← Chapters

အခန်း (၇၁၀-၇၁၁)

Vol. 42 Ch. 710-711

အခန်း (၇၁၀-၇၁၁)

Vol. 42 Ch. 710-711

Chapter 710

စူပါစထရင်း နူဓာတ်ပြုအဆင့်သက်တန့်ကွင်း ၃

“ဒါပေမဲ့ ဒီစွမ်းအားကို ထိန်းသိမ်းထားနိုင်မယ့် ပစ္စည်းမျိုး အခုထိ မတွေ့သေးဘူး၊၊ ဒါကြောင့် ဒါက သွေးပဲစေ့နဲ့ အမှောင်ထုထဲမှာပဲ တည်ရှိနေတာပဲ”

“ဒါဆို အာရုဏ်ဦးမြို့တော်က သွေးပဲစေ့တွေ ပိုပြီးစုဆောင်းချင်နေတာလား၊၊ သူတို့ တကယ်ပဲ ၉၅ ရာခိုင်နှုန်းအထိ သန့်စင်နိုင်လို့လား”

ချန်ဆီရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။

“မဖြစ်နိုင်တာ”

ကီကီက လုံးဝ မယုံကြည်နိုင်ပေ၊၊

“ဒါက အလိမ်အညာတစ်ခုနဲ့ တူတယ်”

“ကျွန်မလည်း အဲဒီလိုပဲ ထင်တယ်၊၊ ဒါက အရမ်း လွန်လွန်းတယ်”

ရှားရှားက ထောက်ခံသည်။

တင်းကျန်းရီက လက်ကို အိတ်ကပ်ထဲထည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“သီအိုရီအရပြောရရင်တော့ အမှောင်ညစ်ညမ်းမှုကို ၉၅ ရာခိုင်နှုန်းအထိ သန့်စင်နိုင်မယ်ဆိုရင် လူသားတွေက အမှောင်ထုထဲမှာ အသက်ရှင်နိုင်ပြီလို့ အဓိပ္ပာယ်ရတယ်၊၊ ‘သန္ဓေပြောင်းလဲခြင်း’ ကူးစက်မှုကို လုံးဝ ရပ်တန့်နိုင်ပြီး သန့်ရှင်းတဲ့ ရေနဲ့ အစားအစာတွေကို ရနိုင်လိမ့်မယ်၊၊ ထူးဆန်းတဲ့သတ္တဝါတွေလို ဇီဝကပ်ဘေးတွေကို ထည့်မတွက်ဘူးဆိုရင် ဖက်ဒရေးရှင်းရဲ့ မြေအောက်မြို့တော်က လူသားမျိုးနွယ်အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်လာလိမ့်မယ်”

“အော်...”

ကီကီက သူမ၏ ဆုံလည်ကုလားထိုင်ပေါ်တွင် ယိမ်းထိုးရင်း ပြောလိုက်သည်။

“ကျွန်မ ပြောသားပဲ၊၊ ဒါက သူတို့ကိုယ်သူတို့ လူသားမျိုးနွယ်ရဲ့ အလင်းရောင်လို့ ကြွေးကြော်ချင်ရုံသက်သက်ပဲ၊၊ ဒါပေမဲ့ ကျွန်မ နားမလည်တာတစ်ခုက အာရုဏ်ဦးမြို့တော်ထဲက လူတွေက ဒါကို ယုံကြမှာလား”

“အင်း... အာရုဏ်ဦးမြို့တော်ထဲက လူတွေ ယုံမယုံက အရေးမကြီးပါဘူး”

ပုံမှန်ဆို စကားနည်းသော တာလို့က အဓိကအမှန်တရားကို ပြောလိုက်သည်။

“ဒါက မြို့ထဲကို မဝင်ရသေးတဲ့သူတွေနဲ့ မြို့ဝင်ကြေး မပေးရသေးတဲ့သူတွေကို ရည်ရွယ်ပြီး ပြောတာပဲ ဖြစ်ရမယ်”

လင်းရှန်က ခပ်တိုးတိုး ရယ်လိုက်ပြီး “ဟုတ်တယ်၊ ဒါက ဈေးတက်ဖို့ ဆင်ခြေပေးတာပဲ”

“ဂရေ့စ်၊၊ မင်းကော ဘယ်လိုထင်လဲ”

လင်းရှန်က ဂရေ့စ်ကို ကြည့်လိုက်သည်။

[ကျိုးကြောင်းဆီလျော်စွာ သုံးသပ်ရလျှင် အာရုဏ်ဦးမြို့တော်က အမှောင်ညစ်ညမ်းမှုကို ၉၅ ရာခိုင်နှုန်း သန့်စင်နိုင်ပြီဆိုရင် ဒါက လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် သတင်းကောင်း ဖြစ်ပါတယ်]

ဂရေ့စ်၏ စကားကြောင့် အားလုံးက သတိပြန်ဝင်လာကြသည်။

“အဲဒါလည်း ဟုတ်တာပဲ...”

