← Chapters

အခန်း (၇၀၆-၇၀၇)

Vol. 42 Ch. 706-707

အခန်း (၇၀၆-၇၀၇)

Vol. 42 Ch. 706-707

Chapter 706

တွင်းနက်ကို ဖြတ်ကျော်ခြင်း ၄

တိတ်ဆိတ်မြို့တော်သည် သာမန် မိုးပျံမြို့ တစ်မြို့မဟုတ်ဘဲ ဒေါင်လိုက်အလွှာလိုက် တည်ဆောက်ထားသည့် အလွန်ကြီးမားသည့် ရွေ့လျားခံတပ်ကြီးတစ်ခုဖြစ်သည်၊၊ အဆောက်အအုံတစ်ခုလုံးကို ကြယ်အဆင့်-တိုက်ပွဲဝင်သင်္ဘောအများ၏ ပုံစံကို အခြေခံထားသော်လည်း သူ၏ အတိုင်းအတာက လူသားတို့ သမိုင်းတစ်လျှောက် တည်ဆောက်ခဲ့သည် စက်မှုလက်ရာများထက် အဆပေါင်းများစွာ သာလွန်သည်၊၊

လူပေါင်း တစ်သိန်းကျော် နေထိုင်သည် တိတ်ဆိတ်မြို့တော် အမှတ် ၂ သည် ယခုထိ ပြန်မလာသေးသော်လည်း ကျန်ခဲ့သောတိတ်ဆိတ်မြို့တော်၏ အတိုင်းအတာက မှန်းဆလို့မရနိုင်အောင် ကြီးမားလှသည်၊၊ အဓိကမြို့ကြီးတစ်ခုလုံးကို အလွှာပေါင်း ၈၆ လွှာကျော်ရှိတဲ့ အဓိက အစိတ်အပိုင်းလေးခုဖြင့် ဖွဲ့စည်းထားသည်၊၊ အပေါ်ဆုံးအလွှာသည် တိမ်စီရင်စုဖြစ်ပြီး အမိန့်ပေးဌာနချုပ် တည်ရှိရာနေရာဖြစ်သည်၊၊

ထိုနေရာတွင် မြို့တစ်ခုလုံး၏ အခြေအနေများကို အချိန်နဲ့တပြေးညီ ပြသနေသည့် ဟိုလိုဂရမ်ပုံရိပ်များရှိနေပြီး နည်းဗျူဟာပိုင်းမှ အရာရှိများနဲ့ စွမ်းအင်ထိန်းချုပ်မှု ကျွမ်းကျင်သူ ရာပေါင်းများစွာ အလုပ်လုပ်နေကြသော်လည်း အဓိကထိန်းချုပ်မှုကိုတော့ ရှင်းဂျီတစ်ယောက်တည်းကသာ လုပ်ဆောင်နေခြင်းဖြစ်သည်၊၊

နောက်တစ်ခုကတော့ သုတေသနနဲ့ အကယ်ဒမီဧရိယာဖြစ်ပြီး ရှင်းဂျီက ကမ္ဘာပျက်ကပ်အတွင်း၌ ၎င်းကို အိုင်ဗရီတာဝါအဖြစ် သတ်မှတ်ထားသည်၊၊ ထိုနေရာတွင် သီးခြားဂေဟစနစ်တစ်ခုရှိနေပြီး မျိုးရိုးဗီဇပြုပြင်ထားသည့် ကောက်ပဲသီးနှံများကို စိုက်ပျိုးထားသည်၊၊ ထို့အပြင် လူသားတို့၏ သိပ္ပံနယ်ပယ်အားလုံးနီးပါးကို လွှမ်းခြုံထားတဲ့ အဆင့်မြင့်သုတေသနဌာနများလည်း ရှိနေသည်၊၊ ထူးဆန်းသည့် သတ္တဝါများနဲ့ အမှောင်သုတေသနများ၊ တားမြစ်ပစ္စည်းများကိုလည်း ထိုနေရာမှာပဲ ထားရှိသည်၊၊ ရှင်းဂျီသည် ဒီဂျစ်တယ်အသက်ရှင်သန်ခြင်းစီမံကိန်းကိုလည်း မြို့မှာပင် ပေါ်တင်ဆောင်ရွက်နေသည်၊၊ တိတ်ဆိတ်မြို့တော်မှ သိပ္ပံပညာရှင်များနဲ့ နည်းပညာရှင်များသည် ၎င်းတို့၏ မှတ်ဉာဏ်များကို စနစ်တကျ သိမ်းဆည်းထားကြပြီး သေခြင်းတရားက မလွတ်မြောက်နိုင်ရင်တောင် တစ်နေ့တွင် ရှင်းဂျီလိုမျိုး ယန္တရားအသိစိတ်နဲ့ ပြန်လည်ရှင်သန်နိုင်ဖို့ မျှော်လင့်နေကြသည်၊၊

