← Chapters

အခန်း (၂၂၆၁-၂၂၆၂)

Vol. 167 Ch. 2261-2262

အခန်း (၂၂၆၁-၂၂၆၂)

Vol. 167 Ch. 2261-2262

အခန်း(၂၂၆၁)

“မကောင်းတော့ဘူး”

ကျန်းချန်က ချက်ချင်းဆိုသလိုပင် စိုးရိမ်သွားခဲ့သည်။

ဤသွေးရောင် ချပ်ဝတ်တန်ဆာဝတ် အရိုးစုသည် အတိုင်းအတာတစ်ခု ဥာဏ်အလင်း ရရှိနေသည်မှာ သိသာထင်ရှားနေခဲ့၏။

၎င်းသည် သူတို့သုံးဦး၏ ဝိုင်းရံပိတ်ဆို့မှုအောက်တွင် ကျရောက်သွားလျှင် သေချာပေါက် သေဆုံးရမည်ကို သိရှိနေခဲ့သည်။

ထို့ကြောင့် လော့ရှင်းဟယ်ကို စွန့်ခွာရန် ရွေးချယ်လိုက်ပြီး အားအနည်းဆုံး ဖြစ်သော ရှထျန်းယွမ်ကို တိုက်ခိုက်လိုက်ခြင်းပင်။

သွေးရောင် ချပ်ဝတ်တန်ဆာဝတ် အရိုးစု၏ လျှပ်တစ်ပြက်တိုက်ခိုက်မှုသည် အလွန်တရာပင် မြန်ဆန်လွန်းလှသဖြင့် ရှထျန်းယွမ်သည် ရှောင်တိမ်းရန်ပင် အချိန်မရလိုက်ပေ။

ရှထျန်းယွမ်က မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အကာအကွယ်အလွှာ အဖြစ် အလျင်အမြန် စုစည်းလိုက်သည်။

ထိုခဏဝယ် သွေးရောင် ချပ်ဝတ်တန်ဆာဝတ် အရိုးစုသည် ကြယ်တံခွန်တစ်ခုနှယ် ပြေးဝင်လာခဲ့ပြီး ၎င်း၏ လက်ထဲမှ သွေးရောင်လှံရှည်သည် ရှထျန်းယွမ်၏ ခန္ဓာကိုယ် ပတ်ပတ်လည်ရှိ အကာအကွယ်အလွှာ ပေါ်သို့ ကျရောက်သွားခဲ့သည်။

“ဝုန်း..”

ရှထျန်းယွမ်၏ အကာအကွယ် အလွှာသည် ချက်ချင်းစိတ်သလိုပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားခဲ့၏။

ယင်းနောက်တွင် ရှထျန်းယွမ်သည် ခန္ဓာကိုယ် တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်ကာ လူတစ်ကိုယ်လုံးသည်လည်း ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် နောက်ပြန် လွင့်စင်သွားခဲ့သည်။

ကျန်းချန်က မြေပြင်ပေါ်သို့ လဲကျသွားသော ရှထျန်းယွမ်ကို တစ်ချက် ကြည့်လိုက်သည်။

ရှထျန်းယွမ် သေဆုံး မသွားသေးသည်ကိုမြင်လျှင် စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။

ကံကောင်းစွာဖြင့် ရှထျန်းယွမ်၏ ခွန်အားသည် အားမနည်းလှသဖြင့် သွေးရောင် ချပ်ဝတ်တန်ဆာဝတ် အရိုးစု၏ သတ်ဖြတ်ခြင်းကို မခံလိုက်ရပေ။

ထိုသို့မဟုတ်ဘဲ ရှထျန်းယွမ်၏ ခွန်အားဖြင့်သာ သွေးရောင်အရိုးစု အဖြစ် ပြောင်းလဲသွားခဲ့လျှင် သူတို့၏ အခြေအနေသည် ပို၍ပင် အန္တရာယ်ရှိလာလိမ့်မည် မဟုတ်ပါလား။

“စီနီယာလော့.. ဒီသွေးရောင် ချပ်ဝတ်တန်ဆာဝတ် အရိုးစုက အတိုင်းအတာ တစ်ခုအထိ အသိဥာဏ်ရှိနေတယ်.. တခြားလူတွေကို တိုက်ခိုက်ဖို့ သူ့ကို အခွင့်အရေးပေးလို့ မဖြစ်ဘူး.. ကျွန်တော်တို့ အတူတူ သူ့ကို အဆုံးသတ်လိုက်ကြစို့”

စကားဆုံးသည်နှင့် ကျန်းချန်သည် သူ၏ လက်ထဲမှ ရှေးဟောင်း ရွှေရောင်ဓားဖြင့် ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။

“လူသားအဖြစ်ပြောင်းလဲစေသောဓားကွက်”

ကျန်းချန်က အနည်းငယ်မျှပင် ထိန်ချန်မထားဘဲ အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်၏ ပထမတိုက်ကွက်ကို စွမ်းအားအပြည့်အဝဖြင့် ထုတ်သုံးလိုက်သည်။