[လက်ရှိ လူသားမျိုးနွယ် ရင်ဆိုင်နေရသော အခက်အခဲများကို အမျိုးအစား ၃ ခု ခွဲခြားနိုင်ပါသည်၊၊ ပထဆုံး- ကမ္ဘာတစ်ဝန်းရှိ တွင်းနက် ၁၃ ခုမှ ဝင်ရိုးစွန်းညအချိန်တွင် ပျံ့နှံ့လာသော အမှောင်ညစ်ညမ်းမှုများဖြစ်ပါသည်၊၊ ၎င်းသည် လူသားများ သန္ဓေပြောင်းခြင်း၊ အပင်များ သေဆုံးခြင်း၊ ရေထု ညစ်ညမ်းခြင်းနှင့် တခြားသော မျိုးသုဉ်းပျောက်ကွယ်မှု ဖြစ်ရပ်များ၏ အဓိကအကြောင်းရင်းဖြစ်ပါသည်၊၊ တစ်ချိန်တည်းမှာပင် ၎င်းသည် စွမ်းအားရှင်များဖြစ်ပေါ်လာခြင်းနှင့် မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲခြင်းအတွက် လှုံ့ဆော်မှုလည်း ဖြစ်ပါသည်၊၊ ထို့ကြောင့် အမှောင်ထုကို အသေးစိတ်သုတေသနပြုခြင်းက စွမ်းအားရှင်များ ဆင့်ကဲပြောင်းလဲမှုအကြောင်းရင်းကို ရှာဖွေရုံသာမက ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်ရန် လူသားတို့၏ ရှင်သန်မှု အကျပ်အတည်းကို ဖြေရှင်းရန်လည်း ဖြစ်ပါသည်]

[ဒုတိယ- ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးများ၊ တွင်းနက်သတ္တဝါများနှင့် အမှောင်ထုထဲရှိ ထူးဆန်းသောသတ္တဝါများအပါအဝင် လူသားမဟုတ်သော မျိုးစိတ်များအားလုံး၏ ခြိမ်းခြောက်မှု ဖြစ်ပါသည်၊၊ အမှောင်အမှတ်အသားကို ရှာဖွေတွေ့ရှိပြီးနောက် လူသားများသည် ရန်သူ၏ တိုက်ခိုက်မှုပုံစံများကို အပေါ်ယံအားဖြင့် နားလည်လာကြပြီး အစပိုင်းကဲ့သို့ သတိလက်လွတ်ထွက်ပြေးနေရမည့်အစား ရှောင်တိမ်းရန်အတွက် တမင်တကာ ငြိမ်သက်ခြင်းအခြေအနေသို့ ပြောင်းလဲခြင်းဖြင့် ရှင်သန်မှုအခြေအနေကို ပြောင်းလဲနိုင်ခဲ့ပါသည်]

[တတိယ- ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံလာသော တွင်းနက်၏ ဝင်ရိုးစွန်းညတိုးချဲ့လာခြင်း ဖြစ်ပါသည်၊၊ တွင်းနက် အမှတ် (၅) ၏ စုံစမ်းစစ်ဆေးမှုရလာဒ်များအရ ၎င်းသည် အပြာရောင်ဂြိုလ်ပေါ်ရှိ စကြဝဠာထဲက သက်ရှိများ၏ ဂြိုဟ်အသွင်ပြောင်းစီမံကိန်းတစ်ခုနှင့် တူပါသည်၊၊ လူသားများတွင် လက်ရှိ၌ ခုခံနိုင်စွမ်း မရှိသေးဘဲ ၎င်းမှာ နောက်ပြန်မလှည့်နိုင်သော အခြေအနေ ဖြစ်ပါသည်၊၊ အကြောင်းမှာ ကမ္ဘာကြီးတစ်ခုလုံးကို တွင်းနက်က ဝါးမျိုလိုက်ပါက လူသားများသည် အမှောင်ထုနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်ခဲ့လျှင်တောင်မှ ထူးဆန်းသောသတ္တဝါများ၏ အမဲလိုက်ခြင်းကို ရင်ဆိုင်ရမည်ဖြစ်ပြီး အမှတ်အသားများကို ရှောင်လွှဲနေခြင်းမှာလည်း အဓိပ္ပာယ်ရှိတော့မည် မဟုတ်ပါ]

[အခြေနေအားလုံးကို သုံးသပ်ရလျှင် လူသားများအတွက် လက်ရှိ အကောင်းဆုံးရှင်သန်မှုအစီအစဉ်မှာ ကြယ်စင်စုများကို ဦးတည်ပြီး ထွက်ပြေးရန် ဖြစ်ပါသည်၊၊ လက်ရှိ နည်းပညာတွင် ဂလက်ဆီအတွင်း ခရီးနှင်နိုင်သော အေးခဲအခန်းနည်းပညာ ရှိနေပါသည်]

