အခန်း (၇၁၂-၇၁၃)
Vol. 42 Ch. 712-713
Chapter 712
အာရုဏ်ဦးမြို့တော်နှင့် ဖီးနစ်အဖွဲ့အစည်း ၂
ဤနေရာတွင် အသံလုံစနစ်မှာ အထူးကောင်းမွန်လှပြီး အမိုးများကို ပိတ်လိုက်သောအခါ ပြင်ပမှ စက်သံများအားလုံး ပျောက်ကွယ်သွားပြီး ဝါးရွက်လှုပ်သံနှင့် ရေစက်ကျသံသာ ကျန်ရစ်ခဲ့သည်။ သူတို့သည် ယန္တရားမြို့တော်ကြီးထဲတွင် ရှိနေသည်ဟု မထင်ရဘဲ ရှုခင်းလှပသော မြို့ပြင်မှ ခမ်းနားသည့် အိမ်ကြီးတစ်လုံးထဲ ရောက်နေသကဲ့သို့ ဖြစ်နေသည်။
စင်္ကြံလမ်းအဆုံးတွင် ရင်းနှီးသော ပုံရိပ်တစ်ခုက သူတို့ကို စောင့်ကြိုနေသကဲ့သို့ ပြုံးလျက် ရပ်နေသည်။
ရွှန်း၊၊
“ခင်ဗျား ကောင်းကောင်း အနားယူခဲ့ရတဲ့ပုံပဲ”
ရွှန်းက လင်းရှန်ကို ပြုံးပြရင်း ပြောလိုက်သည်။
“မင်းလည်း အခြေနေကောင်းသွားပြီပဲ”
သူ့လိုပဲ ရွှန်းလည်း ခြင်္သေ့ငါးရုပ်တုကို မိနစ်အနည်းငယ်ကြာအောင် ကြည့်ခဲ့ရတဲ့ ကြောက်စရာကောင်းသည် အတွေ့အကြုံကို ရင်ဆိုင်ခဲ့ရသည်။ တိတ်ဆိတ်မြို့တော်က ကပ်ဘေးပန်းနဲ့ ရှီဇီတို့၏ အကူအညီရခဲ့ပေမဲ့ ဒီလူက အခုထိ တည်တည်ငြိမ်ငြိမ်ရှိနေခြင်းကို ကြည့်ရင် သူ့ရဲ့ စိတ်စွမ်းအားက သာမန်မဟုတ်သည်မှာ သိသာနေသည်။
စကားပြောပြီးနောက် အနောက်က တံခါးက ဖြည်းညင်းစွာ ပွင့်သွားသည်။
“ကြွပါ”
တံခါးအလွန်တွင် ကျယ်ဝန်းလှသော ခန်းမကြီးရှိပြီး မြက်ရောင်တာတာမီဖျာများကို ခင်းထားသည်။ အလယ်တွင် သစ်သားလှေပုံစံ စားပွဲရှည်ကြီး ရှိပြီး ဘေးတစ်ဖက်တစ်ချက်တွင် သစ်သားထိုင်ခုံများကို သေသေသပ်သပ်စီတန်းထားသည်။ ထိုင်ခုံတစ်ခုချင်းစီ၏ ရှေ့တွင် အဆင့်မြင့်ယွန်းထည်များနှင့် လက်ဖက်ရည်ခွက်များရှိသည်။ စားပွဲ၏ ထိပ်ဆုံးတွင် ရှင်းဂျီက ရိုးရှင်းသောဝတ်စုံဖြင့် တိတ်ဆိတ်စွာ ရပ်နေသည်။
ဖန်တီးထားသော ညလေညင်းက တိုက်ခတ်လာပြီး ချယ်ရီပွင့်ချပ်များကို စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်များထဲသို့ ကြွေကျစေသည်။ ထိုအခိုက်အတန့်တွင် ယန္တရားမြို့တော်ကြီး၏ ဆူညံသံများသည် ဤအေးချမ်းသည့် ကမ္ဘာငယ်လေးနှင့် လုံးဝ အလှမ်းဝေးနေပေသည်။
“အားမနာကြပါနဲ့၊၊ ထိုင်ကြပါ”
ရှင်းဂျီက သူ၏ ပုံမှန်အတိုင်း တည်ငြိမ်သောအမူယာဖြင့် ပြောလိုက်သည်။ အားလုံးက အတွင်းမှ ရှုခင်းများကို စိတ်ဝင်စားနေကြသည်ကို မြင်သောအခါ သူက ပြတင်းပေါက်အပြင်ဘက် တစ်နေရာကို ကြည့်ရင်း ပြောသည်။