အနည်းဆုံးတော့ နာကျင်မှုနဲ့ အမှောင်ထုအတွက် စိုးရိမ်စရာ မလိုတော့ပေ၊၊

အလယ်လွှာသည် တိတ်ဆိတ်မြို့တော် အမှတ် ၂ အတွက် ဆိုက်ကပ်ရာနေရာဖြစ်ပြီး အဆင့်မြင့် ယဉ်ကျေးမှုထွန်းကားတဲ့ သံမဏိမြို့တော်ပုံစံမျိုး တည်ဆောက်ထားခြင်းဖြစ်သည်၊၊ တကယ်တော့ ၎င်းကို ကမ္ဘာပျက်ကပ်အတွက် သီးသန့်တည်ဆောက်ခဲ့ခြင်းမဟုတ်ဘဲ ဝမ်ယွဲ့မိသားစုက ရေရှည်စီမံကိန်းအတွက် မြို့အမှတ် ၁ နဲ့ ၂ ကို တည်ဆောက်ခဲ့တာ ဖြစ်သည်၊၊ အဓိကမြို့ကြီးသည် လေကြောင်းတိုက်ပွဲဝင် မိခင်သင်္ဘောကြီးလို ဆောင်ရွက်ပေးနိုင်တာကြောင့် မြို့အမှတ် ၂ ကို ကပ်ဘေးများမှ ကာကွယ်ပေးထားနိုင်သည်၊၊

အောက်ဆုံးအလွှာသည် တိတ်ဆိတ်မြို့တော်ရဲ့ စွမ်းအင်ဗဟိုချက်ဖြစ်ပြီး မြို့တစ်ခုလုံးအတွက် လိုအပ်တဲ့ စွမ်းအင်မျညးကို ထုတ်လုပ်ပေးသည့် နူကလီးယားပေါင်းစပ်ဓာတ်ပေါင်းဖိုကြီး ရှိနေသည်၊၊ တိတ်ဆိတ်မြို့တော်တွင် စုစုပေါင်း စွမ်းအင်ဗဟိုချက်ခြောက်ခုရှိသောကြောင့် အလွန်စွမ်းအားကြီးမားလှသည်၊၊

တစ်ချိန်တည်းမှာပင် အောက်ဘက်တွင် တိတ်ဆိတ်မြို့တော်၏ အဓိကစက်မှုဇုန်ရှိနေပြီး လက်နက်ခဲယမ်းများနှင့် တိုက်ပွဲဝင်စက်ရုပ်များကို ဆက်တိုက်ထုတ်လုပ်နေသည်၊၊

အနိမ့်ဆုံးအလွှာကိုတော့ အခြေခံကုန်ကြမ်းဧရိယာလို့ခေါ်ပြီး မြို့အတွက် လိုအပ်သည် ကုန်ကြမ်းများနဲ့ ရိက္ခာများကို သိုလှောင်ထားသည်၊၊ ထို့အပြင် အမှိုက်များနှင့် ပျက်စီးနေသည့် စက်ပစ္စည်းများကို အရည်ကျိုပြီး အရင်းအမြစ်အသစ်များအဖြစ် ပြန်လည်ထုတ်လုပ်သည့် နေရာလည်း ဖြစ်သည်၊၊

ပေါင်းစည်းယာဥ်တန်းသည် အောက်ဘက်က ဆိုက်ကပ်ကွင်းမှာ ဆိုက်ကပ်လိုက်သည်၊၊ ထိုနေရာတွင် ယာဉ်ပေါင်းသောင်းနဲ့ချီပြီး ထားရှိနိုင်သော နေရာဖြစ်သည်၊၊

ရှင်းဂျီက မြို့တော်အမှတ် ၂ ပြန်လည် ဆိုက်ကပ်နိုင်ရန်အတွက် တိတ်ဆိတ်မြို့တော်ကို လွင်ပြင်တစ်ခုမှာ ရပ်နားလိုက်သည်၊၊ ထိုနောက် ပေါင်းစည်းယာဥ်တန်းက အဓိကအဖွဲ့ဝင်များကို အပေါ်ဆုံးအလွှာကို ဖိတ်ကြားလိုက်သည်၊၊ သို့သော် လင်းရှန်သည် ယခုအချိန်တွင် အလွန်ပင်ပန်းနေပြီဖြစ်သည်၊၊ တွင်းနက်ထဲမှ လွတ်မြောက်လာပြီဖြစ်ရာ သူ ကောင်းကောင်းအနားယူချင်နေပြီ ဖြစ်သည်၊၊

