← Chapters

အခန်း (၂၂၃-၂၂၄)

Vol. 23 Ch. 223-224

အခန်း (၂၂၃-၂၂၄)

Vol. 23 Ch. 223-224

အခန်း ၂၂၃ မိုးကြိုးခန်းမ၏ မီးရှူးမီးပန်းများ

နှစ်သစ်ကူးအကြို ညစာစားပွဲ။

ယခုနှစ်၏ နှစ်သစ်ကူးအကြို ညစာစားပွဲသည် ယခင်နှစ်များထက် ပိုမိုစည်ကားသိုက်မြိုက်လှပေသည်။အကြောင်းမှာ မူလမိသားစုတွင် ယခုအခါ ကျိုးကျိုးလေး ရှိနေပြီဖြစ်သောကြောင့်ပင် ဖြစ်သည်။ ကျိုးကျိုးလေးသည် စကားအပြောအဆို ချိုသာရုံသာမက ချိုမြိန်သော အပြုံးလေးကိုလည်း ပိုင်ဆိုင်ထားသဖြင့် မိသားစုဝင်အားလုံး၏ အချစ်တော်လေး ဖြစ်နေပါတော့သည်။

အူတူတူနိုင်လှသော လဲ့ဝူကျဲပင်လျှင် ဤတူမလေးကို အလွန်အမင်း ချစ်ခင်မြတ်နိုးလှပေသည်။သူ၏တူမလေးက သူ့ကို အူတူတူနိုင်သူဟု အမြဲပြောလေ့ရှိသော်လည်း ထိုအချက်မှာ သူ၏အားသာချက်တစ်ခု ဖြစ်သည်ဟုလည်း ဆိုခဲ့ဖူးသည်။ထက်မြက်သော ဉာဏ်ရည်ကို ပိုင်ဆိုင်ထားသော်လည်း ရိုးသား ပုံစံရှိနေခြင်းမှာ မိန်းကလေးငယ်များအတွက် ဆွဲဆောင်မှုတစ်ခုပင် ဖြစ်သည်။

အမှန်စင်စစ် လဲ့ဝူကျဲသည် အလွန်ခန့်ညားသူ ဖြစ်သည်။ သူ၏ နုနယ်သော ရုပ်ရည်နှင့် ရိုးသားသော အမူအရာတို့ ပေါင်းစပ်လိုက်သည့်အခါ အပြစ်ကင်းစင်သော လူငယ်လေးတစ်ဦး၏ အသွင်ကို ဆောင်နေပေသည်။ထို့ကြောင့် ကျိုးကျိုးသည် သူ့ကို "အူတူတူဦးလေး" ဟု ခေါ်ရသည်ကို ကြိုက်နှစ်သက်သလို "ခန့်ညားတဲ့ ဦးလေးလေး" ဟုလည်း မကြာခဏ ခေါ်ဆိုလေ့ရှိသည်။ဘာကြောင့် "လေး" ဟု ထည့်ခေါ်ရသနည်းဆိုသော် ဤဦးလေးမှာ သူမထက် ငါးနှစ်သာ ကြီးသောကြောင့် ဖြစ်သည်။

"ဦးလေးလဲ့ဝူကျဲ၊ နှစ်သစ်ကူးရောက်ပြီလေ၊ မိုးကြိုးတံခါးကနေ မိုးကြိုးလုံးတွေ ယူမလာဘူးလား၊ ဖေဖေပြောတာတော့ မိုးကြိုးလုံးတွေကို ကောင်းကင်ပေါ် ပစ်တင်လိုက်ရင် ကြယ်တွေစုံတဲ့ ညကောင်းကင်ယံမှာ အရမ်းလှတာတဲ့"

ထမင်းစားပွဲတွင် ထိုင်နေသော ကျိုးကျိုးသည် လဲ့ဝူကျဲကို မျှော်လင့်တကြီး ကြည့်ကာ မေးနေ၏။

"ဒါပေါ့...ဒါက ဦးလေးတို့ ထွက်ပြေးတဲ့အခါ ဒါမှမဟုတ် လူတွေကို အာရုံလွှဲချင်တဲ့အခါ သုံးရတဲ့ အကောင်းဆုံးပစ္စည်းပဲ၊ ဒါကိုသာ ပစ်ထုတ်လိုက်ရင် ဦးလေးတို့အတွက် ထွက်ပြေးဖို့ အခွင့်အရေး ရသွားတာပဲ" လဲ့ဝူကျဲသည် သူ၏အိတ်ကပ်ထဲမှ မိုးကြိုးလုံးအချို့ကို ထုတ်ကာ ကျိုးကျိုးအား ပေးလိုက်သည်။

"ကျိုးကျိုး၊ လွတ်မကျစေနဲ့နော်၊ မဟုတ်ရင် သမီး ထိခိုက်မိလိမ့်မယ်၊အဲ့လိုသာဖြစ်ရင်တော့ အစ်မနဲ့ ယောက်ဖက ဦးလေးကို အလွတ်ပေးမှာ မဟုတ်ဘူး" ဟု လဲ့ဝူကျဲက သတိပေးလိုက်သည်။

"ဟုတ်ကဲ့၊ နှစ်သစ်ကူးညစာ စားပြီးရင် မီးရှူးမီးပန်းတွေ သွားကြည့်ကြမယ်" ကျိုးကျိုးသည် သူမ၏ ထမင်းပန်းကန်နှင့် တူကို ကိုင်ကာ ထမင်းကို အမြန်စားလိုက်သည်။

