← Chapters

အခန်း (၂၂၆၃-၂၂၆၄)

Vol. 167 Ch. 2263-2264

အခန်း (၂၂၆၃-၂၂၆၄)

Vol. 167 Ch. 2263-2264

အခန်း(၂၂၆၃)

ဓားအလင်းက နေရာလွတ်ကို ဖြတ်ကျော်ကာ သွေးရောင်အရိုးစုကို ထိမှန်သွားခဲ့သည်။

ယင်းအခိုက်အတန့်တွင် သွေးရောင်အရိုးစုသည် အနည်းငယ် တုန်လှုပ်သွားခဲ့၏။

သူ၏ ဆန်းကြယ်ပြီး သွေးရောင်တောက်ပနေသော မျက်ဝန်းများဖြင့် ကျန်းချန်ကို စိုက်ကြည့်လိုက်သည်။

သူ၏နှုတ်မှလည်း မယုံကြည်နိုင်စွာ ရေရွတ်လိုက်သောအသံတစ်သံ ထွက်ပေါ်လာခဲ့၏။

“ဒါက မင်းတို့နတ်ဘုရားနယ်မြေရဲ့ ကျင့်စဥ် မဟုတ်ဘူး.. ဒါက စစ်မှန်တဲ့ အင်မော်တယ် ကျင့်စဥ်ပဲ.. မင်းက ဘယ်လိုလုပ်ပြီး စစ်မှန်တဲ့ အင်မော်တယ် ကျင့်စဥ်ကို တတ်မြောက်နေရတာလဲ”

ကျန်းချန်ကို စိုက်ကြည့်ရင်း သွေးရောင်အရိုးစုသည် တအံ့တဩ ဖြစ်သွားခဲ့သည်။

သူတို့၏ စကြဝဠာတွင် နတ်ဘုရားနယ်မြေနှင့် လုံးဝ ကွဲပြားသော အင်မော်တယ်လမ်းစဥ်ကို ကျင့်ကြံကြသောကြောင့် သူတို့ကို အင်မော်တယ် ကျင့်ကြံသူများဟု ခေါ်ဆိုကြသည်။

အင်မော်တယ် ကျင့်ကြံသူများသည် အင်မော်တယ်လမ်းစဥ်ကို ကျင့်ကြံကြပြီး ၎င်းတို့၏ အဆုံးစွန်ပန်းတိုင်မှာ ထာဝရရှင်သန်ပြီး အင်မော်တယ် ဖြစ်လာရန်အတွက် ဖြစ်သည်။

သို့သော်လည်း အင်မော်တယ် လမ်းစဥ်၏ အဆုံးစွန် ပန်းတိုင်ကို ရောက်ရန်မှာ အလွန်တရာပင် ခက်ခဲလှ၏။

မရေမတွက်နိုင်သော မဟာယာန အဆင့် ကျင့်ကြံသူများသည် သူတို့၏ တစ်သက်တာလုံး အားထုတ်ကြိုးပမ်းခဲ့သည့်တိုင် အင်မော်တယ်အဆင့်ကို မတက်လှမ်းနိုင်ခဲ့ကြပေ။

ဆိုရလျှင် စစ်မှန်သော အင်မော်တယ်ဖြစ်ရန် အသာထား၊ အင်မော်တယ်ကနေ ဆင်းသက်လာသော စစ်မှန်သော အင်မော်တယ် ကျင့်စဥ်များပင်လျှင် အလွန်တရာ ရှားပါးလှသည်။

သူတို့ နတ်ဘုရားနယ်မြေကို စတင် ကျူးကျော်ခဲ့ရသည့်အကြောင်းရင်းမှာ အင်မော်တယ်ကျင့်စဥ် ပါဝင်သောကျောက်တိုင် တစ်ခုက နတ်ဘုရားနယ်မြေတွင် မတော်တဆ ကျန်ရစ်ခဲ့သောကြောင့် ဖြစ်သည်။

သူ၏ရှေ့ရှိ နတ်ဘုရားနယ်မြေမှ ကောင်လေးသည် စစ်မှန်သော အင်မော်တယ် ကျင့်စဥ်ကို အမှန်တကယ် တတ်မြောက်နေလိမ့်မည်ဟု သွေးရောင်အရိုးစု မထင်မှတ်ထားခဲ့ပေ။

သွေးရောင်အရိုးစု၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

သူ၏ဓားကွက်သည် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်မှ ဆင်းသက်လာခြင်းဖြစ်ရာ အင်မော်တယ်ကျင့်စဥ်ဟု‌ ခေါ်ဆိုခြင်းသည် အလွန်တရာပင် သင့်လျော်လှသည်။

သွေးရောင် အရိုးစုသည် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို အင်မော်တယ်ကျင့်စဥ် အဖြစ် အသိအမှတ်ပြုခဲ့၍ အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်သည် ၎င်းတို့၏ စကြဝဠာနှင့် ဆက်စပ်မှုတချို့ ရှိနေပုံရ၏။

အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်သည် ရှေးဟောင်းစစ်မြေပြင်တွင် သူတော်စင်နဂါးဘုရင် ရရှိခဲ့သော မဟာနဂါးကျောက်တိုင်ကနေ ရရှိခဲ့ခြင်း ဖြစ်သည်။

တစ်နည်းအားဖြင့် ဆိုရလျှင် မဟာနဂါးကျောက်တိုင်သည် သွေးရောင်အရိုးစု၏ စကြဝဠာမှ ရတနာတစ်ပါး ဖြစ်နိုင်ခြေ အလွန်များ၏။

“ကောင်လေး.. မင်းက အထွတ်အထိပ် အင်မော်တယ် ကျင့်စဥ်ကို တတ်မြောက်ထားပေမဲ့ အဆုံးသတ်မှာ မင်းရဲ့ခွန်အားက အရမ်းကို အားနည်းနေသေးတယ်”

သွေးရောင်အရိုးစု၏ မျက်စိသူငယ်အိမ်ထဲတွင် တပ်မက်သောအရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

“ငါသာ မင်းကိုသတ်ပြီး မင်းရဲ့မှတ်ဥာဏ်ကို လုယူနိုင်မယ်ဆိုရင် ဒီအထွတ်အထိပ် အင်မော်တယ် ကျင့်စဥ်ကို ရရှိပြီး အင်မော်တယ်အဆင့်ကိုပါ ချိုးဖျက်ကောင်း ချိုးဖျက်နိုင်လိမ့်မယ်”

ထို့နောက်တွင် သူက လော့ရှင်းဟယ်ကို လျစ်လျူရှုကာ လက်သည်းကို ဝှေ့ယမ်း၍ ကျန်းချန်ကို တိုက်ရိုက် ဖမ်းဆွဲလိုက်သည်။

ရုတ်တရက် ကျန်းချန်သည် သွေးရောင်အရိုးစု၏ လက်သည်းကနေ ကြောက်မက်ဖွယ်ရာကောင်းသော ဆွဲငင်အားတစ်ခုကို ခံစားမိလိုက်သည်။

ကျန်းချန်က သူ၏ ခွန်အားရှိသဖြင့် ခုခံလိုက်သော်လည်း ထိုဆွဲငင်အားကနေ မလွတ်မြောက်နိုင်ခဲ့ပေ။

သူ၏ ခန္ဓာကိုယ်က သွေးရောင်အရိုးစု ဆီသို့ တဖြည်းဖြည်း ချဥ်းကပ်သွားသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့၏။

“ကြယ်လကြွေလွင့်တိုက်ကွက်”

ထိုမြင်ကွင်းကိုမြင်လျှင် လော့ရှင်းဟယ်သည် နတ်ဘုရင်လမ်းစဥ်၏ စွမ်းအားကို နောက်တစ်ကြိမ် ထပ်မံ လှုံ့ဆော်လိုက်ပြီး သွေးရောင်အရိုးစုကို တိုက်ခိုက်လိုက်သည်။

“အဘိုးကြီး.. မင်းက ကိုယ့်သေတွင်း ကိုယ်တူးချင်နေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့.. သွေးဆာနေတဲ့နတ်ဆိုးလှံ.. ချေမှုန်းစမ်း”

သွေးရောင်အရိုးစုက ကြုံးဝါးလိုက်ရာ သူ၏ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ် သွေးအလင်းများသည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး သူ၏ ကျောဘက်တွင် သွေးရောင်နတ်ဆိုးလှံ တစလက် အဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင်သည် ဆိုးယုတ်သော ဝိညာဥ်စွမ်းအား အရှိန်အဝါများဖြင့် လွှမ်းခြုံသွားခဲ့သည်။

အားနည်းသော ကျင့်ကြံသူတချို့ဆိုလျှင် ဆိုးယုတ်သော ဝိညာဥ်စွမ်းအား အရှိန်အဝါ ဖိအားအောက်တွင် မျက်နှာများ ရုတ်တရက် ဖြူဖျော့သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကိုပါ အန်ထုတ်လိုက်ရသည်။

နတ်ဆိုးလှံသည် ကောင်းကင်နှင့် မြေကြီးကိုပင် ချေမှုန်းနိုင်သော စွမ်းအားကို သယ်ဆောင်ကာ လော့ရှင်းဟယ်၏ တိုက်ခိုက်မှုကို ချက်ချင်းဆိုသလိုပင် ချေဖျက်လိုက်ပြီး အဆုံးသတ်တွင် လော့ရှင်းဟယ်၏ နတ်ဘုရင်လမ်းစဥ်ကို ဖောက်ထွက်သွားခဲ့သည်။

လော့ရှင်းဟယ်က ညည်းညူလိုက်ရပြီး သူ၏ နတ်ဘုရင်လမ်းစဥ်သည် ရုတ်ခြည်းဆိုသလို ပြိုလဲသွားခဲ့၏။

နောက်ထပ် တစ်ခဏတွင် လော့ရှင်းဟယ်၏ မျက်နှာသည် ဖြူဖျော့သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် ပေထောင်ချီအကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။

သူ၏ အရှိန်အဝါသည်ပင် အလွန်အမင်း အားနည်းသွားခဲ့သည်။

“ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလိုက်တဲ့ သွေးရောင်အရိုးစုလဲ.. နတ်ဘုရင် သတ္တမအဆင့် လော့ရှင်းဟယ်တောင် ဒီ သွေးရောင် အရိုးစုရဲ့ ပြိုင်ဘက် မဟုတ်ဘူး.. အားလုံးပဲ ထွက်ပြေးကြတော့”

“..........”

နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူ အုပ်စုကြီးက အလွန်အမင်းထိတ်လန့်သွားခဲ့ကြပြီး အလျင်အမြန်ပင် ထွက်ပြေးခဲ့ကြသည်။

လော့ရှင်းဟယ်ကို အလွယ်တကူ အနိုင်ယူပြီးနောက်တွင် သွေးရောင် အရိုးစုသည် ထွက်ပြေးနေသော လူအုပ်ကြီးကို လျစ်လျူရှုကာ ကျန်းချန်ကို မထီမဲ့မြင် ပြုံး၍ ကြည့်လိုက်သည်။

“ကောင်လေး.. ဒီနေ့တော့ မင်းကို ဘယ်သူမှ မကယ်နိုင်တော့ဘူး.. ငါ့ရဲ့လက်ထဲမှာ လိမ်လိမ်မာမာပဲ သေပေးလိုက်တော့”

စကားဆုံးသည်နှင့် သွေးရောင် အရိုးစုသည် လက်သည်းများဖြင့် ကုတ်ဆွဲဟန် ပြုလုပ်လိုက်ပြီး ကျန်းချန်ကို လေထဲသို့ ဆွဲယူလိုက်သည်။

“စီနီယာကျန်းချန်”

ကျန်းချန်က သွေးရောင်အရိုးစု၏ ထိန်းချုပ်မှု ခံလိုက်ရသည်အား မြင်လျှင် လဲ့လင်၏ အမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။

သူက သွားများကို အံကြိတ်ကာ ကျန်းချန်ကို ကယ်တင်ရန်အတွက် ရှေ့သို့ လှမ်းတက်ရန် ပြင်လိုက်သည်။

“မလာနဲ့.. ငါနဲ့ဝေးဝေးမှာနေ”

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် လဲ့လင်ကို ရပ်တန့်ရန် အလျင်အမြန်ပင် ပြောလိုက်သည်။

“ဝုန်း..”

သူက သွေးရောင်အရိုးစုနှင့် တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်အတွင်းမှ ပြီးပြည့်စုံသောအဆင့်ကို ရောက်ရှိနေသည့် ဓားလမ်းစဥ်အရင်းအမြစ် နတ်စွမ်းအားကို မဖိနှိပ်တော့ပေ။

ပြီးပြည့်စုံသော ဓားလမ်းစဥ်အရင်းအမြစ် နတ်စွမ်းအားများသည် ကျန်းချန်၏ ခန္ဓာကိုယ်အတွင်း၌ ပေါက်ကွဲထွက်လာခဲ့ပြီး အဆုံးသတ်တွင် ကောင်းကင်ပေါ်သို့ တိုက်ရိုက်ပင် ထိုးတက်သွားကာ ကောင်းကင်နှင့် မြေကြီးကို အပြောင်းအလဲ ဖြစ်စေခဲ့၏။

ဆိုရလျှင် သူက နတ်ဘုရင်အဆင့်သို့ ထိုးဖောက်ရန် အဆင်သင့် ဖြစ်နေခဲ့ချေပြီ။

အလွန်တရာ အစွမ်းထက်သော အရိုးစုနှင့် ရင်ဆိုင်နေရသောကြောင့် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ နတ်ဘုရင်ကပ်ဘေးကို တိုက်ရိုက်ပင် လှုံ့ဆော်လိုက်ခြင်းပင်။

ကျန်းချန်က နတ်ဘုရင်အဆင့် ကပ်ဘေးကို လှုံ့ဆော်လိုက်သည့် အခိုက်အတန့်မှာပင် ကြောက်မက်ဖွယ်ရာကောင်းသော မိုးကြိုးလျှပ်စီး စွမ်းအားများသည် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ လေထုအထက်တွင် စုစည်းလာခဲ့ပြီး ကောင်းကင်ယံ တစ်ခုလုံးကို မိုးကြိုးငရဲအလား ပြောင်းလဲသွားစေခဲ့သည်။

“ဂျိန်း..”

ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးတစ်စင်းသည် ကောင်းကင်ယံကနေ ကျဆင်းလာခဲ့ပြီး သွေးရောင်အလင်းတံခါးပေါ်သို့ သက်ရောက်သွားခဲ့သည်။

သွေးရောင် အလင်းတံခါးသည် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့၏။

ထိုအခိုက်အတန့်တွင် သွေးရောင်ကမ္ဘာထဲတွင် ရှိနေသော ကျန်းချန်နှင့် အခြားသူများသည် ပတ်ဝန်းကျင်ရှိ နေရာလွတ်များက အဆက်မပြတ် ပြိုလဲနေသည်ကို ခံစားမိလိုက်သည်။

နောက်ထပ် တစ်ခဏတွင် သူတို့သည် ချိုင့်ဝှမ်းဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့ကြသည်။

ချိုင့်ဝှမ်းထဲတွင် သွေးရောင်တံခါး ထဲသို့ ဝင်ရောက်ခဲ့‌သော နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများသာမက သွေးရောင်ကမ္ဘာထဲရှိ မရေမတွက်နိုင်သော သွေးရောင်အရိုးစုများသည်လည်း ပေါ်လာခဲ့၏။

သွေးရောင် အရိုးစုများသည် ချိုင့်ဝှမ်းထဲတွင် ပေါ်ထွက်လာသောကြောင့် ခဏမျှ မှင်တက်သွားခဲ့ကြ၏။

ထို့နောက်တွင် ၎င်းတို့က ကျယ်လောင်စွာ ကြွေးကြော်ကာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ ထံသို့ ပြေးဝင်သွားခဲ့ကြသည်။

ဤသို့ဖြင့် သွေးရောင်အရိုးစုများနှင့် နတ်ကုန်းမြေတိုက်မှ ကျင့်ကြံသူများ အကြားတွင် ပြင်းထန်သော တိုက်ပွဲတစ်ပွဲ ထပ်မံ ဖြစ်ပွားခဲ့သည်။

သူ၏ မှော်ရတနာကနေ ဖန်တီးထားသော ကမ္ဘာကြီးက ရုတ်တရက် မိုးကြိုးကပ်ဘေးကြောင့် ပြိုကွဲသွားသည်အား မြင်လျှင် သွေးရောင် အရိုးစုသည် အံ့အားသင့်ကာ မှင်တက်သွားခဲ့သည်။

သွေးရောင်အရိုးစု မှင်တက်နေသော အခိုက်အတန့်တွင် ကျန်းချန်သည် သွေးရောင်အရိုးစု၏ ဆွဲငင်အားကနေ လွတ်မြောက်သွားခဲ့ပြီး ပေထောင်ချီ အကွာအဝေးအထိ နောက်ဆုတ်သွားခဲ့သည်။

“မင်း.. မင်းက တကယ်ပဲ နတ်ဘုရင်ကပ်ဘေးကို ဖြစ်ပေါ်စေခဲ့တယ်လား”

မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ကျန်းချန်ကို ကြည့်နေသော သွေးရောင်အရိုးစု၏ အကြည့်ထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

သူက သွေးမှော်အတတ်ကို ကျင့်ကြံရန်အတွက် အလောင်းကို အသုံးပြုခဲ့ခြင်း ဖြစ်ပြီး မိုးကြိုးစွမ်းအားသည် သူ၏ ရန်သူတော်ပင် ဖြစ်သည်။

အထူးသဖြင့် ကောင်းကင်ကပ်ဘေး မိုးကြိုးသည် ကောင်းကင်လမ်းစဥ်၏ စွမ်းအားကနေ ဖြစ်ပေါ်လာသော မိုးကြိုးစွမ်းအားဖြစ်ရာ သူ အကြောက်ဆုံးအရာ ဆိုလည်းမမှားပေ။

သူ၏ရှေ့မှ နတ်ဘုရင်အဆင့် ကပ်ဘေးကို ထိုးဖောက်နေသောကောင်လေးသည် အသွင်ပြောင်းအဆင့်၏ ကောင်းကင်ကပ်ဘေးကို ထိုးဖောက်နေသော အင်မော်တယ် ကျင့်ကြံသူနှင့် တူညီနေခဲ့သည်။

ပုံမှန်အားဖြင့် နတ်ဘုရားနယ်မြေ၏ နတ်ဘုရင် ကပ်ဘေးသည် အင်မော်တယ် ကျင့်ကြံသူ၏ ကပ်ဘေးလောက် အစွမ်းမထက်သင့်ပေ။

မည်သို့ပင်ဖြစ်စေကာမူ ယခုအခါတွင် သူသည် နတ်ဘုရင်ကပ်ဘေး၏ သက်‌ရောက်မှုကို ခံနေရပြီး သူ၏ ပါဝင်မှုကြောင့် နတ်ဘုရင် ကပ်ဘေး၏ စွမ်းအားသည် အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းသော အဆင့်သို့ ရောက်ရှိသွားစေမည်မှာ သေချာသလောက်ပင်။

ဆိုရလျှင် သူ၏ လက်ရှိအခြေအနေဖြင့် နတ်ဘုရင်ကပ်ဘေးကို ခုခံရန်မှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။

သွေးရောင်အရိုးစုက နတ်ဘုရင်ကပ်ဘေး၏ စက်ကွင်းထဲ ပါဝင်သွားသည်ကို မြင်လျှင် ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် ခပ်ယဲ့ယဲ့အပြုံး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထို့နောက်တွင် သူ၏ အေးစက်စက်အသံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။

“ပြင်ပစကြဝဠာက အင်မော်တယ်ကျင့်ကြံသူ.. ငါ့ရဲ့နတ်ဘုရင်ကပ်ဘေး အရသာကို မြည်းကြည့်လိုက်စမ်း”

အခန်း(၂၂၆၃)ပြီး၏။

အခန်း(၂၂၆၄)