တိတ်ဆိတ်မြို့တော်၏ ကာကွယ်မှုအောက်မှာ ရှိနေပြီဖြစ်သောကြောင့် လင်းရှန်သည် ပေါင်ချိန်ထောင်ချီသည် အလေးတုံးကြီးကို ပခုံးပေါ်မှ ချလိုက်ရသလို ခံစားလိုက်ရသည်၊၊

သူ အနန္တရထား အမှတ် ၁ ရထားတွဲထဲကို ပြန်လာပြီး ရေချိုးလိုက်သည်၊၊ ထို့နောက် ပြတင်းပေါက်မှ အောက်ဘက်ဆိုက်ကပ်ကွင်းတွင် ရပ်ထားသည့် ရထားများနဲ့ ယာဉ်များကို လှမ်းကြည့်ရင်း ကုတင်ပေါ်မှာ လှဲချလိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်၊၊

လင်းရှန်သည် လမ်းတစ်လျှောက်၌ သူ့ကိုစိတ်ဖိစီးစေခဲ့သော…ရထားလမ်းပျက်စီးခြင်းအန္တရာယ်၊ တွင်းနက်အုပ်စိုးသူ၊ S-Class မွန်းစတားများနှင့် အနီရောင်ထိတ်လန့်ဖွယ်သတ္တဝါများ… အမှောင်ကျူးကျော်မှုများ…ခဲယမ်းနဲ့ ခရီးစဉ်များသည် ယခုအချိန်တွင် စိတ်ပူစရာမလိုတော့ပေ၊၊

ယခု သူသည် အချိန်ကိုပင် မကြည့်နိုင်တော့ပေ၊၊ ကျိအန်းမြို့မှ စထွက်လာထဲက လင်းရှန်သည် ယခုလောက်အထိ စိတ်လက်ပေါ့ပါးမှုကို မခံစားခဲ့ရဖူးတာ အမှန်ပင်၊၊

ချန်ဆီရွှမ်နဲ့ ကီကီတို့သည် လင်းရှန် အလွန်ပင်ပန်းနေသည်ကို သိသောကြောင့် လာမနှောင့်ယှက်ကြပေ၊၊ အဖွဲ့ဝင်များကတော့ အပျော်လွန်နေကြသည်၊၊ လင်းရှန်ကလည်း သူတို့ကို လွတ်လွတ်လပ်လပ်သွားလာခွင့် ပေးထားလိုက်သည်၊၊ သူ လှဲချလိုက်သည်နဲ့ ပြင်းထန်သော ပင်ပန်းနွမ်းနယ်မှုများက လွှမ်းခြုံသွားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်၊၊

အေးစက်နေသော မိုးရေတစ်စက်က သူ့နဖူးပေါ်ကို ကျလာသည်၊၊

သူ မျက်လုံးဖွင့်ကြည့်လိုက်ရာ အရပ်ရှည်ပြီး လှပသော မိန်းကလေးတစ်ယောက်က လက်ပိုက်ပြီး ငုံ့ကြည့်နေသည်ကို မြင်လိုက်ရသည်၊၊ မိုးရေများက သူမ၏ ယန္တရားလက်မောင်းပေါ်ကနေတစ်ဆင့် စီးကျနေသည်၊၊

ချူယန်၊၊

သူမသည် ခေါင်မိုးပေါ်တွင် မှီနေသည့် လင်းရှန်ကို ထူးဆန်းသည့် အကြည့်နဲ့ ကြည့်လိုက်ပြီး စကားစပြောလိုက်သည်၊၊

အစပိုင်းတွင် သူဝိုးတိုးဝါးတားဖြစ်နေသည်၊၊

သို့သော် လင်းရှန်သည် သူမ၏ နှုတ်ခမ်းလှုပ်ရှားမှုကနေတစ်ဆင့် စကားလုံးများကို ချက်ချင်း သိလိုက်သည်၊၊

“နင်နောက်တစ်ခါ ပြန်ပေါ်လာပြန်ပြီ”