“အထင်မမှားကြပါနဲ့၊၊ ငါက ဒီလို ပတ်ဝန်းကျင်မျိုးကို အထူးတလည် နှစ်သက်နေလို့ မဟုတ်ပါဘူး၊၊ ဒီလိုနေရာလေး ဆောက်ထားတာက မိတ်ဆွေဟောင်းတစ်ယောက် အနားယူဖို့ နေရာပေးချင်ရုံသက်သက်ပါ”
ထိုစကားကြောင့် အားလုံးက သူကြည့်ရာသို့ လိုက်ကြည့်လိုက်ကြရာ အပြင်က ရေကန်ဘေးတွင် ဝါးငါးမျှားတံလေးကိုင်ပြီး ငါးမျှားနေသော ဆံဖြူအဖိုးအိုတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုအဖိုးအိုမှာ ခါးလေးကိုင်းပြီး အိပ်ပျော်နေသကဲ့သို့ ငြိမ်သက်စွာ ထိုင်နေကာ ရေကန်ပေါ်က ငါးမျှားဖော့လေးကသာ ရေလှိုင်းလေးနှင့်အတူ အသာအယာလှုပ်ရှားနေသည်။
လင်းရှန်သည် ထိုအဖိုးအို၏ ကျောပြင်နှင့် ရှင်းဂျီကို ကြည့်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသွားသည်။ ခဏအကြာတွင် သူ၏ မျက်နှာအမူယာက ရုတ်တရက် တင်းမာသွားပြီး ပါးစပ်မှ အသံထွက်သွားသည်၊၊
“အဲဒါ ခဗျားလား”
လင်းရှန် စကားပြောလိုက်သည်နှင့် ကျန်သူများ၏ အမူယာပြောင်းလဲသွားကြသည်။
ရှင်းဂျီက ခပ်ပါးပါးပြုံးလိုက်ရင်း
“မဟုတ်ပါဘူး၊၊ သူက သူပဲ၊ ငါက ငါပဲ၊၊ ငါတို့က သီးခြားစီပါ၊၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီဂျစ်တယ်သက်ရှိ ဥပဒေမပြဋ္ဌာန်းခင်အထိ ငါက လူသားတစ်ယောက်အနေနဲ့ သူ့ရဲ့ အထောက်အထားကို ဆက်ခံလို့ မရသေးပါဘူး၊၊ ဒါပေမဲ့ အခုလောလောဆယ် သူနဲ့ ငါကြားက ဆက်ဆံရေးကတော့ ဆရာနဲ့ တပည့်လိုပါပဲ”
ရှင်းဂျီ၏ စကားကို ကြားလိုက်ရသောအခါ ချန်ဆီရွှမ်နှင့် ကီကီတို့လည်း ရေကန်ဘေးက အဖိုးအိုမှာ အမှန်တကယ်ပင် ရှင်းဂျီကိုယ်တိုင်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြသည်။
“ရှင်းဂျီက အသက်ငါးဆယ်၊ ခြောက်ဆယ်လောက် မဖြစ်နိုင်ဘူးလို့ ကျွန်မ ထင်သားပဲ၊၊ ဒါဆို အခု ရှင့်ရဲ့ ပုံစံက လူငယ်ဘဝပုံရိပ်ကို ယူထားတာပေါ့ ဟုတ်လား” ကီကီက မေးလိုက်သည်။
ရှင်းဂျီ ခေါင်းညိတ်ပြသည်။ “မှန်ပါတယ်”
စကားပြောပြီးနောက် သူက အားလုံးကိုထိုင်ရန်လက်ပြလိုက်သည်။
“ထိုင်ကြပါ၊၊ သူ့အသက်အရွယ်နဲ့ဆိုရင် သူက တိတ်ဆိတ်တာကိုပဲ နှစ်သက်တယ်၊၊ ဒါကြောင့် ရှုပ်ထွေးတဲ့ ကိစ္စတွေကို ငါတို့ပဲ ဖြေရှင်းကြတာပေါ့”