ဤဓားချက်သည် ကမ္ဘာပေါ်ရှိ မည်သည့်စွမ်အားကို မဆို သာမန်အဆင့်သို့ ပြောင်းလဲပစ်နိုင်သောစွမ်းရည် ရှိ၏။

သွေးရောင် ချပ်ဝတ်တန်ဆာဝတ် အရိုးစု၏ စွမ်းအားက ဆန်းကြယ်သော်လည်း လူသားအဖြစ် ပြောင်းလဲစေသောဓားချက်ကို ရှောင်ရှားရန် ခက်ခဲလိမ့်မည်ဟု ကျန်းချန် ယုံကြည်နေမိသည်။

အမှန်တကယ်လည်း ကျန်းချန် မျှော်လင့်ထားသလိုပင် ဖြစ်လာခဲ့၏။

လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်သည် သွေးရောင် ချပ်ဝတ်တန်ဆာဝတ် အရိုးစု၏ ခန္ဓာကိုယ်ကို ထိမှန်သွားပြီးနောက်တွင် သွေးရောင် ချပ်ဝတ်တန်ဆာဝတ် အရိုးစု၏ အရှိန်အဝါသည် ချက်ချင်းဆိုသလိုပင် အလွန်အမင်း အားနည်းသွားခဲ့သည်။

၎င်း၏ ခန္ဓာကိုယ်မှ တောက်ပသော သွေးရောင်များသည်ပင် အနည်းငယ် မှိန်ဖျော့သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် သွေးရောင် ချပ်ဝတ်တန်ဆာဝတ် အရိုးစုသည် ကျန်းချန်ကို မယုံကြည်နိုင်သော အမူအရာဖြင့် ထိတ်လန့်တကြား ကြည့်လိုက်သည်။

သူ၏ ရှေ့မှ မြင်ကွင်းကိုကြည့်ကာ ကျန်းချန်၏ မျက်ဝန်းများက တောက်ပသွားခဲ့သည်။

သွေးရောင် ချပ်ဝတ်တန်ဆာဝတ် အရိုးစု အပေါ်တွင် လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်၏ သက်ရောက်နိုင်စွမ်းသည် နတ်ဘုရင်အဆင့် ကျင့်ကြံသူ အပေါ်တွင် သက်ရောက်နိုင်စွမ်းထက် သုံးဆမျှ ပိုနေခဲ့သည်။

သူက ဓားလမ်းစဥ် အရင်းအမြစ် နတ်စွမ်းအားကို ပြီးပြည့်စုံသော အဆင့်အထိ တတ်မြောက်ထားသော်လည်း နတ်ဘုရင်ကပ်ဘေးကို မလှုံ့ဆော်ရသေးသဖြင့် နတ်ဘုရင် အဆင့်သို့ မထိုးဖောက်ရသေးပေ။

သူ၏ လက်ရှိ ခွန်အားဖြင့်သာ လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်ကို အသုံးပြု၍ နတ်ဘုရင် သတ္တမအဆင့်ကို ရင်ဆိုင်မည်ဆိုလျှင် များစွာ သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူ၏ရှေ့မှ နတ်ဘုရင် သတ္တမအဆင့်နှင့် နှိုင်းယှဥ်နိုင်သော သွေးရောင် ချပ်ဝတ်တန်ဆာဝတ် အရိုးစုသည် ဓားချက်တစ်ချက်တည်းဖြင့် စွမ်းအားများစွာ ဖြတ်တောက်ခံလိုက်ရ၏။

ကျန်းချန်၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သွေးရောင်အရိုးစုများသည် ဤနေရာတွင် ကျဆုံးခဲ့သော ပြင်ပစကြဝဠာမှ အင်မော်တယ် ကျင့်ကြံသူများနှင့် သက်ဆိုင်နေသည်မှာ ထင်ရှားနေခဲ့၏။

သူ ကျင့်ကြံထားသော အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်သည် နတ်ဘုရားနယ်မြေမှ နည်းစနစ် မဟုတ်သည်မှာ သိသာထင်ရှားနေခဲ့ပြီး ထိုနည်းစနစ်သည် အင်မော်တယ်ကျင့်ကြံသူ၏ စွမ်းအားနှင့် တူညီသော စွမ်းအား ရှိနေ၍ ဤသွေးရောင်အရိုးစုများ၏ စွမ်းအားကို ထိန်းချုပ်နိုင်စွမ်း ရှိနေခြင်း ဖြစ်နိုင်လောက်သည်။

ထိုအကြောင်းကြောင့်ပင် အစောပိုင်းက သူ၏ ဓားချက်တစ်ချက်ဖြင့် သွေးရောင် ချပ်ဝတ်တန်ဆာဝတ် အရိုးစု၏ စွမ်းအားအမြောက်အများကို ဖြတ်တောက်နိုင်ခဲ့ခြင်း ဖြစ်ပုံရ၏။

ကျန်းချန်က ဓားချက်တစ်ချက်တည်းဖြင့်ပင် သွေးရောင် ချပ်ဝတ်တန်ဆာဝတ် အရိုးစု၏ စွမ်းအားကို အမှန်တကယ်ပင် အားနည်းသွားစေနိုင်သည်အား မြင်လျှင် လော့ရှင်းဟယ်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