ထမင်းစားပြီးနောက် ကျိုးကျိုးသည် သူမဦးလေး၏ လက်ကိုဆွဲကာ ဓားမျှော်စင်ထဲမှ ပြေးထွက်လာခဲ့သည်။

"ဦးလေး သွားရအောင်၊ မေမေနဲ့ ဖေဖေအတွက် မီးရှူးမီးပန်းတွေ သွားဖောက်ပေးရအောင်"

ကျိုးကျိုးသည် ကြက်ပေါင်စားနေဆဲဖြစ်သော လဲ့ဝူကျဲကို ခြံထဲသို့ ဆွဲခေါ်သွားပြီး မိုးကြိုးလုံးအချို့ကို ပြလိုက်သည်။

"ဦးလေး၊ ဒါကို ဒီအတိုင်း ပစ်လိုက်ရုံပဲလား" ငါးနှစ်အရွယ် ကျိုးကျိုးလေးသည် ဆောင်းဦးရေပြင်ကဲ့သို့ ကြည်လင်သော မျက်ဝန်းလေးများဖြင့် လဲ့ဝူကျဲကို ချိုသာစွာ ကြည့်လိုက်သည်။

"ဒါပေါ့...မိုးကြိုးတံခါးရဲ့ မိုးကြိုးလုံးတွေက အဆင်ပြေလွယ်ကူဖို့ကို အဓိကထားတာ" လဲ့ဝူကျဲက ဂုဏ်ယူစွာ မိတ်ဆက်ပေးသည်။

"ဒါဆိုရင်တော့ သမီး ပစ်ပြီနော် ဦးလေး"

ကျိုးကျိုးသည် သူမလက်ထဲရှိ မိုးကြိုးလုံးအချို့ကို ညမှောင်မှောင်ထဲသို့ ပစ်တင်လိုက်ပါတော့သည်။စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် ပစ်တင်လိုက်သော မိုးကြိုးလုံးမှာ ရုတ်တရက် ပေါက်ကွဲသွားကာ အလွန်လှပသော မီးရှူးမီးပန်းများအဖြစ် ပြောင်းလဲသွားသည်။

ဓားမျှော်စင်အတွင်းရှိ လီကျန့်ယီ၊ လီဟန်ယီနှင့် အခြားသူများသည် ပြတင်းပေါက်မှတစ်ဆင့် မီးရှူးမီးပန်းများကို ကြည့်ကာ သက်ပြင်းချရင်း ရေရွတ်လိုက်ကြသည်။

"တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်သွားတာ ကျိုးကျိုးတောင် ငါးနှစ်ရှိပြီ။ သူမလေးက ဒီမီးရှူးမီးပန်းတွေလိုပဲ တစ်ပွင့်ပြီးတစ်ပွင့် ပွင့်လာတိုင်း ပိုပိုလှလာတာပဲ"

"ဒါပေါ့! သူမရဲ့ ဖိုးဖိုးကြီးက ဘယ်သူလဲဆိုတာ မင်းတို့ မသိဘူးလား" ဆံပင်များ အတော်အတန် ဖြူနေပြီဖြစ်သော လီဆူးဝမ်က ကလေးတစ်ယောက်ကဲ့သို့ ဂုဏ်ယူစွာ ပြောလိုက်သည်။

"အဖေ၊ သမီးတို့လည်း လမ်းလျှောက်ထွက်ကြရအောင်" လီရှင်းယွဲ့သည် လီဆူးဝမ်၏ အနားသို့ လာကာ သူ၏လက်ကို တွဲလိုက်သည်။

"ကောင်းပြီလေ ရှင်းယွဲ့နဲ့ အတူတူ မီးရှူးမီးပန်း မကြည့်ရတာလည်း ကြာပြီ" လီဆူးဝမ်သည် ပြုံးလျက် ဓားမျှော်စင်ထဲမှ ထွက်လာသည်။

လီကျန့်ယီ၊ လီဟန်ယီနှင့် အခြားသူများသည်လည်း နောက်မှ ထပ်ကြပ်မကွာ လိုက်လာကြ၏။ဓားမျှော်စင်မှ ထွက်လာပြီး အရောင်စုံလင်လှပသော မီးရှူးမီးပန်းများကို ကြည့်ရင်း လီကျန့်ယီသည် လီဟန်ယီ၏ နူးညံ့လှသော ခါးလေးကို ဖက်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ဟန်ယီ၊ မီးရှူးမီးပန်းတွေက လှသလို၊ မင်းကလည်း အရမ်းလှတယ် '

"ဘာလို့... ဘာလို့ ရုတ်တရက်ကြီး အပိုတွေ ပြောနေရတာလဲ" လီဟန်ယီသည် မျက်နှာလေး အနည်းငယ် နီမြန်းကာ လီကျန့်ယီကို ငေးကြည့်လိုက်၏။

"ဒါက အပိုပြောတာ မဟုတ်ဘူး၊ ဒါကို အချစ်စမ်းတယ်လို့ ခေါ်တာ" လီကျန့်ယီက ရယ်မောကာ ပြန်ပြင်သည်။

"ဘယ်သူက ရှင်နဲ့ အချစ်စမ်းချင်လို့လဲ" လီဟန်ယီက မျက်နှာလွှဲလိုက်ရ၏။

"ဟင်းဟင်း... ရှက်နေတုန်းပဲလား" လီကျန့်ယီသည် လီဟန်ယီ၏ ဦးခေါင်းကို အတင်းလှည့်စေကာ သူမ၏ သဘာဝအတိုင်း နီမြန်းနေသော နှုတ်ခမ်းအစုံကို နမ်းသဖြင့် လီဟန်ယီသည် အစပိုင်းတွင် ရုန်းကန်သော်လည်း နောက်ပိုင်းတွင် ငြိမ်ကျသွားတော့၏။