လင်းရှန်နှင့် ချန်ဆီရွှမ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ရှင်းဂျီ၏ စကားကို ကြားရသောအခါ သူတို့ရင်ထဲတွင် ဘာကြောင့်မှန်းမသိဘဲ လူတစ်ယောက်က သူ့ဘဝကို နှုတ်ဆက်နေသလိုမျိုး ခံစားချက်တစ်ခုပေါ်လာသည်။ ငါးမျှားနေသော အဖိုးအိုနှင့် ကမ္ဘာကြီးကို သိမြင်နားလည်သည့် အရှိန်အဝါရှိသော တည်ငြိမ်သည့် ရှင်းဂျီကို ကြည့်ရင်း လင်းရှန်၏ စိတ်အာရုံများ ရှုပ်ထွေးသွားရသည်။
“ဒီဂျစ်တယ်သက်ရှိ ဥပဒေက ဘာလို့ အတည်မပြုနိုင်သေးတာလဲဆိုတာ နားလည်သွားပြီ၊ ငြိမ်းချမ်းတဲ့ အချိန်မှာဆိုရင် ဒီလို တည်ရှိမှုမျိုးကို လက်ခံဖို့ တကယ်ကို ခက်ခဲလိမ့်မယ်” ထိုင်လိုက်ပြီးနောက် ချန်ဆီရွှမ်က ပြောသည်။
ရှင်းဂျီကက ပြုံးပြီး “မင်းတို့ တက္ကသိုလ်က အတွေးအခေါ် သင်ခန်းစာတွေမှာ သီးစီးယပ်စ် ရေယာဉ်ပဟေဠိအကြောင်း ကြားဖူးမှာပေါ့၊ သစ်သားသင်္ဘောကြီးတစ်စင်းက ခရီးတွေ အကြာကြီးသွားတဲ့အခါ အစိတ်အပိုင်းတွေက တဖြည်းဖြည်း ဆွေးမြည့်လာတယ်၊၊ အဲဒါတွေကို အသစ်တွေနဲ့ အမြဲလဲလှယ်ပေးရတယ်၊၊ နောက်ဆုံးမှာတော့ အစိတ်အပိုင်းအားလုံးက အသစ်တွေဖြစ်ကုန်တာပေါ့၊၊ မေးစရာရှိလာတာက ဒီသင်္ဘောဟာ အရင်က သီးစီးယပ်စ် ရေယာဉ်ပဲလား၊၊ တကယ်လို့ ဟုတ်တယ်ဆိုရင် ဘာကြောင့်လဲ… မဟုတ်ဘူးဆိုရင် ဘယ်အချိန်မှာ အဲဒီသင်္ဘောမဟုတ်တော့တာလဲ”
ချန်ဆီရွှမ် ခေါင်းညိတ်ပြသည်။
“ကျွန်မ မှတ်မိပါတယ်၊၊ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်တဲ့ အတွေးအခေါ်တစ်ခုပဲ”
“ဟုတ်တယ်၊၊ လူ့သက်တမ်းဆိုတာကလည်း တကယ်တော့ ဆဲလ်တွေ ကွဲလွဲမှုနဲ့ အသစ်လဲလှယ်မှုတွေအပေါ် မူတည်နေတာပဲ၊ လူတစ်ယောက်ရဲ့ ဆဲလ်တွေဟာ ခုနစ်နှစ်တစ်ခါ လုံးဝ အသစ်ဖြစ်သွားတယ်ဆိုတဲ့ အယူအဆတစ်ခု ရှိခဲ့ဖူးတယ်၊၊ ဒါကတော့ အမှားတစ်ခုပါပဲ...”
ရှင်းဂျီက ပခုံးတွန့်လိုက်သည်၊၊
“တကယ်တော့ မတူညီတဲ့ ဆဲလ်တွေမှာ အသစ်လဲလှယ်နှုန်းတွေက ကွာခြားကြတယ်၊၊ ဒါပေမဲ့... ထားလိုက်ပါ… တကယ်လို့ ခုနစ်နှစ်တစ်ခါ အသစ်ဖြစ်တယ်လို့ ယူဆလိုက်ရင် အခု မင်းက လွန်ခဲ့တဲ့ ခုနစ်နှစ်က မင်းပဲလားဆိုတဲ့ မေးခွန်းပေါ်လာလိမ့်မယ်”
“ငါကတော့ ငါပဲပေါ့”
ရှီတိယွမ်က ပွင့်လင်းစွာ ပြောလိုက်ပြီး မျက်မှောင်ကြုတ်ကာ
“အနည်းဆုံးတော့ ဦးနှောက်နဲ့ ခန္ဓာကိုယ်ဟာ ငါ့ဟာပဲ မဟုတ်လား...”