လင်းရှန် ထရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်၊၊ သူ မြို့တစ်မြို့ထဲ ရောက်နေသည်ကို သတိပြုမိလိုက်သည်၊၊

ကောင်းကင်မှ မိုးဖွဲလေးများကျနေပြီး နီယွန်မီးရောင်များက မိုးရေထဲတွင် တဖျတ်ဖျတ်လက်နေသည်၊၊ ပျက်စီးနေသည့် မြို့ကြီးထဲတွင် အသက်ရှင်ကျန်ရစ်သူများရှိနေသော သတ်မှတ်ထားသည့် နေရာတချို့တွင်သာ မီးလင်းနေပြီး ကျန်သည် အမှောင်ထဲတွင်တော့ ဖုတ်ကောင်များ သွားလာနေကြသည်၊၊

အကြောင်းရင်းကို အသေအချာမသိရသော်လည်း ထိုပုပ်ပွနေသည့် မျက်နှာများနှင့် လက်သည်းချွန်များရှိသော ဖုတ်ကောင်များကို မြင်ရသည်မှာ လင်းရှန်အတွက် ရင်းနှီးသလို ခံစားနေရသည်။

ချူယန်က လင်းရှန်ကို ကြည့်ပြီး မေးလိုက်သည်၊၊

“နင် တွင်းနက်ထဲကနေ လွတ်လာတာလား”

“မင်းက ဘယ်လို သိပြန်တာလဲ”

“ပုံမှန်ဆိုရင်တော့ နင်က အန္တရာယ်တွေ ကင်းသွားမှပဲ အိပ်တတ်တာလေ”

“ဒါကို မင်းက အိပ်တာလို့ ခေါ်တာလား”

လင်းရှန်က သူမကို ကူကယ်ရာမဲ့စွာကြည့်လိုက်သည်၊၊

“ငါ အိပ်မက်မက်နေတာတောင် မင်းနဲ့အတူ တာဝန်တွေ ထမ်းဆောင်နေရတုန်းပဲ”

ချူယန်က သူ့ကို တစ်ချက်ကြည့်သည်၊၊

“နင့်ရဲ့ အသိစိတ်က ငါနဲ့ လာချိတ်ဆက်နေတာလေ.. ငါခေါ်တာမဟုတ်ဘူး။ နင် ရှိနေတာက ငါ့တာဝန်ရဲ့ လျှို့ဝှက်ချက်ကို ထိခိုက်စေနိုင်တယ်”

လင်းရှန်လည်း ဘာပြန်ပြောရမှန်း မသိတော့သဖြင့် ပါးစပ်ပိတ်ထားလိုက်မိသည်။

တကယ်တော့ လင်းရှန်သည် ချူယန်၏ အဖွဲ့အစည်းနှင့် သူမ၏ သရုပ်မှန်ကို အတည်မပြုနိုင်သေးသဖြင့် သူမကို မယုံကြည်နိုင်သေးပေ။ သို့သော် သူတို့ကြားရှိ ထူးဆန်းသော ချိတ်ဆက်မှုကြောင့် အပြန်အလှန်စုံစမ်းနေကြရခြင်းဖြစ်သည်။

လင်းရှန် စကားမပြောဘဲ ငြိမ်နေသည်ကို မြင်သောအခါ ချူယန်က ပြောလိုက်သည်၊၊

“ငါ့ကို လာမနှောင့်ယှက်နဲ့”

လင်းရှန်က နောက်သို့ မှီပြီး ပြန်ပြောလိုက်သည်၊၊

“ငါလည်း မနှောင့်ယှက်ချင်ပါဘူး”

ချူယန်က စကားဆက်မပြောတော့ဘဲ ခုန်ထွက်သွားရာ သူမ၏ စွမ်းအားဝတ်စုံမှ ယန္တရားသံနှင့်အတူ မြို့၏ ညကောင်းကင်ယံထဲသို့ ပျံသန်းသွားသည်။ သို့သော် သူမ ဆင်းသက်လိုက်တိုင်း လင်းရှန်သည် ခွာ၍မရသော ကော်ကဲ့သို့ သူမ အနားတွင် ပြန်ပေါ်လာပြန်သဖြင့် ချူယန်က မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲတွင် တစ်မျိုးဖြစ်သွားသည်။