သူတို့နှစ်ဦးမှာ အတန်ကြာ နမ်းရှိုက်ပြီးနောက်မှာတော့ လီရှင်းယွဲ့နှင့် အခြားသူများသည် အဝေးတစ်နေရာသို့ မီးရှူးမီးပန်းသွားကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ ထိုသူများမှာ သူနှင့် လီဟန်ယီအတွက် သီးသန့်နေရာ ပေးခဲ့ကြသည်မှာ ထင်ရှားလှပေသည်။

"ဟန်ယီ၊ အမေနဲ့ အဖေတို့က ဘာလို့ အဝေးကို သွားကြတာလဲဆိုတာ သိလား" လီကျန့်ယီက ခေါင်းငုံ့ကာ အဓိပ္ပာယ်ပါပါ ပြုံးလျက် မေးခွန်းထုတ်၏။

"မသိဘူးလေ" လီဟန်ယီ၏ လှပသော မျက်ဝန်းလေးများမှာ အနည်းငယ် ဝိုင်းစက်သွားသည်။

"သူတို့က ကိုယ်တို့ကို နောက်ထပ် မြေးလေးတစ်ယောက် ထပ်ပေးစေချင်လို့လေ" လီကျန့်ယီသည် လီဟန်ယီကို တင်းကြပ်စွာ ဖက်ထားရင်း သူမ၏ ကိုယ်ငွေ့နှင့် ရနံ့တို့ကို ရှူရှိုက်နေမိသည်။

"ကလေးယူဖို့ဆိုတာက မဖြစ်နိုင်တာမှ မဟုတ်တာ" ဟု လီဟန်ယီက သူမအနားသို့ ကပ်နေသော လီကျန့်ယီကို ကြည့်ကာ မျက်နှာနီမြန်းလျက် ပြောလိုက်၏။

"ဒါဆို မင်း သဘောတူတယ်ပေါ့ ဟန်ယီ" လီကျန့်ယီ၏ မျက်နှာတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

"ကျိုးကျိုးလေးမှာ အဖော်မရှိမှာကို ရှင် စိုးရိမ်နေတယ်လို့ ပြောခဲ့တယ်မဟုတ်လား၊ ကျွန်မက ကျွန်မခင်ပွန်းရဲ့ ဆန္ဒကို ဘယ်လိုလုပ် မလိုက်လျောဘဲ နေရဲပါ့မလဲ" ဟု လီဟန်ယီက ရှက်ကိုးရှက်ကန်း ပင် အကြောင်းပြချက်ပေးနေ၏။

"ကောင်းတယ်... ဟန်ယီ၊ မင်းမှာ ဒီလို နားလည်မှုရှိတာက တကယ့်ကို ချီးကျူးစရာပဲ။ မင်းက သားသမီး မြေးမြစ်တွေနဲ့ အိမ်ကြီးအိမ်ကောင်းမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ရမှာပါ" လီကျန့်ယီသည် စိတ်လှုပ်ရှားစွာဖြင့် လီဟန်ယီကို နှစ်ကြိမ်မျှ ထပ်မံ နမ်းလိုက်ပြန်သည်။

"သားသမီး မြေးမြစ်တွေ အပြည့်နဲ့လား... အဲ့ဒါက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းမှာပဲနော်" လီဟန်ယီသည် ကလေးငယ်များ စုပေါင်းဆော့ကစားနေကြမည့် မြင်ကွင်းကို စိတ်ကူးထဲတွင် ပုံဖော်ကြည့်နေမိသည်။

"အဲ့ဒါက သေချာပေါက် စိတ်ဝင်စားဖို့ ကောင်းမှာပေါ့" လီကျန့်ယီက ပြုံးလိုက်ပြီး လီဟန်ယီ၏ လက်ကိုဆွဲကာ လဲ့ဝူကျဲထံသို့ လျှောက်သွားသည်.

"ဟန်ယီ၊ တို့တွေ ဝူကျဲဆီက မိုးကြိုးလုံးတွေ သွားတောင်းပြီး ပျော်ပျော်ပါးပါး မီးရှူးမီးပန်း သွားဖောက်ကြရအောင်"

"ကောင်းပါပြီ"

လီဟန်ယီက ခေါင်းညိတ်လိုက်သည်။

လဲ့ဝူကျဲနှင့် ကျိုးကျိုးတို့ ရှိရာသို့ ရောက်သောအခါ လီကျန့်ယီသည် လဲ့ဝူကျဲထံမှ မိုးကြိုးလုံးအချို့ကို တောင်းယူလိုက်ပြီး လီဟန်ယီကို ဆွဲကာ အတူတူ သွားဖောက်ကြပါတော့သည်။ကျိုးကျိုးနှင့် လဲ့ဝူကျဲတို့ကိုမူ အတူတူ ဆော့ကစားခိုင်းထားလိုက်ပြီး သူကတော့ သူ၏ဇနီးနှင့်အတူ ဆော့ကစားရသည်မှာ ပို၍ ပျော်စရာကောင်းသည်ဟု ယူဆထားသည်။

ကွင်းပြင်တစ်ခုသို့ ရောက်သောအခါ...လီကျန့်ယီက လီဟန်ယီကို ပြောလိုက်သည်။

"ဟန်ယီ၊ တို့တွေ မျက်လုံးမှိတ်ပြီး ခံစားချက်အတိုင်း မိုးကြိုးလုံးတွေကို ကောင်းကင်ပေါ် ပစ်တင်ကြရင် ဘယ်လိုလဲ"

