အခန်း (၆၉၈-၆၉၉)
Vol. 42 Ch. 698-699
Chapter 698
အမှောင်ထုထဲမှ ခမ်းနားကြီးကျယ်စွာ လွတ်မြောက်မှု ၂
ထိုလူသည် မလှုပ်ရှားနိုင်ဘဲ ပြူးကျယ်နေသောမျက်လုံးများက စိတ်ငြိမ်ဆေးတစ်မျိုး ထိုးခံထားရပုံပေါ်သည်။ သူ၏ လည်ချောင်းအတွင်းမှ နာကျင်စွာ ညည်းတွားနေသော လေသံများသာ ထွက်ပေါ်နေသည်။
ထိုစဉ် သယ်ယူပို့ဆောင်ရေးသင်္ဘောပေါ်ရှိ ဆက်သွယ်ရေးလှိုင်းမှတစ်ဆင့် အေးစက်စက်အသံအချို့ ထွက်ပေါ်လာသည်။
“ဆွဲဆောင်မှု အစီအစဉ် (၇)၊ အမှတ် ၁၆၅၂… စတင်ဖို့ အသင့်ပဲ”
ဝူး...
ထိုအချိန်တွင် သယ်ယူပို့ဆောင်ရေးသင်္ဘောပေါ်ရှိ စွမ်းအားဝတ်စုံများအားလုံး တင်းကျပ်စွာ ပိတ်ဆို့သွားပြီး နောက်ဘက်သို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။
ဒရုန်းအောက်တွင် တွဲလောင်းပါသွားသော ထိုလူသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ မှောင်ပိန်းနေသော မြူထုအတွင်း၌ လွင့်မျောနေသော ဧရာမ ရုပ်တုကြီးတစ်ခု၏ ပုံရိပ်သည် တဖြည်းဖြည်း ကြီးမားလာပြီး သူတို့ အနီးသို့ ရောက်လာချိန်တွင် ထိုထူးဆန်းသော ရုပ်တုကြီးမှာ သူ့ဘက်သို့ တိုက်ရိုက်လှည့်လာသကဲ့သို့ပင်။
“ဝူး... အား...”
အန္တရာယ်ကို သိရှိသွားသော ထိုလူသည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူသည် အသည်းအသန် ရုန်းကန်ချင်သော်လည်း အရာအားလုံးက အချည်းနှီးပင်။ ထိုစဉ် ဒရုန်း၏ အလင်းရောင်အောက်တွင် သွေးနီရောင်အငွေ့အသက်များ ဖုံးလွှမ်းနေသည့် ကြောက်မက်ဖွယ် ခြင်္သေ့ငါးရုပ်တုကြီးကို သူ မြင်လိုက်ရသည်။ ချက်ချင်းဆိုသလိုပင် ထိုလူ၏ မျက်လုံးများအတွင်း သွေးကြောများဖောင်းထလာပြီး အရေပြားများသည် သိသိသာသာဆွေးမြည့်သွားကာ ဒရုန်း၏ စွမ်းအင်စနစ်ပင် တုန်ခါမှုများ ဆက်တိုက်ဖြစ်ပေါ်လာတော့သည်။
“စောင့်ကြည့်မှု ပြီးပြီ၊၊ လွှတ်လိုက်တော့”
သယ်ယူပို့ဆောင်ရေးသင်္ဘောပေါ်မှ အေးစက်သော အမိန့်တစ်ခု ထွက်ပေါ်လာသည်။
ဒရုန်းသည် အရှေ့ဘက်သို့ အရှိန်ပြင်းစွာ ပျံသန်းသွားသည်။ ဤဖြစ်စဉ်အတွင်း ထိုလူ၏ နှလုံးခုန်နှုန်းမှာ ဆက်တိုက်မြင့်တက်လာပြီး ဦးနှောက်လှိုင်းနှင့် အသက်ရှူနှုန်းများမှာလည်း လျင်မြန်စွာ မူမမှန်ဖြစ်လာခဲ့သည်။
ထို့နောက် လုလင်တောအုပ်အထက်တွင် လွင့်မျောနေသော ထူးဆန်းသည့် ဧရာမ ရုပ်တုကြီးသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ဒရုန်း၏ နောက်ဘက် ကီလိုမီတာ အနည်းငယ်အကွာတွင် တိတ်ဆိတ်စွာ ပြန်လည် ထွက်ပေါ်လာသည်။ ထိုအချိန်တွင် ထိုလူ၏ မျက်လုံးများမှ ပျစ်ချွဲသောအရည်များ ထွက်ကျလာပြီး သူ၏ ဖြစ်တည်မှု တစ်ခုလုံးသည် မျှော်လင့်ချက်ကင်းမဲ့သွားကာ ဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ကလန်...
