အခန်း (၇၀၀-၇၀၁)
Vol. 42 Ch. 700-701
Chapter 700
အမှောင်ထုထဲမှ ခမ်းနားကြီးကျယ်စွာ လွတ်မြောက်မှု ၄
“ဟူး… ငါက သေဘေးကနေ အကြိမ်ကြိမ်လွတ်လာတာကွ၊၊ ကပ်ဆိုးကနေ အသက်ရှင်ရင် ကံကောင်းတာတွေ လာဦးမှာတဲ့… ငါ့ကံဇာတာနဲ့ဆိုရင် ဒါကို သေချာပေါက်ကျော်ဖြတ်နိုင်ရမယ်”
ထို့နောက် သူက ရေဒီယိုကို ကိုင်ကာ သူ၏ ယာဉ်တန်းကို အော်ပြောလိုက်သည်။
“အားလုံးပဲ စိတ်ဓာတ်မကျကြနဲ့… တိတ်ဆိတ်မြို့တော်နဲ့ အနန္တရထားနောက်ကနေ လိုက်ခဲ့ကြ၊၊ ငါတို့ သေချာပေါက်အသက်ရှင်ရမယ်”
“ကောင်းပါပြီ”
…
ဘူတော့ရေကန်နက်၏ အစွန်းတွင်မူ ပေါင်းစည်းယာဉ်တန်းလမ်းကြောင်းသည် သန္ဓေပြောင်းအမှောင်သတ္တဝါများ၏ ဒီရေလှိုင်းအောက်တွင် နစ်မြုပ်နေပြီ ဖြစ်သည်။ မြွေကြီးကို ဖြေရှင်းပြီးနောက် လင်းရှန်သည် ရထားလမ်းတည်ဆောက်ရေးတွင် ချက်ချင်း ပါဝင်လိုက်သည်။
ပစ္စည်းများအားလုံး ရူးသွပ်စွာ ပျံထွက်လာပြီး မကြာမီမှာပင် မီတာဆယ်ဂဏန်းမျှ မြင့်မားသော အရှိန်မြှင့်လမ်းကြောင်းကြီး တည်ဆောက်ပြီးစီးသွားသည်။ ရထားလမ်းအဆုံး၏ ခပ်လှမ်းလှမ်းနေရာတွင်မူ အပြာရောင်နှင့် ခရမ်းရောင် လျှပ်စစ်လှိုင်းများလက်နေသော ပထမဆုံး စူပါကွန်ဒတ်တင်း သံလိုက်ကျောက်ဆူးစနစ် ရှိနေသည်။ ပြင်းထန်သော သံလိုက်စက်ကွင်းကြောင့် အသစ်တည်ဆောက်ထားသော လမ်းကြောင်းသည် တင်းအားကြောင့် သတ္တုမြည်သံများ ထွက်ပေါ်နေပြီး သတ္တုစများနှင့် ကျည်ခွံများသည် လေထဲတွင် လွင့်မျောကာ တွင်းနက်ကြီးတစ်ခုအတွင်းသို့ စုပ်ယူခံရသကဲ့သို့ ဖြစ်နေသည်။
“အသင့်ဖြစ်ပြီ… စတင်ဖို့ ပြင်ကြ၊၊ အမြန်ဆုတ်ကြတော့”
ရထားလမ်း၏ နောက်ဆုံးအပိုင်းကို အပြီးသတ်ပြီးနောက် လင်းရှန်က လူတိုင်းကို ချက်ချင်း အကြောင်းကြားလိုက်သည်။
“အမြန်ဆုတ်”
“ရထားပေါ် ပြန်တက်၊၊ ထွက်ခွာဖို့ ပြင်ဆင်ကြ”
“တိုက်ပွဲထဲမှာ အချိန်ဆွဲမနေနဲ့”
တစ်ခဏအတွင်းမှာပင် ရှေ့တန်းသို့ ဖြန့်ထားသော စစ်ကြောင်းသည် ရထားအခြေစိုက်စခန်းဆီသို့ လျင်မြန်စွာ ဆုတ်ခွာလာသည်။ ရှီတိယွမ်နှင့် လင်းရှန်တို့သည် ထိပ်တန်းတိုက်ခိုက်ရေးသမား ရာနှင့်ချီကို ဦးဆောင်ကာ ရထားဆီသို့ တိုက်ရင်း ဆုတ်ရင်း လာနေကြသည်။ ထိုသန္ဓေပြောင်းသတ္တဝါများသည် သတ္တုပစ္စည်းများကို စိတ်မဝင်စားသော်လည်း လူတိုင်းသည် ပစ်အားများကို ရထားလမ်းဆီသို့ ဆွဲခေါ်လာရမည်ကို သိနေကြသည်။