စိတ်စွမ်းအားရှင်တစ်ယောက်အနေဖြင့် ချူယန်သည် သူမ၏ စိတ်ပိုင်းဆိုင်ရာနှင့် ခံစားချက်များကို ထိန်းချုပ်နိုင်သော်လည်း လင်းရှန်နှင့် ချိတ်ဆက်နေသည့် ကိစ္စမှာမူ သူမအတွက် နားမလည်နိုင်စရာဖြစ်နေသည်။ ချူယန်က သူမ၏ ဆက်သွယ်ရေးစက်ကို ပိတ်ပြီး လင်းရှန်ကို မေးလိုက်သည်။

“ငါတို့ကြားမှာ ဘာလို့ ဒီလို ချိတ်ဆက်မှုတွေ ဖြစ်နေတာလဲဆိုတာ နင် မသိချင်ဘူးလား”

လင်းရှန်က မျက်လုံးမှိတ်ထားပြီး အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

“သိချင်တာပေါ့၊၊ ပြီးတော့ရော”

သူကတော့ ဤသည်မှာ ‘ဆွဲငင်အားမှန်ဘီလူး’ စွမ်းရည်ကြောင့်ဟု ထင်နေသည်။ ယခု တွင်းနက်ထဲတွင် ထိုစွမ်းရည်ကို အသုံးပြုပြီးနောက် ချူယန်ကို ပြန်မြင်ရခြင်းက သူ့အထင်ကို ပို၍ သေချာစေသည်။ သို့သော် ဘာကြောင့်လဲ ဆိုသည်ကိုမူ သူလည်း မသိပေ။

ချူယန်က အချိန်ကို ကြည့်လိုက်သည်၊၊

“ငါးမိနစ် အချိန်ပေးမယ်၊ ဒီကိစ္စကို အဖြေရှာဖို့ အချက်အလက်တွေ ဖလှယ်ကြရအောင်”

Chapter 707

တွင်းနက်ကို ဖြတ်ကျော်ခြင်း ၅

လင်းရှန် မျက်လုံးဖွင့်လိုက်သည်၊၊

“ကောင်းပြီ၊၊ ဒါဆို မင်း ဘာလို့ ငါ့အိမ်ကို ရောက်လာတာလဲဆိုတာ အရင်ပြောပြ”

“ကမ္ဘာ့အဆင့်သတ္တဝါ အမှတ် ၀၂ ဖြစ်တဲ့ မျောလွင့်နေတဲ့ အလောင်းကြီးနောက်ကို လိုက်နေတာ… နင်က ကျိအန်းမြို့မှာ အကြာကြီးနေလာတာဆိုတော့ တစ်ခုခုတော့ သိမှာပေါ့”

ချူယန်က ဆက်ပြောသည်၊၊

“ဒါ့အပြင် နင့်ရဲ့ ခိုလှုံရာနေရာမှာ စိတ်ဝိညာဥ်တုန်ခါမှုလှိုင်းတွေ မြင့်မားနေတာကို တွေ့ရတယ်။ အဲဒါကြောင့်လည်း ငါ လာစုံစမ်းတာပဲ”

လင်းရှန်သည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားသည်။ စိတ်ဝိညာဥ်တုန်ခါမှုလှိုင်းမြင့်မားသည်ဆိုသည်မှာ ကီကီကို ပြောခြင်းလော။

“အခု ငါ့အလှည့်ပဲ။ နင် ငါနဲ့ အသိစိတ်ချင်းချိတ်ဆက်သွားအောင် ဘယ်လိုစွမ်းရည်မျိုးကို သုံးခဲ့တာလဲ”

ချူယန်က လေသံမာမာဖြင့် မေးလိုက်သည်။

“ဒါကတော့... အင်း...”

လင်းရှန်မှာ ဘယ်လို ရှင်းပြရမှန်း မသိသဖြစ်နေသည်၊၊

“ငါကတော့ ဒါကို ဆွဲငင်အားမှန်ဘီလူးလို့ ခေါ်တယ်”

ထိုစကားကို ကြားလိုက်ရသည့်အခါ ချူယန်၏ မျက်နှာအမူယာ ချက်ချင်းပြောင်းလဲသွားသည်။

“နင် ဘာပြောလိုက်တယ်”

ချူယန်၏ အမူအရာကို ကြည့်ပြီး လင်းရှန်က တစ်ခုခုကို သတိထားမိသွားသည်၊၊

“ငါ့ရဲ့ စွမ်းရည်က ဆွဲငင်အားမှန်ဘီလူးလို့ ခေါ်တာလေ”

“မဖြစ်နိုင်တာ၊၊ နင်က ဒီလို လက်နက်မျိုးကို ဘယ်လိုလုပ်သုံးနိုင်မှာလဲ” ချူယန်က သူ့ကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်ရင်း မေးလိုက်သည်။