ဂရေ့စ်က လင်းရှန်ကို ကြည့်ကာ ယန္တရားအသံဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။ [ဂလက်ဆီအတွင်း ခရီးနှင်ခြင်းသည် လူသားမျိုးနွယ်၏ မျိုးစေ့ကို ထိန်းသိမ်းရန်အတွက် နောက်ဆုံးဖြေရှင်းချက်ဖြစ်ပါသည်]

[နောက်ဆုံး စီမံကိန်း]

….

စက်တင်ဘာ ၉ ရက်၊၊ ကမ္ဘာပျက်ကပ်ပြီးနောက် ၁၀၃ရက်မြောက်နေ့၊ နံနက် ၃:၄၅ နာရီ၊၊

လုလင်တောအုပ်၏ တောရိုင်းနယ်မြေအစပ် ကြယ်ရောင်အလင်းနှင့် ညဉ့်ကောင်းကင်အောက်တွင် တောင်တစ်လုံးကဲ့သို့ ကြီးမားလှသော ရွေ့လျားယန္တရားမြို့တော်ကြီးသည် ခြောက်ကပ်နေသော တောအုပ်ကြီးကို နင်းခြေဖျက်ဆီးရင်း ရပ်တန့်နေ၏။ ၎င်း၏ တောင်တန်းကြီးသဖွယ် သံလမ်းများက မီတာပေါင်းများစွာ ကျယ်ဝန်းသည့် မြောင်းနက်ကြီးများကို ချန်ရစ်ခဲ့သည်။ မြို့တော်၏ အလွှာပေါင်းစုံ ကိုယ်ထည်ပေါ်တွင် တပ်ဆင်ထားသည့် ရေဒါများနှင့် ကာကွယ်ရေးလက်နက်များသည် ၂၄ နာရီပတ်လုံး အမြဲနိုးကြားလျက်ရှိသည်။

ကောင်းကင်ထက်တွင် အမျိုးမျိုးသော အလင်းပြန်စနစ်များနှင့် ဒရုန်းများက ကင်းလှည့်နေကြပြီး မြောက်မြားလှစွာသော ပေါင်းစပ်လက်နက်များ၊ ဖိအားမြင့်ကာကွယ်ရေး လျှပ်စစ်ကွန်ရက်များ၊ ပြင်ပမှ ကျူးကျော်တက်ရောက်ခြင်းကို တားဆီးရန် ပလာစမာဖြတ်တောက်ရေး ကြိုးတန်းများ ရှိနေသည်။ ကိုယ်ထည်၏ ဘေးတစ်ဖက်တစ်ချက်တွင်မူ ဂြိုဟ်ပတ်လမ်းကြယ်တာယာအဆင့် အမြောက်ကြီးလေးခုက အနိမ့်စားကြိမ်နှုန်းဖြင့် အသင့်အနေအထားရှိနေသည်။ ဤအရာများက မရေမတွက်နိုင်သော ကင်းစောင့်စနစ်များ၊ စောင့်ကြည့်ရေးဝန်ထမ်းများနှင့် လက်နက်ကိုင် တိုက်ခိုက်ရေးသမားများနှင့် ပေါင်းစပ်လိုက်သောအခါ ခံတပ်ကြီးတစ်ခုသဖွယ် ကာကွယ်ရေးစနစ်ဖြစ်လာလေသည်။

လင်းရှန်သည် ကီကီနှင့် ချန်ဆီရွှမ်တို့ကို ခေါ်ဆောင်ကာ အပေါ်ကုန်းပတ်သို့ တက်လာခဲ့သည်။ ညလေပြင်းများ တိုက်ခတ်နေသည့် မြင့်မားသော တောင်ကုန်းသဖွယ် သံမဏိကင်းစောင့်တဲတစ်ခုဘေးတွင် သူတို့ရပ်နေကြသည်။ မီတာရာပေါင်းများစွာ မြင့်မားသည့် ဤနေရာမှ ကြည့်လျှင် တစ်ဖက်တွင် မှောင်မည်းသော ကောင်းကင်အောက်ရှိ ကျယ်ပြောလှသော မြေပြန့်လွင်ပြင်ကြီးကို မြင်ရပြီး အခြားတစ်ဖက်တွင်မူ မိုးကုတ်စက်ဝိုင်းကို ဖြတ်တောက်ထားသည့် အမှတ် ၅ တွင်းနက်၏ ဒီရေအစွန်းအဖျားကို ထူးခြားဆန်းကြယ်စွာမြင်တွေ့ရသည်။

