အခန်း (၇၁၄-၇၁၅)
Vol. 42 Ch. 714-715
Chapter 714
အာရုဏ်ဦးမြို့တော်နှင့် ဖီးနစ်အဖွဲ့အစည်း ၄
ရှင်းဂျီက ခပ်တိုးတိုး ရယ်လိုက်သည်။
“ဖီးနစ်နဲ့ အာရုဏ်ဦးမြို့တော်ကြားက ခြားနားချက်က ကမ္ဘာ့အကျပ်အတည်းကို ကိုင်တွယ်တဲ့ အယူအဆမတူတာပဲ ရှိတာ၊၊ ဖက်ဒရေးရှင်းဆိုတာ လူချမ်းသာနိုင်ငံရေးသမားတွေနဲ့ ဖွဲ့စည်းထားတာပဲ၊၊ ကမ္ဘာပျက်ကပ်ဆိုတာ တစ်ကမ္ဘာလုံးအတွက် မျှော်လင့်ချက်မဲ့တာပဲ၊၊ မြေအောက်မြို့တော် စီမံကိန်းက အစကတည်းက ရှိနေတဲ့ အစီအစဉ်လို့ ထင်နေလား၊ မဟုတ်ဘူး... အဲဒါက ကြယ်သင်္ဘောစီမံကိန်း ကျရှုံးသွားပြီး ဖက်ဒရေးရှင်းက ဂြိုလ်တုတွေ၊ အာကာသအခြေစိုက်စနစ်တွေ၊ တောင်ဘက် ကောင်းကင်တံခါးနဲ့ ဝမ်ယွဲ့ ဂြိုဟ်ပတ်ကွင်းတွေ အကုန်ဆုံးရှုံးသွားပြီးမှ လုပ်တဲ့ ရှင်သန်ရေးအစီအစဉ်ပဲ၊၊ အဲဒီလို မျှော်လင့်ချက်မဲ့မှု၊ ကြောက်ရွံ့မှုနဲ့ ရှုပ်ထွေးမှုတွေအောက်မှာ ဖက်ဒရေးရှင်းက အုပ်စုနှစ်စုကွဲသွားတယ်၊ တစ်ခုက ဖက်ဒရယ်အဟောင်း... အခု အာရုဏ်ဦးမြို့တော်ပေါ့၊၊ ဥက္ကဋ္ဌ ချူကျောက်နန်ရဲ့ အုပ်စုဖြစ်ပြီး ချမ်းသာတဲ့ လူတန်းစားနဲ့ ထိပ်တန်းပညာရှင်တွေကို ကိုယ်စားပြုတယ်”
“ဒီလူတွေက လူသားယဉ်ကျေးမှုရဲ့ နောက်ဆုံးမီးတောက်ကို ကာကွယ်ပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တွင်းနက်ဝါးမျိုခြင်း မခံရသေးတဲ့ အရင်းမြစ်တွေနဲ့ လူသားအရင်းအမြစ်တွေကို အမြန်စုဆောင်းပြီး ကိုယ့်ကိုယ်ကိုယ်ကယ်တင်ဖို့ ကြိုးစားနေကြတာပဲ၊၊ ယုတ္တိဗေဒအရ ပြောရရင် သူတို့ရဲ့ အယူအဆက လူသားမဟုတ်တဲ့ လူ့အဖွဲ့အစည်းဆီ ဦးတည်နေတာပဲ၊၊ ပြဿနာက သူတို့ အဲဒါကို မလုပ်နိုင်တာပဲ၊၊ အခု လူ့အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးမှုက အဲဒီအဆင့်ကို မရောက်သေးတော့ ဒါဟာ အသက်ရှင်ကျန်ရစ်သူတွေကြား မြေယာလုတဲ့ ကစားပွဲတစ်ခုဖြစ်လာတယ်”
“ဖီးနစ်အဖွဲ့အစည်းကျတော့ရော… ဖီးနစ်က လက်တွေ့ကျတယ်၊၊ သမ္မတနိုင်ငံစနစ်နဲ့ လူသားဆန်မှုကို အခြေခံတယ်၊၊ သူတို့ရဲ့ မူလရည်ရွယ်ချက်က အရင်ဆုံးကယ်တင်ဖို့ပဲ၊၊ ကမ္ဘာပေါ်က အသက်ရှင်ကျန်ရစ်သူတွေကို ကယ်မယ်၊၊ အရင်းမြစ်တွေ စုဆောင်းမယ်၊၊ ယာယီ ဘေးကင်းတဲ့မြို့တော်တွေကို တည်ဆောက်မယ်၊၊ ပြီးရင် တဖြည်းဖြည်း ရွှေ့ပြောင်းပြီး ဝင်ရိုးစွန်းဒေသတွေမှာ နောက်ဆုံးတိုက်ပွဲဝင်မယ်၊၊ ဒါက ပိုပြီး လူသားဆန်တယ်လို့ ခံစားရစေတာကြောင့် အာရုဏ်ဦးမြို့တော်က လူတွေအပါအဝင် အသက်ရှင်ကျန်ရစ်သူအားလုံးနီးပါးရဲ့ ထောက်ခံမှုကို ရထားတာပေါ့၊၊ သူတို့ အားလုံးက အသက်ရှင်ဖို့ပဲ ကြိုးစားနေကြတာပဲ၊၊ ဘယ်လိုနည်းနဲ့ပဲ ကြိုးစားပါစေ… အသက်ရှင်နေဖို့က အဓိကလေ”
“ဒါပေမဲ့ မြေအောက်မြို့တော် စီမံကိန်းဆိုတာက သေမယ့်ရက် စောင့်နေတာ မသိသာဘူးလား”
ကီကီက လက်ပိုက်ရင်း ပြောသည်။