“ဒါ နတ်ဘုရင်ကပ်ဘေးပဲ.. အားလုံးနောက်ဆုတ်ကြ”

ဤအခိုက်အတန့်တွင် ချိုင့်ဝှမ်းအတွင်းရှိ ကျင့်ကြံသူများသည်လည်း လေထုအထက်မှ နတ်ဘုရင်ကပ်ဘေးကို ခံစားမိပြီး ထိတ်လန့်တကြားဖြစ်ကာ ထွက်ပြေးခဲ့ကြသည်။

နတ်ဘုရင်ကပ်ဘေးသည် နတ်ဘုရားနယ်မြေတွင် ကျင့်ကြံသူများ အကြောက်ရဆုံး ကပ်ဘေးတစ်ခု ဖြစ်သည်။

နတ်ဘုရင်အဆင့် ကျင့်ကြံသူပင် ဖြစ်နေပါစေ၊ ထိုကပ်ဘေး၏ သက်ရောက်မှုကို ခံရလျှင် အသက်ရှင်ရန်မှာ ဆယ်ပုံတစ်ပုံခန့်သာ ရှိ၏။

“ဒီကောင်လေးက တကယ်ပဲ နတ်ဘုရင်ကပ်ဘေးကို လှုံ့ဆော်လိုက်တယ်လား”

လေထုထဲရှိ လော့ရှင်းဟယ်၏ ပုံရိပ်သည် ပေပေါင်း သောင်းချီအကွာအဝေးသို့ နောက်ဆုတ်သွားခဲ့ပြီးနောက်တွင် သက်ပြင်းတစ်ချက် ချကာ ရေရွတ်လိုက်သည်။

နတ်ဘုရားနယ်မြေ၏ ထူးချွန်ထက်မြက်လှသော ပါရမီရှင်တစ်ဦးသည် ယနေ့ ဤနေရာတွင် သေဆုံးရတော့မည်မှာ အလွန်ပင် နှမြောစရာ ကောင်းလှ၏။

ဆိုရလျှင် နတ်ဘုရင်ကပ်ဘေးသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာကောင်းသော ကပ်ဘေး ဖြစ်သည်။

ဤကမ္ဘာပေါ်တွင် အထူးချွန်ဆုံး ပါရမီရှင် ဖြစ်နေပါစေ၊ အနည်းငယ် ပေါ့ဆမိသည်နှင့် နတ်ဘုရင်ကပ်ဘေးအောက်တွင် အသက်ဆုံးရှုံးရနိုင်ခြေ ရှိ၏။

ယခုအခါတွင် ထိုကောင်လေးသည် နတ်ဘုရင်ကပ်ဘေးကို အလျင်စလို လှုံ့ဆော်လိုက်ရုံသာမက နတ်ဘုရင် အဋ္ဌမအဆင့်နှင့် အနည်းဆုံး နှိုင်းယှဥ်နိုင်သည့် သွေးရောင်အရိုးစုကိုပင် ကပ်ဘေး အတွင်းသို့ ဆွဲသွင်းလိုက်သည်။

ထိုကောင်လေးသည် နတ်ဘုရင်ကပ်ဘေး၏ စွမ်းအားကို အသုံးပြု၍ သွေးရောင်အရိုးစုကို သတ်နိုင်ကောင်း သတ်နိုင်ပေလိမ့်မည်။

သို့သော် သူကိုယ်တိုင်သည်လည်း နတ်ဘုရင်ကပ်ဘေး၏ စွမ်းအားအောက်တွင် အသက်ရှင်ရန် မျှော်လင့်နိုင်မည် မဟုတ်ချေ။

ဆိုရလျှင် ထိုကောင်လေးအတွက် တစ်ခုတည်းသောရလဒ်သည် သွေးရောင်အရိုးစုနှင့်အတူ သေဆုံးသွားခြင်းပင်။

သို့ရာတွင် ထိုကောင်လေးသာ နတ်ဘုရင်ကပ်ဘေးကို မလှုံ့ဆော်ခဲ့လျှင်လည်း ဤနေရာရှိ မည်သူကမျှ သွေးရောင်အရိုးစုကို ရင်ဆိုင်နိုင်မည် မဟုတ်၍ သွေးရောင်အရိုးစု လက်ထဲတွင် အားလုံး ကျဆုံးရပေလိမ့်မည်။

“ဒီတစ်ကြိမ်တော့ ငါ့ရဲ့တွက်ချက်မှု မှားသွားခဲ့ပြီ”

လော့ရှင်းဟယ်က စိတ်နှလုံးထဲတွင် မချိုပြုံး ပြုံးလိုက်မိသည်။

ကြယ်ကြွေနန်းတော်၏ နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူတစ်ဦး အနေဖြင့် လော့ရှင်းဟယ်သည် ရှေးခေတ်ကာလမှ မဟာကပ်ဘေးနှင့် ပတ်သက်၍ အတိုင်းအတာတစ်ခု အထိ ဗဟုသုတ ရှိထားခဲ့သည်။

ဤအခိုက်အတန့်တွင် သွေးရောင်အရိုးစုသည် မဟာကပ်ဘေးအတွင်း ပြင်ပစကြဝဠာကနေ ကျူးကျော်လာသူ တစ်ဦးဖြစ်ကြောင်း သဘာဝကျစွာပင် သူ နားလည်သွားခဲ့၏။

ရှေးဟောင်းအမွေအနှစ်ဟု ခေါ်ဆိုသော အရာသည် ထိုကျူးကျော်သူ စီစဥ်ထားသော အစီအစဥ် တစ်ခုသာ ဖြစ်နိုင်လာက်သည်။

“ဂျိန်း..”