"ဘာလို့ မျက်လုံးမှိတ်ရမှာလဲ" လီဟန်ယီ၏ လှပသော မျက်ဝန်းလေးများတွင် ဇဝေဇဝါ ဖြစ်သွားရသည်။

"ဒါပေါ့၊ မျက်လုံးမှိတ်ထားပြီး မိုးကြိုးလုံး ပေါက်ကွဲသွားတဲ့ အချိန်ကို နားထောင်ရမယ်၊ ပြီးမှ မျက်လုံးဖွင့်လိုက်ရင် အလှပဆုံး မီးရှူးမီးပန်းတွေနဲ့အတူ မင်းကို တွေ့ရမှာလေ ဟန်ယီ" လီကျန့်ယီ၏ ခန့်ညားသော မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"ကောင်းပြီလေ"

လီဟန်ယီသည် ထိုအခြင်းအရာကို စိတ်ကူးကြည့်လိုက်ပြီး အလွန်စိတ်ဝင်စားဖို့ကောင်းသည်ဟု ထင်လိုက်မိသည်။

"ကျွန်မ မျက်လုံးမှိတ်လိုက်ပြီနော်"

လီဟန်ယီသည် သူမ၏ လှပသော မျက်ဝန်းလေးများကို အသာအယာ မှိတ်လိုက်ပြီး မိုးကြိုးလုံးကို ကောင်းကင်ယံသို့ ပစ်တင်လိုက်သည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် မိုးကြိုးသံကဲ့သို့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပါတော့သည်။

တောက်ပပြီး အရောင်စုံလင်လှသော မီးရှူးမီးပန်းများသည် မျက်စိရှေ့တွင် ပေါ်လာသည်။ ထိုအရာများမှာ အလွန်လှပကာ တက်ကြွလှသဖြင့် ဘယ်သောအခါမှ မေ့ပျောက်နိုင်မည် မဟုတ်ပေ။

"ယီယီ၊ ရှင့်ရဲ့ နည်းလမ်းက တကယ်ကို ကောင်းတာပဲ။ မျက်လုံးမှိတ်ပြီးမှ ပြန်ဖွင့်လိုက်တဲ့အခါ ကျွန်မ အမြင်ချင်ဆုံး မီးရှူးမီးပန်းတွေနဲ့ ရှင့်ကို တွေ့လိုက်ရတယ်" လီဟန်ယီသည် မှောင်မိုက်သော ညကောင်းကင်ယံတွင် ပွင့်ကားနေသော မီးရှူးမီးပန်းများကို တစ်ချက်ကြည့်လိုက်ပြီး သူမရှေ့မှ လီကျန့်ယီကို ပြန်ကြည့်လိုက်သည်။

"ဟုတ်တယ်မလာ၊ တစ်ခါတလေကျရင် မတူညီတဲ့ အရာတွေကို မတူညီတဲ့ နည်းလမ်းတွေနဲ့ ခံစားကြည့်ရတယ်လေ" ဟု လီကျန့်ယီက ပြုံး၍ ပြောလိုက်သည်။

"အင်း" လီဟန်ယီက သဘောတူသကဲ့သို့ ခေါင်းညိတ်လိုက်သည်

။

ထို့နောက် လီကျန့်ယီကို ကြည့်ကာ သူမက မေးလိုက်သည်။

"နှစ်သစ်ကူးညစာလည်း စားပြီးပြီ၊ နှစ်သစ်ကူးပွဲတော်လည်း ပြီးသလောက် ရှိနေပြီ။ ယီယီ၊ ရှင် ဘယ်လို ထင်လဲ၊ တို့တွေ အတူတူ ရွှေလမြို့တော်ကို ပြန်ကြမလား၊ ဒါမှမဟုတ် ဒီ ဓားနှလုံးဂူဗိမာန်မှာပဲ ဆက်နေကြမလား"

"ဒါပေါ့၊ ကိုယ့်ရဲ့ စိတ်ဆန္ဒရှိရာကို လိုက်မှာပေါ့။ ရွှေလမြို့တော်ကို သွားတာပဲဖြစ်ဖြစ်၊ ဓားနှလုံးဂူဗိမာန်မှာ နေတာပဲဖြစ်ဖြစ် ကိုယ်သွားချင်ရင် မျက်စိတစ်မှိတ်အတွင်း ရောက်နိုင်တာပဲဥစ္စာ" လီကျန့်ယီသည် သူ ဘယ်မှာ နေထိုင်ရမည်ကို ဂရုမစိုက်ပေ။ သူ၏အတွက်မှာ မည်သည့်နေရာတွင် နေရသည်မှာ အရေးမကြီးပေ။

"ကိုယ့်ရဲ့ စိတ်ဆန္ဒအတိုင်း လုပ်တာလား၊ အဲ့ဒါက တကယ်ကို ကောင်းတဲ့ အကြံဉာဏ်ပဲ" ဟု လီဟန်ယီက တိုးတိုးလေး ရေရွတ်လိုက်ပါတော့သည်။