ထိုစဉ် လှောင်အိမ် ပွင့်သွားပြီး ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားသော ထိုလူကို အမှိုက်တစ်ခုကဲ့သို့ အောက်ဘက်ရှိ တောအုပ်အတွင်းသို့ ပစ်ချလိုက်လေသည်၊၊ နောက်ဆုံးတွင် လွတ်မြောက်သွားသကဲ့သို့ပင်။
“အမှတ် ၁၆၅၂၊၊ ဆွဲဆောင်မှု အကွာအဝေး ၁၄၀၀ မီတာ၊ အမှတ် ၁၆၅၃၊၊ စတင်ဖို့ ပြင်ဆင်”
နောက်တစ်စက္ကန့်တွင် အဝေးရှိ သယ်ယူပို့ဆောင်ရေးသင်္ဘောပေါ်မှ နောက်ထပ် ဒရုန်းတစ်စီး ထပ်မံ ပျံတက်သွားပြန်သည်။
…
ဘူတော့ရေကန်နက်၊ အမှောင်တောအုပ်၊ ပေါင်းစည်းယာဉ်တန်းစခန်း။
ဘုန်း... ဘုန်း... ဘုန်း...
ပြင်းထန်သော တိုက်ပွဲတစ်ခုဖြစ်ပွားနေပြီး သစ်ပင်ကြီးများသည် မီးပင်လယ်အဖြစ် ပြောင်းလဲသွားသည်။ ရထားစခန်း၏ အပြင်ဘက် မီတာရာနှင့်ချီရှည်လျားသော ရထားလမ်းတစ်လျှောက်တွင် ရွှေရောင်သတ္တုစီးကြောင်းများသည် မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ နှစ်ဖက်စလုံးသို့ စီးကျနေသည်။ သံမဏိမိုးစက်များသည် သစ်တောများကို တံစဉ်နှင့် ရိတ်သကဲ့သို့ ဖြတ်တောက်သွားပြီး ဒုံးကျည်များ၊ မီးလောင်ဗုံးများ၊ အမြောက်များ၊ လျှပ်စစ်လှိုင်းများနှင့် စွမ်းအားမြင့် အလင်းတန်းများ ဆက်တိုက်ပေါက်ကွဲထွက်ပေါ်လာသည်။ တိုက်ပွဲသည် အချိန်တိုအတွင်း အရှိန်အမြင့်ဆုံးသို့ ရောက်ရှိသွား၏။
ထိုအချိန်တွင် လင်းရှန်သည် အမြင့်ပိုင်းနေရာတစ်ခုတွင် ရပ်နေပြီး အဝေးမှ မြေပြင်ကို တုန်ခါစေသည့် အရှိန်အဟုန်ဖြင့် ပြေးလာနေသော ဧရာမ သတ္တဝါကြီး၏ ပုံရိပ်ကို အလွန်လေးနက်သော မျက်နှာထားဖြင့် ကြည့်နေသည်။ သူ၏ စွမ်းအားဝတ်စုံရှိ ဟိုလိုဂရမ်စနစ်မြင်ကွင်းတွင် သတိပေးချက်များနှင့် ရေဒါပုံရိပ်များက တဖျတ်ဖျတ်လက်နေလေ၏။ ဤသတ္တဝါသည် ရေကန်နက်တွင် ရှိနေသည့် ထူးဆန်းသော မြွေကြီးဖြစ်ကြောင်း သူ သေချာပေါက်သိနေသည်။
သူ့နောက်မှ ရထားလမ်းမှာ တည်ဆောက်ဆဲသာရှိသေးသဖြင့် သူသည် အခြားသူများနှင့် ပူးပေါင်းကာ ဤသတ္တဝါကြီးကို တားဆီးထားရမည်ဖြစ်သည်။
ထိုအချိန်တွင် အနန္တ ရထားပေါ်ရှိ အတွဲ (၂၁) တွင် အထူးသီးသန့် ပြုလုပ်ထားသော MK-66 ဒုံးကျည်ပစ်စင်သည် အပေါ်သို့ မြင့်တက်လာပြီး မုန်တိုင်းမျက်လုံး F12 အသံထက်မြန်သော ဝေဟင်ပစ်ဒုံးကျည်ကို ပစ်လွှတ်ရန် လမ်းညွှန်စနစ်က လှုပ်ရှားလာသည်။
ထိုအရာက ဆွဲငင်အားမှန်ဘီလူးမှလွဲ၍ ထူးဆန်းသောမြွေကြီးအတွက် လင်းရှန် ပြင်ဆင်ထားသည့် တစ်ခုတည်းသော နောက်ဆုံးလက်နက်ပင်။
“လာစမ်းပါ၊၊ မင်း ပေါ်လာမှာကို ငါမျှော်လင့်ထားပြီးသား”