“အာရုဏ်ဦးမြို့တော်ရဲ့ တည်နေရာအရဆိုရင် နောက်ထပ် တစ်လ ဒါမှမဟုတ် နှစ်လနေရင် အမှတ် ၅ နဲ့ အမှတ် ၈ တွင်းနက်တွေရဲ့ ဝါးမျိုတာကို ခံရတော့မယ်၊၊၊ ဒီလို အခြေအနေမှာ တံတိုင်းတွေ ကာနေတာ ဒါမှမဟုတ် မြေအောက်မြို့တော်ဆောက်နေတာက ဘာထူးမှာလဲ”
ရှင်းဂျီက ကီကီကို ကြည့်ပြီး ပြောလိုက်သည်။
“ဒါဆိုရင်တော့ ဖီးနစ်မှာ အဖြေရှိတယ်လို့ မင်းထင်နေတာလား”
သူက ခေါင်းခါပြပြီး တည်ငြိမ်စွာ ဆက်ပြောသည်။
“သူတို့မှာလည်း အမှောင်ထုကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းမရှိပါဘူး၊၊ သူတို့က တွင်းနက်တွေ ဝါးမျိုခြင်းမခံရသေးတဲ့ ကြားက နေရာလွတ်လေးတွေမှာပဲ အသက်ဆက်နေကြတာပဲ၊၊ အဲဒီအတောအတွင်းမှာ တစ်ကမ္ဘာလုံးက ကျန်ရှိနေတဲ့ လူနှစ်သန်း၊ သုံးသန်းလောက်နဲ့အတူ နောက်ဆုံးတွင်းနက်ရှိတဲ့နေရာမှာ ခုခံဖို့ ကြိုးစားနေကြတယ်၊၊၊ ဒါကြောင့် ဖီးနစ်အဖွဲ့အစည်းနဲ့ အာရုဏ်ဦးမြို့တော်ဟာ ကမ္ဘာပျက်ကပ်ကို ရင်ဆိုင်တဲ့နေရာမှာ နောက်ဆုံးရလဒ်က အတူတူပဲလို့ ငါပြောနေတာပဲ”
“အာရုဏ်ဦးမြို့တော်ရဲ့ ကြယ်သင်္ဘောဆိပ်ကမ်းကနေ နှစ်ရက်ခြား သုံးရက်တစ်ခါ စူးစမ်းရေးယာဉ်တွေ လွှတ်တင်ခဲ့တယ်၊၊ တစ်ခုမှ မအောင်မြင်ဘူး၊၊ အကုန်ပျက်ကျတာပဲ၊၊ ကောင်းကင်အကာကွယ်ပေါ်က ကြောက်စရာကောင်းတဲ့ မိုးပျံသတ္တဝါတွေကို မနှိုးဆွမိအောင် သူတို့က အဝေးကနေ လွှတ်နေရတယ်၊၊ အဲဒီလိုပဲ ဖီးနစ်ကလည်း ဝင်ရိုးစွန်းဒေသမှာ ခွန်းလွန်းကြယ်ဗဟိုချက်ကို တည်ဆောက်နေတယ်၊၊ မတူညီတာကတော့ သူတို့က ဝင်ရိုးစွန်းညမတိုင်ခင်မှာ လူအများကြီးကို ကယ်တင်ဖို့နဲ့ ပျံသန်းရေးယာဉ်တွေ ပိုပြီး တည်ဆောက်နိုင်ဖို့ ကြိုးစားနေတာပဲ”
“ကျွန်မတို့အတွက် ထွက်ပြေးဖို့ပဲ လမ်းရှိတော့တာလား” နန်ကျင်းက ခက်ခဲတဲ့ မျက်နှာထားနဲ့ ပြောလိုက်သည်။
“လူသားတွေက S-Class တွေကိုတောင် အနိုင်ယူခဲ့တာပဲ၊၊ ဒီဖြစ်စဉ်ထဲမှာ...”
“လူသားဆန်တဲ့ ရှုထောင့်ကနေဆိုရင်တော့ ခင်ဗျားရဲ့ အတွေးကို ငါအပြည့်အဝ ထောက်ခံပါတယ် မစ္စကျင်း”
ရှင်းဂျီက သူမကို ညင်သာစွာ ပြုံးပြရင်း စကားဖြတ်ပြောလိုက်သည်။
“ကံမကောင်းတာက အခု လက်ရှိအခြေအနေအရ လူသားတွေ အနိုင်ရဖို့ အခွင့်အရေး မရှိဘူး၊၊ ဒီမကုန်ခမ်းနိုင်တဲ့ မွန်းစတားတွေကို တစ်နှစ်အတွင်း အနိုင်ယူဖို့လား၊၊ မင်းတို့ မိခင်အသိုက်ကို တွေ့ခဲ့တယ် မဟုတ်လား၊၊ သန္ဓေပြောင်း သတ္တဝါတွေရဲ့ အရေအတွက်နဲ့ ခွန်အားက နေ့တိုင်း တိုးလာနေတယ်၊၊ ဗဟိုချက်ကိုတောင် မမြင်ဖူးသေးတဲ့ ကျန်တဲ့ တွင်းနက်ကြီးတွေအကြောင်း ထည့်မပြောနဲ့ဦး”
“ဒါကြောင့် တကယ်တမ်း ဖီးနစ်က အခုအချိန်မှာ တရားဝင်ကမ္ဘာ့အစိုးရအဖြစ် ရပ်တည်နေနိုင်တာက ဒီအမှောင်ထုဟာ ဖြေရှင်းလို့ မရနိုင်လို့ပဲ၊၊ ကောင်းကင်အကာကွယ်သာမရှိရင် ဖက်ဒရေးရှင်းက ပြိုကွဲမှာ မဟုတ်ဘူး၊၊ လူသားယဉ်ကျေးမှုကို ကိုယ်စားပြုတဲ့ ‘မျိုးစေ့’ တွေဟာ နေအဖွဲ့အစည်းကနေ ထွက်သွားကြလောက်ပြီ၊၊ မင်းတို့အတွက် ကျန်နေတဲ့ အလုပ်က အရှေ့ဘက်ကို ထွက်ပြေးဖို့ မဟုတ်ဘူး...”