အကယ်၍ ကျန်းချန်သာ ပေါ်ထွက်မလာခဲ့လျှင် သူတို့အားလုံးသည် ဤတစ်ကြိမ်တွင် သွေးရောင်ကမ္ဘာထဲ၌ အမှန်တကယ်ပင် သုတ်သင်ခံရနိုင်ခြေ ရှိနေခဲ့၏။

လော့ရှင်းဟယ် အတွေးနက်နေစဥ်မှာပင် လေထုထဲတွင် မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံကနေ မိုးကြိုးတစ်စင်းသည် ကြောက်မက်ဖွယ်စွမ်းအားကို သယ်ဆောင်ကာ သွေးရောင်အရိုးစု ဆီသို့ ကျဆင်းလာခဲ့သည်။

ကပ်ဘေးကို ဖြတ်ကျော်ရမည့် ကျန်းချန်ကမူ လေထုထဲရှိ မိုးကြိုးကပ်ဘေး၏ လျစ်လျူရှုခြင်းကို ခံလိုက်ရသည်။

“ဒါက..”

ထိုမြင်ကွင်းကို မြင်လျှင် လော့ရှင်းဟယ်သည် ချက်ချင်းဆိုသလို မှင်တက်သွားခဲ့၏။

ထိုလူငယ်သည် နတ်ဘုရင်ကပ်ဘေးကို လှုံ့ဆော်ခဲ့သော်လည်း နတ်ဘုရင်ကပ်ဘေးသည် ထိုလူငယ်ကို တိုက်ခိုက်ခြင်းမရှိဘဲ ကပ်ဘေးအတွင်း ဆွဲသွင်းခံခဲ့ရသည့် သွေးရောင်အရိုးစုကိုသာ တိုက်ခိုက်ခဲ့သည်။

သူ့ရှေ့မှ လူငယ်သည် ဒဏ္ဍာရီလာ အနှိုင်းမဲ့ နတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါသလော။

ထိုအခိုက်အတန့်တွင် လော့ရှင်းဟယ်၏ အိုမင်းသောမျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

ကျင့်ကြံခြင်းဆိုသည်မှာ ကောင်းကင်ကို ဆန့်ကျင်ခြင်း ဖြစ်၏။

ကျင့်ကြံခြင်းအဆင့်က အတိုင်းအတာ တစ်ခုအထိ‌ ရောက်ရှိသွားပြီး အဆင့်အသစ် တစ်ခုသို့ သက်ရောက်တော့မည့်အခါတိုင်းတွင် ကပ်ဘေးများကို ဖြတ်ကျော်ရ၏။

နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများ အနေဖြင့် အဆင့်တက်ရာတွင် ကပ်ဘေးကို ဖြတ်ကျော်ရခြင်းသည် နိယာမတစ်ခု ဖြစ်ခဲ့သည်။

သို့သော်လည်း ထိုနိယာမသည် ကမ္ဘာပေါ်ရှိ ကျင့်ကြံသူအားလုံးအတွက် အကြွင်းမဲ့ မဟုတ်ပေ။

နတ်ဘုရားနယ်မြေတွင်လည်း နိယာမများကို ကျော်လွန်နိုင်လောက်အောင် အစွမ်းထက်သည့် ဆန်းကြယ်သော နတ်ခန္ဓာကိုယ် အချို့ မွေးဖွားခဲ့သည်။

လော့ရှင်းဟယ် သိသလောက်ဆိုလျှင် ကောင်းကင်ကပ်ဘေး၏ တည်ရှိမှုကို လျစ်လျူရှုနိုင်သော ရှေးဟောင်းနတ်ခန္ဓာကိုယ် နှစ်ခုသာ ရှိ၏။

ယင်းမှာ ကမ္ဘာဖျက်မိုးကြိုးခန္ဓာကိုယ် နှင့် အနှိုင်းမဲ့နတ်ခန္ဓာကိုယ် တို့ပင် ဖြစ်သည်။

သူ့ရှေ့မှ လူငယ်သည် နတ်ဘုရင်ကပ်ဘေးကို လျစ်လျူရှုနိုင်ခြင်းမှာ ထိုကဲ့သို့ ဒဏ္ဍာရီလာ ရှေးဟောင်း နတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်းကြောင့် ဖြစ်နိုင်ခြေ အလွန်များ၏။

“ချီးထဲမှပဲ.. ဒီကောင်က ထူးခြားတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ဒီကမ္ဘာရဲ့ နိယာမတွေကို လွန်ဆန်နိုင်စွမ်း ရှိနေပါလား.. ဒီကောင် ငါ့ကို ကလိမ်ကကျစ် ကျသွားတာပဲ”