အကြောင်းမှာ မည်သည့် သတ္တဝါကမဆို အသစ်တည်ဆောက်ထားသော ရထားလမ်းကို ဖျက်ဆီးလိုက်ပါက သူတို့အားလုံး သေဘေးနှင့် ရင်ဆိုင်ရမည် ဖြစ်သောကြောင့်ပင်။
“ရထားလမ်းကို ကာကွယ်ကြ”
ထိုအချိန်တွင် ပေါင်းစည်းယာဉ်တန်းရှိ လူတိုင်းသည် တစ်သားထဲဖြစ်နေကြပြီး အချို့သည် ဧရာမ သန္ဓေပြောင်းသတ္တဝါများ ရထားလမ်းအနီးသို့ ချဉ်းကပ်လာသည်ကို မြင်သောအခါ အုပ်စုထဲမှ ရဲဝံ့စွာ ထွက်သွားပြီး သတ္တဝါများ၏ အာရုံကို လွှဲကာ ရထားလမ်းနှင့် ဝေးရာသို့ ဆွဲခေါ်သွားရင်း သတ္တဝါအုပ်ကြီးအတွင်း အနစ်နာခံသွားကြသည်။
“သောက်ကျိုးနည်း အမှိုက်ကောင်တွေ… မင်းတို့ဘဘဆီ လာခဲ့ကြစမ်း”
“လူစုခွဲ လူစုခွဲ”
“သူတို့ကို ပေါက်ကွဲပစ်လိုက်စမ်း… ဖာ့ခ်”
လူတိုင်း ပြင်းထန်သော ပစ်အားများကို ရူးသွပ်စွာ ထုတ်လွှတ်နေသည်။ လင်းရှန်သည် အနန္တရထား၏ အမိုးပေါ်သို့ ရောက်သွားပြီး သူ၏ ကျောရိုးတစ်လျှောက် အေးစက်မှုကို ခံစားလိုက်ရသည်။ သူ ရုတ်တရက် လှည့်ကြည့်လိုက်ရာ အဝေးရှိ ရေကန်နက်၏ အလွန်၊ အမှောင်ထုအတွင်း၌ ကောင်းကင်ကို ဖုံးလွှမ်းထားသော ဧရာမ တောင်တန်းကြီးကို တွေ့လိုက်ရသည်။ မရေမတွက်နိုင်သော အမှောင်မြူများလွင့်စင်သွားပြီးနောက် မြေပြင်မှ ကောင်းကင်သို့ ထိုးထွက်နေသော ဧရာမ ဆူးချွန်များနှင့် လက်တံရှည်ကြီးများကို တွေ့လိုက်ရသည်။
“သေစမ်း”
လင်းရှန်၏ မျက်လုံးများကျုံ့သွားသည်၊၊ ထိုအရာသည် သူ အစောပိုင်းက မြင်ခဲ့ရသည့် တွန့်လိမ်နေသော တောင်တန်းကြီး မဟုတ်လား။ ယခုမူ ထို တောင်တန်းကြီးက သူတို့ဆီ ရွေ့လာနေပြီ။
သူ ရထားအတွင်းသို့ ချက်ချင်း ပြန်ဝင်ကာ စခန်းအလယ်မှ ထူးဆန်းသော ကုဗတုံးကို သွားယူလိုက်သည်။ ထိုအချိန်တွင် လူတိုင်းနီးပါး ရထားပေါ်သို့ ပြန်ရောက်နေကြပြီဖြစ်ပြီး သန္ဓေပြောင်းသတ္တဝါများ၏ ဒီရေလှိုင်းကြီးသည်လည်း ပေါင်းစည်းယာဉ်တန်း၏ သံချပ်ကာများကို တိုက်ရိုက်လာရောက်ရိုက်ခတ်နေသည်။ တစ်ချိန်တည်းမှာပင် တွားတက်သံများ၊ ဆွဲဖြဲသံများ၊ ဟိန်းဟောက်သံများနှင့် သေနတ်များ၊ အမြောက်များ၏ ခုခံသံများမှာ ရှုပ်ထွေးစွာ ထွက်ပေါ်နေသည်။ လင်းရှန်မှာ ဦးခန်းထဲသို့ပင် မရောက်သေးမီ ရထားမှာ စတင်ထွက်ခွာနေပြီ ဖြစ်သည်။
ဝူး... ကလန် ကလန် ဂျုံး ဂျုံး..