ရှင်းဂျီက အားလုံးကို အဓိပ္ပာယ်အပြည့်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။
“ဒါကြောင့် ကျန်ရှိနေတဲ့ ပျံသန်းရေးယာဉ်အားလုံးကို အရယူဖို့ပဲ...”
ထိုစကားကြောင့် အခန်းတွင်းအခြေအနေသည် ရုတ်တရက် တင်းမာသွားပြီး အားလုံး၏ မျက်နှာအမူယာများ တစ်မျိုးစီဖြစ်သွားကြသည်။ ရှင်းဂျီ၏ စကားများက အရာအားလုံး၏ အနှစ်သာရကို ဖော်ထုတ်ပြလိုက်သကဲ့သို့ပင်။
မိုနီကာက သဘောတူဟန်ဖြင့် ခေါင်းညိတ်ကာ
“မှန်တယ်၊၊ ဖြေရှင်းလို့ မရနိုင်တဲ့ သဘောသဘာဝကပဲ စည်းလုံးမှုကို ဆောင်ကြဉ်းပေးနိုင်တယ်၊၊ ဖြေရှင်းလို့ မရနိုင်လို့ပဲ ကျွန်မတို့မှာ ဖီးနစ်ရှိနေတာပေါ့”
“ထွက်ပြေးရမယ်ဆိုရင်တောင် ကမ္ဘာ့ရင်းမြစ်တွေကို သုံးပြီး လူအများကြီး ခေါ်သွားနိုင်မယ့် ပျံသန်းရေးယာဉ်တွေ ပိုတည်ဆောက်မယ်ဆိုတဲ့ ဖီးနစ်ရဲ့ အစီအစဉ်က လူတွေရဲ့ နှလုံးသားကို ရမှာပဲ၊၊ ဘာလို့လဲဆိုတော့ အားလုံးက မျှော်လင့်ချက်ထားနိုင်လို့လေ”
ချန်ဆီရွှမ်က ဖြည့်ပြောသည်။
“ဒါပေမဲ့ လူသန်းပေါင်းများစွာ ဆံ့မယ့် အာကာသယာဥ်ကြယ်သင်္ဘောကြီးကို တစ်နှစ်အတွင်း ဆောက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး”
ချီလီက ခေါင်းယမ်းလိုက်သည်။
လင်းရှန်က သူ့ကို ကြည့်ပြီး ပြောလိုက်သည်။
“ပထမဆုံးအနေနဲ့ အဲဒါက ဖီးနစ်ရဲ့ နောက်ဆုံးအစီအစဉ်ဖြစ်ရမယ်၊၊ ဆရာမချန် ပြောတာ မှန်တယ်၊၊ မျှော်လင့်ချက်က တိုက်ပွဲဝင်လိုစိတ်ကို ဖြစ်စေတယ်၊၊ ကမ္ဘာတစ်ဝှမ်းက အသက်ရှင်ကျန်ရစ်သူတွေကို စည်းလုံးစေတာက အရမ်းအရေးကြီးတယ်၊၊ ဒါ့အပြင် ထွက်ပြေးဖို့ပဲ လမ်းရှိတယ်ဆိုရင်တောင် လူသန်းအနည်းငယ်လောက်ကို ခေါ်သွားဖို့ကတော့ ဖြစ်နိုင်ပါတယ်”
ထို့နောက် သူက ရှင်းဂျီကို ကြည့်ကာ ခိုင်မာသော အသံဖြင့် ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ ကျုပ်တို့မှာ ဝမ်ယွဲ့ ဂြိုဟ်ပတ်ကွင်း ရှိနေသေးတာ မဟုတ်လား”
ရှင်းဂျီက မျက်လုံးမှေးပြီး ပြုံးလိုက်သည်။
“လင်း... မင်းက တကယ်ကို ဥာဏ်ကောင်းလွန်းတယ်”
“မှန်ပါတယ်၊၊ ဝမ်ယွဲ့ ဂြိုဟ်ပတ်ကွင်းက ၈၅ ရာခိုင်နှုန်းပဲ ပြီးသေးတယ်ဆိုပေမဲ့ အဲဒါက လူ ၁၅ သန်း ဆံ့အောင် ဒီဇိုင်းဆွဲထားတာပဲ၊၊ လူသားသမိုင်းမှာ အကြီးမားဆုံး အာကာသယန္တရားကြီးဖြစ်တယ်၊၊ ပေါင်းစည်းထားတဲ့ ကြယ်သင်္ဘောတွေနဲ့ဆိုရင်တော့ အဲဒါကို အမှန်တကယ် လုပ်ဆောင်နိုင်ပါတယ်”
ထိုစကားကို ကြားသောအခါ ကီကီက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
“ဒါဆို အာရုဏ်ဦးမြို့တော်ကလည်း ဒီရည်ရွယ်ချက်နဲ့ပဲ ကြယ်သင်္ဘောတွေကို တည်ဆောက်နေတာပေါ့”
“ဟုတ်တယ်”
ရှင်းဂျီက တည်ငြိမ်စွာ ပြောသည်။
“ကမ္ဘာပျက်ကပ်ပြီးကတည်းက အချိန်တွေ အများကြီး ကုန်ခဲ့ပြီ၊၊ မြေအောက်မြို့တော် စီမံကိန်းက အလုပ်မဖြစ်ဘူးဆိုတာ သူတို့ သိပြီးသားပဲ၊၊ ဒါကြောင့် အာရုဏ်ဦးမြို့တော်ကလည်း အဲဒီအခွင့်အရေးကို အရယူဖို့ ကြိုးစားနေတာပဲ”
“ဒါဆို ခဗျားရဲ့ တိတ်ဆိတ်မြို့တော်ကျတော့ရော”
လင်းရှန်က အရေးကြီးသော မေးခွန်းတစ်ခုကို မေးလိုက်သည်။