သို့သော်လည်း ဤအခိုက်အတန့်တွင် သူ့အနေဖြင့် အတွေးများနေရန် အချိန်မရှိပေ။

သူက ခန္ဓာကိုယ်မှ ကြယ်လမ်းစဥ် နတ်စွမ်းအားများကို လှုံ့ဆော်လိုက်ပြီး ဧရာမ လက်ဝါးတစ်ခုအဖြစ်သို့ ပြောင်းလဲကာ သွေးရောင် ချပ်ဝတ်တန်ဆာဝတ် အရိုးစုကို ရိုက်ချလိုက်သည်။

ကျန်းချန်ကလည်း တွေဝေမနေဘဲ လူသားအဖြစ်ပြောင်းလဲစေသော ဓားချက်ကို နောက်တစ်ကြိမ် ထုတ်ဖော်ကာ သွေးရောင် ချပ်ဝတ်တန်ဆာဝတ် အရိုးစုကို ခုတ်ပိုင်းလိုက်သည်။

ကျန်းချန်က လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်ကို ဆက်တိုက်ဆိုသလို ထုတ်ဖော်လိုက်ရာ သွေးရောင် ချပ်ဝတ်တန်ဆာဝတ် အရိုးစု၏ စွမ်းအားသည် ကျန်းချန်ကြောင့် များစွာ အားနည်းသွားခဲ့ပြီး အဆုံးသတ်တွင် လော့ရှင်းဟယ်၏ ကြယ်စွမ်းအင် လက်ဝါးအောက်တွင် ပေါက်ကွဲထွက်သွားခဲ့သည်။

သွေးရောင် ချပ်ဝတ်တန်ဆာဝတ် အရိုးစုကို ဖြေရှင်းပြီးနောက်တွင် ကျန်းချန်သည် ကုန်ခမ်းသွားသော ခွန်အားများကို ပြန်လည် ဖြည့်တင်းရန် အတွက် ဆေးလုံးကို အလျင်အမြန် ထုတ်ယူ၍ မျိုချလိုက်သည်။

အစောပိုင်းက တိုက်ပွဲတွင် ကျန်းချန်သည် သူ၏ ခွန်အားအပြည့်အဝဖြင့် မရေမတွက်နိုင်သော သွေးရောင် အရိုးစုများကို သတ်ဖြတ်ခဲ့ပြီး လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်ကို သုံးကြိမ်ဆက်တိုက် အသုံးပြုခဲ့ရာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ခွန်အားထက်ဝက်ကျော်သည် ကုန်ဆုံးသွားခဲ့သည်။

အကယ်၍သာ အင်အားကုန်ခန်းမှုကို ပြန်လည်ဖြည့်တင်းရန် အသက်သစ်ကိုင်းသာ ရှိမနေခဲ့လျှင် ယခုအချိန်အထိ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

ထို့အပြင် သူ့ရှေ့တွင် ရှိသည့် သွေးရောင်နန်းတော်ကြီး ထဲတွင် သွေးရောင် ချပ်ဝတ်တန်ဆာဝတ် အရိုးစုထက်ပင် ပိုမို ကြောက်မက်ဖွယ်ရာကောင်းသော အရာတစ်ခု ရှိနေနိုင်ခြေ အလွန်များသဖြင့် သူ၏ ခွန်အားများကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းရလိမ့်မည် မဟုတ်ပါ‌လော။

အခြားတစ်ဖက်တွင်လည်း လော့ရှင်းဟယ်သည် ဆေးလုံး သုံးလုံးကို ယူကာ ဆက်တိုက်ပင် မျိုချပစ်လိုက်သည်။

ကျန်းချန် မကူခင်က သူတစ်ယောက်တည်း ခွန်အားဖြင့် သွေးရောင် ချပ်ဝတ်တန်ဆာဝတ် အရိုးစုကို ရင်ဆိုင်နေရသဖြင့် စွမ်းအင်များစွာ ကုန်ဆုံးသွားရုံသာမက ဒဏ်ရာ အပြင်းအထန်ကိုပါ ရရှိခဲ့သည်။

ထို့ကြောင့် သူသည်လည်း ခွန်အားများကို ပြန်လည်ရယူရန် အလျင်စလို လုပ်ဆောင်နေခဲ့ရ၏။

ယခင် တိုက်ပွဲများအတွင်း ရေလိုက်ငါးလိုက် လုပ်ကာ စွမ်းအားများစွာ ကုန်ဆုံးခြင်း မရှိခဲ့သော ကျင့်ကြံသူ တချို့ကမူ ဤအခိုက်အတန့်တွင် လှုပ်ရှားရန်အတွက် အလွန်တရာပင် စိတ်အားထက်သန်နေခဲ့ကြသည်။

သူတို့အားလုံးက သွေးရောင်နန်းတော်ကြီး၏ ဝင်ပေါက် ဆီသို့ အလွန်တရာ တပ်မက်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