“မီတာတစ်သောင်းအမြင့်မှာ ကောင်းကင်အကာကွယ်ရှိတယ်ဆိုပေမဲ့ မျက်စိနဲ့တော့ မြင်ဖို့ မဖြစ်နိုင်ဘူးထင်တယ်”

ကီကီက ကောင်းကင်ကို မော့ကြည့်ရင်း ပြောလိုက်သည်။

“ကြားတာတော့ အာရုဏ်ဦးမြို့တော်က အဲဒါကို ဖောက်ထွက်ဖို့ ကြယ်သင်္ဘောတွေကို အခွင့်သာတိုင်းစမ်းလွှတ်တယ်တဲ့၊၊ ဒါပေမဲ့ အကုန်ကျရှုံးတာပဲ”

“အစတုန်းကတော့ တွင်းနက်နဲ့ အမှောင်ကျူးကျော်မှုတွေကြောင့် ဆက်သွယ်ရေးတွေ ပြတ်တောက်ကုန်တာလို့ ထင်ခဲ့တာ”

ချန်ဆီရွှမ်က တည်ငြိမ်စွာ ပြောလိုက်သည်၊၊

“အရင်က ယူပေမှာတုန်းက ဝေ့ကီရှုပြောတာ မှတ်မိသေးတယ်၊၊ မြေပြင်ထက် ကောင်းကင်က ပိုအန္တရာယ်များတယ်တဲ့… ကောင်းကင်မှာ ပိုကြောက်စရာကောင်းတဲ့ သတ္တဝါတွေ ရှိနေတာလို့ပဲ ထင်ခဲ့တာ”

“လုံးဝမသိရသေးတဲ့ အခြေအနေမှာ ပျံသန်းတာက အရမ်းအန္တရာယ်များတယ်”

လင်းရှန်က အေးစက်နေသော သတ္တုလက်တန်းကို ဆုပ်ကိုင်ရင်း အောက်ဘက်ရှိ ကြီးမားသော မြို့ကြီးနှင့် မီးမောင်းများအောက်က မှောင်ပိန်းနေသောတောအုပ်ကြီးကို ကြည့်ကာ ပြောလိုက်သည်။

“တိတ်ဆိတ်မြို့တော်နဲ့ ဖီးနစ်မြို့တော်လိုမျိုး ကြီးမားတဲ့ ပျံသန်းရေးယာဉ်တွေအတွက်တောင် အဓိကပြဿနာတစ်ခုရှိနေသေးတယ်၊၊ အဲဒါက ဘယ်ကိုပျံသန်းမလဲဆိုတာပဲ”

ကမ္ဘာတစ်ခုလုံးတွင် လုံးဝလုံခြုံသောနေရာဟူ၍မရှိတော့ပေ။ ဦးတည်ချက်မရှိတော့သည့်အတွက် အားလုံးသည် တွင်းနက်၏ နယ်မြေချဲ့ထွင်မှုကနေ ထွက်ပြေးနေကြရသည်။ မြန်မြန်ပျံနိုင်ခြင်း၊ အမြင့်ပျံနိုင်ခြင်း ဒါမှမဟုတ် လေထဲမှာ နေနိုင်တာတွေက မြေအောက်ခန်းထဲမှာ ပုန်းနေခြင်းလောက်တောင် မလုံခြုံပေ၊၊ ထို့ကြောင့်လည်း တိတ်ဆိတ်မြို့တော်က ပျံသန်းနိုင်စွမ်းရှိသော်လည်း မြေပြင်ခရီးကိုပဲ အဓိကရွေးချယ်ခဲ့ခြင်းပင်၊၊

အမှန်တကယ်တော့ တိတ်ဆိတ်မြို့တော်မှလွဲ၍ ဤမျှကြီးမားသည်ါ မြေပြင်သွားယာဉ်ဆိုသည်မှာ ကမ္ဘာပေါ်၌မရှိပေ။ အာရုဏ်ဦးဗဟိုစင်တာမှ အခြေစိုက်ယာဉ်ကြီးများတောင် မယှဉ်နိုင်ပေ။

“ဟေး.. ညီလေးလင်း.. မင်းက ဒီမှာကိုး”

ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသဖြင့် လင်းရှန် လှည့်ကြည့်လိုက်ရာ ရှီတိယွမ်၊ နန်ကျင်းတို့နှင့်အတူ ချီလီ၊ မိုနီကာတို့ကို တွေ့လိုက်ရသည်။ သူတို့အားလုံးသည် သတင်းအချက်အလက်များ ဖလှယ်ရန်နှင့် ဆွေးနွေးရန် ရှင်းဂျီ၏ ဖိတ်ကြားချက်အရ တိမ်စီရင်စုရှိ ဗဟိုမျှော်စင်သို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။