သူ့ရှေ့မှ အခြေအနေကို မြင်လိုက်ရလျှင် သွေးရောင်အရိုးစုသည် အလွန်တရာ ထိတ်လန့်သွားခဲ့သည်။

သို့သော်လည်း မိုးကြိုးကပ်ဘေးက ကျရောက်နေခဲ့ပြီ ဖြစ်ရာ သွေးရောင်အရိုးစုသည် ထိုအကြောင်းကို တွေးနေရန် အချိန်မရှိတော့ပေ။

ထို့နောက်တွင် သူ၏ သွေးရောင်မျက်ဝန်းများဖြင့် ကောင်းကင်ယံကို မော့ကြည့်လိုက်၏။

သူ၏ မောက်မာသော စကားသံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။

“နတ်ဘုရားနယ်မြေရဲ့ ကောင်းကင်လမ်းစဥ်.. တကယ်လို့ မင်းသာ အရင်လို အခြေအနေမှာ ရှိနေမယ်ဆိုရင် ငါ့အနေနဲ့ မင်းရဲ့ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်လိမ့်မယ်.. နှမြောစရာကောင်းတာက အဲဒီနှစ်က တိုက်ပွဲကြောင့် ဒီနတ်ဘုရားနယ်မြေ စကြဝဠာရဲ့ ပင်မ အရင်းအမြစ် စွမ်းအားက ပြိုကွဲသွားခဲ့ပြီး မင်းရဲ့ စွမ်းအားတွေက အားနည်းသွားခဲ့ပြီ.. မင်းရဲ့ အားနည်းနေတဲ့ ကောင်းကင် နိယာမတွေလောက်နဲ့ ငါ့ကို ဘာလုပ်နိုင်မလဲ ဆိုတာ ငါကြည့်ချင်သေးတယ်”

“ဂျိန်း..”

သွေးရောင်အရိုးစုက လေထဲသို့ တိုက်ရိုက်ပင် ခုန်တက်လိုက်ပြီး သွေးရောင်အလင်းများဖြင့် တောက်ပနေသော လက်သည်းများကို ဝှေ့ယမ်းကာ သူ့ထံသို့ သက်ဆင်းလာသော လျှပ်စီးကြောင်းများကို အစိတ်စိတ်အမြွှာမြွှာ ချေမှုန်းပစ်လိုက်သည်။

သွေးရောင်အရိုးစု၏ မောက်မာသော စကားများကို ကြားလျှင် ကောင်းကင်ယံရှိ မိုးကြိုးကပ်ဘေးသည် သိသိသာသာပင် ဒေါသပေါက်ကွဲသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် မိုးကြိုးလျှပ်စီးသုံးခုသည် ကောင်းကင်ယံကနေ ကျဆင်းလာခဲ့၏။

မိုးကြိုးလျှပ်စီးသုံးခုသည် တစ်ခုထက်တစ်ခု ပိုမို ထူထဲပြီး ပို၍လည်း ပြင်းထန်သည်။

အဆုံးသတ်တွင် မိုးကြိုးလျှပ်စီးသုံးခုသည် တစ်ခုနှင့်တစ်ခု နီးကပ်စွာ ဆက်စပ်သွားခဲ့ပြီး ပေတစ်သောင်းမြင့်သော မိုးကြိုးတောင်တန်း အဖြစ်သို့‌ ပြောင်းလဲသွားခဲ့ကာ သွေးရောင်အရိုးစုဆီ သက်ဆင်းလာခဲ့သည်။

သွေးရောင်အရိုးစုက လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ ကြောက်မက်ဖွယ်ရာကောင်းသော သွေးစွမ်းအားများသည် သွေးရောင် နတ်ဆိုးလှံတစ်လက် အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့ပြီး သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။

ထို့နောက်တွင် သွေးရောင်အရိုးစုသည် သွေးရောင် နတ်ဆိုးလှံကို ကိုင်စွဲကာ လေထုထဲသို့ ခုန်တက်လိုက်ပြီး မိုးကြိုးတောင်တန်းနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

“ဝုန်း..ဝုန်း..”

သွေးရောင်အရိုးစု၏ လက်ထဲမှ သွေးနီရောင်နတ်ဆိုးလှံသည် ရေပက်မဝင်အောင် လှုပ်ရှားနေခဲ့ပြီး လှံရိပ်ပေါင်း ထောင်ချီသည် မိုးကြိုးတောင်တန်းကို ထိုးဖောက်သွားခဲ့သည်။

အဆုံးသတ်တွင် မိုးကြိုးတောင်တန်းတစ်ခုလုံးသည် လေထုထဲတွင် ပေါက်ကွဲထွက်သွားခဲ့၏။

“ဒီလူက တစ်ချိန်က နတ်ဘုရားနယ်မြေရဲ့ အုပ်စိုးသူအဆင့် ကျင့်ကြံသူထက်တောင် ပိုပြီး အစွမ်းထက်ခဲ့တဲ့ အင်မော်တယ်ကျင့်ကြံသူတစ်ယောက် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်ပါပေတယ်.. တကယ်ကို ကြောက်စရာကောင်းတာပဲ”