“လက်နက်” လင်းရှန်က သူမ၏ အသုံးအနှုန်းကို သတိပြုမိလိုက်သည်။

ချူယန် စကားဆက်မပြောတော့ဘဲ လင်းရှန်ကို ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်နေသည်။

“ယန္တရားစွမ်းအားရှင်ပေါ့၊၊ နင့်ရဲ့ စွမ်းအားက တကယ်ကို ထူးခြားတာပဲ”

“ကျေးဇူးပဲ”

လင်းရှန်ကမူ သူမ၏ စကားကို အပြုသဘောဖြင့်သာ မှတ်ယူလိုက်သည်။ သို့သော် ချူယန်၏ အမူအရာအရ သူမသည်လည်း ဤဆွဲငင်အားမှန်ဘီလူးအကြောင်းကို သိရှိနေပြီး ၎င်းမှာ စွမ်းအားတစ်ခုထက် လက်နက်တစ်ခုအဖြစ် သူမက သတ်မှတ်ထားသည်ကို သတိပြုမိလိုက်သည်။

ငါ့ရဲ့ ယန္တရားနှလုံးသားက ရရှိတဲ့ စွမ်းရည်တွေအားလုံးက တကယ်တော့ ယန္တရားလက်နက်တွေများလား…

သူမပြောသလို တွေးလိုက်မိသောအခါ လင်းရှန် အံ့သြသွားရသည်။ သုတေသနဌာနများနှင့် ထုတ်လုပ်ရေးစက်ရုံများဆိုသည်မှာ အကြောင်းမဲ့ ပေါ်ပေါက်လာခြင်း မဟုတ်ပေ။ သို့သော် ချူယန်တို့ အဖွဲ့အစည်းက ဤကဲ့သို့သော လက်နက်မျိုးများကို မည်သို့ ပိုင်ဆိုင်ထားသနည်းဆိုသည်ကိုလည်း သူ သိချင်နေမိသည်။

တွင်းနက်ထဲတွင် တည်နေရာကူးပြောင်းခြင်းများ၊ အချိန်နှေးသွားခြင်းများနှင့် အခြားထူးဆန်းသောအရာများကို ကြုံတွေ့ခဲ့ပြီးနောက် လင်းရှန်အတွက် အရာအားလုံးမှာ အဓိပ္ပာယ်ရှိလာသလို ခံစားရသည်။ အနီရောင်ကမ္ဘာပင် တွင်းနက်မှ နည်းပညာများရနိုင်လျှင် ချူယန်တို့ အဖွဲ့အစည်းလည်း တစ်ခုခုတော့ ရထားမည်မှာ အသေအချာပင်ဖြစ်သည်။

ချူယန်က သက်ပြင်းတစ်ချက် ချလိုက်ပြီး လင်းရှန်ကို သတိဖြင့်ကြည့်ကာ ပြောလိုက်သည်။

“စည်းကမ်းအရဆိုရင် ငါ နင့်ကို စုံစမ်းစစ်ဆေးဖို့ ခေါ်သွားသင့်တယ်။ ဒါပေမဲ့ အခုတော့ ငါ အဲဒီလို မလုပ်ချင်သေးဘူး”

“မင်းရဲ့ အဖွဲ့အစည်းက ငါ့ကို ဖမ်းပြီး သုတေသနလုပ်မှာ စိုးနေတာလား”

ချူယန်က ခေါင်းအသာယမ်းလိုက်သည်၊၊

“အာ့လိုလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ နင် တွင်းနက်ထဲကနေ ဘယ်လို လွတ်လာသလဲဆိုတာကိုလည်း ငါ သိချင်နေတယ်။ ပုံမှန်ဆိုရင် ဖီးနစ်က နင့်ဆီကို ရောက်နေလောက်ပြီ။ ဒါပေမဲ့...”