Chapter 711

အာရုဏ်ဦးမြို့တော်နှင့် ဖီးနစ်အဖွဲ့အစည်း ၁

“တကယ့်ကို ခမ်းနားတဲ့ မြို့တော်ကြီးပဲ၊၊ နေထိုင်မှု၊ စက်မှု၊ စိုက်ပျိုးရေး၊ ကျန်းမာရေးနဲ့ လက်နက်ထုတ်လုပ်မှု အကုန်လုံးက ကိုယ်တိုင်လည်ပတ်နိုင်တယ်၊၊ ဒါကြီးက တကယ့် ကမ္ဘာပျက်ကပ်ခံတပ်ကြီးပဲ”

“ငါလည်း မြို့ထဲ လျှောက်ကြည့်ခဲ့သေးတယ်၊၊ တကယ်မိုက်တယ်၊၊ သန့်ရှင်းသပ်ရပ်ပြီး သွားလာရေးကလည်း လွယ်ကူတယ်၊၊ လူများတာက ပိုကောင်းတဲ့ပုံပဲ”

အရပ်သားဝတ်စုံနှင့် ချီလီက တွင်းနက်ထဲမှ လွတ်မြောက်လာပြီးနောက် ပိုမိုပေါ့ပါးလန်းဆန်းနေပုံရပြီး ပြောင်လက်နေသော ဖိနပ်၊ အနက်ရောင်မျက်မှန်တို့ဖြင့် သူ၏ ထူးခြားသော ဟန်ပန်ကို ထုတ်ပြနေသည်။

“အဲဒီလောက် မရိုးရှင်းဘူး၊၊ လူပေါင်းသောင်းချီရဲ့ နေ့စဉ်စားသုံးတဲ့ ရင်းမြစ်တွေ ဘယ်လောက်ရှိမလဲ ရှင်သိလား… ပြီးတော့ ဒီလောက်ကြီးမားတဲ့ ရွေ့လျားမြို့တော်ကြီးကို ညဘက်မှာ တိတ်ဆိတ်နေအောင် ထိန်းသိမ်းဖို့ဆိုတာ မလွယ်ဘူး” နန်ကျင်းက သက်ပြင်းချရင်း ပြောလိုက်သည်။

ရှီတိယွမ်က အားရပါးရ ရယ်မောကာ

“အတိအကျပဲ၊၊ မင်းတို့ ယာဉ်တန်းမှာတော့ ရှောင်မုန့်က အသေးအဖွဲကိစ္စတွေ အကုန်လုပ်ပေးနေတာကိုး၊၊ တကယ်လို့ ဒီလောက်ကြီးတဲ့ မြို့ကြီးကို တာဝန်ယူရမယ်ဆိုရင် မင်းလုပ်ချင်ပါ့မလား”

ထိုစကားကြောင့် ချီလီ မျက်မှောင်ကြုတ်သွားသည်၊၊ “ဒါဆိုရင်လည်း နေပါစေတော့...”

ရှီတိယွမ်က အသက်ပြင်းပြင်းတစ်ချက်ရှူကာ အောက်ဘက်တွင် မျောလွင့်နေသော ယာဥ်အမျိုးမျိုးကို ကြည့်ရင်း လင်းရှန်ကို ပြောလိုက်သည်။

“သူတို့ဆီမှာ ယာဉ်တန်းအစုအဖွဲ့တွေ အများကြီးရှိတယ်လို့ ကြားတယ်၊၊ တွင်းနက် ဝါးမျိုသွားတဲ့ မြို့တွေနဲ့ စခန်းတွေထဲက ဖက်ဒရေးရှင်းရဲ့ အရန်ရိက္ခာတွေကို သွားသယ်တာတဲ့၊၊ ကုန်စည်ပို့ဆောင်ရေးနဲ့ ဆိပ်ကမ်းပြင်ဆင်မှုတွေအပါအဝင် ဒီလောက် လူအများကြီးအတွက် ကုန်ကြမ်းတွေ ထောက်ပံ့ပေးဖို့ဆိုတာ မလွယ်ဘူး၊၊ ငါ့ရဲ့ နဂါးတောင် ၁ မှာ လူတစ်ထောင်ကျော်ရှိတာတောင် ခေါင်းကိုက်နေရပြီ”

“လူများရင် အားသာချက်ရှိသလို၊၊ လူနည်းရင်လည်း အားသာချက်ရှိတာပါပဲ”

အရိုးရှင်းဆုံးပုံစံဖြင့် မိုနီကာသည် သူမ၏ စွမ်းအားဝတ်စုံကို ချွတ်ထားပြီး အစိမ်းရောင် ပိုးသားကိုယ်ကျပ်ဂါဝန်ကို ဝတ်ဆင်ထားရာ သူမ၏ ဆွဲဆောင်မှုရှိသော အချိုးအစားကို ပေါ်လွင်စေသည်။ ပခုံးပေါ်တွင် ခမ်းနားသော မြွေပါသားရေအင်္ကျီကို ခြုံထားပြီး သူမ၏ အရှိန်အဝါမှာ ပြင်းထန်နေသည်။