ဧရာမ ဝေးလ် 03E ကြီးမားသော ဂတ်စ်တာဘိုင်အင်ဂျင်ကြီးသည် ဒေါသထွက်နေသော ခြင်္သေ့ကြီးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်ပြီး ကြီးမားလှသော ဆွဲအားကြီးထွက်ပေါ်လာရာ နောက်တွဲယာဉ်များသည် ဆက်တိုက်တုန်ခါသွားပြီး ရထားတစ်စင်းလုံး ပြင်းထန်စွာ လှုပ်ခါသွားသည်။
ရထားခေါင်းတွဲ၏ အပေါ်ဘက်တွင်မူ သန္ဓေပြောင်းသတ္တဝါများဖြင့် ပြည့်နှက်နေပြီး လက်သည်းများနှင့် ဆူးချွန်များက အနန္တ ရထား၏ သံချပ်ကာကို ရူးသွပ်စွာ တိုက်ခိုက်နေကြသည်။
ပြင်းထန်လှသော ဆွဲငင်အားအောက်တွင် ရထား၏ သံမဏိဘီးများသည် နက်ရှိုင်းစွာ နစ်ဝင်နေသော ရထားလမ်းများပေါ်၌ စတင်လှုပ်ရှားလာခဲ့သည်။
တဝူးဝူးအသံများနှင့်အတူ ရထားယာဥ်တန်း ၂၀ ၏ ဆွဲအားအင်ဂျင်အားလုံးသည် တစ်ပြိုင်နက်တည်း အားကုန်ထုတ်လိုက်ကြရာ မဂ္ဂါဝပ်သန်းပေါင်းများစွာရှိသော စွမ်းအင်များ ထွက်ပေါ်လာပြီး ၁၅ ကီလိုမီတာရှည်လျားသည့် ဤသံမဏိနဂါးကြီးကို အရူးအမူး အရှိန်မြှင့်တင်ပေးလိုက်သည်။ သံဘီးများမှ မီးပွင့်များ တဖျတ်ဖျတ်ထွက်နေပြီး ရထားတွဲများအကြား ရစ်ပတ်တွယ်ကပ်နေသည့် သန္ဓေပြောင်းသတ္တဝါအမျိုးမျိုးကို ဆွဲဖြဲပစ်လိုက်သည်။
[တွဲဆိုင်း သံချပ်ကာ ကြံ့ခိုင်မှု ၉၈%]
[မူလရထားလမ်းမှာ နက်ရှိုင်းစွာ နစ်မြုပ်နေသဖြင့် ဆွဲအားလျော့နည်းနေသည်]
ဘေးရှိ ဂရေ့စ်၏ အသံထွက်ပေါ်လာသည်။
[၁၂ ကီလိုမီတာအကွာတွင် ဧရာမသတ္တဝါတစ်ကောင်ကို ထောက်လှမ်းမိသည်၊ ရွေ့လျားနှုန်းမှာ...]
“ထိုးဖောက်တက်စမ်း”
လင်းရှန်သည် အံကြိတ်လျက် ယန္တရားနှလုံးသားကို အပြင်းအထန်လည်ပတ်စေလိုက်သည်။ ဟွမ်ရှင်း 7F အကြီးစား ဂက်စ်တာဘိုင်စက်ခေါင်း၏ ရေခဲခွဲဒိုင်းကာသည် လောင်ကျွမ်းနေသော မြေပြင်ကို ဖြတ်သန်းကာ ရှေ့ရှိ တိုးဝှေ့နေသော ထူးဆန်းသောသတ္တဝါဒီရေလှိုင်းကြီးကို ထိုးခွဲလိုက်သည်။ ပေါက်ကွဲထွက်လာသော ယန္တရားစွမ်းအားသည် လမ်းတစ်လျှောက်ရှိ သန္ဓေပြောင်းသတ္တဝါများကို ကြိတ်ခြေပစ်နေရာ အရိုးကျိုးသံများနှင့် အက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်နေသည်။ နောက်ဘက်ရှိ ရထားတွဲများထံမှလည်း သေနတ်သံများ တဒိုင်းဒိုင်းမြည်ဟည်းနေပြီး လူတိုင်း အသက်လုတိုက်ပွဲဝင်နေကြသည်။
ဝူး...