သွေးရောင်အရိုးစုသည် နတ်ဘုရင်ကပ်ဘေးမှ ဖြစ်ပေါ်လာသော မိုးကြိုးများကို အကြိမ်ကြိမ် အနိုင်ယူနိုင်ခဲ့သည်အား မြင်လျှင် ကျန်းချန်သည် အလွန်ပင် အံ့အားသင့်သွားခဲ့သည်။

“ဟားဟား နတ်ဘုရားနယ်မြေ စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်.. အခု မင်းက တကယ်ကို သနားစရာကောင်းလောက်အောင် အားနည်းလွန်းနေခဲ့ပြီ.. အဲဒီတိုက်ပွဲမှာ မင်းရခဲ့တဲ့ ဒဏ်ရာတွေက ငါထင်ထားတာထက် ပိုပြီး ပြင်းထန်ပုံပဲ.. မင်းရဲ့လက်ရှိအခြေအနေနဲ့ ငါ့ကို ဖျက်ဆီးဖို့ ဆိုတာ စိတ်ကူးယဥ်လွန်းနေတာပဲ”

လေထုထဲရှိ ကောင်းကင်ကပ်ဘေးက သူထင်ထားသည်ထက် များစွာ အားနည်းနေကြောင်း ခံစားမိလျှင် သွေးရောင်အရိုးစုက ရူးသွပ်စွာ ရယ်မောလိုက်သည်။

နောက်ထပ် တစ်ခဏတွင် သူ၏ ပုံရိပ်သည် လေထုထဲရှိ မိုးကြိုးတိမ်တိုက်ဆီ ပြေးဝင်သွားခဲ့ပြီး မိုးကြိုးတိမ်တိုက်များကို ဖြိုခွင်းပစ်လိုက်သည်။

တစ်ခဏအတွင်းမှာပင် လေထုထဲရှိ မိုးကြိုးတိမ်တိုက်များသည် သွေးရောင်အရိုးစု၏ လက်ချက်ဖြင့် လုံးဝ လွင့်စင်သွားခဲ့သည်။

“ဟားဟား နတ်ဘုရားနယ်မြေ စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်.. ငါ့ကို စောင့်နေလိုက်.. ငါထိပ်ဆုံးကို ပြန်ရောက်လာတဲ့တစ်နေ့ မင်းကို သေချာပေါက် သုတ်သင်ပစ်မယ်”

သွေးရောင်အရိုးစုက မိုးကြိုးတိမ်တိုက်များကို ဖြိုခွင်းပြီးနောက်တွင် နတ်ဆိုးတစ်ပါး ကဲ့သို့ ဝင့်ကြွားစွာ ရယ်မောလိုက်သည်။

သူ၏ မောက်မာသော ရယ်မောသံသည် ကောင်းကင်နှင့်မြေကြီးကြားတွင် အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့၏။

“နတ်ဘုရင်ကပ်ဘေးတောင် ဒီလူကြောင့် ပြိုကွဲသွားတယ်လား”

လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေသော သွေးရောင်အရိုးစုကို ကြည့်ရင်း ကျန်းချန်၏ အမူအရာသည် ပို၍ပင် လေးနက်လာခဲ့သည်။

သွေးရောင်အရိုးစု၏ စကားမှတစ်ဆင့် နတ်ဘုရားနယ်မြေစကြဝဠာ၏ ကောင်းကင်လမ်းစဥ်သည် မဟာကပ်ဘေးအတွင်းပြင်းထန်သော ထိခိုက်မှုများ ခံစားခဲ့ရမှန်း ကျန်းချန် သိရှိခဲ့သည်။

ထိုအကြောင်းကြောင့်လည်း သွေးရောင်အရိုးစုကို ရင်ဆိုင်နိုင်ရန် နတ်ဘုရင်ကပ်ဘေးကို ဆင့်ခေါ်ခဲ့သည့်တိုင် နတ်ဘုရင်ကပ်ဘေးသည် သွေးရောင် အရိုးစုကို မချေမှုန်းနိုင်ခြင်း ဖြစ်၏။

သို့‌သော်လည်း နတ်ဘုရားနယ်မြေ စကြဝဠာ၏ ကောင်းကင်လမ်းစဥ် အနေဖြင့် မဟာကပ်ဘေးအတွင်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရပြီး အားနည်းသွားခဲ့လျှင်ပင် အစောပိုင်းက ထုတ်ဖော်ခဲ့သော နတ်ဘုရင်ကပ်ဘေး၏ စွမ်းအားသည် နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူကို အလွယ်တကူ သတ်ဖြတ်ရန် လုံလောက်သည်။

ဤအချက်ကို ကြည့်လျှင်‌ သွေးရောင်အရိုးစု၏ စွမ်းအားသည် မှန်းဆ၍ မရလောက်အောင် အစွမ်းထက်မှန်း သိသာနေခဲ့သည်။

အခန်း(၂၂၆၄)ပြီး၏။

All Chapters