သူမက လင်းရှန်ကို ကြည့်ကာ

“အပြင်ရောက်တာ ကြာပြီဖြစ်ပေမဲ့ ကျွန်မတို့ရဲ့ သူရဲကောင်းကို လူကိုယ်တိုင် မကျေးဇူးတင်ရသေးဘူး၊၊ ကပ္ပတိန်လင်း… သံလိုက်လမ်းကြောင့် ပစ်လွှတ်တာတွေ၊ တည်နေရာကူးပြောင်းမှုတွေ… ရှင်က ဒီထက်ပိုပြီး ထူးဆန်းပြနိုင်သေးလား”

လင်းရှန်က ခါးသီးစွာပြုံးလိုက်ပြီး

“လူဆိုတာ အကျပ်အတည်းနဲ့ တွေ့ရင် မထင်မှတ်ထားတဲ့ အကြံဉာဏ်တွေ ထွက်လာတတ်တာပဲ၊၊ ငါတို့ကို ဆွဲသွင်းခဲ့တဲ့ ရုပ်တုကြီးကပဲ ပြန်ထုတ်ပေးလိုက်တာပဲလေ… ပြောရရင်တော့ ဒါဟာ အနီရောင်ကမ္ဘာကြောင့်လို့ပဲ ဆိုရမှာပေါ့”

“ထွီး… အဲဒီကောင်တွေက ရွံစရာကောင်းတာတွေပဲ လုပ်နေကြတယ်… သူတို့နဲ့တွေ့ရင်တော့ ဒီအတိုင်း လွှတ်ပေးလို့မရဘူး”

ကီကီက မကျေမနပ် ပြောလိုက်ပြီး မိုနီကာကို ကြည့်ကာ “ဒါနဲ့ နေဦး… ကျိုးလီကို အစ်မတို့ ဖမ်းထားတာ မဟုတ်လား၊၊ သူ ဘယ်လိုနေသေးလဲ”

မိုနီကာက ပခုံးတွန့်ပြကာ ဂရုမစိုက်ဟန်ဖြင့် “အစကတော့ ထွက်ထွက်လာချင်းမှာတော့ အော်ငိုနေသေးတယ်၊၊၊ ဒါပေမဲ့ သူ မသေဘူးဆိုတာ သိသွားတော့ အားပြန်တက်လာပြီး တောင်းသမျှ အကုန်ပေးနေရတယ်”

“ဒီကောင်က တွင်းနက်ထဲက ထွက်ရင် သေလိမ့်မယ်လို့ ပြောခဲ့တာ မဟုတ်လား”

ချန်ဆီရွှမ်က မျက်မှောင်ကြုတ်သွားသည်၊၊

“ဒါမှမဟုတ် ကျွန်မတို့ကို လိမ်ပြီး အပြင်ခေါ်ခိုင်းတာလား...”

“သူ့ဆီမှာ တားမြစ်ပစ္စည်းရဲ့ အငွေ့အသက်ရှိနေတာတော့ အမှန်ပဲ”

နန်ကျင်းက လင်းရှန်ကို ကြည့်လိုက်သည်၊၊

“အားဖေးက ပြောတယ်၊၊ သူ့ဆီကနေ ကပ္ပတိန်လင်းဆီကလို အရှိန်အဝါမျိုး ခံစားရတယ်တဲ့၊၊ အဲဒါတော့ မှားမှာမဟုတ်ဘူး၊၊ ဒါပေမဲ့ ဒီလူက အရမ်းကောက်ကျစ်တယ်၊၊ သူ့စကားက ဘယ်လောက်ယုံရမလဲဆိုတာ မသိနိုင်ဘူး”

လင်းရှန်၏ မျက်တောင်များ လှုပ်ခတ်သွားသည်။

“အနက်ရောင်ဖယောင်းတိုင်... တားမြစ်ပစ္စည်း.. တကယ်လို့သာ အဲဒါရှိနေရင် ဟိုလူတွေက သူ့ကို လိမ်လိုက်တာ ဒါမှမဟုတ် ဖယောင်းတိုင်ကို မငြှိမ်းသတ်ဘဲ ဒီအတိုင်းထားပြီး သူ့ကို အသက်ဆက်ရှင်ခိုင်းထားတာ ဖြစ်ရမယ်”

“ဒါနဲ့...” မိုနီကာ၏ အကြည့်က လင်းရှန်ဆီသို့ရောက်လာပြီး ခပ်အေးအေးပြောလိုက်သည်။

“သူ့ကို ဘယ်လောက်အထိ ထားဖို့ စိတ်ကူးထားလဲ”