လေထုထဲတွင် ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး လင်းရှန်က အာရုံစိုက်ကာ ချိနေလိုက်သည်။
ပစ်မှတ်ရှာလေဆာအလင်းအောက်တွင် မီတာရာနှင့်ချီ ရှည်လျားသော ဧရာမ အစိမ်းရောင်မြွေကြီးသည် ရှေ့သို့ တိုးလာနေသည်။ မြွေဦးခေါင်းပေါ်တွင် နီရဲသော ရာနှင့်ချီသော မျက်လုံးများ အကြီးအသေးအလိုက် စီတန်းနေပြီး အေးစက်သော အလင်းရောင်များကို ထုတ်လွှတ်နေသည်။
လူတိုင်းသည် ကြီးမားလှသော အမှောင်ထု၏ ကြောက်ရွံ့ခြင်းစွမ်းအားက သူတို့ကို ဖိနှိပ်ထားသကဲ့သို့ ခံစားနေကြရသည်။
သို့သော် လင်းရှန်က ဆွဲငင်အားမှန်ဘီလူးကို အသုံးပြုပြီး ဒုံးကျည်များဖြင့် အစွမ်းကုန်တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်မှာပင် အရှေ့ဘက်ကောင်းကင်မှ အသံထက်မြန်သော အရာတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်၊၊ ရွှေရောင်မီးလုံးတစ်လုံးသည် မှောင်ပိန်းနေသော ကောင်းကင်ကို ဖြတ်သန်းကာ ရှေ့တန်းစစ်မျက်နှာအထက်သို့ ချက်ချင်း ရောက်ရှိလာသည်၊၊ ၎င်းသည် ဧရာမ အဖြူရောင်ဒုံးကျည်ကြီးတစ်ခုပင်။
ထိုဒုံးကျည်သည် လင်းရှန်၏ အရှေ့ဘက် အမြင့်ပိုင်း ကောင်းကင်သို့ ရောက်ရှိသွားပြီး အောက်ဘက်သို့ တိုက်ရိုက် ဦးတည်သော စွမ်းအားလှိုင်းတစ်ခုအဖြစ် ရုတ်တရက် ပေါက်ကွဲသွားသည်။ တစ်ခဏအတွင်းမှာပင် ဒုံးကျည်၏ အောက်ခြေမှ ပွင့်ချပ်ပုံစံ စွမ်းအင်ဗဟိုပြုကိရိယာခြောက်ခု ပွင့်ထွက်လာပြီး ၎င်း၏ အလယ်ဗဟိုမှာ စတင်လည်ပတ်ကာ စူးရှသော အဖြူရောင်အလင်းများကို ထုတ်လွှတ်လိုက်သည်။ ၎င်းသည် မီးတောက်လည်းမဟုတ်၊ ပေါက်ကွဲမှုလည်း မဟုတ်ဘဲ စစ်မှန်သော စွမ်းအင်စီးကြောင်းကြီးတစ်ခုသာ ဖြစ်သည်၊၊ နေမင်း၏ အလင်းရောင်ခြည်တန်းကို အတင်းအဆွဲဖြတ်ကာ မြွေကြီးပေါ်သို့ ဒေါင်လိုက် ဖြတ်ချလိုက်သကဲ့သို့ပင်။
အုန်း——————
တုန်ခါလှိုင်းလည်း မရှိ၊ မှိုပွင့်ပုံစံ မီးခိုးတိမ်တိုက်လည်း မရှိဘဲ မီတာအနည်းငယ်မျှ ကျယ်သော စူးရှသည့် အဖြူရောင်အလင်းတိုင်ကြီးသာ ကောင်းကင်နှင့် မြေကြီးကို ဖောက်ထွင်းသွားသည်။ အလင်းတိုင်၏ အပြင်ဘက်တွင် လေထုအလွှာများသည် အပြာရောင် ပလက်စမာလှိုင်းများအဖြစ် ပြောင်းလဲသွားသည်။ တစ်ခဏအတွင်းမှာပင် ကီလိုမီတာ အနည်းငယ်အတွင်းရှိ အမှောင်တောအုပ်သည် ဤပြင်းထန်သော အလင်းရောင်ကြောင့် လင်းထိန်သွားပြီး အဝေးရှိ တောင်တန်းများနှင့် ကုန်းမြင့်များပင် ထိုအလင်းပြန်မှုကို ခံစားရသည်။ ပြင်းထန်သော အပူလှိုင်းသည် အရပ်မျက်နှာအနှံ့သို့ တုန်ခါသွားစေပြီး ကာကွယ်ရေးစစ်ကြောင်းပေါ်ရှိ လူတိုင်းသည် ဆဲဆိုသံများ၊ အာမေဍိတ်သံများနှင့်အတူ နောက်သို့ ရုတ်တရက် ဆုတ်ခွာလိုက်ကြရသည်။
