ ငှက်တွေ ဘာလို့ နေ့တိုင်း သီချင်းဆိုနေရသလဲဆိုတာကို ငါ မင်းကို သေချာ နားလည်အောင် လုပ်ပေးလိုက်မှာဟု ရဲဒင်းကျီမှာ အလွန်ကို ဒေါသထွက်နေတော့၏။

All Chapters