“သူ့အကြောင်း ခဏထားလိုက်ပါဦး”

လင်းရှန်က အဝေးက တိမ်မျှော်စင်ကို ကြည့်လိုက်သည်၊၊

“သွားကြစို့… ရှင်းဂျီက စောင့်နေတယ်၊၊ ငါလည်း ထိပ်တန်းစားသောက်ပွဲတစ်ခုကို မမြည်းစမ်းဖူးသေးဘူး”

“ဟုတ်တယ်၊ အဓိကကိစ္စကို အရင်ရှင်းရအောင်၊၊ ဒီလိုလူမျိုးက သတင်းအချက်အလက်လေး နည်းနည်းနဲ့ အသက်ဆက်နေတာပဲ၊၊ ငါတို့အတွက် သူ့ဆီက သတင်းထက် ရှင်းဂျီအတွက် ပိုစိတ်ဝင်စားစရာ ဖြစ်နေနိုင်တယ်”

ရှီတိယွမ်က ဝင်ပြောသည်။

လင်းရှန် ခေါင်းညိတ်လိုက်သည်။

စားသောက်ပွဲဟု ဆိုသော်လည်း အဓိကမှာ အမာခံယာဥ်တန်းခေါင်းဆောင်များစုစည်းကာ ရှေ့ဆက်မည့် အစီအစဉ်များကို ဆွေးနွေးရန်ဖြစ်သည်။ ထို့ကြောင့် လင်းရှန်က ကီကီနှင့် ချန်ဆီရွှမ်ကိုသာ ခေါ်လာခဲ့ပြီး ကျန်သူများသည် တိတ်ဆိတ်မြို့တော်တွင် လည်ပတ်ရန် ထားခဲ့ခြင်းဖြစ်သည်။ အနန္တရထားပေါ်တွင်မူ ဂရေ့စ်နှင့် ကချေသည် ၀၁ တို့က PX-05 အင်ဂျင်နီယာစက်ရုပ်များနှင့်အတူ အခြေခံပြုပြင်ထိန်းသိမ်းမှုများ လုပ်ရန် ကျန်ရစ်ခဲ့သည်။

ထိုစဉ် ဧည့်သည်တော်များကို ကြိုဆိုရန် တာဝန်ကျသော စက်ရုပ်တစ်ရုပ်ရောက်လာပြီး သူတို့ကို မျှော်စင်ဆီသို့ လမ်းပြခေါ်ဆောင်သွားသည်။ လင်းရှန် အရှေ့သို့ လှမ်းအထွက်တွင် ဘေးနားရှိ မိုနီကာက သူတစ်ယောက်တည်း ကြားနိုင်လောက်သည့် အသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။

“ဂျပန်အစားအစာက အမြင်ရှင်းပြီး အရသာပေါ့တယ်၊၊ အဆင့်မြင့်စားသောက်ပွဲတွေအတွက် မသင့်တော်ဘူး၊၊ နဂါးနိုင်ငံရဲ့ အစားအစာနဲ့ ပြင်သစ်အစားအစာတွေကမှ တကယ့် ထိပ်တန်းစားသောက်ပွဲတွေအတွက်ပဲ၊၊ တကယ်လို့ ရှင်စားချင်တယ်ဆိုရင် နောက်တစ်နေ့ကျရင် နဂါးနိုင်ငံရဲ့ တကယ့်အရသာတွေကို ကျွေးဖို့ ဖိတ်ခေါ်ပါရစေ”

လင်းရှန် မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး သူမကို လှည့်ကြည့်လိုက်ရာ မိုနီကာက အရှေ့ကိုသာ ကြည့်နေသဖြင့် သူက မေးလိုက်သည်။

“ဒီလို ကမ္ဘာပျက်ကပ်ထဲမှာ ဘယ်မှာ တကယ့်အရသာရှိဦးမှာလဲ...”

မိုနီကာ၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွားပြီး သူမက အရှေ့သို့ အမြန်လှမ်းသွားရင်း လျှို့ဝှက်ချက်တစ်ခုအလား ထားခဲ့သည်။

“ကျွန်မရဲ့ ရထားထဲမှာ”

လင်းရှန် အံ့အားသင့်သွားရသည်။ ဒီအမျိုးသမီးက ကမ္ဘာပျက်ကပ်ထဲမှာတောင် ထိပ်တန်းပါဝင်ပစ္စည်းတွေကို ဝှက်ထားသေးတာလား။