ခဏအကြာတွင် ရှေးဟောင်း အမွေအနှစ်မှ ဆောင်ကြဥ်းလာသည့် မက်လုံးများကို နတ်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူ တစ်ယောက်သည် ခံနိုင်ရည်ရှိရန် ခက်ခဲသွားခဲ့ပြီး သွေးရောင်နန်းတော်ကြီး ဆီသို့ တိုက်ရိုက်ပင် ပြေးဝင်သွားခဲ့သည်။

သို့သော်လည်း နတ်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူက သွေးရောင်နန်းတော်ကြီးနှင့် နီးကပ်သွားသည့် အချိန်မှာပင် ဆန်းကြယ်သော သွေးရောင် အကာအကွယ်အလွှာ တစ်ခုသည် လေထုထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

နတ်ဘုရင် ဒုတိယအဆင့်ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် သွေးရောင် အကာအကွယ်အလွှာ ထဲသို့ ပြေးဝင်သွားခဲ့ပြီးနောက်တွင် ပင့်ကူအိမ်ထဲကို တိုးဝင်မိသော ပိုးကောင်လေးတစ်ကောင် ကဲ့သို့ လုံးဝ ကပ်ငြိသွားခဲ့သည်။

နောက်ထပ်တစ်စက္ကန့်တွင်မူ နတ်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူ၏ အသားနှင့်သွေးများသည် လူတိုင်း၏ ထိတ်လန့် တကြားအကြည့်အောက်မှာပင် အလျင်အမြန် ပျောက်ကွယ်သွားခဲ့ပြီး သွေးရောင်အရိုးစုတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

လူတိုင်း၏ စိတ်နှလုံးသည် ရေအေးဖြင့် အလောင်းခံလိုက်ရသလို ဖြစ်သွားခဲ့၏။

ထိုမြင်ကွင်းသည် သွေးရောင်နန်းတော်ကြီးသို့ ဝင်ရောက်ရန် စိုင်းပြင်းနေကြသည့် ကျင့်ကြံသူများကို ထိတ်လန့်တကြား ဖြစ်ကာ နောက်ဆုတ်သွားစေခဲ့သည်။

“ဒီသွေးရောင်နန်းတော်ကြီးရဲ့ ပတ်ပတ်လည်မှာ အကာအကွယ်အလွှာ တစ်ခု ရှိသေးတယ်.. ငါတို့အားလုံးအတူတူ လှုပ်ရှားပြီး ဒီသွေးရောင် အကာအကွယ်အလွှာကို ချိုးဖျက်ကြစို့”

“ဝုန်.. ဝုန်း.. ဝုန်း..”

ဤအခိုက်အတန့်တွင် နတ်ဘုရင် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ယောက်သည် ကျင့်ကြံသူများကို ဆော်ဩကာ အကာအကွယ်အလွှာကို စတင် တိုက်ခိုက်လိုက်သည်။

ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများသည် သွေးရောင်အကာအကွယ်အလွှာ ပေါ်သို့ ရိုက်ခတ်သွားခဲ့ပြီး သွေးရောင်နန်းတော်ကြီး တစ်ခုလုံးကိုပင် တုန်ခါသွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော သွေးအရှိန်အဝါသည် သွေးရောင်နန်းတော်ဆီကနေ ပျံ့နှံ့လာခဲ့၏။

ထိုကြောက်မက်ဖွယ် သွေးအရှိန်အဝါကို ခံစားမိလျှင် ကျင့်ကြံသူ အုပ်စုကြီးသည် ချောက်ချားသွားသလို ခံစားခဲ့ရသည်။

ကျန်းချန်၏ မျက်နှာအမူအရာက သိသိသာသာပင် ပြောင်းလဲသွားခဲ့ပြီး သွေးရောင်နန်းတော်၏ တံခါးဆီသို့ အကြည့်ရောက်သွားခဲ့သည်။

ဤသွေးရောင်နန်းတော်ထဲတွင် ပို၍ ကြောက်မက်ဖွယ်ရာကောင်းသော အရာတစ်ခု အမှန်တကယ် ရှိနေပုံရ၏။

“ဝုန်း..”

လူတိုင်း၏ ထိတ်လန့်တကြား အကြည့်အောက်မှာပင် သွေးရောင်နန်းတော်၏ တံခါးသည် ရုတ်တရက် ပွင့်သွားခဲ့ပြီး အထဲကနေ သွေးရောင်ပုံရိပ် တစ်ခုသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

တိကျစွာ ဆိုရလျှင် ထိုအရာသည် သွေးရောင်အရိုးစု တစ်ခုဖြစ်၏။

သို့သော်လည်း ထိုအရိုးစု၏ အရှိန်အဝါသည် အစောပိုင်းက သွေးရောင် ချပ်ဝတ်တန်ဆာဝတ် အရိုးစုထက်ပင် ပိုမို သန်မာနေခဲ့သည်။

သွေးရောင်အရိုးစုက အရပ်ရှည်ပြီး ပိန်လှီကာ စုတ်ပြဲနေသော ဝတ်ရုံကို ဝတ်ဆင်ထား၏။

သူ၏ မျက်ဝန်းများက သွေးနီရောင် ဖြစ်နေခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဆန်းကြယ်သော သွေးရောင်မြူခိုးများကို လွှမ်းခြုံထားသည်။