ဖျောက်~
ရှင်းဂျီက လက်ဖျစ်တစ်ချက်တီးလိုက်ပြီး ရှီတိယွမ်ကို အဓိပ္ပာယ်အပြည့်ဖြင့် ကြည့်လိုက်သည်၊၊
“မင်း ပြောတာ မှန်တယ်၊၊ တကယ်လို့ လူတစ်ယောက်ကို စက်ပစ္စည်းတစ်ခုနဲ့ နှိုင်းယှဉ်ရင် အင်္ဂါအစိတ်အပိုင်း အားလုံးဟာ ဒီစက်ရဲ့ ဟာ့ဒ်ဝဲတွေပဲ၊၊ ဟာ့ဒ်ဝဲဆိုတာကတော့ ဆဲလ်တွေ အသစ်လဲတာပဲဖြစ်ဖြစ်... ပြန်ပြင်မရတဲ့ ပျက်စီးမှုကြောင့်ပဲဖြစ်ဖြစ် အသစ်လဲဖို့ လိုအပ်တယ်၊၊ ဥပမာ ခြေလက်တွေ ပျက်စီးရင် ခြေတုလက်တု တပ်လို့ရတယ်၊ မျက်စိကွယ်ရင် မျက်လုံးတုတပ်လို့ရတယ်၊၊ နှလုံး၊ အသည်း၊ အဆုတ်၊ ကျောက်ကပ် အကုန်လုံးလဲလို့ရတယ်၊၊ အဲဒါတွေကို လဲလိုက်ရင် သူဟာ မူလကိုယ်တိုင် မဟုတ်တော့ဘူးလား”
“ဒါပေမဲ့ ဦးနှောက်က မတူဘူးလေ” ကီကီက ပြန်ပြောသည်။
“ဦးနှောက်ဆိုတာ လူတစ်ယောက်ရဲ့ အတွေးအခေါ်နဲ့ အသိစိတ်ရဲ့ ဗဟိုစင်တာပဲ၊၊ ကိုယ့်ကိုယ်ကိုယ် သိမြင်နားလည်မှု ရှိတယ်”
“မှန်တယ်”
“ဒါကြောင့် ပြဿနာက ဒီမှာ ရှိနေတာ”
ရှင်းဂျီက ပြုံးရင်း လက်နှစ်ဖက်ကို အင်္ကျီလက်ထဲ ထည့်ကာ ထိုင်လိုက်သည်။
“မင်းက ‘မင်း’ ဖြစ်နေတာက မင်းရဲ့ မှတ်ဉာဏ်ကြောင့်လား ဒါမှမဟုတ် မင်းရဲ့ အတွေးအခေါ်ကြောင့်လား”
“ဒါကတော့... အင်း...”
ကီကီ အတန်ကြာ စဉ်းစားလိုက်သော်လည်း ထိုမေးခွန်းကို မည်သို့ပြန်ဖြေရမှန်း မသိဖြစ်သွားသည်။
ရှင်းဂျီကက ဆက်မေးသည်။
“ဦးနှောက်က ယိုယွင်းလာတဲ့အခါ၊ အတွေးအခေါ်တွေ ကျဆင်းလာပြီး ပါကင်ဆန်ရောဂါတို့၊ မှတ်ဉာဏ်ပျောက်ဆုံးတာတို့ ဖြစ်လာတယ်၊၊ စက်နဲ့ နှိုင်းယှဉ်ရင် အဲဒါက ပရိုဆက်ဆာပျက်စီးတာပဲ၊၊ ဒါကြောင့် မူလမှတ်ဉာဏ်ကို သိမ်းဆည်းထားပြီး ပရိုဆက်ဆာအသစ်တစ်ခုနဲ့ လဲလိုက်တဲ့အခါ လူ့ဦးနှောက်ရဲ့ တွက်ချက်မှုနဲ့ ကွမ်တမ်ကွန်ပျူတာရဲ့ တွက်ချက်မှုကြားမှာ ယုတ္တိဗေဒနဲ့ စွမ်းဆောင်ရည်ပဲ ကွာခြားတော့တယ်၊၊ အဲဒီအခါ သူဟာ သူမဟုတ်တော့ဘူးလား”
လင်းရှန် ခေါင်းညိတ်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။
“ခဗျားပြောတာ မှန်တယ်ဆိုတာ ကျုပ်သိပါတယ်၊၊ ဒါပေမဲ့ အခုတော့ အဲဒါကို နားမလည်နိုင်သေးဘူး”
ရှင်းဂျီကက အဓိကအချက်ကို တိုက်ရိုက်ထောက်ပြလိုက်ခြင်းဖြစ်သည်။ သူက လင်းရှန်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်၊၊