ရထားသည် အရှိန်ရလာပြီ ဖြစ်သည်။ အနန္တရထားသည် ရှေ့ဆုံးမှ ဦးဆောင်ကာ အသစ်တည်ဆောက်ထားသော သတ္တုမျက်နှာပြင်ပါ အရှိန်မြှင့်လမ်းကြောင်းထဲသို့ စတင်ဝင်ရောက်ပြီး နစ်မြုပ်နေသောမြေပြင်မှ ရုန်းထွက်လိုက်သည်။ ၎င်း၏ ကြီးမားလှသော အလေးချိန်သည် ကျယ်ပြန့်သော သတ္တုမျက်နှာပြင်ပေါ်သို့ ကျယ်လောင်စွာ ဖိနင်းလျက် မီးပွင့်များ၊ လျှပ်စီးများနှင့်အတူ ရှေ့သို့ ပြေးထွက်သွားသည်။
အရှိန်တဖြည်းဖြည်းမြန်လာသည်။
[မီတာ ၅၀၀ အတွင်း စူပါလျှပ်ကူးသံလိုက်စက်ကွင်း ကောင်းကင်လမ်းကြောင်းသို့ ဝင်ရောက်မည်]
မီတာ ၄၀၀။
လင်းရှန်၏ မျက်လုံးသူငယ်အိမ်များ ကျုံ့သွားသည်၊၊ ထိုလမ်းကြောင်းထဲသို့သာဝင်နိုင်လျှင် ကြီးမားသော သံလိုက်စွမ်းအားက ရထားကို ချက်ချင်း အရှိန်မြှင့်ပေးနိုင်ပြီး သတ္တဝါဒီရေလှိုင်းများထဲမှ ရထားတစ်စင်းလုံးကို ဆွဲထုတ်သွားနိုင်မည် ဖြစ်သည်။ ဤကဲ့သို့ မြန်နှုန်းမြင့် ဖိအားက ရထားတွဲများ၏ ချိတ်ဆက်မှုများကို ပျက်ယွင်းသွားစေနိုင်သော်လည်း ဤအခိုက်အတန့်အတွက် တွဲဆိုင်းအားလုံးကို အရေးပေါ် အားဖြည့်ပြင်ဆင်ထားပြီး ဖြစ်သည်။
မီတာ ၃၀၀။
မီတာ ၂၀၀။
မီတာ ၁၀၀။
ထိုအချိန်တွင် ရှေ့ဆုံးမှ အနန္တရထား၏ စက်ခေါင်းသည် အပေါ်သို့ ရုတ်တရက် မြင့်တက်သွားပြီး သံလိုက်လမ်းကြောင်းကို စတတ်လိုက်သည်။ ဤအရှိန်သည် ရထားကို အပေါ်သို့ ရောက်စေရန်သာ ဖြစ်သဖြင့် ဟွမ်ရှင်း 7F စက်ခေါင်း အပေါ်သို့ ထိုးတက်သွားစဉ် လမ်းကြောင်းတစ်ခုလုံးနှင့် အောက်ခြေရှိ သတ္တုတိုင်များသည် တဂျိဂျိမြည်ကာ တုန်ခါနေသည်။
တစ်ပြိုင်နက်တည်းမှာပင် ရထားရှေ့နှင့် ဘေးဘက်တွင် တွယ်ကပ်နေသော သန္ဓေပြောင်းသတ္တဝါများစွာ ပြုတ်ကျကုန်သည်။ ပေါင်းစည်းယာဥ်တန်းတစ်ခုလုံးသည် မွန်းစတားများ ဖုံးလွှမ်းနေသော နဂါးကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သတ္တဝါအုပ်ကြီးသည် မိုးသီးမိုးပေါက်များသဖွယ် ဘေးတစ်ဖက်တစ်ချက်စီသို့ ကျကုန်ကြသည်။
“ပစ်ခတ်မှုတွေရပ်… ပြတင်းပေါက်တွေပိတ်… မြဲအောင်ကိုင်ထားကြ”
အတက်လမ်းအတိုင်း မောင်းနှင်နေစဉ် လင်းရှန်သည် ယာဥ်တန်းအတွင်းရှိ လူတိုင်းကို ချက်ချင်း သတိပေးလိုက်သည်။
ထိုအခိုက်အတန့်တွင် ရှုချင်း၏ တိုက်ခိုက်ရေးအဖွဲ့မှ လော့ယန်အပါအဝင် လူတိုင်းသည် ပစ်ခတ်မှုများရပ်ပြီး အပေါက်များကို ပိတ်လိုက်ကြသည်။ ယာဥ်တန်းရှိ အခြားသူများလည်း ပြတင်းပေါက်များကို လုံအောင်ပိတ်ကာ သံတံခါးများကို ချ၍ သံချပ်ကာများကို မြဲမြံအောင် လုပ်ကြသည်။ ထောင်ပေါင်းများစွာသော လူများသည် မိမိတို့နေရာကို အသည်းအသန်ရှာဖွေနေကြပြီး အချို့က ကြိုးများကို ဆွဲကိုင်ကာ အချို့က လက်ရန်းများကို ဖမ်းကိုင်လျက် အချို့ကလည်း ကြိုတင်ပြင်ဆင်ထားသော လုံခြုံရေးခါးပတ်များကို ပတ်ထားလိုက်ကြသည်။
ဝုန်း...