သူမက ခနရပ်လိုက်ပြီး “ကောင်းပြီလေ၊ ဒီလိုပဲ ဆက်သွယ်ကြတာပေါ့။ နင်က ယုံကြည်ရတဲ့သူ ဖြစ်ပါစေလို့ပဲ မျှော်လင့်ပါတယ်”

လင်းရှန်က အနည်းငယ် ပြုံးလိုက်ပြီး “စိတ်ချပါ၊ ငါက လူသားတွေဘက်ကပဲ”

ချူယန်က သူ့ကို တစ်ချက်ကြည့်၍ ဆက်သွယ်ရေးစက်ကို ဖွင့်လိုက်ကာ “စစ်ဆင်ရေး စပြီ”

ချက်ချင်းဆိုသလိုပင် သူမသည် မြို့၏ အရိပ်များထဲမှ အမြန်ဆုံး ပြေးထွက်သွားသည်။ မိနစ်အနည်းငယ်ကြာသောအခါ မြို့ပြင်ရှိ တံတိုင်းများနှင့် လျှပ်စစ်ခြံစည်းရိုးများ ကာထားသည့် စစ်တပ်အခြေစိုက်စခန်းတစ်ခုသို့ ရောက်သွားသည်။ လင်းရှန်၏ အသိစိတ်သည်လည်း ချူယန်နောက်မှ ပါသွားပြီး စခန်းထဲသို့ ကြည့်လိုက်သည့်အခါ သူ့တစ်ကိုယ်လုံး တောင့်တင်းသွားသည်။

စခန်း၏ အလယ်တွင် ကြီးမားလှသော မွန်းစတားကြီးတစ်ကောင်၏ အလောင်းတစ်ခုကို မီးမောင်းကြီးများဖြင့် ထိုးထားသည်ကို သူမြင်လိုက်ရသည်။ ထိုသတ္တဝါကြီး၏ ခန္ဓာကိုယ်မှာ အနည်းဆုံး မီတာ ၅၀၀ ကျော် ရှည်လျားပြီး ဒဏ်ရာများနှင့် ပြည့်နှက်နေသည်။

လူသားတို့၏ လက်နက်များဖြင့် အကြိမ်ကြိမ်တိုက်ခိုက်ခံထားရသည့် အထောက်အထားများသည် ခန္ဓာကိုယ်အနှံ့တွင် ရှိနေပြီး ဤသတ္တဝါကြီးကို သတ်ရန် လူသားများဘက်မှ အကျအဆုံးများခဲ့မည်မှာ အသေအချာပင် ဖြစ်သည်။

ဤသတ္တဝါကြီး၏ အရွယ်အစားအရ S-Class အဆင့် ရှိမည်မှာ သေချာပြီး ဦးခေါင်းတွင် မျက်လုံးမပါဘဲ ပါးစပ်ကြီးတစ်ခုသာ ရှိသည်။ ရင်ဘတ်တွင်လည်း တစ်ခုခုကို တူးထုတ်ခံထားရသကဲ့သို့ အပေါက်ကြီးများဖြစ်နေသည်။ ယခုအချိန်တွင် စခန်းထဲ၌ လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများသည် သတ္တဝါကြီး၏ အစိတ်အပိုင်းများကို သိမ်းဆည်းရန် အလုပ်ရှုပ်နေကြသည်။

လင်းရှန်၏ အံ့သြနေသောအမူယာကြောင့် ချူယန်က လေသံနိမ့်ကာပြောလိုက်သည်။

“ဒါက မနေ့ညက အာရုဏ်ဦးမြို့တော်ကို တိုက်ခိုက်ခဲ့တဲ့ S-Classအဆင့် မြူမီးခိုးမွန်းစတားကြီးပဲ။ မြို့တစ်မြို့လုံးမှာ လူပေါင်း သုံးသောင်းကျော် သေဆုံး ဒါမှမဟုတ် ဒဏ်ရာရခဲ့ပြီးမှ ဒါကို သတ်နိုင်ခဲ့တယ်။ ဒါက လူသားတွေ သတ်နိုင်ခဲ့တဲ့ ဒုတိယမြောက် S-Class အဆင့် သတ္တဝါပဲ”

“အာရုဏ်ဦးမြို့တော်လို လက်နက်အင်အားတောင့်တင်းတဲ့ မြို့တောင် လူသုံးသောင်းကျော် ဆုံးရှုံးခဲ့တာလား”

လင်းရှန်က အံ့သြတကြီး မေးလိုက်သည်။

အာရုဏ်ဦးမြို့တော်ဆိုသည်မှာ စီလန်မြို့နှင့် မတူပေ။ အင်အားချင်း အလွန်ပင် ကွာခြားလှသည်။