“အဲဒါက ဘာလို့လဲဆိုတော့ မင်းရဲ့ အသိစိတ်ကို ကွန်ပျူတာထဲ ပို့လိုက်ပြီးနောက် ဖြစ်လာတဲ့ ‘မင်း’ ဟာ မင်းနဲ့ ဘာမှမဆိုင်တော့ဘူးဆိုတာ မင်း သိနေလို့ပဲ”
Chapter 713
အာရုဏ်ဦးမြို့တော်နှင့် ဖီးနစ်အဖွဲ့အစည်း ၃
“ဒါပေမဲ့ စိတ်ဝင်စားစရာကောင်းတာ တစ်ခုရှိတယ် သိလား”
သူက မတ်တတ်ရပ်ပြီး လက်နှစ်ဖက်ကို ဖြန့်လိုက်သည်။ တစ်ခဏချင်းမှာပင် တစ်ခန်းလုံးတွင် လူသားတို့ မျိုးနွယ်စု စိုက်ပျိုးရေးခေတ်မှ ယနေ့ခေတ်အထိ ဖွံ့ဖြိုးတိုးတက်လာပုံကို ပြသသည့် လှပသော ဟိုလိုဂရမ်ပုံရိပ်များ ပြည့်သွားသည်။
“လူသားသမိုင်းဆိုတာ အမှားတွေကို ထပ်ခါထပ်ခါပြင်ရင်း ရှေ့ဆက်နေတာပဲ၊၊ အင်ပါယာတွေ ပျက်စီးတယ်၊ ပြန်တည်ထောင်တယ်၊ ခေတ်တိုင်းမှာ သိပ္ပံပညာက တိုးတက်လာတယ်၊၊ ဒါပေမဲ့ ပြဿနာက ယဉ်ကျေးမှုတစ်ခုရဲ့ ကန့်သတ်ချက်ဟာ အဲဒီက လူသားတစ်ဦးချင်းစီရဲ့ သက်တမ်းနဲ့ အသိပညာ ကန့်သတ်ချက်ပဲ ဖြစ်နေတယ်၊၊ ရိုးရှင်းတဲ့ ဥပမာတစ်ခုနဲ့ပြောရရင် ထိပ်တန်းသိပ္ပံပညာရှင်တစ်ယောက်ဟာ နယ်ပယ်သစ်သုတေသနတွေမှာ ပါဝင်နိုင်ဖို့ အနည်းဆုံး အသက် ၃၅ နှစ်ကနေ ၄၀ အထိ ရှိရမယ်၊၊ ဆိုလိုတာက သူ့သက်တမ်းရဲ့ သုံးပုံနှစ်ပုံကို ရှိပြီးသား အသိပညာတွေကို ၁+၁ ကနေ စပြီး ထပ်ခါတလဲလဲ သင်ယူနေရတာနဲ့ ကုန်ဆုံးစေတာပဲ၊၊ ဒါပေမဲ့ ကမ္ဘာကြီးရဲ့ နည်းပညာအပင်ကြီးက ပိုကြီးထွားလာလေလေ၊ လူတစ်ယောက်ဟာ အသိပညာအားလုံးကို မတတ်မြောက်နိုင်တော့လေလေပဲ၊၊ ဒါကြောင့် ဘာသာရပ်တွေကို တဖြည်းဖြည်း ခွဲထုတ်ရတော့တယ်၊၊ ခွဲပြီးရင်း ခွဲရင်းနဲ့ အခုဆို ဘာသာရပ်ပေါင်း ထောင်သောင်းချီ ရှိနေပြီ”
“ဒါပေမဲ့ ဦးနှောက်ရဲ့ တွက်ချက်နိုင်စွမ်းက အသက် ၁၅ နှစ်ကနေ ၂၀ ကြားမှာ အကောင်းဆုံးပဲ၊၊ ဒီမှာ ပဋိပက္ခဖြစ်လာတာပေါ့၊၊ သေဆုံးသွားတဲ့ သိပ္ပံပညာရှင်ကြီးရဲ့ ဦးနှောက်က မစဉ်းစားနိုင်တော့ဘူး၊၊ အသစ်မွေးလာတဲ့ ကလေးရဲ့ ဦးနှောက်ကတော့ ကမ္ဘာကြီးအကြောင်းကို အစကနေ ပြန်တည်ဆောက်ရပြန်ရော... ဒါပေမဲ့ ပြဿနာက လူမှုပတ်ဝန်းကျင်၊ နိုင်ငံရေး၊ မိသားစု၊ ဘေးအန္တရာယ်၊ ကွန်ရက်တွေ၊ ဘာသာရေး အရာအားလုံးက ဒီဖြစ်စဉ်ကို ပိုပြီး စွန့်စားမှုတွေ၊ မရေရာမှုတွေနဲ့ ပြည့်နှက်စေတယ်၊၊ ဒါကြောင့် ယဉ်ကျေးမှုထွန်းကားခြင်းဟာ သက်တမ်းနဲ့ အသိပညာ သိုလှောင်မှုပမာဏကြောင့် အကန့်အသတ် ဖြစ်နေရတာပဲ၊၊ မင်းတို့ တွေးဖူးလား… ပရိုဆက်ဆာတွေဟာ မီးသီးကနေ လေဟာနယ်ပြွန်၊ လျှပ်စစ်ကွန်ဒတ်တာနဲ့ ကွမ်တမ်အထိ အဆင့်ဆင့်တိုးတက်လာနိုင်ခဲ့ပေမဲ့ လူ့ဦးနှောက်က ဘာလို့ အဲဒီလို မလုပ်နိုင်ရတာလဲ”