“သောက်ကျိုးနည်း… အဲ့ဒါ ဘာကြီးလဲဟ”
ရှီတိယွမ်က အော်ဟစ်လိုက်သည်။
“ဒါ... ဒါက ဟိုင်ပိုလုံ ပဲ့ထိန်းစွမ်းအင်အမြောက်ပဲ”
ဝန်ချီတိုင် ဆောက်နေသော လူအိုကြီးမိုက ပြင်းထန်သော အလင်းဒဏ်မှ ကာကွယ်ရန် လက်ဖြင့် ကာရင်း ပြောလိုက်သည်။
“ဟင်… အာကာသအခြေစိုက်လက်နက်ကြီးလား”
လော့ယန်က အံ့အားသင့်ကာ မှင်သက်သွားသည်။
ထိုအချိန်တွင် လင်းရှန်လည်း တုန်လှုပ်သွားသည်။ ပြင်းထန်သော တုန်ခါမှုကြီးပြီးနောက် သူ အနီးကပ် ကြည့်လိုက်သောအခါ အလင်းတိုင် ပျောက်ကွယ်သွားသည့် မြေနေရာသည် နီညိုရောင် ပြောင်းနေပြီး လေထဲရှိ သဲမှုန်များစွာ ချက်ချင်း အရည်ပျော်ကာ ဖန်သားမှုန်များအဖြစ် အေးခဲသွားသည်ကို တွေ့လိုက်ရသည်။ ထိုစူးရှသော အလင်းအောက်တွင် အစိမ်းရောင် မြွေကြီးသည် အရှင်လတ်လတ် အပိုင်းပိုင်းပြတ်သွားခဲ့ပြီ ဖြစ်သည်။
အလွန်ပြင်းထန်လွန်းသောကြောင့် ထိုသတ္တဝါကြီးသည် ကြက်သွေးရောင်မြူများကိုပင် ထုတ်လွှတ်ချိန် မရလိုက်ဘဲ မြွေအရေခွံ အနည်းငယ်သာ တွဲလျက်ကျန်ခဲ့သည်၊၊
အပိုင်းနှစ်ပိုင်းအဖြစ် တိုက်ရိုက်အဖြတ်ခံလိုက်ရခြင်း ဖြစ်သည်။ အပူကြောင့် အရည်ပျော်သွားသော နေရာများမှ နီညိုရောင်လှိုင်းများ ထွက်ပေါ်နေ၏။ အာကာသအခြေစိုက်လက်နက်၏ စွမ်းအားမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ဘုန်း... ဘုန်း... ဘုန်း...
ဟိုင်ပိုလုံ ပဲ့ထိန်းစွမ်းအင်အမြောက်ဖြင့် အပိုင်းပိုင်းအဖြတ်ခံလိုက်ရသော ထူးဆန်းသော မြွေကြီးသည် သေဆုံးသွားပြီသော်လည်း ၎င်း၏ ခေါင်းနှင့် အမြီးကို ရူးသွပ်စွာလှုပ်ရှားနေရင်း ကြက်သွေးရောင်မြူများကို ဆက်တိုက် မှုတ်ထုတ်နေသည်။ မြေပြင်တုန်ခါနေပြီး သေးငယ်သော အမှောင်သတ္တဝါများစွာသည် ၎င်း၏ ဧရာမ မြွေကိုယ်လုံးကြီးအောက်တွင် ကြိတ်ခြေခံလိုက်ရသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသော လင်းရှန်မှာ ခဏမျှ မှင်သက်နေစဉ် ဆက်သွယ်ရေးစနစ်မှ နောက်ကျနေသော စကားသံတစ်ခု ထွက်ပေါ်လာသည်။
Chapter 699
အမှောင်ထုထဲမှ ခမ်းနားကြီးကျယ်စွာ လွတ်မြောက်မှု ၃
ရှင်းဂျီ၊၊
ရှင်းဂျီ၏ အသံကို ကြားလိုက်ရသဖြင့် လင်းရှန် လုံးဝ အံ့သြမသွားပေ။ တိတ်ဆိတ်မြို့တော်ကဲ့သို့ အင်အားကြီးအဖွဲ့စည်းမှသာ ဤကဲ့သို့ တစ်ကြိမ်သုံး အာကာသအခြေစိုက်လက်နက်မျိုးကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