အံ့ဩစရာ အကောင်းဆုံးအရာမှာ ထိုသွေးရောင်အရိုးစု၏ ခန္ဓာကိုယ်ပေါ်တွင် အသားနှင့်သွေး တချို့ ရှိနေခြင်းပင်။

အခန်း(၂၂၆၁)ပြီး၏။

အခန်း(၂၂၆၂)

“ဒီသွေးရောင်အရိုးစုက နတ်ဘုရားနယ်မြေကလူ မဟုတ်ဘူး”

သူ့ရှေ့မှ သွေးရောင် အရိုးစုကို စိုက်ကြည့်ကာ ကျန်းချန်၏ အမူအရာသည် ချက်ချင်းဆိုသလိုပင် ယခင်ထက် ပိုမို လေးနက်သွားခဲ့သည်။

ဤသွေးရောင် အရိုးစုသည် မှန်းဆ၍ မရလောက်အောင် အစွမ်းထက်ရုံသာမက ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်နေသော အရှိန်အဝါသည် ဤနေရာရှိ အခြားသော သွေးရောင်အရိုးစုများနှင့် သိသိသာသာပင် ကွဲပြားနေခဲ့သည်။

ဆိုရလျှင် ထိုသွေးရောင်အရိုးစုသည် ဤနေရာတွင် ကျဆုံးခဲ့သော အင်မော်တယ် ကျင့်ကြံသူ ဖြစ်နိုင်ခြေ အလွန်များ၏။

“ကျန်းချန်...ဒီသွေးရောင်အရိုးစုက ပြင်ပစကြဝဠာက အင်မော်တယ် ကျင့်ကြံသူရဲ့ အလောင်းပဲ.. ဒီနေရာမှာ သွေးရောင်ကမ္ဘာတစ်ခုကို တည်ဆောက်ပြီး ကျင့်ကြံသူတွေရဲ့ အသွေးအသားတွေကို ယူငင်ဝါးမျိုနေတာက သူ့ရဲ့အလောင်းကို ကျင့်ကြံခွင့်ပေးဖို့ အတွက်ပဲ.. အခု သူ့ရဲ့ အလောင်းပေါ်မှာ အသားနဲ့ သွေး အသစ်တွေတောင် ပေါက်ဖွားနေခဲ့ပြီ.. တကယ်လို့ မင်းသာ ဒီနေ့ ဒီကို ရောက်မလာဘဲ သူ့ကို နိုးမလာစေခဲ့ရင် သူတကယ်ပဲ ပြန်လည် မွေးဖွားလာလောက်တယ်”

ဤအခိုက်အတန့်တွင် မဟာနဂါးနန်းတော်၏ နန်းတော်ဝိညာဥ်သည် ကျန်းချန်၏ စိတ်ထဲကနေ ထိတ်လန့်တကြား ရေရွတ်လိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်သည် မယုံနိုင်အောင် ဖြစ်သွားခဲ့၏။

“ဒီအင်မော်တယ် ကျင့်ကြံသူက ရှေးခေတ် ကာလကတည်းက ကျဆုံးခဲ့ပြီ မဟုတ်လား.. ဒါ့အပြင် အလောင်းက ဘယ်လိုလုပ်ပြီး ကျင့်ကြံနိုင်ရတာလဲ”

“နတ်ဘုရားနယ်မြေရဲ့ ရှေးခေတ်ကာလမှာ ဆန်းကြယ်တဲ့ မျိုးနွယ်စု တစ်စု ရှိခဲ့တယ်.. သူတို့က ကိုယ်တိုင် မကျင့်ကြံနိုင်ပေမဲ့ အလွန်ဆန်းကြယ်တဲ့ အလောင်းထိန်းချုပ်ခြင်း နည်းစနစ်ကို တတ်မြောက်ထားကြတယ်.. သူတို့ ထိန်းချုပ်ထားတဲ့ အလောင်းက ကျင့်ကြံနိုင်စွမ်း ရှိပြီး ပိုမို သန်မာလာအောင် လုပ်ဆောင်နိုင်တယ်.. အဲဒီ မျိုးနွယ်စု ထိန်းချုပ်ထားတဲ့ အသန်မာဆုံး အလောင်းဧကရာဇ်က အုပ်စိုးသူအဆင့် ကျင့်ကြံသူနဲ့တောင် ယှဥ်နိုင်တယ်လို့ ဆိုကြတယ်.. မင်းရှေ့က အရိုးစုက အဲဒီ မျိုးနွယ်စု ထိန်းချုပ်ထားတဲ့ အလောင်းကောင်နဲ့ အနည်းငယ် ဆင်တူတယ်.. ဒါပေမဲ့ ဒီအခြေအနေက တစ်စုံတစ်ယောက်ရဲ့ စီမံမှု မဟုတ်ဘဲ အင်မော်တယ် ကျင့်ကြံသူ ကိုယ်တိုင်က သူ မကျဆုံးခင်မှာ သူရဲ့အလောင်းကို အဆက်မပြတ် ကျင့်ကြံနိုင်ဖို့ အတွက် စီစဥ်ထားခဲ့တာပဲ ဖြစ်ရမယ်”