အခန်း ၂၂၄ စွမ်းအားကြီးသူကို အားကျခြင်းသည် အချစ်မဟုတ်ပေ

ရွှေလမြို့တော်။

ဓားနှလုံးဂူဗိမာန်နှင့် နှိုင်းယှဉ်လျှင် ရွှေလမြို့တော်သည် သေချာပေါက် ပိုမိုစည်ကားလှပေသည်။ပိုင်လီတုန်းကျွင်း၏ သားဖြစ်သူ ယောင်ကျွင်းမှာ လေးနှစ်အရွယ် ရှိနေပြီဖြစ်ပြီး စစ်ကုန်းချန်ဖုန်း၏ သမီးဖြစ်သူ ချန်းလျော့မှာမူ ဆယ်နှစ်အရွယ် ရှိနေပြီ ဖြစ်သည်။

ကျိုးကျိုးတွင် ရွှေလမြို့တော်၌ ကစားဖော်ကစားဖက်များစွာ ရှိနေသဖြင့် လီကျန့်ယီနှင့် လီဟန်ယီတို့သည် နှစ်သစ်ကူးညစာ စားပြီးနောက် ရွှေလမြို့တော်သို့ ပြန်လာခဲ့ကြခြင်း ဖြစ်သည်။

ထို့ပြင် လီကျန့်ယီကဲ့သို့ နတ်ဘုရားနှင့်တူသော ပုဂ္ဂိုလ်တစ်ဦး ရှိနေသရွေ့ ဓားနှလုံးဂူဗိမာန်တွင် မည်သည့်ပြဿနာမျှ ဖြစ်လာမည်ကို စိုးရိမ်စရာမလိုပေ။ တကယ်လို့ ပြဿနာတစ်ခုခု ဖြစ်လာခဲ့လျှင်ပင် လီကျန့်ယီသည် သူ၏ဆန်းကြယ်သောအာရုံဖြင့် သိရှိနိုင်ပြီး အချိန်မီ ပြန်လည်ရောက်ရှိနိုင်မည် ဖြစ်သည်။

လီအိမ်တော်။

လီကျန့်ယီနှင့် လီဟန်ယီတို့ ပြန်ရောက်လာပြီးနောက် ရွဲ့ယောင်နှင့် ဖုန်းချူးယွီတို့သည် ယောင်ကျွင်း၊ ချန်းလျော့တို့နှင့်အတူ အလည်ရောက်လာကြသည်။

"မမကျိုးကျိုး. နောက်ဆုံးတော့ ပြန်လာပြီပေါ့၊ တို့တွေ ကောင်းကင်တက်‌‌လှေကားမျှော်စင်ကို သွားဆော့လို့ ရပြီ" လေးနှစ်အရွယ် ယောင်ကျွင်းလေးမှာ ဖြူဖြူသွယ်သွယ်နှင့် ချစ်စရာကောင်းသော မျက်နှာလေးတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။

ယောင်ကျွင်းတွင် ကျိုးကျိုးကဲ့သို့ မွေးရာပါ ထူးခြားသော သိုင်းပညာပါရမီ မရှိသလို၊ သိုင်းပညာစတင်လေ့ကျင့်ရန်လည်း အသက်မပြည့်သေးသဖြင့် လက်ရှိတွင် ဘာမှမသိသေးသော ကလေးငယ်တစ်ဦးသာ ဖြစ်သည်။ သူသည် ကောင်းကင်တက်လှေကားမျှော်စင်သို့ သွားလိုလျှင် အရိုက်ခံရရုံသာ ရှိပေလိမ့်မည်။ထို့ကြောင့် ကျိုးကျိုးက သူ့ကို ခေါ်သွားပေးရန်သာ မျှော်လင့်နိုင်ပါတော့သည်။

ချန်းလျော့မှာမူ လက်ရှိတွင် ကောင်းကင်တက်‌လှေကားမျှော်စင်၏ ပထမငါးဆင့်ကို ဖြတ်ကျော်နိုင်နေပြီ ဖြစ်သော်လည်း ကျိုးကျိုးကဲ့သို့ အမြင့်အထိ မရောက်နိုင်သေးပေ။

"ပြန်သွားဦးမလို့လား" ကျိုးကျိုးသည် မျက်မှောင်လေးကို အသာကြုတ်လိုက်ပြီး လက်ခါပြကာ ပြောလိုက်သည်။

"မောင်လေးယောင်ကျွင်း မသွားနဲ့တော့၊ ကောင်းကင်တက်လှေကားမျှော်စင်က ပျော်စရာမကောင်းဘူး၊ တို့တွေ ချန်းစန်းတောင်ပေါ်သွားပြီး နှင်းလူရုပ် သွားလုပ်ကြတာကမှ ပိုကောင်းမယ်"

"နှင်းလူရုပ် လုပ်မလို့လား၊ ဒါ အတူတူ သွားကြမလား မမကျိုးကျိုး" ရှောင်ယောင်ကျွင်းက အပြစ်ကင်းသော မျက်ဝန်းလေးများဖြင့် ကျိုးကျိုးကို ကြည့်လိုက်သည်။

"ဒါပေါ့" ရှောင်ကျိုးကျိုးက ခေါင်းညိတ်ပြလိုက်သည်။

"မေမေ... မမချန်းလျော့၊ မမကျိုးကျိုနဲ့ ကျွန်တော် နှင်းလူရုပ်လုပ်ဖို့ ချန်းစန်းတောင်ကို သွားလိုက်ဦးမယ်" ယောင်ကျွင်းက နုနယ်သော မျက်နှာလေးဖြင့် ရွဲ့ယောင်ကို လှမ်းကြည့်လိုက်သည်။

ရွဲ့ယောင်က ပြုံးလျက် ကလေးကို ခွင့်ပြုကာ မှာလိုက်၏။

"သွားလေ၊ ပင်ပန်းရင် အိမ်ပြန်လာဖို့ မမေ့နဲ့ဦးနော်"