အနောက်တောင် ဘန်ကာအတွင်းတွင် နေရာအားလုံးမှာ အရေးပေါ် ပြောင်းရွှေ့နေကြပြီး အဖွဲ့ဝင်များလည်း ထွက်ခွာရန် ပြင်ဆင်နေကြပြီဖြစ်သော်လည်း ရှင်းဂျီသည် ထိန်းချုပ်ခန်းအတွင်း တည်ငြိမ်စွာ ရှိနေပြီး အရပ်မျက်နှာအသီးသီးမှ သတင်းအချက်အလက်များကို စောင့်ကြည့်နေသည်။
လင်းရှန်သည် ရထားလမ်းဆီသို့ တစ်ယောက်တည်း ပြန်သွားပြီး ထိုသူ၏ အဓိကအင်အားစုက အဖြူရောင်မြို့တွင် ကျန်ရှိနေကြောင်း ရှင်းဂျီသိထားသည်။ အခက်အခဲရှိလာပါက လင်းရှန်သည် ရထားလမ်းတည်ဆောက်ရန်ပင်အခြေအနေမပေးနိုင်ဘဲ ဖြစ်နေမည်ဖြစ်သဖြင့် သူက အရေးပေါ် အစီအစဉ်တစ်ခု ပြင်ဆင်ပေးထားခဲ့ခြင်း ဖြစ်သည်။
လင်းရှန်က တွန့်လိမ်နေသော မြွေခေါင်းကြီးကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်၊၊
“ကျေးဇူးတင်ပါတယ်၊၊ ဒါပေမဲ့ အခုတော့ ပိုပြီး လှုပ်ရှားလာပြီ ထင်တယ်”
ထူးဆန်းသော မြွေကြီး၏ ရုန်းကန်မှုကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုနှင့် အာကာသအခြေစိုက်လက်နက်မှ ထွက်ပေါ်လာသော ပြင်းထန်သည့် စွမ်းအင်လှိုင်းများက နယ်မြေတစ်ခုလုံးကို နိုးထသွားစေပုံရသည်။ အဝေးရှိ အပြာရောင်ကောင်းကင်တွင် တောင်တန်းကြီးတစ်ခုကဲ့သို့ ကြီးမားလှသော မည်းနက်သည့် ပုံရိပ်ကြီးတစ်ခုသည် တိတ်ဆိတ်စွာ တွန့်ခေါက်လျက် တောအုပ်ဆီသို့ ဦးတည်လာနေသည်။ အမှောင်တောအုပ်တစ်ခုလုံးသာ်လည်း ဆူပွက်နေပြီး မြေပြင်၊ ကန်အောက်ခြေရှိ အမည်မသိ သတ္တဝါမျိုးစုံမှာ နိုးထလာနေကြပြီ ဖြစ်သည်။
“ခနေနရင်လည်း အကုန်အုံကြွလာမှာပဲလေ… ပိုပြီး လှုပ်ရှားလာအောင် လုပ်လိုက်တာ မမှားပါဘူး”
ရှင်းဂျီသည် တိတ်ဆိတ်မြို့တော်နှင့် အဖြူရောင်မြို့တို့မှ ပေးပို့လာသော ကောင်းကင်ပုံရိပ်များကို ကြည့်နေပြီး သူ၏ တည်ငြိမ်သော မျက်လုံးများအတွင်းရှိ နာနိုမျက်ဝန်းများ တဖြည်းဖြည်း ကျုံ့သွားသည်၊၊
ထိုအချိန်တွင် အဖြူရောင်မြို့၏ လမ်းမများနှင့် အဆောက်အဦးများပေါ်၌ ထူးဆန်းသော သတ္တဝါများ၏ အော်ဟစ်ဟိန်းဟောက်သံများ ပြည့်နှက်နေသည်။ ဧရာမ ပုံရိပ်ကြီးများသည် ပြိုကျနေသော လမ်းမများပေါ်တွင် ဖြည်းညှင်းစွာ လျှောက်လှမ်းနေကြပြီး သူတို့၏ ကိုယ်လုံးများသည် အဆောက်အဦး နံရံများနှင့် တိုက်မိနေသည်။ အဆောက်အဦးတစ်ခုအရွယ်အစားရှိသော နီညိုရောင် မြေတီကောင်ကြီးသည်လည်း သေးငယ်သော ခြေထောက်ပေါင်းများစွာဖြင့် တွားသွားနေသည်။ အမြင့်ပိုင်း အမှောင်မြူအတွင်း၌လည်း ဖော်ပြ၍မရသော မိုးပျံသတ္တဝါအချို့ ပျံသန်းနေပြီး မြို့တစ်မြို့လုံးမှာ တစ္ဆေတစ်သောင်းလှည့်လည်သည့်ပွဲကြီးထဲကို ရောက်ရှိနေသကဲ့သို့ပင်၊၊