နန်းတော်ဝိညာဥ်၏ စကားများကိုကြားလျှင် ကျန်းချန်သည် အချိန်အတော်ကြာအောင် မှင်တက်သွားခဲ့သည်။

နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများကို မက်လုံးပေးကာ ဆွဲဆောင်ပြီးနောက် ၎င်းတို့၏ အသားနှင့် သွေးများကို အာဟာရအဖြစ် အသုံးချကာ မိမိ၏ အလောင်းကို ပြန်လည် မွေးဖွားစေရန် ကြံစည်ခြင်းသည် မည်မျှပင် ကြောက်စရာ ကောင်းသော နည်းလမ်း ဖြစ်ပါသနည်း။

ဤလူသာ အောင်မြင်စွာ ပြန်လည် မွေးဖွားလာသည်နှင့် အုပ်စိုးသူအဆင့် ကျင့်ကြံသူနှင့်ပင် နှိုင်းယှဥ်နိုင်သော ထိတ်လန့်ဖွယ် တည်ရှိမှု တစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။

ယနေ့ခေတ် နတ်ကုန်းမြေတိုက်ကြီးတွင် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူပင် မရှိတော့သည် ဖြစ်ရာ ဤလူကို မည်သူက တားဆီးနိုင်ပါမည်နည်း။

ထိုအချိန်သို့ ရောက်လျှင် နတ်ဘုရားနယ်မြေသည် အမှန်တကယ်ပင် ကျဆုံးသွားမည်ကို သူစိုးရိမ်မိသည်။

“လခွမ်း.. နတ်ဘုရားနယ်မြေက ပုရွက်ဆိတ်တွေ မင်းတို့တကယ်ပဲ သေသင့်တယ်.. င့ါရဲ့ ခန္ဓာကိုယ်က ပြန်လည်မွေးဖွားဖို့ ခြေတစ်လှမ်းလောက်ပဲ လိုတော့ပေမဲ့ မင်းတို့က ငါ့ကို နှိုးရဲပြီး ငါ့ရဲ့ အရေးကြီးကိစ္စတွေကို နှောင့်ယှက်ရဲတယ်.. မင်းတို့ကို အစအနမကျန်အောင် အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်”

ကျန်းချန် စိတ်ထဲတွင် ထိတ်လန့်နေစဥ်မှာပင် သွေးရောင် အရိုးစု၏ နှုတ်ကနေ ကျယ်လောင်သော ကြုံးဝါးသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

သူ၏ လေသံတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ လွှမ်းမိုးနေခဲ့၏။

“အားလုံးပဲ.. ရှေးဟောင်း အမွေအနှစ်က မျက်စိရှေ့မှာတင် ရှိနေပြီ”

“ဒီသွေးရောင်အရိုးစုကို အတူတူ တိုက်ခိုက်ကြစို့”

သွေးရောင်နန်းတော်ကို တိုက်ခိုက်ရန် လှုံ့ဆော်ခဲ့သော နတ်ဘုရင် စတုတ္ထအဆင့် ကျင့်ကြံသူသည် သွေးရောင် အရိုးစုကို သတ်ဖြတ်ရန် လူတိုင်းကို နောက်ထပ် တစ်ကြိမ် ဆော်ဩလိုက်သည်။

သို့သော်လည်း သူလှုပ်ရှားရန် အချိန်မရခင်မှာပင် သွေးရောင်အရိုးစုသည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး နတ်ဘုရင်စတုတ္ထအဆင့် ကျင့်ကြံသူကို တိုက်ရိုက်ပင် ဆွဲဖမ်းလိုက်သည်။

ထို့နောက်တွင် သွေးရောင်အရိုးစု၏ ချွန်မြသော လက်သည်းများသည် နတ်ဘုရင် စတုတ္ထအဆင့် ကျင့်ကြံသူ၏ ဦးခေါင်းကို ချက်ချင်းဆိုသလို ဖောက်ဝင်သွားခဲ့၏။

“အား..”

နတ်ဘုရင် စတုတ္ထအဆင့် ကျင့်ကြံသူ၏ နှုတ်ကနေ နာကျင်စွာ ညည်းညူလိုက်သော အသံနက်ကြီး ထွက်ပေါ်လာခဲ့သည်။

နောက်ထပ် တစ်ခဏတွင် ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်မှ အသွေးအသားများသည် ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် သွေးရောင်အရိုးစု ဖြစ်သွားခဲ့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရလျှင် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ စိတ်နှလုံးများသည် ဖော်ပြ၍မရလောက်အောင် အေးစက်သွားခဲ့သည်။

နတ်ဘုရင် စတုတ္ထအဆင့် ကျင့်ကြံသူသည် ခြင်တစ်ကောင်ကဲ့သို့ပင် သွေးရောင်အရိုးစု၏ လက်ထဲတွင် အလွယ်တကူ သေဆုံးသွားခဲ့ရသည် မဟုတ်ပါလား။