“ငါ့ကို သူတို့နဲ့ ခြားနားစေတာကတော့ ငါက ဝမ်ယွဲ့ဂြိုဟ်ပတ်ကွင်းကို မလိုအပ်ဘူး၊၊ ဒါပေမဲ့ အဝေးက ကြယ်စုတွေဆီ ခရီးသွားမယ်ဆိုရင်တော့ တိတ်ဆိတ်မြို့တော်ကို အကြီးစား အဆင့်မြှင့်တင်မှုတွေ လုပ်ဖို့ လိုအပ်တယ်၊၊ ဒါကြောင့် တိတ်ဆိတ်မြို့တော်က အာရုဏ်ဦးမြို့တော်ကို ကျော်ပြီး ကျင်းဟိုင်ကနေ ယုံကျန်းဆိပ်ကမ်းဆီကို သွားမယ်၊၊ အဲဒီနေရာဟာ ဝမ်ယွဲ့ နည်းပညာနဲ့ ကီဟွာစက်မှုလုပ်ငန်းကြီးက ပူးပေါင်းတည်ဆောက်ထားတဲ့ အကြီးဆုံး ကြယ်တာယာဆိပ်ကမ်းတွေထဲက တစ်ခုပဲ၊၊ တိတ်ဆိတ်မြို့တော်ရဲ့ အဓိကမြို့ကြီးကို အဲဒီမှာပဲ တည်ဆောက်ခဲ့တာပဲ”
“ဒါဆို တိတ်ဆိတ်မြို့တော်က ဝင်ရိုးစွန်းဒေသကို မသွားဘူးပေါ့”
ရှင်းဂျီက တိုက်ရိုက်ပြန်ဖြေသည်။
“မင်းတို့ သတိမထားမိဘူးလား၊၊ တွင်းနက် ၁၃ခုက ကုန်းတွင်းပိုင်းမှာပဲ အဓိကစုဝေးနေတယ်၊၊၊ လူသားတွေက ကုန်းတွင်းပိုင်းကနေ တဖြည်းဖြည်း အတင်းနှင်ထုတ်ခံနေရပြီ၊၊ သမုဒ္ဒရာတွေ၊ ဝင်ရိုးစွန်းဒေသတွေနဲ့ တောင်အမေရိကပဲ နောက်ဆုံး ကျန်တော့တယ်၊၊ အားလုံး အရှေ့ဘက်ကို မောင်းထုတ်ခံနေရတာပဲ၊၊ ငါတို့အတွက် အဓိက ပြဿနာက ကောင်းကင်အကာကွယ်ပဲ၊၊ ဒါကြောင့် ဘယ်လမ်းသွားသွား အတူတူပဲ မဟုတ်လား”
“လင်း”
ရှင်းဂျီက လင်းရှန်ကို ကြည့်ပြီး ပြုံးလိုက်သည်။
“အခုလောလောဆယ် ဖီးနစ်အပြင် အကြီးဆုံးမဟာမိတ်အဖွဲ့အစည်းတွေထဲမှာ အာရုဏ်ဦးမြို့တော်၊ ရေးဂျာဗစ် (ဥရောပ မုန်တိုင်းမဟာမိတ်) နဲ့ မြောက်အမေရိက ပူးပေါင်းတပ်ဦးတို့ ပါဝင်တယ်၊၊ အာရုဏ်ဦးမြို့တော်ကလွဲရင် ကျန်တာတွေ အကုန်လုံးက ဖီးနစ်အဖွဲ့အစည်းနဲ့ ပူးပေါင်းနေတဲ့ မဟာမိတ်တွေပဲ၊၊ တိတ်ဆိတ်မြို့တော်လည်း အပါအဝင်ပေါ့၊၊ အဲဒီထဲမှာ ဖီးနစ်မြို့တော်နဲ့ တိတ်ဆိတ်မြို့တော်နှစ်ခုပဲ ပျံသန်းနိုင်စွမ်းရှိတာ… ဒါကြောင့် ငါတို့ ပူးပေါင်းပြီး စူပါယန္တရားအာကာသာယာဥ်ကြီးကို တည်ဆောက်နိုင်တယ်၊၊ မင်းရဲ့ ယန္တရားစွမ်းအားနဲ့ဆိုရင် လူသားတွေရဲ့ အဆင့်မြင့်ဆုံးနည်းပညာတွေကို သုံးပြီး အားအကောင်းဆုံး လက်နက်တွေကို ဖန်တီးနိုင်မယ်၊၊ လူတွေ ပိုကယ်နိုင်မယ်၊၊ မင်း စိတ်ဝင်စားလား”
ထိုအချိန်တွင် အားလုံး၏ အကြည့်များက လင်းရှန်ထံသို့ ကျရောက်လာသည်။ ချန်ဆီရွှမ်နှင့် ကီကီသာမက နဂါးတောင် ၁ မှ ရှီတိယွမ်၊ နန်ကျင်းနှင့် ချီလီ၊ မိုနီကာတို့သည် ရှင်းဂျီ၏ ကမ်းလှမ်းချက်ကြောင့် စိတ်လှုပ်ရှားသွားကြသည်။
မည်သို့ပင်ဖြစ်စေ... အားလုံး၏ ထွက်ခွာရေး အစီအစဉ်ဆိုသည်မှာ အသက်ရှင်သန်နိုင်ရေးအတွက်ပင် မဟုတ်ပါလော။ တကယ်လို့ တစ်ကမ္ဘာလုံး ဝင်ရိုးစွန်းညမတိုင်မီမှာ လူသားမျိုးနွယ်က အမှောင်ထုကို မခုခံနိုင်ဘူးဆိုရင် နောက်ဆုံးပန်းတိုင်က အာကာသယာဉ်ပေါ်တက်ပြီး ကမ္ဘာမြေကနေ ထွက်ပြေးဖို့ပဲ ဖြစ်လိမ့်မည်။ ထိုသို့ဆိုလျှင် ယခု တိတ်ဆိတ်မြို့တော်၏ စူပါယန္တရားမြို့တော်ကြီးတွင် ပူးပေါင်းလိုက်ခြင်းမှာ အဆိုပါ လက်မှတ်ကို ကြိုတင်ရရှိလိုက်ခြင်းနှင့် အတူတူပင် ဖြစ်၏။ ၎င်းအပြင် ဤမျှ ကြီးမားသော ယန္တရားမြို့တော်ကြီးတွင် စုစည်းနေထိုင်ခြင်းက အသက်ရှင်နိုင်ချေကို များစွာမြင့်တက်စေရာ ဘာများငြင်းစရာရှိသေးသနည်း….