ကောင်းကင်မှ ကြီးမားသော အသံကြီးနှင့်အတူ မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။ တောင်ကဲ့သို့ ကြီးမားသော အရိပ်ကြီးသည် ၎င်း၏ မွန်းစတားခြေထောက်တစ်ဖက်ကို နောက်ဘက်ရှိ ရေကန်နက်ထဲသို့ နင်းချလိုက်ရာ ချက်ချင်းပင် ဧရာမရေလှိုင်းကြီး ထွက်ပေါ်လာသည်။
Chapter 701
အမှောင်ထုထဲမှ ခမ်းနားကြီးကျယ်စွာ လွတ်မြောက်မှု ၅
မည်းနက်နေသောရေများလျှံတက်လာပြီး ရွှံ့နွံတောများနှင့် တောအုပ်များကို စတင်လွှမ်းမိုးလာသည်။
ထိုအချိန်တွင် စက်ဝိုင်းပုံစံရထားတန်းကြီးသည် တစ်ဝက်ခန့်သာ ထွက်ခွာရသေးသော်လည်း ရထားစက်ခေါင်းက အတက်လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
မီတာ ၅၀။
မီတာ ၂၀။
ထိုအခိုက်အတန့်တွင် အပြာရောင်လျှပ်စစ်တန်းများ တဖျတ်ဖျတ်လက်နေသည့် မတည်ငြိမ်သော စူပါလျှပ်ကူးသံလိုက်စက်ကွင်းလမ်းကြောင်းကို ရှေ့တွင် မြင်လိုက်ရသဖြင့် လင်းရှန်က ချက်ချင်း အော်လိုက်သည်။
“ဂရေ့စ်”
ဂရေ့စ်သည် ချက်ချင်း လှည့်လိုက်ပြီး စက်ခန်းအတွင်းရှိ အရန်ပိုင်းလော့လက်ကိုင်ကို ဖမ်းကိုင်လိုက်သည်။
ရှေ့ဆုံးမှ ဟွမ်ရှင်း 7F စက်ခေါင်းသည် လမ်းကြောင်းပေါ်မှ လွင့်ထွက်သွားပြီး ဘီးများမှာ လေထဲ၌ ပျံသန်းလျက် သံလိုက်စက်ကွင်းလမ်းကြောင်း၏ အလယ်ဗဟိုသို့ ဦးတည်သွားသည်။ ထိုအခိုက်တွင် ရထားခေါင်းအတွင်းရှိ သတ္တုအားလုံးမှာ အရပ်မျက်နှာအနှံ့မှ ဆွဲငင်ခြင်း ခံနေရပြီး ရထားတစ်စင်းလုံး ပြုတ်ထွက်တော့မည့်အတိုင်း ဖြစ်နေသည်။ ထိုအခိုက်အတန့်မှာပင် လင်းရှန်သည် ဖြန့်ကျက်ထားသော ကွိုင်များအတွက် စွမ်းအင်လမ်းကြောင်းကို ချက်ချင်းဖွင့်လိုက်သည်။
ဝှမ်းးး
ရထား၏ အပြင်ဘက်တွင် တပ်ဆင်ထားသော လေးကိုင်းပုံစံ ကွိုင်များသည် တောက်ပသော လျှပ်စစ်တန်းများ လက်ခနဲ ဖြစ်သွားပြီးနောက် ထိုလျှပ်စစ်တန်းများသည် လေထုကို ဖောက်ထွက်ကာ ဆွဲငင်အားဖွဲ့စည်းပုံများနှင့် စတင်ချိတ်ဆက်လိုက်သည်။ ထိုအခါ ရထားတစ်ခုလုံးကို ဆုတ်ဖြဲနေသော စွမ်းအားများသည် ချက်ချင်း ပျောက်ကွယ်သွားပြီး ရထားတွဲများအတွင်းရှိ သတ္တုမှုန်များသည် အပေါ်သို့ ပျံတက်ကုန်သည်။
သံလိုက်စက်ကွင်း တည်ငြိမ်သွားလေပြီ။
ထို့နောက် ရထားသည် လမ်းကြောင်းထဲသို့ အရှိန်ဖြင့်ဝင်သွားသည်။
လင်းရှန်သည် သူ့ကို ပြင်းထန်စွာ တွန်းထုတ်ခံရသကဲ့သို့ ခံစားလိုက်ရပြီး ယာဥ်မောင်းထိုင်ခုံပေါ်သို့ ဖိကပ်သွားသည်။ ထိုအခိုက်အတန့်၏ ဖိအားကြောင့် သူ၏ စိတ်ထဲတွင် ဗလာကျင်းသွားသလို ဖြစ်သွားပြီး နောက်တစ်စက္ကန့်တွင် အနန္တရထားသည် သံလိုက်စက်ကွင်းလမ်းကြောင်းထဲသို့ တိုက်ရိုက်တိုးဝင်သွားသည်။
ပြင်းထန်သော ဆွဲအားကြောင့် ဝေလုံရထားစက်ခေါင်းများ၏ ချိတ်ဆက်မှုများထံမှ စူးရှသော သတ္တုပွတ်တိုက်သံများ ထွက်ပေါ်လာပြီးနောက် ဆက်တိုက်တုံ့ပြန်မှုအဖြစ် ၂ ခုမြောက်တွဲ၊ ၃ ခုမြောက်တွဲ၊ ၄ ခုမြောက်တွဲမှသည် စုစုပေါင်း တွဲဆိုင်း ၅၀၀ ကျော်စလုံးမှာ ပေါက်ကွဲထွက်မတတ် အရှိန်နှင့်အတူ ပြေးထွက်သွားလေသည်။
“အား...”