သွေးရောင် အရိုးစုကို တိုက်ခိုက်ရန် ပြင်ဆင်နေသော ကျင့်ကြံသူ တချို့သည် ကြောက်လန့်နေသော ယုန်သူငယ်များပမာ ထိတ်လန့်တကြား ထွက်ပြေးသွားခဲ့ကြသည်။

“အားလုံးသေဖို့သာ ပြင်ထားလိုက်တော့”

သွေးရောင်အရိုးစုက ဆန်းကြယ်သော လက်ဟန်များကို လျင်မြန်စွာ ထုတ်ဖော်လိုက်ရာ လေထုထဲတွင် ဧရာမ သွေးရောင် လက်ဝါးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိတ်လန့်တကြားထွက်ပြေးနေသော ကျင့်ကြံသူများကို ရိုက်ချလိုက်သည်။

သွေးရောင်အရိုးစု ထုတ်ဖော်လိုက်သော ဧရာမ သွေးရောင်လက်ဝါးကို မြင်လျှင် ကျန်းချန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။

သူ့ရှေ့မှ သွေးရောင်အရိုးစုသည် ခန္ဓာကိုယ်၏ စွမ်းအားကိုသာ အသုံးချ၍ တိုက်ခိုက်နိုင်သော ယခင် သွေးရောင်အရိုးစုများနှင့် လုံးဝကို ကွဲပြားနေခဲ့သည်။

ထိုသွေးရောင်အရိုးစုသည် အလွန်တရာ အစွမ်းထက်သော တိုက်ခိုက်မှု တချို့ကို လုပ်ဆောင်နိုင်ပုံ ရ၏။

“ဒီသွေးရောင်အရိုးစုကို အလွှတ်ပေးလို့ လုံးဝမဖြစ်ဘူး”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

ဧရာမ သွေးရောင်လက်ဝါး အရိပ်သည် နတ်ဘုရင်လမ်းစဥ်၏ နတ်စွမ်းအား တိုက်ခိုက်မှုနှင့် ကွဲပြားသော်လည်း ထိုစွမ်းအားသည် နတ်ဘုရင်လမ်းစဥ်၏ နတ်စွမ်းအားထက်ပင် ပိုမို၍ ကြောက်မက်ဖွယ်ရာကောင်းမှန်း ကျန်းချန် ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။

သွေးရောင်အရိုးစု၏ ကျင့်ကြံခြင်းသည် နတ်ကုန်းမြေတိုက်မှကျင့်ကြံသူများ၏ အသားနှင့် သွေးများကို အာဟာရအဖြစ် အခြေခံထားခြင်း ဖြစ်သည်။

အကယ်၍ သွေးရောင်အရိုးစုသည် သူ၏ရှေ့ရှိ ကျင့်ကြံသူများကို ဆက်လက် သတ်ဖြတ်နေခဲ့လျှင် သွေးရောင်အရိုးစု တပ်ဖွဲ့သစ်ကို ဖန်တီးနိုင်ရုံသာမက သွေးရောင်အရိုးစု၏ ကိုယ်ပိုင် ခွန်အားသည်လည်း များစွာ ပို၍ အားကောင်းလာလိမ့်မည် ဖြစ်၏။

သွေးရောင်အရိုးစုကိုသာ ခန္ဓာကိုယ်အသစ် ပြန်လည်မွေးဖွားခွင့် ပေးမိလျှင် နတ်ကုန်းမြေတိုက်တွင် သွေးရောင်အရိုးစုကို နှိမ်နင်းနိုင်မည့်သူ မရှိတော့မည်ကို သူစိုးရိမ်မိသည်။

ကျန်းချန် တိုက်ခိုက်ရန် ပြင်နေစဥ်မှာပင် အေးစက်စက် ကြုံးဝါးသံ တစ်သံသည် ကျန်းချန်၏ နားထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။

“ကြယ်လကြွေလွင့်တိုက်ကွက်”

ကျန်းချန်က အသံလာရာဆီသို့ မော့ကြည့်လိုက်သည်။

ထိုအခါ သွေးရောင်အရိုးစု၏ ဦးခေါင်းအထက်ရှိ မီတာထောင်ချီ မြင့်မားသော လေထုထဲတွင် မည်သည့် အချိန်ကတည်းက ရောက်ရှိနေမှန်း မသိရသည့် လော့ရှင်းဟယ်ကို တွေ့လိုက်ရသည်။

လော့ရှင်းဟယ်၏ ကျောဘက်တွင် ပေခုနစ်သောင်းခန့်မြင့်မားသော နတ်ဘုရင်လမ်းစဥ် ရှိနေခဲ့ပြီး ထိုနတ်ဘုရင်လမ်းစဥ်သည် ကောင်းကင်ကို ဖြတ်သန်း စီးဆင်းနေသော ကြယ်တာရာမြစ် ကဲ့သို့ ဆန်းကြယ်ပြီး ခန့်မှန်းရခက်သောအရှိန်အဝါများအား ထုတ်လွှတ်နေခဲ့သည်။

“ဝုန်း..”