အခြားတစ်ဖက်တွင်မူ တောင်ကြားလမ်းအထက်ရှိ ကုန်းမြင့်ပေါ်တွင် အချင်း ၁၅ ကီလိုမီတာကျော် ရှိသော ယန္တရားမြို့တော်ကြီးသည် အသံနိမ့်နိမ့်ဖြင့် စတင်မြည်ဟည်းလာသည်။ မြို့တော်၏ ပင်မနူကလီးယား ပေါင်းစပ်ဓာတ်ပေါင်းဖိုကြီး စတင်လည်ပတ်နေပြီး ၎င်း၏ ဗဟိုချက်ရှိ ပလာစမာများသည် ပြင်းထန်သော သံလိုက်စက်ကွင်းအတွင်း ထိန်းချုပ်ခံထားရကာ တွင်းနက်ကြီးအတွင်း နေမင်းကြီးတစ်စင်း ထွန်းညှိလိုက်သကဲ့သို့ စူးရှသော အဖြူရောင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာသည်။
တစ်ခဏအတွင်းမှာပင် မြို့တော်ကြီးတစ်ခုလုံး၏ အနားသတ်တစ်လျှောက်တွင် မရေမတွက်နိုင်သော အလင်းတန်းများ လင်းထိန်သွားသည်။ ပျံသန်းနိုင်သော မြို့တော်၏ အပြင်ဘက် နံရံတစ်လျှောက်တွင် စီတန်းထားသော တွန်းကန်အားပေး စက်ယန္တရားများသည် အပြာရောင်အိုင်းယွန်းအလင်းတန်းများကို ထုတ်လွှတ်ကာ ပတ်ဝန်းကျင် အမှောင်ထုကို လင်းထိန်သွားစေသည်။
ထိုစဉ် မြေပြင်ပေါ်ရှိ ဧရာမ သံမဏိပလက်ဖောင်းများသည် စတင်လည်ပတ်လာသည်။ မီတာရာနှင့်ချီ ကျယ်သော ထိုသတ္တုပြားကြီးများသည် မြေသားအတွင်း နက်ရှိုင်းစွာ မြုပ်နေခဲ့ရာမှ ယခုအခါတွင် ဟိန်းဟောက်သံနှင့်အတူ စတင်လှုပ်ရှားလာပြီ ဖြစ်သည်။
ကောင်းကင်က ပုံပျက်လာသည်။
တိတ်ဆိတ်မြို့တော်၏ ပင်မအင်ဂျင်စွမ်းအားသည် ဆက်တိုက်မြင့်တက်လာပြီး ၎င်းမှ ထုတ်လွှတ်သော စွမ်းအင်စီးကြောင်းကြီးသည် ကီလိုမီတာအနည်းငယ်အတွင်းရှိ တိမ်တိုက်များကို ချက်ချင်း အငွေ့ပျံသွားစေသည်။
တောင်စောင်းဧရိယာအများအပြားလည်း မြေပြိုမှုများ ဖြစ်ပေါ်လာပြီး ဧရာမ အပူစွန့်ထုတ်ကိရိယာများအားလုံး ပြန့်ကားလာကာ ပူပြင်းလှသော လေစီးကြောင်းများကို မှုတ်ထုတ်နေသည်။ မြေပြင်ရထားလမ်းများကြောင့် ကြေမွသွားသော ကျောက်တုံးကြီးများမှာ ဆက်တိုက်လိမ့်ကျနေပြီး မြို့တော်ကြီးတစ်ခုလုံးသည် အပေါ်သို့ မြင့်တက်နေပြီ ဖြစ်သည်။
ဤဧရာမယန္တရားမြို့တော်ကြီး၏ အရှေ့တွင် အချင်းမီတာရာနှင့်ချီ ရှိသော ပန်းကန်ပြားပုံစံ ပျံသန်းနိုင်သော မြို့ငယ်လေးလေးခုလည်း ရှိနေသည်။ မြို့တော်ကြီးတစ်ခုလုံး ဖြည်းဖြည်းချင်း မြင့်တက်လာသည်နှင့်အမျှ အပေါ်ရှိ မြို့ပြအလင်းရောင်များ လင်းထိန်လာသည်။ ဤပျံသန်းနိုင်သော မြို့ငယ်လေးများသည် သီးခြားစီခွဲထွက်ကာ လှုပ်ရှားနိုင်ကြသည်။
သို့သော် ဤဧရာမ မြို့တော်ကြီး စတင်ထွက်ခွာလာသည်နှင့်အတူ မှောင်အတိကျနေသော ကောင်းကင်အောက်ရှိ မြေပြင်သည်လည်း တုန်ခါလာသည်၊၊
ဂျစ်… ဂျိန်း ဂျိန်း