နောက်တွဲများရှိ လူအားလုံးသည် ဤကြီးမားလှသော အရှိန်မြှင့်တွန်းအားကို ခံစားလိုက်ရသည်။ ရထားတွဲများ၏ အတွင်းပိုင်းတွင် အသံများမြည်နေပြီး လူတိုင်း မျက်နှာများဖြူလျော်ကာ အတော်များများသည် စက္ကန့်အနည်းငယ်မျှ သတိမေ့သွားကြပြီးမှ အသက်ရှူရခက်ခဲသော လေထုထဲတွင် ပြန်လည်နိုးထလာကြသည်။
သတိလစ်သွားသလိုဖြစ်ပြီးနောက် လင်းရှန်၏ အမြင်အာရုံများ ပြန်၍ ကြည်လင်လာသည်၊၊ ရှေ့ဘက် အမှောင်ထုထဲတွင် အပြာရောင်လျှပ်စစ်တန်းများ နောက်ဘက်သို့ တဖျတ်ဖျတ် လွင့်စင်နေသည်ကို မြင်လိုက်ရသည်၊၊ ၎င်းမှာ မြန်နှုန်းမြင့် တွင်းနက်တစ်ခုထဲသို့ ဝင်ရောက်သွားသကဲ့သို့ပင်။
ထိုအခိုက်တွင် ပေါင်းစည်းယာဥ်တန်း၏ အပြင်ဘက်တစ်ခုလုံးတွင် လျှပ်စစ်တန်းများစွာ လက်နေပြီး သံလိုက်လမ်းကြောင်းထဲသို့ ကျယ်လောင်သောအသံဖြင့် ဝင်ရောက်သွားသည်။ ဤအားကောင်းသော အရှိန်မြှင့်မှုအောက်တွင် ရထားတွဲအပြင်ဘက်ရှိ သန္ဓေပြောင်းသတ္တဝါများသည် လေထဲတွင် ဖြန့်ကျဲလိုက်သော ပန်းပွင့်များကဲ့သို့ ပြုတ်ကျကုန်ကြသည်။ သံမဏိနဂါးကြီးသည် ယခုအချိန်တွင် ဝေဟင်တွင် ပျံသန်းလျက် အဖြူရောင်မြို့သို့ ဦးတည်ကာ အရှိန်မြှင့်သွားနေပြီ ဖြစ်သည်။
သံလိုက်စက်ကွင်းလမ်းကြောင်းပစ်လွှတ်ခြင်း။
လင်းရှန်သည် ရထားတွဲအတွင်းရှိ လေထုသည် ပါးလွှာလာသဖြင့် အသက်ရှူရခက်ခဲလာသည်ကို ခံစားရသည်။ သူသည် လက်ရန်းကို မြဲမြဲဆုပ်ကိုင်ထားစဉ် စွမ်းအားဝတ်စုံက အမြန်နှုန်းနှင့် အကွာအဝေးကို တွက်ချက်ပေးနေသည်။
၆၀၀ ကီလိုမီတာ၊ ၈၀၀ ကီလိုမီတာ။
ယခုအခါ ပေါင်းစည်းယာဥ်တန်းသည် စီးပွားရေးလုပ်ငန်းသုံးလေယာဉ်တစ်စင်း၏ အမြန်နှုန်းနီးပါးသို့ ရောက်ရှိလာပြီ ဖြစ်သည်။ ပြင်းထန်သော လေထုပွတ်တိုက်အားနှင့် လေပြင်းများကြောင့် ရထားတွဲများ၏ အပြင်ဘက်ရှိ လက်ရန်းတိုင်များသည် တွဲဆိုင်းများကို တည်ငြိမ်အောင် ထိန်းသိမ်းရန် အပြင်းအထန် အလုပ်လုပ်နေရသည်။ ရထားတွဲအားလုံး ပြင်းထန်စွာ တုန်ခါနေပြီး စူးရှသော လေတိုးသံများကြောင့် နားထဲတွင် တဝီဝီမြည်နေသည်။
ဝေါ ဝေါ… ကလန် ကလန် ချွင် ချွင်
တစ်ချိန်တည်းမှာပင် ရထားတွဲများ၏ အပြင်ဘက် တည်ဆောက်ပုံများသည် ဤမျှမြင့်မားသော အရှိန်နှင့် လေဖိအားအောက်တွင် ပြုတ်ထွက်ကုန်သည်။ သံချပ်ကာပြားများ၊ သံတိုင်များနှင့် အစိတ်အပိုင်းအမျိုးမျိုးသည် ပြုတ်ကျကုန်ပြီး သတ္တဝါအမျိုးမျိုးသည်လည်း နှင်းပြိုသကဲ့သို့ လွင့်စင်ကုန်ကြသည်။ နောက်ဘက်ရှိ စူပါလျှပ်ကူးသံလိုက်စက်ကွင်းကိရိယာများသည် စတင်ပြိုလဲကျိုးပဲ့ကုန်ပြီး ဒိုမီနိုပြားများကဲ့သို့ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားရာ တောအုပ်အတွင်းရှိ မီးရောင်များ ဆက်တိုက်ငြိမ်းကျသွားသည်။