၎င်းမှာ လူတိုင်း၏ စိတ်ထဲမှာ အတွေးများပင်…
ဒါက ရှီတိယွမ်ကိုပင် အာရုဏ်ဦးဗဟိုစင်တာသို့ သွားမည့် သူ၏ မူလအစီအစဉ်ကို ပြန်လည်စဉ်းစားစေခဲ့၏။
လင်းရှန်သည် စဉ်းစားနေသကဲ့သို့ ခဏမျှ တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် ရှင်းဂျီကို အလေးအနက်ကြည့်ကာ ပြောလိုက်သည်၊၊
“အာ... ခဗျားရော တောင်ဘက် ကောင်းကင်တံခါးနဲ့ ဝမ်ယွဲ့ဂြိုဟ်ပတ်ကွင်းမှာ ဘာတွေဖြစ်နိုင်ခြေရှိသေးတယ်လို့ ထင်လဲ”
ဖူးးး
လင်းရှန်၏ မေးခွန်းကို ကြားလိုက်ရသည်နှင့် ချီလီသည် သောက်လက်စ လက်ဖက်ရည်ကို ထွေးထုတ်မိလျက်သား ဖြစ်သွားလေသည်။
Chapter 715
ယန္တရားစစ်တပ် ၁
ရှင်းဂျီ၏ သီးသန့်နေအိမ်ပြင်ပတွင် အိမ်ဖော်စက်ရုပ်များက အဆက်မပြတ် ဟိုမှသည်ကူးသန်းသွားလာနေကြပြီး လက်ရာမြောက်လှသော အစားအစာမျိုးစုံကို တည်ခင်းနေကြသည်၊၊ ခန်းမအတွင်း၌မူ လေထုသည် အေးချမ်းတိတ်ဆိတ်နေ၏၊၊
လူတိုင်းက လင်းရှန်ကို အံ့အားသင့်စွာ ကြည့်နေကြပြီး ချန်ဆီရွှမ်ပင်လျှင် ရှုပ်ထွေးနေပုံရသည်၊၊ သူမဘေးရှိ ကီကီက မျက်မှောင်ကြုတ်ကာ သူ့ကိုကြည့်ပြီးနောက် ပြောလိုက်သည်၊၊
“ဝိုး… လင်းရှန် ဒါက ရှင့်ရဲ့ အစီအစဥ်လား… တကယ်ပဲ ရှင့်ရဲ့သတ္တိကတော့ တကယ့်ကို ကြီးထွားလာတာပဲ၊၊ ဟီးဟီး.. ကျွန်မကတော့ ရှင့်ကို ပထမဆုံးထောက်ခံမယ့်သူပဲ’’
ကီကီက စိတ်လှုပ်ရှားမှုနှင့် ထောက်ခံမှုအပြည့်ဖြင့် သူမလက်ကို ရွှင်မြူးစွာ မြှောက်လိုက်သည်၊၊
အခြားသူများကမူ ထူးဆန်းသော အမူအရာများဖြင့် ကြည့်နေကြစဉ် လင်းရှန်နှင့် မျက်နှာချင်းဆိုင်ရှိ ရွှန်းက ပြောလိုက်သည်၊၊
“လင်း… ခဗျားက တောင်ဘက်နတ်ဘုရားတံခါး ဒါမှမဟုတ် ဝမ်ယွဲ့ဂြိုဟ်ပတ်ကွင်းကို သိမ်းပိုက်ချင်တယ်လို့ ပြောနေတာလား’’
“အိုး အထင်မမှားပါနဲ့’’
လင်းရှန်က ဖြည်းဖြည်းချင်း ပြုံးလိုက်သည်၊၊ ထိုစကားကို ကြားရသဖြင့် လူတိုင်း သက်ပြင်းချနိုင်တော့မည့်ဆဲဆဲမှာပင် သူက အသားဖတ်တစ်ခုကို စားလိုက်ပြီး ဆက်ပြောသည်၊၊
“ဒါပေမဲ့ ဒါက စမ်းကြည့်ဖို့ ထိုက်တန်တယ်လို့ မထင်ဘူးလား’’
အခြားသူများ ဆွံ့အသွားကြသည်၊၊