ကောင်းကင်တွင် လျှပ်စီးများလက်နေကာ မိုးကြိုးများ ပစ်ချနေသည်။ မိုးကုပ်စက်ဝိုင်း၏ အလွန်တွင်မူ ကြောက်မက်ဖွယ်ကောင်းလှသော ဧရာမ ပုံရိပ်ကြီးတစ်ခုသည် မြေပြင်မှနေ၍ ကောင်းကင်သို့ တိုက်ရိုက်ထိုးတက်လာသည်။
မဟာပထဝီမြေကြီးသည် ငိုကြွေးနေသကဲ့သို့ပင်။
အဖြူရောင်မြို့ ရထားဘူတာတွင် ကီကီနှင့် အခြားသူများသည် တွင်းနက်ကြီးအတွင်းမှ ထွက်ပေါ်လာသော ဖိအားမျိုးကို ချက်ချင်း ခံစားလိုက်ရသည်။ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်သော ဧရာမ ဖြစ်တည်မှုကြီးတစ်ခုသည် သူတို့အထက်တွင် ပေါ်လာကာ တွန့်လိမ်လှုပ်ရှားလျက် ပြင်းထန်သော အသံများကို ထုတ်လွှတ်နေသကဲ့သို့ပင်။
ချန်ဆီရွှမ်သည် ကောင်းကင်ကို မော့ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ အာရုံခံနိုင်စွမ်းမြင့်မားလာသောကြောင့် ကြောက်မက်ဖွယ်ကောင်းလှသော ဇီဝဖိအားကို ပိုမို ခံစားနေရသည်။ ယင်းမှာ စီလန်မြို့ သို့မဟုတ် မြေအောက်မြို့တော် နံပါတ် (၉) တွင် ကြုံတွေ့ခဲ့ရသမျှထက်ပင် ပိုမို ကြောက်စရာ ကောင်းနေသည်။ ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိပုံရပြီး ၎င်း၏ တည်ရှိမှုကို မမြင်ရသေးခင်မှာပင် လူတိုင်းသည် ပုရွက်ဆိတ်များကဲ့သို့ မျှော်လင့်ချက်ကင်းမဲ့သော ခံစားချက်ကို ရနေကြသည်။
၎င်းသည် လူသားတို့၏ နားလည်နိုင်စွမ်းနှင့် စွမ်းအားထက်ကျော်လွန်နေသော ဖြစ်တည်မှုတစ်ခုဖြစ်ပြီး အသည်းအသန် တိုက်ပွဲဝင်နေသော အဖွဲ့ဝင်တိုင်း၏ ရင်ထဲသို့ အေးစက်လှသော ကြောက်ရွံ့မှုကို သွတ်သွင်းနေသည်။
သူမ၏ ဘေးတွင်မူ အားဖေးမှာ မသိစိတ်ထဲမှ တုန်ရီနေပြီး တိုးတိုးလေးရေရွတ်လိုက်သည်။
“အရမ်း... အရမ်းကြောက်ဖို့ ကောင်းတာပဲ၊၊ ဟိုအပေါ်မှာ...”
ထိုအချိန်တွင် ကောင်းကင်၌ တိုက်ပွဲဝင်နေသော ကီကီသည် ပြင်းထန်စွာ မျက်မှောင်ကြုတ်ထားပြီး သူမ၏ တုန်ရီနေသော လက်ကို ရှုပ်ထွေးစွာ ကြည့်နေမိသည်၊၊
“ဘာဖြစ်တာလဲ၊၊ ငါ့နှလုံးက ဘာလို့ ဒီလောက်ခုန်နေရတာလဲ”
“မီးတောက်လက်သီး”
အခြားတစ်ဖက်တွင် လုရှင်းချန်သည် မီးလုံးတစ်လုံး ပစ်လွှတ်ကာ ရင်ပြင်အတွင်း စုပြုံလာသော သန္ဓေပြောင်း သတ္တဝါများကို ရှင်းလင်းရင်း လေးနက်စွာ ပြောလိုက်သည်၊၊
“ငါတို့အပေါ်မှာ နှိုင်းယဥ်မရတဲ့ ကောင်းကင်ဘုံက နတ်ဆိုးတစ်ကောင်ရှိနေသလိုမျိုး ခံစားနေရတယ်”
“ဒါဟာ တွင်းနက်သားရဲကြီးပဲ ဖြစ်ရမယ်”
အောက်ဘက်တွင် နန်ကျင်းနှင့် ရှောင်ချင်းတို့ ပူးပေါင်းကာ အနားရောက်လာသော ရန်သူများကို ခုတ်ပိုင်းနေကြသည်။
ဝှစ်...