ကြီးမား‌သော လဝန်းတစ်ခုနှင့် မရေမတွက်နိုင်သော ကြယ်တာရာများသည် ကြယ်တာရာမြစ်ထဲကနေ ကျဆင်းလာခဲ့ပြီး ကမ္ဘာကြီးကိုပင် ဖျက်ဆီးနိုင်သော ကြောက်မက်ဖွယ်ရာခွန်အားများကို သယ်ဆောင်ကာ သွေးရောင်အရိုးစု ဆီသို့ သက်ဆင်းလာခဲ့သည်။

“နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူလေးကများ ငါ့ကို တိုက်ခိုက်ရဲတယ်.. တကယ်လို့ မင်းသာ နတ်ဘုရင် နဝမအဆင့်ဆိုရင် ငါ မင်းကို အနည်းငယ် ကြောက်ရွံ့ကောင်း ကြောက်ရွံ့ရလိမ့်မယ်.. နတ်ဘုရင်သတ္တမအဆင့်လောက်နဲ့တော့ ငါ့ကို ဘယ်လိုလုပ်ပြီး ရင်ဆိုင်နိုင်မှာလဲ”

သွေးရောင်အရိုးစုက လော့ရှင်းဟယ်ကို မော့ကြည့်လိုက်ပြီး အခြားသော ကျင့်ကြံသူများကို တိုက်ခိုက်ခဲ့သည့် သူ၏ ဧရာမ သွေးရောင်လက်ဝါးရိပ်သည် သူ၏ ထိန်းချုပ်မှုအောက်မှာပင် လေထဲသို့ တိုက်ရိုက် ပျံသန်းသွားကာ လော့ရှင်းဟယ်၏ နတ်ဘုရင်လမ်းစဥ်မှ သက်ရောက်လာသော စွမ်းအားများနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

“ဝုန်း..”

ကမ္ဘာမြေကိုပင် တုန်ခါသွားစေသည့် ကျယ်‌လောင်သောပေါက်ကွဲသံသည် သွေးရောင်ကမ္ဘာထဲတွင် ထွက်ပေါ်လာခဲ့သည်။

သွေးရောင်ကမ္ဘာထဲရှိ နှစ်ရှည်လများ ရှိနေသော သွေးရောင်မြူခိုးများပင်လျှင် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအား နှစ်ခု၏ ရိုက်ခတ်မှုကြောင့် လွင့်စင်သွားခဲ့သည်။

လေထဲတွင် လော့ရှင်းဟယ်၏ ပုံရိပ်သည် ပေရာချီနောက်ဆုတ်သွားခဲ့ရပြီး သူ၏ ကျောဘက်ရှိ နတ်ဘုရင်လမ်းစဥ်ပင်လျှင် အဆက်မပြတ် တွန့်လိမ်ကာ လုံးဝ ပြိုလဲလုနီးပါး ဖြစ်သွားခဲ့သည်။

ဤတိုက်ခိုက်မှုတွင် နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူ ဖြစ်သည့် လော့ရှင်းဟယ်သည် သွေးရောင်အရိုးစုကို ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။

ကျန်းချန်၏ အမူအရာက မျက်စိတစ်မှိတ် အတွင်းမှာပင် အလွန်တရာ လေးနက်သွားခဲ့သည်။

သူရှေ့မှ သွေးရောင်အရိုးစုသည် အမှန်တကယ်ပင် အုပ်စိုးသူအဆင့် ကျင့်ကြံသူနှင့် နှိုင်းယှဥ်နိုင်သော ပြင်ပစကြဝဠာမှ အင်မော်တယ် ကျင့်ကြံသူတစ်ဦး၏ အလောင်း ဖြစ်သည်။

၎င်းသည် ခန္ဓာကိုယ် အသစ်ကို အောင်မြင်စွာ မမွေးဖွားနိုင်သေးသော်လည်း အလွန်တရာ အစွမ်းထက်နေဆဲ ဖြစ်ပြီး လက်ရှိ ခွန်အားသည် နတ်ဘုရင် အဋ္ဌမအဆင့် သို့မဟုတ် နဝမအဆင့်နှင့်ပင် နှိုင်းယှဥ်နိုင်နေပြီ ဖြစ်၏။

လော့ရှင်းဟယ်၏ ခွန်အားဖြင့်သာ သွေးရောင်အရိုးစုကို တစ်ယောက်တည်း ရင်ဆိုင်ရမည်ဆိုလျှင် ရှုံးနိမ့်သွားမည်မှာ သေချာသလောက်ပင်။

“အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်.. လူသားအဖြစ်ပြောင်းလဲစေသောဓားကွက်”

ထိုခဏဝယ် ကျန်းချန်က တွေဝေမနေတော့ဘဲ သူ၏ လက်ထဲမှ ရှေးဟောင်းရွှေရောင်ဓားကို ဝှေ့ယမ်းကာ လူသားအဖြစ်ပြောင်းလဲစေသော ဓားချက်ကို ထုတ်ဖော်၍ သွေးရောင်အရိုးစုကို တိုက်ခိုက်လိုက်တော့သည်။

အခန်း(၂၂၆၂)ပြီး၏။

All Chapters