“ဒါဆို မင်းက ဖီးနစ်၊ အာရုဏ်ဦးမြို့တော်တို့နဲ့ ပြိုင်ပြီးတော့ ရယူဖို့ စီစဉ်နေတာလား’’
ချီလီက အံ့အားသင့်စွာ မေးလိုက်သည်၊၊
လင်းရှန်က ပြုံးလျက် ခေါင်းခါလိုက်ပြီး ပြောသည်၊၊
“တကယ်တော့ ကျုပ်က အဲဒီကောင်းကင်အကာကွယ်ကို ပိုစိတ်ဝင်စားနေတယ်၊၊ တစ်ကမ္ဘာလုံးကို ဖုံးလွှမ်းနိုင်တဲ့အရာက ဘယ်လိုမျိုးဖြစ်မလဲ၊၊ နောက်ပြီး အာရုဏ်ဦးမြို့တော်နဲ့ ဖီးနစ်က တောင်ဘက်နတ်ဘုရားတံခါးနဲ့ ဝမ်ယွဲ့ဂြိုဟ်ပတ်ကွင်း တကယ်ရှိတယ်လို့ အာမခံထားတာကော သေချာလို့လား’’
ရှင်းဂျီက ပြုံးလျက် မျက်လုံးမှေးကာ လူအုပ်ကို ဝေ့ကြည့်လိုက်သည်၊၊
“ဒါကြောင့်ပဲ တိတ်ဆိတ်မြို့တော်က တခြား အဓိပ္ပာယ်မရှိတဲ့ မှန်းဆချက်တွေမှာ ပါဝင်မယ့်အစား ကြယ်စင်စုခရီးသွားအာကာသယာဉ်စနစ် အဆင့်မြှင့်တင်ဖို့ကိုပဲ အာရုံစိုက်နေတာပဲ’’
မိုနီကာက ရှင်းဂျီကို သတိထားသောအမူယာဖြင့် တစ်ချက်ကြည့်လိုက်သည်၊၊ အာရုဏ်ဦးမြို့တော်နှင့် ဖီးနစ်တို့နှင့် နှိုင်းယှဉ်ပါက တိတ်ဆိတ်မြို့တော်သည် ပို၍ လွတ်လပ်ပြီး ကိုယ့်အားကိုယ်ကိုးသည့် အမဲလိုက်အဖွဲ့အစည်းတစ်ခုနှင့် တူကြောင်း လူတိုင်း နားလည်ထားကြသည်၊၊ ရှင်းဂျီသည် ဖီးနစ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းထားသော်လည်း သူ၏ ကိုယ်ပိုင်ခွန်အားကို မြှင့်တင်ရန်မှာသာ အဓိကဖြစ်သည်၊၊ ထို့ကြောင့် တစ်ကမ္ဘာလုံး ပျက်စီးသွားနိုင်သည့် အဆိုးဆုံးအခြေအနေကို ထည့်သွင်းစဉ်းစားပြီး တိတ်ဆိတ်မြို့တော်က မည်သို့ မိမိကိုယ်ကိုယ် မည်သို့ကာကွယ်မည်လဲဆိုသည်ကိုသာ သူက တွေးနေခြင်းဖြစ်သည်၊၊
“ဒါဆို တိတ်ဆိတ်မြို့တော်က ယုံကျန်းဆိပ်ကမ်းအထိပဲ သွားမှာပေါ့၊၊ မြောက်ဘက်က အာရုဏ်ဦးဗဟိုစင်တာနဲ့ ပူးပေါင်းဖို့ ဒါမှမဟုတ် ဝင်ရိုးစွန်းဒေသတွေဆီ သွားဖို့ အစီအစဉ်မရှိဘူးလား’’
ရှီတိယွမ်က မေးလိုက်သည်၊၊
ရှင်းဂျီက ခေါင်းညိတ်လိုက်ပြီး ပြောသည်၊၊
“မှန်တယ်၊၊ ဒါကြောင့် မင်းတို့ အာရုဏ်ဦးဗဟိုစင်တာကို သွားဖို့ စီစဉ်ထားရင် ကျင်းဟိုင်မှာ လမ်းကြောင်းပြောင်းသင့်တယ်၊၊ မလိုအပ်တဲ့ ပြဿနာတွေကို လျှော့ချနိုင်လိမ့်မယ်၊၊ နောက်တစ်ချက်က မင်းတို့ရဲ့ ရထားနဲ့ ပတ်သက်ပြီးတော့...’’