ရထားလမ်းဘူတာ၏ နောက်ဘက်တွင် အသံဓားသွားသည် လေထဲရှိ ဧရာမ ပိုးဖလံကြီးနှင့်တူသော သတ္တဝါကြီးကို ခုတ်ပိုင်းလိုက်ရာ လောင်ကျွမ်းနေသော အရည်များ ပန်းထွက်လာသည်။
မိုနီကာ၏ မျက်နှာမှာ ပုံမှန်မဟုတ်ဘဲ ဖြူဖတ်ဖြူရော်ဖြစ်နေကာ ရေရွတ်လိုက်သည်။
“ဒါက အိပ်မက်ဆိုးတစ်ခုလိုပဲ၊၊ မော့ကြည့်ဖို့တောင် သတ္တိတွေ အကုန်သုံးနေရတယ်”
“အဲ့ဒါဆို မကြည့်နဲ့လေ”
ရွှေရောင်အလင်းတန်းတစ်ခုလက်သွားပြီး ချီလီက အရှိန်သတ်ရပ်လိုက်ကာ အံတင်းတင်းကြိတ်ရင်း ပြောလိုက်သည်၊၊
“ငါတို့ ရထားရောက်လာတဲ့အထိပဲ… ကြံ့ကြံ့ခံထားဖို့ လိုတယ်”
အနောက်တောင် ဘန်ကာတွင်မူ တိတ်ဆိတ်မြို့တော်မှ လူများသည် စခန်းသုံးယာဉ်များပေါ်သို့ အစီအစဉ်တကျတက်နေကြစဉ် ဟုလုရှို့၊ လုကျောက်၊ ရှဲ့ကွမ်းနှင့် သူတို့အဖွဲ့သည် အကြောင်းရင်းမရှိဘဲ ထိတ်လန့်နေကြသည်။
လူအများအပြားသည် ခြေလက်များ တုန်ရီနေကြပြီး ပစ္စည်းကိရိယာများ သယ်ယူပို့ဆောင်ရာတွင်လည်း တစ်ယောက်နှင့်တစ်ယောက် တိုက်မိကုန်ကြကာ မျက်နှာများမှာ စက္ကူကဲ့သို့ ဖြူလျော့နေသည်။ တိုက်ပွဲမစတင်ရသေးသော်လည်း လူတိုင်းသည် အားကောင်းသောဖိအားကို ကြိုတင်ခံစားနေရပြီဖြစ်သည်။
ဟုလုရှို့သည် သူ၏ သံချပ်ကာကားပေါ်သို့ တက်ကာ ကျည်ကာအင်္ကျီကို တင်းကျပ်စွာ ဝတ်ဆင်ထားပြီး စတားဖလိ့စစ်တပ်သုံးဦးထုပ်ကိုပင် ဆောင်းထားသည်။ ဤမျှ ကြိုတင်ကာကွယ်ထားသော်လည်း သူ၏ ခန္ဓာကိုယ်တုန်ရီနေခြင်းကို မရပ်တန့်နိုင်ဘဲ နှလုံးခုန်မြန်နေခြင်းကို ထိန်းမရပေ၊၊
“ဖာ့ခ်… သေလိုက်ပါတော့၊၊ ငါတို့ ကမ္ဘာ့အဆင့် မွန်းစတားကြီးကို သွားဆွမိပြီ ထင်တယ်၊၊ ငါ့နှလုံးတော့ ပေါက်ထွက်တော့မှာပဲ”
ယာဉ်မောင်းနေရာမှ ဆန်းချန်းက ရှေ့တွင် စီတန်းနေသော တိတ်ဆိတ်မြို့တော် ယာဉ်တန်းကို ကြည့်ကာ တီးတိုးပြောလိုက်သည်၊၊
“ငါတို့ သူတို့နောက်ကနေ လိုက်မောင်းရုံပဲ၊၊ သေတာရှင်တာကတော့ ကံတရားပဲပေါ့”
“ဟုတ်တာပေါ့… မင်းအတွက်တော့ ပြောရတာ လွယ်လိုက်တာ”
ဟုလုရှို့သည် ထိန်းမရအောင် တုန်ရင်ကာ သွားချင်းရိုက်မိနေသည်၊၊