"ဖက်တီးလေး... မင်းလည်း လိုက်သွားဦး" လီဟန်ယီက ချုပ်နှောင်မဲ့အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော နဂါးဝတုတ်လေးကို ခိုင်းလိုက်သည်။

"ဖက်တီး...ဖက်တီး" ပင်လယ်ပြာရောင် နဂါးဝတုတ်လေးသည် သူ၏ လုံးဝန်းသော ဗိုက်ကလေးကို ပုတ်ကာ ကျိုးကျိုးနောက်မှ လူမိုက်ကြီးတစ်ယောက်ကဲ့သို့ လိုက်သွားပါတော့သည်။

နဂါးဝတုတ်လေးမှာ ဂဏန်းတစ်ကောင်လို ဘေးစောင်းလမ်းလျှောက်နေသည်ကို မြင်သောအခါ ကျိုးကျိုးသည် မနေနိုင်ဘဲ တခိခိရယ်မောလျက် နဂါးလေး၏ လမ်းလျှောက်ပုံကို လိုက်တုလေသည်။ သူမသည် ချန်းလျော့၊ ယောင်ကျွင်းတို့နှင့်အတူ ရယ်မောပြောဆိုကာ ချန်းစန်းတောင်ပေါ်သို့ တက်သွားကြပါတော့သည်။

ကလေးသုံးယောက် ကစားရန် ထွက်သွားသည်ကို ကြည့်ရင်း ရွဲ့ယောင်နှင့် လီဟန်ယီတို့သည်လည်း သူတို့၏ ကိုယ်ပိုင်အကြောင်းအရာများကို ဆွေးနွေးကြပါတော့သည်။

ဖုန်းချူးယွီက အရင်စကားစလိုက်သည်။

"ကျွန်မတို့တွေ မသိလိုက်ခင်မှာပဲ ကျွန်မတို့ရဲ့ကလေးတွေက တော်တော်လေး ကြီးလာကြပြီနော်"

"ဟုတ်ပါ့"ရွဲ့ယောင်က လီဟန်ယီကို ကြည့်ကာ ပြုံးလိုက်သည်။

ရွဲ့ယောင်၏ အပြုံးကို မြင်လိုက်ရသည့်အခါ လီဟန်ယီသည် သူမ ဘာကြောင့် ပြုံးသည်ကို သဘာဝအတိုင်း နားလည်လိုက်သည်။

ယောင်ကျွင်းသည် ကျိုးကျိုး၏အနားတွင်သာ ကပ်နေတတ်သဖြင့် ရွဲ့ယောင်က ယောင်ကျွင်းနှင့် ကျိုးကျိုးတို့ကို အောင်သွယ်ပေးချင်နေခြင်း ဖြစ်သည်။

သို့သော်... ကလေးက ငယ်လွန်းသေးသလို စိတ်အလိုလိုက်တတ်သည်။ထို့ပြင် ယောင်ကျွင်း၏ စရိုက်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပေသည်။

"မမရွဲ့ယောင်... ဘာလို့ မမရဲ့ ညီမအတွက် သင့်တော်တဲ့ ခင်ပွန်းတစ်ယောက် မရှာပေးတာလဲ၊ ဘာလို့ ကျွန်မကို အဲ့လိုမျိုး ကြည့်နေရတာလဲ" လီဟန်ယီက အပြစ်ကို တိုက်ရိုက် လွှဲပြောင်းလိုက်သည်။

သို့သော် ထိုအချိန်တွင် ရွဲ့ရှင်းသည် ညှိုးငယ်သော မျက်နှာထားဖြင့် လျှောက်လာပြီး လီကျန့်ယီကို အငြိုးကြီးစွာဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ဒါတွေအားလုံးက သခင်လေးလီ ထူးချွန်လွန်းလို့ပါ၊ ဒါကြောင့် ဒီလောကမှာရှိတဲ့ ဘယ်ယောကျ်ားကိုမှ ကျွန်မ မျက်စိထဲ မဝင်တော့တာ"

လီဟန်ယီ "..."

သွားစမ်းပါ၊မင်း မျက်စိထဲမှာ ငါ့ခင်ပွန်းတစ်ယောက်ပဲ ရှိတယ်လို့ ဘာလို့ တည့်တည့်မပြောတာလဲ။

လီဟန်ယီသည် ရွဲ့ရှင်းကို မျက်စောင်းထိုးလိုက်ပြီး "မင်း ရုပ်ရည်က ကြည့်လို့ကောင်းပေမဲ့ မင်းရဲ့ စံနှုန်းတွေက မြင့်လွန်းနေတာပဲ၊ လောကမှာရှိတဲ့ ယောကျ်ားအားလုံးက မင်းမျက်စိအောက် ရောက်နေတယ်လို့ ထင်နေတာလား"

"သခင်မလေးလီ... ဘာတွေ ပြောနေတာလဲ၊ တကယ်လို့ မမက လောကမှာ အလှဆုံး မီးရှူးမီးပန်းတွေကို မြင်ဖူးခဲ့ရင် ကောင်းကင်ပေါ်က သာမန် မီးရှူးမီးပန်းလေးတွေကို စွဲလန်းနေဦးမှာလား" ရွဲ့ရှင်းက ဥပမာပေးကာ ပြောလိုက်သည်။

လီဟန်ယီ "..."