“ဒါကြောင့် လူသားတွေဟာ ဦးနှောက်သိစိတ် အဆင့်ဆင့်ကူးပြောင်းမှုကနေ ဒီဂျစ်တယ်အသိစိတ်ဆီကို ကူးပြောင်းနိုင်ခဲ့ရင် သက်တမ်းကန့်သတ်ချက်နဲ့ အတွေးအခေါ်နယ်နိမိတ်တွေဟာ အဆုံးမဲ့ဖြစ်သွားမှာပဲ၊၊ ဒါဟာ ယဉ်ကျေးမှုအဆင့်အတန်းကို ခုန်ပျံကူးဖို့အတွက် သော့ချက်ပဲ”
လူအုပ်ကြီး တိတ်ဆိတ်သွားစဉ် မိုနီကာက စားပွဲပေါ်တွင် မေးထောက်ကာ စိတ်ဝင်တစားဖြင့် ဆွေးနွေးမှုထဲ ပါဝင်လာသည်။
“ကျွန်မလည်း သီအိုရီတစ်ခု ကြားဖူးတယ်၊၊ လူသားတွေဆိုတာ စက်ပစ္စည်းအမျိုးအစားတစ်ခုပဲ၊၊ သက်ရှိလောကမှာ ဖြစ်ပျက်သမျှ အရာအားလုံးကို ယန္တရားရှုထောင့်ကနေ ရှင်းပြလို့ရတယ်ဆိုတာလေ… ပြဿနာက လူမှုပတ်ဝန်းကျင်ရဲ့ လက်ခံနိုင်စွမ်းနဲ့ ယဉ်ကျေးမှုကူးပြောင်းနှုန်းပဲ”
သူမက ပြောရင်းနှင့် ပြတင်းပေါက်အပြင်ဘက် အဝေးမှာ ငါးမျှားနေသည့် အဖိုးအိုကို ညွှန်ပြလိုက်သည်။
“ဥပမာ ဒီအခြေအနေမျိုးပေါ့”
လင်းရှန်က ထိုစကားကြောင့် ခပ်တိုးတိုး ရယ်မောလိုက်ပြီး “ပါရမီရှင်၊ သိပ္ပံပညာရှင် ရှင်းဂျီက ထာဝရမရှင်သန်နိုင်ပေမဲ့ သူ့ရဲ့ အသိပညာတွေကို ဆက်ခံထားတဲ့ ခဗျားကတော့ အဆုံးမရှိအကြိမ်ကြိမ် အဆင့်မြှင့်တင်သွားနိုင်တာပေါ့”
“မှန်တယ်”
ရှင်းဂျီကက ပြုံးလိုက်ပြီး အပြင်ဘက်က အိုမင်းနေသည့် ပုံရိပ်ကို ကြည့်ကာ ခပ်အေးအေးပြောလိုက်သည်။
“သူနဲ့ ငါက တစ်ယောက်တည်းမဟုတ်ဘူး၊၊ ဒါပေမဲ့ ငါက ဘယ်သူလဲ.. သူက ငါ့ရဲ့ ဆရာဖြစ်နေရတာကတော့... သင်ယူမှုဖြစ်စဉ်မှာ အာရုံခံစားမှုဆိုင်ရာ အမှားတွေကို ပိုပြီး ပြည့်စုံအောင် ပြင်ဆင်နိုင်ဖို့ ‘လူသားရဲ့ ပါဝင်ပတ်သက်မှု’ လိုအပ်လို့ပဲ”
“ကဲ... ဒါတွေ ထားလိုက်ပါတော့၊၊ စားသောက်ပွဲကို အရင်စကြရအောင်”
ရှင်းဂျီက လက်ညှိုးတစ်ချက် ဝှေ့ယမ်းလိုက်ရာ ဟိုလိုဂရမ်ပုံရိပ်များ ပျောက်ကွယ်သွားသည်။ ထို့နောက် တံခါးပွင့်လာပြီး အိမ်ဖော်စက်ရုပ်များက စီတန်းဝင်ရောက်လာကာ လက်ရာမြောက်သော ဟင်းလျာများကို တည်ခင်းပေးလိုက်သည်။ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် အသားများကို အားလုံး တွေ့လိုက်ရသည်။ ဤမျှကြီးမားသည့် တိတ်ဆိတ်မြို့တော်တွင် အပင်စိုက်ပျိုးသည့် အခြေစိုက်စခန်းများရှိနေခြင်းက လင်းရှန်အတွက် မထူးဆန်းသော်လည်း အသားများကို မြင်လိုက်ရသည့်အချိန်တွင်တော့ သူ အံ့အားသင့်သွားရသည်။