သူအမှတ်မထင်ပြောလိုက်သည့် စကားဖြစ်သည်၊၊ တကယ်တမ်း သူသည် အစားအသောက်များကို သိပ်စိတ်ဝင်စားခြင်းမရှိပေ၊၊ သူ့အတွက်ကတော့ အရသာရှိတဲ့ အစားအစာများထက် ဘုရင်မ မိုနီကာကို ဝါးမျိုလိုက်ရသည်ကမှ ပိုတန်ဖိုးရှိဦးမည်။ ၎င်းသည် သူ့ကို အဆင့် ၆ ရောက်ရှိခြင်းနှင့် ယန္တရားနိုးထမှုကိာ ပြီးမြောက်အောင် တိုက်ရိုက်ကူညီပေးနိုင်မည် ဖြစ်သည်။

အဲ့ဒါက အရေးကြီးဆုံးပဲဟု လင်းရှန် စိတ်ထဲတွင် တွေးလိုက်သည်။ အခု တိတ်ဆိတ်မြို့တော်မှာ ရှိနေတုန်း အခွင့်အရေးကို အရယူပြီး အရင်က လစ်ဟာနေတဲ့ ယန္တရားသီအိုရီတွေနဲ့ ပုံကြမ်းတွေကို ဖြည့်ဆည်းရမယ်၊၊ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ စွမ်းအားကိုလည်း မြှင့်တင်ရမယ်။

စက်ရုပ်နောက်ကို လိုက်ရင်း သူတို့ ခုနစ်ယောက်စလုံး လျှပ်စစ်လှေကားဖြင့် တိမ်စီရင်စု၏ အပေါ်ထပ်၊ မြို့တော်၏ ထိပ်ဖျားအနောက်ဘက်သို့ ရောက်လာကြသည်။ ဤနေရာတွင် သီးသန့်ကုန်းပတ်တစ်ခုရှိနေပြီး ဆိတ်ငြိမ်သော နေရာလေးတစ်ခုအဖြစ် ဖန်တီးထားရာ တိမ်တိုက်ထဲတွင် မျောလွင့်နေသော သန့်ရှင်းသည့်နယ်မြေတစ်ခုအလား ရှိနေသည်။င

ယန္တရားတံခါးပွင့်သွားသောအခါ သံမဏိမိုးကာအောက်တွင် ကျယ်ပြောလှသော ဂျပန်စတိုင် အိမ်ရှေ့ခြံဝင်းကို တွေ့လိုက်ရသည်။ ခြံဝင်းအလယ်တွင် ကြည်လင်သော ရေကန်တစ်ခု ရှိပြီး အောက်ခြေတွင် ဖြူစင်သော ကျောက်စိမ်းသဲများကို ခင်းထားသည်။ ရေပြင်ပေါ်တွင် ဘေးပတ်ပတ်လည်ရှိ ဝါးခြံစည်းရိုးများနှင့် ကျောက်မီးအိမ်ရိပ်များ ထင်ဟပ်နေသည်။ ရေကန်ဘေးတွင် အလှဆင်ကျောက်တုံးများက တောင်တန်းကြီးများအလား ရှိနေပြီး တောင်တန်းဥယျာဉ်၏ အနှစ်သာရကို ဖော်ဆောင်ထားသည်။ ဝါးဖြင့် ပြုလုပ်ထားသော သမင်ခြောက်ကိရိယာလေးက အသာအယာတိမ်းစောင်းသွားပြီး ကျောက်တုံးကို ရိုက်ခတ်လိုက်သဖြင့် ကြည်လင်ပြတ်သားသောအသံလေးတစ်ခု ထွက်ပေါ်လာကာ ဆိတ်ငြိမ်သော ခြံဝင်းအတွင်း ပဲ့တင်ထပ်သွားသည်။

အထဲသို့ ပိုဝင်လာလေလေ အပေါ်ဘက်ရှိ ဟိုလိုဂရမ်ရုပ်ပုံလွှာများက ဂျပန်နိုင်ငံ၏ ရာသီဥတု အပြောင်းအလဲများကို ပုံဖော်ပေးနေသည်။ နွေဦးတွင် ချယ်ရီပန်းများ ကြွေကျနေပြီး၊ နွေရာသီညတွင် ပိုးစုန်းကြူးများ လင်းလက်နေကာ၊ ဆောင်းဦးတွင် သစ်ရွက်များ နီရဲနေပြီး၊ ဆောင်းရာသီတွင် နှင်းများက တိတ်ဆိတ်စွာ ဖုံးလွှမ်းနေသည်။ ခြံဝင်းအတွင်းရှိ ရေညှိများနှင့် သဲပြင်ပေါ်သို့ ကျရောက်နေသော အလင်းနှင့် အရိပ်များက လက်တွေ့နှင့် စိတ်ကူးယဉ်မှုကို ရောယှက်နေစေရာ လောကီအပူအပင်များကင်းဝေးသည့် ဥယျာဉ်တစ်ခုထဲ ရောက်နေသကဲ့သို့ ခံစားရစေသည်။

All Chapters