ချူယန်က လေးနက်စွာ ပြန်ပြောသည်၊၊

“ပထမအချက်က အာရုဏ်ဦးမြို့မှာ လူဦးရေ အရမ်းထူထပ်တယ်… အရုဏ်ဦးတံတိုင်းတစ်ခုရဲ့ အပြင်ဘက် မြို့ပြင်ရပ်ကွက်မှာတင် လူပေါင်းသန်းတစ်ရာလောက်ရှိနေတယ်။ စွန့်ပစ်ခရိုင်ထဲမှာတင် လူက သုံးသန်းကျော်နေပြီဆိုတော့ မြို့တွင်းပိုင်းနဲ့ မြေအောက်မြို့တော်ထဲမှာဆိုရင်တော့ ပြောမနေနဲ့တော့…. ဒုတိယအချက် နင်က S-Class အဆင့်မွန်းစတားရဲ့ ဖျက်ဆီးနိုင်စွမ်းကို လျှော့တွက်ထားတာပဲ။ သူ့မှာ အမှောင်ဒိုင်နမေးရှင်းအလွှာက ကာကွယ်ရေးစွမ်းအင်တွေရှိနေတော့ အမြင့်ဆုံးဗို့အားပြင်း လျှပ်စစ်သံလိုက်အမြောက်တွေတောင် သိပ်ပြီး အရာမထင်ဘူး”

“ဒါဆို ဘယ်လို သတ်လိုက်တာလဲ”

ချူယန်၏ မျက်ဝန်းများ ဖျတ်ခနဲ လက်သွားသည်၊၊

“ငါတို့ သူ့ကိုအားကုန်သွားအောင် လုပ်လိုက်တာပဲ။ အဲဒီကာကွယ်ရေးအလွှာက အကန့်အသတ်မရှိတာမဟုတ်ဘူး။ ဒါပေမဲ့ အဲဒီအလွှာမရှိရင်တောင် သူ့ရဲ့ အရေပြားကို ဖောက်ဖို့က သာမန်လက်နက်တွေနဲ့ မရဘူး”

လင်းရှန် စိုးရိမ်သွားသည်။ သူ တစ်ခုခုထပ်မေးရန် ပြင်နေစဉ်မှာပင် ကြီးမားသော သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းက သတ္တဝါကြီး၏ လက်သည်းအရိုးကြီးကို သယ်၍ ပျံသန်းသွားသည်။ ထိုလေယာဉ်ပေါ်တွင် အနီရောင်ကမ္ဘာ၏ တံဆိပ်ကို မြင်လိုက်ရသဖြင့် သူ မျက်မှောင်ကြုတ်သွားသည်၊၊

“အနီရောင်ကမ္ဘာလား… သူတို့ ဘာလုပ်နေတာလဲ”

ချူယန်က ခေါင်းခါလိုက်သည်၊၊

“ငါတို့နဲ့ ဖီးနစ်လည်း အဲဒါကို သိချင်နေတာပဲ”

ထိုအချိန်တွင် လင်းရှန်က လှည့်ကြည့်လိုက်သောအခါ သတ္တဝါကြီး၏ အလောင်းမှ အမည်း‌ရောင်အငွေ့များ ထွက်လာပြီး သတ္တဝါကြီးက ရုတ်တရက် ပြန်ထလာသကဲ့သို့ ခံစားလိုက်ရသည်။ ကြီးမားလှသော ဦးခေါင်းကြီးက သူ့ထံသို့ ပြိုကျလာသလိုမျိုး မြင်လိုက်ရသဖြင့် လင်းရှန် အသက်ရှူရပ်မတတ် ထိတ်လန့်သွားခဲ့သည်။

“ဟာမ်..”

အနန္တရထား၏ အမှတ် ၁ ရထားတွဲထဲတွင် လင်းရှန် ထိုင်လျက်သား နိုးလာသည်။ အတန်ကြာမှ သူ ခုနက မြင်လိုက်ရသည်မှာ အာရုံခြောက်ခြားမှုတစ်ခုသာဖြစ်ကြောင်း သိလိုက်ရသည်။ အပြင်ဘက်တွင်မူ တိတ်ဆိတ်မြို့တော်ကြီးတစ်ခုလုံး တုန်ခါနေပြီး ကျယ်လောင်စွာ မြည်ဟည်းနေသည်။ လင်းရှန် ချက်ချင်းပင် ထကြည့်လိုက်သောအခါ ကောင်းကင်ယံတွင် မီးရောင်စုံများဖြင့် ခမ်းနားသောမြို့တော်ကြီးတစ်ခု ပျံဝဲနေပြီး အဓိကမြို့ကြီးနှင့် လာရောက် ပူးပေါင်းရန် ပြင်နေသည်ကို မြင်လိုက်ရသည်။

တိတ်ဆိတ်မြို့တော် အမှတ် ၂ ရောက်လာပြီ ဖြစ်သည်။

All Chapters