အကြောင်းမှာ ကြက်သား၊ အမဲသားများအပြင် ပင်လယ်ငါးနဲ့ လုပ်ထားသည့် လတ်ဆတ်သည့် ဆူရှီများပင် ပါဝင်နေသည်၊၊
၎င်းက တိတ်ဆိတ်မြို့တော်တွင် ကြီးမားသော ရေနေသတ္တဝါ မွေးမြူရေးကန်ကြီးရှိနေသည့် သဘောပင်၊၊
ဒါက တကယ့်ကို အလွန်အကျွံသုံးစွဲမှုပဲ…
“အခု ရေထုတွေက အမှောင်ကျူးကျော်မှုကြောင့် ဆိုးဆိုးရွားရွားညစ်ညမ်းနေတာ မဟုတ်လား၊၊ ငါးတွေကို ဘယ်လိုမွေးတာလဲ”
ချီလီက ငါးအသားဆူရှီတစ်ဖတ်ကို ပါးစပ်ထဲ ထည့်ရင်း မေးလိုက်သည်။
“ငါးမွေးဖို့ ရေရှိမှ ရမှာလား”
မျက်နှာချင်းဆိုင်ထိုင်ခုံမှ ရွှန်းက ပြုံးရင်း ပြောသည်။
“ခင်ဗျားတို့ရဲ့ စိုက်ပျိုးရေးမှန်ခန်းလိုပေါ့၊၊ ဟင်းသီးဟင်းရွက်စိုက်ဖို့ မြေကြီး မလိုသလိုပဲ၊ စိုထိုင်းဆ၊ အောက်ဆီဂျင်၊ စွမ်းအင်နဲ့ အောက်ဆီဂျင်ပါတဲ့ ဂျယ်လ်ရည် ရှိရင် ရှင်သန်ဖို့ အခြေအနေ ပြည့်စုံသွားပြီ၊ ဒါက ခက်ခဲတဲ့ အလုပ်မှ မဟုတ်တာ”
လင်းရှန်က သူတို့နှစ်ယောက်ကို ကြည့်ကာ “တိတ်ဆိတ်မြို့တော်က လူတွေက ဒီဂျစ်တယ်အသိစိတ်ကူးပြောင်းမှုကို အကုန်လုပ်ပြီးကြပြီလား”
“အများစုကတော့ ပြီးပြီ” ရွှန်းက ပခုံးတွန့်ပြသည်။
“အသိစိတ်မှတ်ဉာဏ်ဆိုတာကလည်း အခုအချိန်မှာ တန်ဖိုးရှိတဲ့ မဟာဗျူဟာမြောက်ပစ္စည်းပဲ၊၊ ကျွန်တော်တို့ဘက်ကလည်း စိစစ်တာတွေ၊ အကဲဖြတ်တာတွေ လုပ်ရသေးတယ်၊၊ နောက်ပြီး တွက်ချက်မှုစွမ်းရည်ပြဿနာကြောင့် အခုလောလောဆယ် တိတ်ဆိတ်မြို့တော်ရဲ့ Cloud ကွန်ရက်ထဲမှာပဲ သိမ်းထားနိုင်သေးတယ်၊၊ တစ်ဦးချင်းစီ လွတ်လပ်စွာ လည်ပတ်နိုင်ဖို့ကတော့ ကြီးမားတဲ့ ယန္တရားတည်ဆောက်ရေး စွမ်းအားတွေ လိုအပ်နေသေးတယ်၊၊ အဲဒါကတော့ လုပ်ဆောင်ဆဲပဲ”
“လင်း”
ရှင်းဂျီက သူ့ကို ကြည့်လိုက်သည်။
“တကယ်လို့ မင်း ဆန္ဒရှိရင် မင်းရဲ့ အသိစိတ်ကို အရန်အဖြစ် ထုတ်ယူထားလို့ ရတယ်၊၊ နောင်တစ်ချိန်မှာ အသုံးဝင်လာလိမ့်မယ်”
“ကိုယ့်ကိုယ်ကိုယ် ပြန်သုံးဖို့လား”
လင်းရှန်က အံ့သြစွာ မေးသည်။
ရှင်းဂျီက ပြုံးပြီး “မင်းအတွက်တော့ ဒါက ထူးဆန်းနေလိမ့်မယ်၊၊ ဒါပေမဲ့ မင်းဘေးနားက လူတွေအတွက်တော့ မင်းဟာ မင်းပဲ၊၊ ငါပြောတာ နားလည်တယ် မဟုတ်လား”