ရွဲ့ရှင်း ပြောသွားသည်မှာ အလွန်ပင် ယုတ္တိတန်လွန်းသဖြင့် သူမ ပြန်လည်ချေပရန် နည်းလမ်း ရှာမရ ဖြစ်သွားပါတော့သည်။

ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် လီကျန့်ယီသည် သူမ၏ ဘေးသို့ ရောက်လာပြီး ပြုံးလျက် ပြောလိုက်သည်။

"လူသားဆန်တဲ့ အလှပဆုံး ခံစားချက်က မင်းရဲ့ နှလုံးသားထဲမှာ အလှဆုံးဖြစ်နေတဲ့ လူတစ်ယောက်ဆီမှာပဲ ရှိတာပါ၊ လူတိုင်းရဲ့ နှလုံးသားထဲမှာ အလှဆုံး လူသားဆန်တဲ့ ခံစားချက် ရှိကြပါတယ်။ ရွဲ့ရှင်း... မင်းကလည်း အဲ့ဒီထဲက တစ်ယောက်ပါပဲ။ ဒါ့အပြင် မင်း အခု ခံစားနေရတာက အချစ်မဟုတ်ဘဲ အစွမ်းထက်မှုကို အားကျနေတာပါ၊ ဒီနှစ်ခုကို ရောထွေးပြီး မဆွေးနွေးသင့်ဘူး"

"ဟုတ်တယ်၊ ကျွန်မရဲ့ ခင်ပွန်းပြောတာက ကျွန်မ ပြောချင်တဲ့အတိုင်းပဲ။" လီဟန်ယီက သူမ၏ လှပသော မျက်ဝန်းလေးများကို မှိတ်ပြကာ ထောက်ခံလိုက်သည်။

"ဟွန်း... သခင်လေးလီကတော့ လိုအပ်တဲ့ အချိန်တိုင်းမှာ အမြဲ ရောက်လာတာပဲ" သူမ၏ ပြဿနာကို လီကျန့်ယီက ဖြေရှင်းပေးသွားသည်ကို မြင်သောအခါ ရွဲ့ရှင်းက ခပ်တိုးတိုး နှာခေါင်းရှုံ့လိုက်သည်။ထို့နောက် သူမသည် ချန်းစန်းတောင်ပေါ်သို့ တက်သွားပါတော့သည်။

ထိုအခြင်းအရာကို မြင်သော် ရွဲ့ယောင်က ခေါင်းခါရင်း "ရှင်းရှင်းကတော့ တကယ်ပါပဲ၊ အသက်ကြီးနေပြီကို အခုထိ ကလေးဆန်နေတုန်းပဲ..."

"ဒါကြောင့် မမရွဲ့ယောင်က သူမကို ထိန်းကျောင်းပေးနိုင်မယ့် သင့်တော်တဲ့ ခင်ပွန်းတစ်ယောက် ရှာပေးသင့်တာပေါ့" ဟု လီဟန်ယီက ပြောလိုက်သည်။

"ဒါက ခက်ခဲလိမ့်မယ်..." ရွဲ့ယောင်သည်လည်း ရွဲ့ရှင်း၏ အိမ်ထောင်ရေးအတွက် စိုးရိမ်နေမိသည်။သူမသည် ရွဲ့ရှင်းကို အရင်က မေးဖူးသော်လည်း ရွဲ့ရှင်း၏ အဖြေများမှာ အမြဲတမ်း ဝေဝေဝါးဝါး ဖြစ်နေတတ်သဖြင့် ဘာကိုမှ ရှင်းရှင်းလင်းလင်း မသိရပေ။

"ဒါဆိုရင်လည်း ဒီလှပတဲ့ မြေကမ္ဘာမှာပဲ ရှာကြည့်ရမှာပေါ့။ မဟုတ်ရင်လည်း ဇီယူကျီနဲ့ အစ်မရဲ့ညီမကို မိတ်ဆက်ပေးကြည့်ပါလား" ဟု လီကျန့်ယီက ပြုံး၍ အကြံပြုလိုက်သည်။

ရွဲ့ယောင် "..."

"ယီယီ... အဲ့ဒါကတော့ မေ့ထားလိုက်ပါတော့။ ဇီယူကျီတို့က သူမအပေါ် အငြိုးအတေးတွေ အများကြီး ရှိနေတုန်းပဲ။ တကယ်လို့ အဲ့ဒီတုန်းက ကျွန်မသာ သူတို့ကို မထိန်းထားခဲ့ရင် သူတို့တွေ 'တီယမ်ဝူတွမ်' ကို ပုန်ကန်နေကြတာ ကြာလှပြီ" ရွဲ့ယောင်က ခေါင်းခါလိုက်သည်။ မိုရှီရွန်နှင့် ဇီယူကျီတို့မှာ ထိုစဉ်က ရွဲ့ရှင်းနှင့် အဆင်မပြေခဲ့ကြသော ဆက်‌ဆံရေးများရှိကြသည်။

"ရိုက်မှ ချစ်တာ၊ ဆဲမှ မှတ်တာဆိုတဲ့ စကားလည်း ရှိတာပဲလေ။ တစ်ခါတလေ ဇီယူကျီတို့ကလည်း အဲ့ဒီလိုမျိုးကို ကြိုက်နေတာလည်း ဖြစ်နိုင်တာပဲ မဟုတ်ဘူးလား" လီကျန့်ယီက ပြုံး၍ ပြောလိုက်၏။

"ဒါကတော့..." ရွဲ့ယောင် တွန့်ဆုတ်သွားသည်။ ဇီယူကျီတို့ နှစ်ယောက်လုံးတွင် ချစ်သူရည်းစား မရှိကြသေးသလို၊ သူတို့နှစ်ဦးမှာလည်း ထူးချွန်သော ရွေးချယ်စရာများ ဖြစ်နေကြသည်။