သူက စကားကို အဆုံးသတ်ကာ လင်းရှန်ဘက်သို့ လှည့်ကြည့်လိုက်သည်၊၊
“မင်းက စူပါကွန်ဒတ်တင်း သံလိုက်လမ်းကြောင်းစနစ်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပေမဲ့ ဒီလို ပြင်းထန်တဲ့ မောင်းနှင်မှုတွေက ရထားရဲ့ တည်ဆောက်ပုံကို သိသိသာသာ ပျက်စီးစေတယ်၊၊ လင်းရှန် မင်းက တိတ်ဆိတ်မြို့တော်ကို ဝင်ဖို့ မစဉ်းစားထားရင် မင်းရဲ့ရထားကို အဆင့်မြှင့်ဖို့ ဒါမှမဟုတ် သယ်ယူပို့ဆောင်ရေးယာဥ်ကို အသစ်လဲဖို့ လိုလိမ့်မယ်၊၊ နောက်ပြီး အခြေအနေအရ မင်းက ရထားလမ်းကြောင်းကိုလည်း စိုးရိမ်နေရတယ် မဟုတ်လား’’
လင်းရှန်က ထိုစကားကို ကြားသောအခါ ရှင်းဂျီ၏ စကားကို လက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်၊၊ သံလိုက်လမ်းကြောင်းပစ်လွှတ်ခြင်းစီမံကိန်း အောင်မြင်ခဲ့သော်လည်း ပြန်ပေးလိုက်ရသည့် ရထားပျက်စီးမှုမှာ အတော်ပင် ကြီးမားလှသည်၊၊ ထိုပျက်စီးမှုများမှာ အဓိကအားဖြင့် ယာဉ်၏ တည်ဆောက်ပုံ၊ မောင်းနှင်သည့် အောက်ပိုင်းစနစ်နှင့် ကိုယ်ထည်ပုံပျက်သွားခြင်းကြောင့် ဖြစ်ပေါ်လာသည့် သတ္တုခိုင်မာမှုအားနည်းခြင်းများ ဖြစ်သည်၊၊
လင်းရှန်အနေဖြင့် အပေါ်ယံ ပျက်စီးမှုအချို့ကို ပြုပြင်နိုင်သော်လည်း အနန္တရထားသည် ကုန်တင်တွဲနှင့် လူစီးတွဲအမျိုးမျိုးကို စုစည်းထားခြင်းဖြစ်ပြီး တတိယနှင့် စတုတ္ထမြောက် သုတေသနတွဲများမှလွဲ၍ ကျန်တွဲများမှာ အသစ်စက်စက်များမဟုတ်ကြချေ၊၊ ဆက်တိုက်ဆိုသလို ပြင်းထန်သော ပျက်စီးမှုများ ကြုံတွေ့ရပြီးနောက်တွင် ပုန်းကွယ်နေသော အန္တရာယ်များမှာ မြင့်တက်လာနေသည်၊၊
အနန္တရထားပင်လျှင် အခြေနေဆိုးပါက ပေါင်းစည်းယာဉ်တန်း၏ အခြားရထားများမှာ ပြောနေစရာပင် မလိုတော့ပေ၊၊ ရထားတွဲများ အက်ကွဲခြင်း၊ ပုံပျက်ခြင်း၊ ရထားဘီးများပြုတ်ထွက်ခြင်းနှင့် ပင်မတည်ဆောက်ပုံများ လိမ်ဖည်သွားခြင်းတို့ ဖြစ်ပေါ်နေသည်၊၊ ကံကောင်းထောက်မ၍ သူတို့သည် သံလိုက်လမ်းကြောင်းများအတွင်း ဝင်ရောက်စဉ် သို့မဟုတ် တည်နေရာကူးပြောင်းစဉ်အတွင်း ပြုတ်ထွက်မသွားဘဲ လွတ်မြောက်လာနိုင်ခြင်းပင် ဖြစ်သည်၊၊ လူအများစု အသက်ရှင်ကျန်ရစ်သဖြင့် ကံကောင်းကြသော်လည်း ရထား၏ အခြေအနေမှာမူ ပြောမပြနိုင်လောက်အောင် ဆိုးရွားနေသည်၊၊ အကယ်၍ တိတ်ဆိတ်မြို့တော်နှင့် ပူးပေါင်းဆောင်ရွက်မှုမရှိခဲ့ပါက သူတို့အနေဖြင့် တည်နေရာကူးပြောင်းမှုပြီးမြောက်ခဲ့လျှင်ပင် လမ်းကြောင်းမရှိသည့် လုလင်တောအုပ်၏ ဝေးလံခေါင်ဖျားသော တောင်တန်းကြီးများထဲတွင် ပိတ်မိနေပေလိမ့်မည်၊၊
ထို့အပြင် ရထားလမ်းကြောင်း အန္တရာယ်များနှင့် ပတ်သက်၍လည်း ဖြေရှင်းချက်ရှာရမည့်အချိန် ရောက်နေပြီဟု လင်းရှန် ခံစားရသည်၊၊ သို့မဟုတ်ပါက သူ၏ အဖွဲ့ထဲတွင် လူများလေလေ အခက်အခဲက ပိုကြီးလေလေ ဖြစ်ပေလိမ့်မည်၊၊ ယခင်က လူနည်းစဉ်အခါက ကီကီက သူမ၏ စိတ်စွမ်းအားဖြင့် ရထားတွဲအချို့ကို အနည်းငယ် မတင်ပေးနိုင်ခဲ့သော်လည်း ယခုမူ ထိုသို့လုပ်ရန်မှာ လုံးဝ မဖြစ်နိုင်တော့ပေ၊၊
ထိုစကားကို ကြားသောအခါ ရှီတိယွမ်နှင့် နန်ကျင်းတို့၏ မျက်နှာများမှာ တည်ကြည်သွားကြသည်၊၊ အဘယ်ကြောင့်ဆိုသော် ဤပြဿနာမှာ နဂါးတောင် (၁) အတွက်လည်း အခက်အခဲ ဖြစ်နေသောကြောင့် ဖြစ်သည်၊၊ ဆန့်ကျင်ဘက်အားဖြင့် ချီလီနှင့် မိုနီကာတို့မှာမူ သိပ်ပြီး စိုးရိမ်ပုံမရကြချေ၊၊