အမှောင်တောအုပ်အတွင်းရှိ သတ္တဝါဒီရေလှိုင်းသည်လည်း ဆက်လက်ကြီးထွားနေသည်။ ဤသန္ဓေပြောင်းသတ္တဝါများသည် ပေါင်းစည်းယာဥ်တန်းရှိ အဖွဲ့ဝင်များ၏ အမှတ်အသားကြောင့် ဆွဲဆောင်ခံရခြင်းလော သို့မဟုတ် နောက်ကွယ်မှ ဧရာမမွန်းစတားကြီး၏ မောင်းနှင်မှုကြောင့်လော မသေချာသော်လည်း ၎င်းတို့သည် ပြိုလဲနေသော သံလိုက်စက်ကွင်းကိရိယာများဆီသို့ ဒီရေလှိုင်းကဲ့သို့ အလုအယက်တိုးဝှေ့လာကြသည်။
ပေါင်းစည်းယာဥ်တန်း ဖြတ်သန်းသွားပြီးနောက် ကိရိယာအားလုံးသည် ၎င်းတို့၏တာဝန် ပြီးဆုံးသွားသကဲ့သို့ အစိတ်အပိုင်းများနှင့် သန္ဓေပြောင်းသတ္တဝါများ၏ တိုးဝှေ့မှုကြောင့် လဲပြိုကုန်သည်။
လင်းရှန်သည် အရှိန်မြင့်တက်လာသော ရထားကို ကြည့်ကာ ဂရေ့စ်ကို ကန့်သတ်ချက်များ ချိန်ညှိရန် ချက်ချင်း ညွှန်ကြားလိုက်သည်။
“ဂရေ့စ်၊၊ အရှိန်လျှော့တော့… ဒီအတိုင်း ဆက်သွားနေရင် ငါတို့ အကုန်ပြုတ်ထွက်ကုန်လိမ့်မယ်”
ရထား၏ သံချပ်ကာသည် ခိုင်မာသော်လည်း အားပြင်းသော လေစီးကြောင်းကြောင့် ရထားတွဲများ ပြုတ်ထွက်မသွားနိုင်ဟု မဆိုလိုနိုင်ပေ။
ဤပြုပြင်မွမ်းမံထားသော ကမ္ဘာပျက်ကပ်သုံးရထားများသည် အသံထက်မြန်သော အမြန်နှုန်းကို ခံနိုင်ရည်မရှိသည်မှာ ရှင်းနေသည်။
[အရှိန်ထိန်းချုပ်မှု လုပ်ဆောင်နေသည်၊၊ အဖြူရောင်မြို့ ရထားဘူတာသို့ ၄ မိနစ် ၃၆ စက္ကန့်အတွင်း ရောက်ရှိမည်ဟု ခန့်မှန်းရသည်]
ဝုန်း...
လင်းရှန်သည် ရှေ့မှ မြင်ကွင်းနှင့် လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မမြင်ရသဖြင့် အံကြိတ်လျက်သာ ဂရေ့စ်ကို ရထားထိန်းချုပ်မှု လွှဲပေးထားရသည်။ အရှိန်မြှင့်ပြီးနောက် အဖြူရောင်မြို့ ရထားလမ်းနှင့် ချိတ်ဆက်နိုင်ရန် အရှိန်ပြန်လျှော့ရမည် ဖြစ်သည်၊၊ သို့မဟုတ်ပါက ဤအမြန်နှုန်းဖြင့်ဆိုလျှင် အဖြူရောင်မြို့ရှိ ဆွေးမြေ့နေသော လမ်းကြောင်းများက ခံနိုင်ရည်ရှိမည်မဟုတ်သလို ပေါင်းစည်းယာဥ်တန်း၏ အရှိန်က လေယာဉ်ပျက်ကျသကဲ့သို့ ဖြစ်ကာ မိမိကိုယ်ကိုသတ်သေသလိုဖြစ်သွားပေမည်၊၊
“လူတိုင်း အခြေအနေသတင်းပို့ကြ”
“ကပ္ပတိန်လင်း… ကျွန်မတို့ အားလုံး အဆင်ပြေပါတယ်”
ရှုချင်း၊ တာလို့တို့အဖွဲ့ထံမှ အသံထွက်ပေါ်လာသည်။
“လုံခြုံပါတယ်”
လော့ယန်နှင့် အခြားသူများက အော်ပြောကြသည်။
“ကျွန်မတို့လည်း အဆင်ပြေပါတယ်”
တွဲအမှတ် ၁၀ တွင် လီယီနှင့် စွန်းယုကျန်းတို့သည် ကလေးတစ်အုပ်ကို ကာကွယ်ထားပြီး အားလုံးမှာ စိုးရိမ်တကြီး စုဝေးနေကြသည်။ မာရှောင်ထန်းသည် သူ့ညီမလေးကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး လက်တစ်ဖက်က ကုတင်လက်တန်းကို သေချာဆုပ်ကိုင်ထားသည်။