"အာယောင်... ဘာတွေ လုပ်နေတာလဲ၊ ယီယီ ပြောသလိုပဲ လုပ်လိုက်စမ်းပါ"ပိုင်လီတုန်းကျွင်းသည် သူ၏ ခယ်မဖြစ်သူကို ဇီယူကျီတို့နှင့် မိတ်ဆက်ပေးမည်ဆိုသည့် စကားကို ကြားသောအခါ အလွန်ပင် စိတ်လှုပ်ရှားသွားသည်။

"ကောင်းပါပြီ၊ ကျွန်မ သူတို့ဆီ စာရေးလိုက်ပါ့မယ်"ရွဲ့ယောင်က အသာအယာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူမသည် ညီမဖြစ်သူ၏ အိမ်ထောင်ရေးကို အစ်မတစ်ယောက်အနေဖြင့် စတင် ကိုင်တွယ်ရန်အတွက် လီအိမ်တော်မှ ထွက်ခွာသွားပါတော့သည်။

"ယီယီ... ငါလည်း သွားပြီနော်" ပိုင်လီတုန်းကျွင်းသည် ဂုဏ်ယူဝင့်ကြွားသော မျက်နှာပေးဖြင့် ရွဲ့ယောင်နောက်မှ လိုက်သွားလေသည်။စစ်ကုန်းချန်ဖုန်းသည် ထိုမြင်ကွင်းကို မြင်သောအခါ ခေါင်းခါရင်း "စီနီယာအစ်ကိုကြီးကို ကြည့်ဦး၊ ဇီယူကျီနဲ့ မိုရှီရွန်တို့ကို မိတ်ဆက်ပေးရမယ်ဆိုတာနဲ့တင် အရမ်းကို စိတ်လှုပ်ရှားနေတော့တာပဲ" ဟု ပြောလိုက်သည်။

"ဒါပေါ့..သူတို့မိန်းမကို အမြဲ မျက်စိကျနေတဲ့လူတွေ ရှိနေတာကို သူက မစိုးရိမ်ဘဲနဲ့ ဘယ်လိုနေနိုင်မလဲ" လီကျန့်ယီက ပြုံးလျက် အေးအေးဆေးဆေး ပြောလိုက်သည်။

"ကျွန်တော့်ရဲ့ ချူးယွီကိုလည်း တစ်ယောက်ယောက်က မျက်စိကျနေလို့လား" စစ်ကုန်းချန်ဖုန်း၏ ဦးနှောက်မှာ ခဏမျှ အလုပ်လုပ်သွားပြီးနောက် ဒေါသတကြီးဖြင့် သူ၏လှံကို ထုတ်လိုက်သည်။

"သူတို့ ရဲရင် စမ်းကြည့်လိုက်လေ၊ ငါ စစ်ကုန်းချန်ဖုန်းက သူတို့အသက်ကို ချက်ချင်း ယူပစ်မယ်"

"စီနီယာအစ်ကို ပိုင်လီကလည်း တတိယညီလေးလိုပဲ ခံစားနေရမှာပါ၊ ဒါပေမဲ့ ဇီယူကျီတို့က အသိတွေ ဖြစ်နေတော့ သူ ကိုယ်တိုင် သတ်ဖို့က ခက်နေတာလေ။ ဒါကြောင့် သူတို့တွေကို အမြန်ဆုံး အိမ်ထောင်ချပေးဖို့ပဲ သူ မျှော်လင့်နိုင်တော့တာပေါ့" ဟု လီကျန့်ယီက ပြုံး၍ ပြော၏။

"စီနီယာအစ်ကိုကြီးလည်း တကယ် သနားဖို့ကောင်းပါတယ်။ ဒီလူနှစ်ယောက်ကိုလည်း စောင့်ကြည့်နေရသေးတယ်၊ သူတို့ အိမ်ထောင်ရေးအတွက်လည်း ပူပန်နေရသေးတယ်" ဟု ပိုင်လီတုန်းကျွင်း၏ နေရာတွင် အစားသွင်း ကြည့်ပြီးနောက် စစ်ကုန်းချန်ဖုန်းက သနားကရုဏာ သက်သွားမိသည်။

"ဒါကြောင့် ဂျူနီယာညီလေး စစ်ကုန်းကတော့ ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းနေရတာပေါ့။ညီမဖုန်းက မင်းနောက်ကို လိုက်ခဲ့တာ မဟုတ်လား" ဟု လီဟန်ယီက ပြုံး၍ ပြောလိုက်သည်။

"ဒါပေါ့...အဲ့ဒီတုန်းက ကျွန်တော်က အရမ်းခန့်လွန်းလို့ မိန်းမလှလေးတွေ အများကြီးက..." လီဟန်ယီ၏ ချီးကျူးစကားကို ကြားသောအခါ စစ်ကုန်းချန်ဖုန်းမှာ ဘဝင်မြင့်သွားပါတော့သည်။

သို့သော် နောက်တစ်စက္ကန့်တွင် ဖုန်းချူးယွီသည် သူ၏ခါးကို ဆွဲလိမ်လိုက်ပြီး "ပါးစပ်ပိတ်ထားစမ်း.. ရှင်ကဘာတွေကြွားချင်သေးတာလဲ" ဟု ဟောက်လိုက်သည်။

စစ်ကုန်းချန်ဖုန်း "..."

All Chapters