ထိုစကားကြောင့် ချန်ဆီရွှမ်၊ ကီကီ၊ ချီလီ၊ ရှီတိယွမ်တို့အားလုံး လင်းရှန်ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
“ဟားဟားဟား… မင်း အချိန်ယူပြီး စဉ်းစားလို့ရပါတယ်၊၊ အရာအားလုံးက မင်းရဲ့ ဆန္ဒအတိုင်းပါပဲ”
“ကဲ... အခု အဓိကကိစ္စကို ပြောကြရအောင်”
လင်းရှန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ ရှင်းဂျီက အနည်းငယ်ပြုံးကာ ပြောလိုက်သည်။
“ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့ တိတ်ဆိတ်မြို့တော်နဲ့ ပူးပေါင်းပေးခဲ့ကြတာကို ကျေးဇူးတင်ပါတယ်၊၊ အခု အားလုံးကို ဖိတ်ရတာက ကျေးဇူးတင်စကားပြောချင်တာလည်း ပါသလို၊ တိတ်ဆိတ်မြို့တော်ဘက်က ကူညီပေးနိုင်တာရှိရင်... ရိက္ခာပဲဖြစ်ဖြစ်၊ ခဲယမ်းမီးကျောက် ဒါမှမဟုတ် လက်နက်ပဲဖြစ်ဖြစ် ထောက်ပံ့ပေးဖို့ပါ၊၊ နောက်တစ်ချက်ကတော့ တိတ်ဆိတ်မြို့တော်ရဲ့ ရှေ့ဆက်မယ့် အစီအစဉ်တွေကို ပြောပြဖို့ပဲ၊၊ မင်းတို့ စိတ်ဝင်စားလိမ့်မယ်လို့ ထင်ပါတယ်”
“မင်းတို့ တွင်းနက်နဲ့ ဝေးတဲ့နေရာရှာဖို့ မြောက်ဘက်ကို သွားဖို့ စဉ်းစားနေတာ ဖြစ်ဖြစ်၊ ဂြိုဟ်ပတ်လမ်း သမုဒ္ဒရာအပိုင်းကနေ ပစိဖိတ်သမုဒ္ဒရာထဲ ဝင်ဖို့ စဉ်းစားနေတာ ဖြစ်ဖြစ်... မင်းတို့ သွားချင်တယ်ဆိုရင် တိတ်ဆိတ်မြို့တော်က အနီးဆုံး ဂြိုဟ်ပတ်လမ်းအထိ လိုက်ပို့ပေးပါမယ်၊၊ တကယ်လို့ တိတ်ဆိတ်မြို့တော်နဲ့ ပူးပေါင်းချင်တယ်ဆိုရင်လည်း ငါက လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်”
“ဒါကတော့ အတော်လေး ဆွဲဆောင်နိုင်စွမ်းရှိတယ်”
ရှီတိယွမ်က စားပွဲပေါ်က အရက်တစ်ခွက်ကို သောက်လိုက်ရင်း “ဒီလို ဘေးအန္တရာယ်တွေ ပြည့်နေတဲ့ ကမ္ဘာမှာ ဘယ်သူက ခိုင်မာတဲ့ အားကိုးစရာအပင်ကြီးတစ်ပင်ကို မမှီခိုချင်ဘဲ နေမလဲ”
နန်ကျင်းက လေးနက်စွာ မေးလိုက်သည်။
“တိတ်ဆိတ်မြို့တော်ရဲ့ အစီအစဉ်က ဘာလဲ”
“အရင်ကလည်း ငါပြောခဲ့ဖူးပါတယ်”
ရှင်းဂျီက တည်ငြိမ်သော လေသံဖြင့် “အမှန်တော့ ငါတို့တင် မဟုတ်ဘူး၊၊ အာရုဏ်ဦးမြို့တော်ရော ဖီးနစ်အဖွဲ့အစည်းရော အတူတူပဲ၊၊ နောက်ဆုံးပန်းတိုင်ကတော့ ဒီကမ္ဘာကနေ ထွက်ပြေးဖို့ပဲ”
ချန်ဆီရွှမ် မျက်မှောင်ကြုတ်သွားသည်။
“ဖီးနစ်ကလည်း ထွက်ပြေးဖို့ ကြံနေတာလား”
“ဒါကလွဲရင် တခြားဘာရှိသေးလို့လဲ”