“ငါတို့အဆင်ပြေတယ်” ရှီတိယွမ်၏ အသံထွက်ပေါ်လာသည်၊၊
“ဟားဟား၊၊ တကယ်ကို ရင်ခုန်စရာပဲ၊၊ ရထားကို လေယာဉ်ပျံလို စီးရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး”
ထိုအချိန်တွင် အခြားအဖွဲ့များကလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်ဖြေကကြသည်။ ၎င်းတို့မှာ ခေတ္တမျှ လုံခြုံသွားပုံရသော်လည်း မည်သူမျှ နေလို့မကောင်းကြပေ။ ရထားတွဲများစွာတွင် နာကျင်စွာ ညည်းတွားသံများ ထွက်ပေါ်နေပြီး လူများသည် အန်ခြင်း၊ သတိလစ်ခြင်းများ ဖြစ်နေသည်။ သာမန်ရထားတွဲအချို့တွင်မူ ပုံပျက်မှုများ ဖြစ်ပေါ်နေပြီး မျက်နှာကျက်နှင့် ကြမ်းပြင်များတွင် အက်ကွဲကြောင်းများပေါ်နေသည်။
“နောက်တစ်မိနစ်နေရင် အရှိန်လျှော့ဖို့ ပြင်ထားပြီး သေချာကိုင်ထားကြ”
လင်းရှန်က အော်ပြောလိုက်သည်၊၊ သူ၏ အမြင်အာရုံထဲတွင် အမှောင်ထုသာဖုံးလွှမ်းနေပြီး သံလိုက်စက်ကွင်းမှ လျှပ်စစ်တန်းများမှလွဲ၍ ဘာမျှမမြင်ရပေ။ လုပ်ဆောင်ချက်အားလုံးသည် ဂရေ့စ်၏ ထိန်းချုပ်မှုအောက်တွင်သာရှိနေသည်။
အဖြူရောင်မြို့လမ်းမများသို့ ဝင်ရောက်သည့်အခါ ထူးဆန်းသောအရာတစ်ခုခုနှင့် မတိုက်မိပါစေနှင့်ဟုသာ သူ ဆုတောင်းနေမိသည်။ သို့မဟုတ်ပါက မားစ်ဂြိုဟ်က ကမ္ဘာမြေကို တိုက်မိသကဲ့သို့ ဖြစ်သွားမည်ဖြစ်ပြီး မြင်ကွင်းမှာ တကယ့်ကို ပျက်စီးခြင်းငရဲဖြစ်သွားလိမ့်မည်။
စိုးရိမ်စရာအခြေအနေက ဖြစ်မလာခဲ့ပေ။ စက္ကန့် ၃၀ အကြာတွင် သံလိုက်လမ်းကြောင်းပေါ်၌ ကောင်းကင်တွင် ပျံသန်းနေသော ပေါင်းစည်းယာဥ်တန်းက ရုတ်တရက် အရှိန်စတင်လျှော့ချလိုက်သည်။ လင်းရှန်၏ ကိုယ်လုံးသည် ရှေ့သို့ ငိုက်ကျသွားပြီး ပြတင်းပေါက် အပြင်ဘက်တွင် အဆောက်အဦး အရိပ်အယောင်များပေါ်လာကာ အပြင်ဘက်ရှိ သန္ဓေပြောင်းသတ္တဝါများ၏ စူးရှသော ဟိန်းဟောက်သံများနှင့်အတူ လေတိုးသံများက ပြင်းထန်စွာ ထွက်ပေါ်နေသည်၊၊
ထိုအခိုက်အတန့်တွင် ရှေ့ဘက်၌ ကြီးမားသော မီးတောက်တစ်ခု ပေါ်လာသည်။ လင်းရှန် မော့ကြည့်လိုက်ရာ ကောင်းကင်တွင် လုရှင်းချန် တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။
ခေါင်းလောင်းမျှော်စင်အပေါ်မှ ချန်ဆီရွှမ်သည် အဝေးမှ အရှိန်ဖြင့် ပျံသန်းလာသော ပေါင်းစည်းယာဥ်တန်းကို မြင်လိုက်သည်။
“သူတို့ ရောက်လာပြီ မြန်မြန်ပိတ်လိုက်တော့၊၊ ကီကီ”
သူမက ပြတ်သားစွာ ပြောလိုက်သည်။
“နားလည်ပြီ”
ကီကီသည် ချက်ချင်းပင် ရထားလမ်းဘူတာရှိ ချိတ်ဆက်ရေးကိရိယာဆီသို့ ပျံသန်းသွားသည်။ လွဲချော်မှု ရှိပါက သူမ၏ စိတ်စွမ်းအားဖြင့် ခနညှိယူပေးနိုင်ရန် ဖြစ်သည်။