မိုနီကာ၏ ရထားမှာ မြေပြင်အနေအထားအားလုံး သွားလာနိုင်သည့် စွမ်းရည်ရှိပြီး ခိုင်ခံ့သော တည်ဆောက်ပုံရှိသည်၊၊ ဤသံလိုက်လမ်းကြောင်းပစ်လွှတ်ခြင်းတွင်လည်း အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပြီး သံချပ်ကာများပင် ပျက်စီးမှုမရှိခဲ့သဖြင့် ၎င်း၏ တန်ဖိုးနှင့် စွမ်းအားမှာ ထိုက်တန်လှသည်၊၊ တစ်ဖက်တွင်မူ ချီလီမှာ သယ်ယူပို့ဆောင်ရေးပြဿနာထက် သူကိုယ်တိုင် မောင်းစရာမလိုခြင်းကိုပင် သဘောကျနေသည်၊၊ ထို့ကြောင့် သူသည် တိတ်ဆိတ်မြို့တော်သို့ ဝင်ရန် အလွန်စိတ်ဝင်စားနေသော်လည်း တိတ်ဆိတ်မြို့တော်၏ အနာဂတ် အစီအစဉ်များကို ကြားရသောအခါ စိတ်ကူးကို ချက်ချင်းပင် လက်လွှတ်လိုက်ပုံရသည်၊၊
“တကယ်တော့ ရထားကို ဘယ်လို ပျံသန်းအောင် လုပ်ရမလဲဆိုတာ ကျုပ် အရင်က စဉ်းစားဖူးတယ်၊၊ ဒါပေမဲ့ အပေါ်မှာ ကောင်းကင်အကာကွယ်ရှိနေတော့ မြေပြင်က ပိုဘေးကင်းပုံရတယ်၊၊ ဒါဆို ဖြေရှင်းချက်က တစ်ခုပဲ ကျန်တော့တာလား’’
လင်းရှန် စဉ်းစားနေသည်၊၊
တိတ်ဆိတ်မြို့တော်တွင် အဓိကမြို့တော်နှင့် မြို့တော် ၂ သာမက လူနေထိုင်ရန်နှင့် အဓိကမြို့တော်အတွက် အင်ဂျင်များအဖြစ် အသုံးပြုသည့် လွင့်မျောနေသော မြို့ငယ်လေး ၄ခုလည်း ရှိသည်၊၊
မူလက ရှင်းဂျီသည် လင်းရှန်ကို တစ်ခုပေးရန် ပြင်ဆင်ထားသော်လည်း ယခုအခါ လင်းရှန်က ၎င်းမှာ အဓိပ္ပာယ်မရှိဟု ယူဆပေသည်၊၊ တိတ်ဆိတ်မြို့တော်ပင်လျှင် သတိလက်လွတ်ဖြင့် အပေါ်သို့ မတက်ဝံ့ချေ၊၊ အပေါ်၌ ပျံသန်းနေခြင်းထက် မြေပြင်ပေါ်မှာ နေခြင်းက ပို၍ ဘေးကင်းသည်၊၊ အနည်းဆုံးတော့ ထွက်ပြေးစရာ လမ်းရှိသော်လည်း ကောင်းကင်မှာမူ ပျက်ကျဖို့သာ ရှိပေသည်၊၊
“မြေမျက်နှာပြင်မရွေးမောင်းနှင်ခြင်းလား”
ရွှန်းက သူ့ကို ပြုံးကြည့်ကာ “အဲဒါကို ခဗျားအတွက် ပြုပြင်ပေးလို့ရပါတယ်၊၊ တိတ်ဆိတ်မြို့တော်အတွက် ဒါက မခက်ခဲပါဘူး’’
“မဟုတ်ဘူး’’
လင်းရှန်က ရွှန်းနှင့် ရှင်းဂျီတို့ကို တည်ကြည်စွာ ကြည့်လိုက်သည်၊၊
“ဒီရထားက ဘေးကင်းတဲ့အချိန်မှာ ဂြိုဟ်ပတ်ရထားလမ်းပေါ်မှာ သွားနိုင်ပြီး အန္တရာယ်ရှိတဲ့ အခြေအနေမှာတော့ မြေမျက်နှာပြင်မရွေးမောင်းနှင်နိုင်ခြင်းနဲ့ ကျော်လွှားနိုင်မယ်လို့ ခင်ဗျားတို့ ထင်လား၊၊ မြေမျက်နှာပြင်မရွေးအခြေစိုက်ယာဉ်လိုမျိုး မြင့်မားတဲ့နေရာတွေမှာ သွားနိုင်မယ်၊ သမုဒ္ဒရာပတ်လမ်းပြတ်တောက်သွားရင် ရေပေါ်မှာ သွားနိုင်မယ်၊ အမှောင်ဒီရေတွေ တက်လာရင် ပင်လယ်နက်ထဲကို ငုပ်ဆင်းပြီး ရေစီးကြောင်းအတိုင်း သွားနိုင်မယ်၊၊ နောက်ဆုံးမှာ ကောင်းကင်အကာကွယ်ကို ဖောက်ထွက်နိုင်ခဲ့ရင် ကောင်းကင်ကို ပျံတက်ပြီး ကာမန်လိုင်းကို ဖြတ်ပြီး ကြယ်သင်္ဘောတွေနဲ့အတူ လိုက်ပါပြီး ဝမ်ယွဲ့ဂြိုဟ်ပတ်ကွင်းဆီ ဆိုက်ကပ်နိုင်မယ်’’
တိတ်ဆိတ်သွားသည်၊၊
လင်းရှန် စကားဆုံးသည်နှင့် တစ်ခန်းလုံး တိတ်ဆိတ်သွားပြီး ရွှန်းအပါအဝင် လူတိုင်းက လင်းရှန်ကို ကြောင်ကြည့်နေကြသည်၊၊ မိုနီကာပင်လျှင် နားလည်ရခက်နေသည့် အမူအရာမျိုး ဖြစ်နေသည်၊၊
ဟိုင်းဝေးလမ်း၊ ရထားလမ်း၊ မြေပြင်မရွေးလမ်းကြမ်းမောင်းနှင်စနစ်၊ ရေကြောင်း၊ ရေငုပ်၊ လေကြောင်း...
၎င်းမှာ တိတ်ဆိတ်မြို့တော်ထက်ပင် ပို၍ ရှုပ်ထွေးနေပုံရသည်၊၊ ဒါက မည်သို့သော အသွင်ပြောင်းအာကာသယာဉ်ကြီးလဲ၊၊